ပြီးပြည့်စုံတဲ့ အသွင်ပြောင်းလဲခြင်း
Vol. 12 Ch. 158
လျိုချင်းချန် အံ့ဩစွာဖြင့် ကျန်းဖူရှန့်ကို မေးလိုက်သည်။
"အစီအရင်ကို အမြန်ဆုံးတည်ဆောက်တဲ့ နည်းလမ်းအပြင် တခြားနည်းလမ်းရှိသေးလား?"
"သေချာပေါက် တခြားနည်းလမ်းကတော့ရှိတယ်၊ ဒါပေမယ့် တရှားတိုင်းပြည်ရဲ့ လက်ရှိအခြေအနေအရဆိုရင်..."
ကျန်းဖူရှန် စကားပြောမလို့လုပ်နေစဉ်မှာပဲ တိုင်းပြည်ရဲ့ကံကြမ္မာအပေါ်တွင် ဖြစ်ပေါ်လာမဲ့ တုံ့ပြန်မှုတစ်ခုကို ရုတ်တရက် စဉ်းစားမိသွားသည်။ ထို့ကြောင့် ရပ်တန့်သွား၏။ အခုလိုမျိုး ရုတ်တရက်မြင့်မားလာမှုက သူ့ရဲ့မျှော်မှန်းထားတဲ့ အခြေအနေကို ကျော်လွန်နေခဲ့သည်။
"အဲဒီနည်းလမ်းက ဘာလဲ?"
ကျန်းဖူရှန် တိတ်ဆိတ်နေသဖြင့် လျိုချင်းချန် မေးလိုက်တော့၏။
ကျန်းဖူရှန်က လျိုချင်းချန်ကို လှမ်းကြည့်လာခဲ့သည်။ ထို့နောက်မှာ အသက်တစ်ချက်အရှုသွင်းပြီးမှ ခပ်တိုးတိုးပြောလိုက်သည်။
"ရိုးရှင်းပါတယ်၊ ဖြေရှင်းချင်တယ်ဆိုရင် နဂါးသွေးကြော ပေါ်လာတာပဲဖြစ်ဖြစ် ဒါမှမဟုတ် တရှားတိုင်းပြည်မှာ အစောင့်အရှောက်သားရဲ ရှိနေတာပဲဖြစ်ဖြစ် လိုအပ်တယ်!"
နဂါးသွေးကြောပေါ်လာရင် ဟုတ်လား? အစောင့်အရှောက်သားရဲ ဟုတ်လား? အဲ့ဒီအဖြစ်အပျက်နှစ်ခုလုံးက မဖြစ်နိုင်တဲ့ ပုံပြင်တွေလိုမျိုးပဲ။
တရှားတိုင်းပြည်အတွင်းမှာ ပျောက်ကွယ်နေတဲ့ နဂါးသွေးကြောသာ ပေါ်ပေါက်လာမယ်ဆိုရင် အဲဒါရဲ့ဆိုလိုရင်းက...တရှားရဲ့ နယ်မြေတခုလုံးအပေါ် သက်ရောက်ပြီး ပြောင်းလဲခံလိုက်ရတာပဲ။
နဂါးသွေးကြောပေါ်ပေါက်လာချင်ရင် တိုင်းပြည်ရဲ့ အခြေခံကျတဲ့ အုတ်မြစ်ကို ဖျက်ဆီးဖို့ လိုအပ်သည်။
နဂါးသွေးကြောပေါ်ပေါက်လာခြင်းက လက်ရှိအခြေအနေကို ဖြေရှင်းနိုင်တယ်ဆိုပေမယ့် ကောင်းမွန်တဲ့ ဖြေရှင်းချက်တစ်ခု မဟုတ်ဘူး။
အင်အားကြီးတဲ့နဂါးတစ်ကောင်က ကောင်းကင်ဘုံကနေ ချောက်နက်ထဲကိုဆင်းသက်မယ့် အဖြစ်အပျက်သည် တစ်ညတည်းနဲ့ ပြီးသွားမယ့်ကိစ္စမှ မဟုတ်တာပဲ။
အင်အားတစ်ခုနဲ့ အလုံးအရင်းဝင်ရောက်လာပြီး အနီးအနားမှာရှိတဲ့ အရာအားလုံးကိုပါ တိုက်စားသွားနိုင်သည်။
တိုင်းပြည်ရဲ့ အစောင့်အရှောက်သားရဲတစ်ကောင်ကို လိုချင်ရင်တော့…
တရှားတိုင်းပြည်ရဲ့ လက်ရှိအခြေအနေနဲ့ ဘယ်မှာ ရှာရမှာလဲ?
တရှားတိုင်းပြည်မှာ ဘယ်လိုလုပ် အစောင့်အရှောက်သားရဲကို ပိုင်ဆိုင်နိုင်မှာလဲ? တိုင်းပြည်ကို ကာကွယ်ဖို့အတွက် အစောင့်အရှောက်သားရဲတစ်ကောင်ကို ဆွဲဆောင်ဖို့လား?...ဒါက လုံးဝကိုမဖြစ်နိုင်တဲ့ အရာပဲ!
"အခု ငါတို့အနေနဲ့ မျှော်လင့်လို့ရတာက အရှင်မင်းကြီးမှာ နောက်ထပ် အစီအစဉ်တစ်ခုရှိပြီး ဒီအခြေအနေတွေကို ကြိုတင်မှန်းထားနိုင်ပါစေလို့ပဲ"
ကျန်းဖူရှန်က ပြောနေရင်းနဲ့ ထိုနေ့က နန်းတော်တွင် ကြုံတွေ့ခဲ့ရတဲ့ ဖိအားကို ပြန်လည်တွေးတော လိုက်သည်။ ထို့ကြောင့် မနေနိုင်စွာ သက်ပြင်းချလိုက်၏။
"အခုလိုမျိုး အစီအစဉ်ကြီးတစ်ခုကို တည်ဆောက်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပါဝင်ပတ်သက်လာမယ့် ရှုပ်ထွေးမှုတွေကို ကြိုတင်မှန်းဆနိုင်မယ်လို့ ထင်ပါတယ်၊ ဒါကြောင့် အများကြီး မတွေးနေနဲ့တော့။ ဒီကိစ္စက မင်းရောငါရော ပြောင်းလဲလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ငါတို့ရဲ့ စကားလေးအနည်းငယ်လောက်နဲ့ တရှားတိုင်းပြည်တစ်ခုလုံးကို မပြောင်းလဲနိုင်ဘူး”
"ငါ အရင်ကလည်း ပြောဖူးပါတယ်၊ တရှားတိုင်းပြည်မှာ ထူးချွန်တဲ့ ဘုရင်တစ်ယောက်ရှိတယ်။ ငါ့ရဲ့မှန်းဆချက်တွေက မှန်ခဲ့ပုံပဲ။ ဖျက်ဆီးခြင်းနဲ့ တည်ဆောက်မှုကို အစပြုမယ်။ ဖျက်ဆီးမှုမရှိဘူးဆိုရင် တည်ဆောက်မှုရှိလာမှာ မဟုတ်ဘူး"
"အခုလိုမျိုး တိုင်းပြည်တစ်ခုကို ဦးဆောင်နေရတဲ့ ရှင်ဘုရင်တစ်ယောက်ရဲ့အတွေးက ငါတို့သာမန်လူတွေ တွေးနိုင်တာထက်ပိုတယ်။ အခုလက်ရှိ ရှကျိုးယွီလုပ်နေတဲ့ အစီအစဉ်တွေက မရေမတွက်နိုင်တဲ့ ရှင်ဘုရင်တွေအားလုံး သူတို့ရဲ့တစ်ဘ၀လုံး လိုက်ပါဆောင်ရွက်ခဲ့ကြပေမယ့် မအောင်မြင်ခဲ့တဲ့အရာပဲ"
ကျန်းဖူရှန့်က လျိုချင်းချန်ကိုကြည့်ကာ ရယ်လိုက်သည်။
လျိုချင်းချန် နားထောင်နေရင်းနဲ့ ခေါင်းညိတ်ပြလိုက်၏။
လူကြီးတွေပြောကြသလိုပါပဲ၊ စစ်ပညာသည် ဉာဏ်နီဉာဏ်နက်များသည်။ တရှားတိုင်းပြည်အနေနဲ့ အောက်ခြေကနေ မြင့်တက်ချင်တယ်ဆိုရင် သေချာပေါက် ပြောင်းလဲမှုတစ်ချို့ကို ကြုံတွေ့ရမည်။ တခြားနည်းလမ်းနဲ့ ပြောရမယ်ဆိုရင် အကုန်လုံးရဲ့ ဆန့်ကျင်မှုတွေကို လျစ်လျူရှုထားရင်း ရှေ့ဆက်တိုးဖို့ လိုအပ်သည်။
ထိုအချိန်မှာပဲ တပ်သားတစ်ယောက် ပြန်ရောက်လာခဲ့သည်။
"သခင်ကျန်း၊ ပြင်ဆင်စရာတွေအားလုံးကို ပြင်ဆင်ထားပြီးပါပြီ၊ ကျွန်တော်တို့ အချိန်မရွေး အသက်သွင်းလို့ရပြီ"
"ဒီလိုဆိုမှတော့ အစီအရင်စကြတာပေါ့"
ကျန်းဖူရှန် ရယ်လိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ ဂုဏ်ယူမှုတို့ ဝင်းလက်လာ၏။ အစီအရင်နဲ့ပတ်သက်ပြီး ကျန်းဖူရှန် သူ့ကိုယ်သူ အပြည့်အဝယုံကြည်သည်။
ဒီလိုနဲ့ပဲ ကျန်းဖူရှန့်ရဲ့အမိန့်အောက်မှာ ထိုက်အန်းမြို့တစ်ခုလုံးကို အလွန်ကြီးမားပြီး ခန့်ညားတဲ့ စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းနိုင်တဲ့ အစီအရင်သည် လွှမ်းမိုးသွား၏။ ထိုအစီအရင်သည် လွှမ်းမိုးနိုင်စွမ်းရှိသည်။ နက္ခတ်စွမ်းအင်တချို့ ပါဝင်နေသလိုမျိုး ဆန်းကြယ်တဲ့ ထိုအစီအရင်က မြို့တစ်မြို့လုံးကို ဖုံးလွှမ်းပစ်လိုက်သည်။ ထိုခမ်းနားဆန်းကြယ်တဲ့ မြင်ကွင်းက လူတွေကို အသက်ရှုမှားမတတ် ဖြစ်စေခဲ့သည်။
ထိုအစီအရင်သည် တရှားတိုင်းပြည်အတွင်းတွင် နဂိုရှိနေခဲ့တဲ့ ပေါများသော စိတ်ဝိညာဥ်စွမ်းအင်နဲ့အတူ ပေါင်းစပ်ကာ ရောနှောသွားသည်။ ကောင်းကင်ဘုံက ပေါင်းဖက်ထားတဲ့ ဖူးစာဖက်တွေလိုမျိုး အံဝင်ခွင်ကျ ရောစပ်သွားလေ၏။
ထိုအချိန်တွင် တရှားတိုင်းပြည်အတွင်းရှိ လေထုတစ်ခုလုံး ချက်ချင်းပြင်းထန်သွားခဲ့သည်။
နောက်ဆုံးတွင် အစီအရင်ပြီးမြောက်သွားခဲ့သည်။ တရှားရဲ့ ထိုက်အန်းမြို့တော်အတွင်းမှာရှိသော စိတ်ဝိညာဉ်စွမ်းအင်သည် ဖြည်းညှင်းစွာဖြင့် လျော့နည်းလာ၏။ ထိုအချိန်မှသာ ကျန််းဖူရှန် စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး ရေရွတ်လိုက်သည်။
"အောင်မြင်တယ်!"
ရိုးရှင်းတဲ့ စိတ်ဝိညာဥ်စွမ်းအင်စုဆောင်းသော အစီအရင်တစ်ခုသာဆိုပေမယ့် ကျန်းဖူရှန် အနေနဲ့ တောင်ပေါ်ကထွက်လာပြီးနောက်ပိုင်း ပထမဦးဆုံးပြုလုပ်ခဲ့သော အစီအရင်ဖြစ်သည်။
"သခင်လေးက အံ့ဩဖို့ကောင်းလိုက်တာ! ဒီအစီအရင်ရှိသွားပြီဆိုရင် ထိုက်အန်းတစ်မြို့လုံးမှာရှိတဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေအားလုံးကို စုဆောင်းပြီး တစ်နေရာတည်းမှာပဲ ထုတ်လွှတ်ထားလို့ရပြီ။ အဲဒီနေရာက ကျင့်ကြံသူတွေအတွက် အလွန်အသုံးဝင်တဲ့ နေရာတစ်ခု ဖြစ်လာလိမ့်မယ်"
လျိုချင်းချန် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ ကောင်းကင်ထက်ရှိ ခန့်ညားသောအစီအရင်ကို ကြည့်နေရင်း ကျန်းဖူရှန်အတွက်လည်း သူမ ပျော်ရွှင်မိသည်။
"မဟုတ်ဘူး၊ အဲလိုမဟုတ်ဘူး။ အရှင်မင်းကြီးငါ့ကိုပေးခဲ့တဲ့ စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးကို မင်းမှတ်မိလား?"
လျိုချင်းချန် အနည်းငယ်အံ့သြသွားခဲ့သည်။ သူမ တွေးလိုက်ပြီးနောက်မှာ ရှကျိုးယွီ တကယ်ပဲ ကျန်းဖူရှန့်ကို စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးပေးခဲ့တာကို အမှတ်ရသွား၏။ သူမ မနေနိုင်စွာ မေးလိုက်သည်။
"ကျွန်မမှတ်မိတယ်၊ အဲဒါကဘာဖြစ်လို့လဲ?"
လျိုချင်းချန်ရဲ့ ရှုပ်ထွေးနေမှုကို မြင်သောအခါမှာ ကျန်းဖူရှန် အနည်းငယ် ပြုံးသွားခဲ့သည်။
"အဲဒီအချိန်တုန်းက အရှင်မင်းကြီး ငါ့ကိုဘာကြောင့် ဒီစွမ်းအင်ကျောက်တုံးပေးခဲ့တာလဲဆိုပြီး ငါစဉ်းစားနေခဲ့တာ၊ ငါပြန်ရောက်တဲ့အချိန်တုန်းကတောင်မှ အဲဒီစွမ်းအင်ကျောက်တုံးကို အကြိမ်ကြိမ် စစ်ဆေးခဲ့သေးတယ်။ အဲဒီအချိန်မှပဲ အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်ကို ငါနားလည်ခဲ့တယ်"
လျိုချင်းချန် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ဟုတ်လား?"
"သခင်လေးရဲ့ ဆိုလိုရင်းက အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်ကို နားလည်တယ်လို့လား?"
"ဟုတ်တယ်၊ ငါနားလည်တယ်!"
ကျန်းဖူရှန်ရဲ့မျက်လုံးတွေက ယုံကြည်မှုတို့ လက်ထနေခဲ့သည်။
"တရှားတိုင်းပြည်အတွင်းမှာရှိတဲ့ စိတ်ဝိညာဥ်စွမ်းအင်ပမာဏက ဆက်တိုက်မြင့်တက်လာခဲ့တယ်။ စိတ်ဝိညာဥ်စွမ်းအင်စုဆောင်းတဲ့ အစီအရင်တစ်ခုက တရှားရဲ့ပမာဏကို သေချာပေါက်ထိန်းသိမ်းပေးနိုင်တယ်၊ ဒါပေမယ့် အဲဒါကလည်း ကန့်သတ်ချက်ရှိတယ်"
"ပြီးတော့ စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးဆိုတာက ဘာလဲ? စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးတစ်တုံးက အလွန်များပြားတဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေ စုစည်းထားမှုနဲ့ ညီမျှတယ်"
"ဒါကြောင့် ငါက အဲဒီညမှာ ငါ့ရဲ့အစီအစဉ်တစ်ခုလုံးကို အဆင့်ဆင့်ပြောင်းလဲမှုတွေ ထည့်သွင်းခဲ့တယ်။ အခုဖန်တီးလိုက်တဲ့ အစီအရင်က စိတ်ဝိဉာဉ်စွမ်းအင်တွေကို စုဆောင်းပေးနိုင်ရုံတင်မကဘဲ အထူးနည်းလမ်းတစ်ခုအနေနဲ့ အလုပ်လုပ်ပြီး သိမ်မွေ့တဲ့ပြောင်းလဲမှုနဲ့ ဖိသိပ်မှုကို ဖြစ်ပေါ်စေရင်း စိတ်ဝိညာဥ်စွမ်းအင်ကျောက်တုံးဖန်တီးမှုကို ထုတ်လွှတ်ပေးနိုင်တယ်!"
လျိုချင်းချန် ကျန်းဖူရှန်အား အလွန်အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
"ဘယ်လို?!!! သခင်လေးက..."
လျိုချင်းချန် ဆွံ့အသွားခဲ့သည်။ သူမ မနေနိုင်စွာ ဆက်မေးလိုက်၏။
"ဒါဆိုရင် ကျွန်မတို့အနေနဲ့ စိတ်ဝိညာဥ်စွမ်းအင်ကျောက်တုံးတွေကို ဖန်တီးနိုင်မှာလို့ ပြောလိုက်တာလား?"
ကျန်းဖူရှန် ခေါင်းယမ်းပြလိုက်သည်။ ထို့နောက်မှာ ပြုံးကာဖြင့် ဖြေလိုက်၏။
"အဲလိုမျိုးမဟုတ်ဘူး၊ အခုလက်ရှိမှာ တရှားတိုင်းပြည်အတွင်းမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်ပမာဏက နည်းနေသေးတယ်၊ ဒါ့အပြင် ငါ့ရဲ့အစီအရင်အစွမ်းက စိတ်ဝိညာဉ်ကျောက်တုံးထုတ်လုပ်ဖို့အတွက် လုံလောက်အောင် မထောက်ပံ့နိုင်သေးဘူး”
"ဒါ့အပြင် စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံး ထုတ်လုပ်မှုကို ထျန်းလင်ဂိုဏ်းက ထိန်းချုပ်ထားတယ်။ အကယ်လို့ ခွင့်ပြုချက်မရှိဘဲနဲ့ တစ်ယောက်ယောက်ကသာ ထုတ်လုပ်ခဲ့မယ်ဆိုရင် သူတို့တွေနဲ့ ပြဿနာတက်လိမ့်မယ်။ သိုင်းလောကအတွင်းမှာရှိတဲ့ သူတွေအားလုံး အဲဒါကိုသိထားတယ်!"
ထိုစကားကိုကြားမှသာ လျိုချင်းချန် စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်၏။ ဒါပေမယ့် သူမ စကားမပြောနိုင်ခင်မှာပဲ ကျန်းဖူရှန် ဆက်ပြောလိုက်သည်။
"ငါ စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေကို မထုတ်လုပ်နိုင်သေးပေမယ့် စိတ်၀ိညာဥ်စွမ်းအင်ကျောက်တုံးနဲ့ အစွမ်းတူညီတဲ့ ကျောက်တုံးကိုတော့ ထုတ်လုပ်နိုင်တယ်။ သူတို့ရဲ့အစွမ်းက စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် တော်တော်လေးနိမ့်ကျတယ်ဆိုပေမယ့် အစားထိုးပြီး အသုံးပြုလို့ရနိုင်တယ်!"
"သူတို့ရဲ့အစွမ်းက စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးလောက်တော့ အကျိုးထူးမှာမဟုတ်ဘူး၊ ဒါပေမယ့် တရှားရဲ့ပြည်သူတွေအတွက် သင့်တော်တဲ့ ထောက်ပံ့မှုတစ်ခု ဖြစ်လာလိမ့်မယ်။ ပြီးပြည့်စုံတဲ့ အသွင်ပြောင်းခြင်းလို့တောင် ပြောလို့ရတယ်!”
ကျန်းဖူရှန် ပြောလိုက်သည်။ သူ့ရဲ့မျက်လုံးတွေမှာ ဂုဏ်ယူမှုတို့ပြည့်နှက်နေ၏။ အစီအရင်ဖန်တီးမှုတွင် ဆရာတစ်ဆူအနေနဲ့ အနှစ်သုံးဆယ်လုံးလုံး အစီရင်ပညာရပ်တွင်သာ အချိန်ကုန်ဆုံးခဲ့သည်။
ထို့ကြောင့် အခုချိန်မှာ အောင်မြင်မှုတစ်ချို့ကို လုပ်နိုင်ခဲ့ပြီ။ ထို့အတွက်ကြောင့် ဒီအခြေအနေသည် သေချာပေါက် အသိအမှတ်ပြုဖို့ ထိုက်တန်တဲ့ အခြေအနေတစ်ခုပဲ။
ကျန်းဖူရှန်ရဲ့ နှလုံးသားတစ်ခုလုံးသည် အလွန်ပျော်ရွှင်နေခဲ့သည်။
ဒါတွေအားလုံးက ရှကျိုးယွီကြောင့်ပဲ၊ ရှကျိုးယွီကြောင့်သာ အခုလိုမျိုး အခွင့်အရေးရခဲ့တာ!
ဒီလိုနဲ့ပဲ ကျန်းဖူရှန့်သည် ကောင်းကင်ပေါ်က အစီအရင်ကို မော့ကြည့်ရင်း ခပ်တိုးတိုးရေရွတ်လိုက်၏။
"ဒီအခြေအနေမှာ ငါမသေချာဘဲနဲ့ လောင်းကစားလုပ်ခဲ့တယ်ဆိုတာကို ၀န်ခံတယ်၊ ဒါပေမယ့် ဒီတစ်ခေါက် ငါ့ရဲ့မှန်းဆချက်က မှန်ခဲ့တယ်!”
……….
(T/N: တရှားတိုင်းပြည်အတွင်းမှာ စိတ်ဝိညာဥ်စွမ်းအင်တွေ အများကြီးတက်လာခဲ့တယ်။ အကြောင်းအရင်းက များစွာတဲ့ သိုင်းသမားတွေ တိုင်းပြည်ထဲရောက်လာလို့ပဲ။ ပုံမှန်ဆိုရင် သိုင်းသမားတွေက စွမ်းအင်ကို စုပ်ယူပြီးကျင့်ကြံကြတယ်။ ဒါပေမဲ့ လက်ရှိရောက်လာတဲ့သိုင်းသမား တစ်သိန်းနီးပါးက ကျွမ်းကျင် ကျင့်ကြံသူတွေဖြစ်တယ်။ သူတို့မှာ ထိုက်သင့်တဲ့ကျင့်ကြံမှုနယ်ပယ်ကို ပိုင်ဆိုင် ထားတဲ့အတွက် စွမ်းအင်တွေကိုပြန်လည် ထုတ်လုပ်နိုင်တယ်။ သူတို့ဆီကနေ စိတ်ဝိညာဥ်စွမ်းအင်တွေ တွဲပါလာတဲ့ဖြစ်စဥ်မျိုးပဲ။ ဒါကြောင့် ရုတ်တရက်ရောက်လာခဲ့တဲ့ ကျင့်ကြံသူတစ်သိန်းကြောင့် တိုင်းပြည်အတွင်းက စွမ်းအင်သည်လည်း တစ်သိန်းနီးပါးမြင့်တက်သွားခဲ့တယ်။ ဒါကြောင့် စွမ်းအင်စုဆောင်းတဲ့အစီအရင်ကို ကျန်းဖူရှန်က တည်ဆောက်တာပဲ။ ရှုပ်သွားမှာစိုးလို့ရှင်းပြတာ TwT….)
…………..