ပြင်ဆင်ခြင်း
Vol. 12 Ch. 159
ကျန်းဖူရှန်ရဲ့ စကားလုံးတွေကြောင့် လျိုချင်းချန် နေရာမှာတင် အေးခဲနေခဲ့ပြီး ဘာမှမပြောနိုင်တော့ပေ။
ကျန်းဖူရှန်ရဲ့ စကားလုံးတွေကို တခြားသူတွေထက် ပိုပြီး သူမ နားလည်ပါ၏။
အစကတော့ သူမတို့ရဲ့ အစီအစဉ်သည် စိတ်ဝိဉာဥ်စွမ်းအင်တွေကို စုဆောင်းပြီး လျှော့ချနိုင်ဖို့ရန်သာဖြစ်သည်။
အခု ကျန်းဖူရှန်ရောက်လာခဲ့တော့... စိတ်ဝိဉာဥ်စွမ်းအင်ကို ပြောင်းလဲအသုံးပြုရမဲ့ ပြဿနာကိုပါ ဖြေရှင်းနိုင်သွားသည်။
ကျန်းဖူရှန်ပြောသလိုမျိုး ရိုးရှင်းတဲ့ တိုးတက်မှုတစ်ခုဆိုပေမဲ့ ထိုတိုးတက်မှုက မြောက်များစွာတဲ့ ပြည်သူတွေကို အများကြီးပြောင်းလဲစေနိုင်သည်!
ဒီပုံစံအတိုင်းဆိုရင် တိုင်းပြည်များစွာကိုပါ ကျော်တက်နိုင်သွားမည်။ ထို့အတူ လူများစွာလည်း ဒုတိယအဆင့် စိတ်ဝိဉာဥ်စွမ်းအင်ကျောက်တုံးတွေကို ပိုင်ဆိုင်နိုင်မည်။
အနာဂတ်မှာ တိုင်းပြည်တွေကြားထဲ တိုက်ပွဲတွေ ဖြစ်ပေါ်လာခဲ့မယ်ဆိုရင်တောင်မှ အများကြီး အကူအညီဖြစ်စေမှာပဲ။ တရှားတိုင်းပြည်အတွက် မရေမတွက်နိုင်တဲ့ အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ကြီးမားတဲ့ အထောက်အပံ့ဖြစ်လာလိမ့်မည်။ ဒီလိုဆိုရင် တရှားတိုင်းပြည်ရဲ့ တိုးတက်မှုက နီးစပ်နေပြီ!
“သခင်လေးကို ဘယ်လိုမျိုး ကျေးဇူးတင်ရမလဲဆိုတာကို ကျွန်မ တကယ်ပဲ မသိတော့ပါဘူး။ အရှင်မင်းကြီးသာ ဒီသတင်းကို ကြားမယ်ဆိုရင် အရမ်းပျော်သွားမှာ သေချာတယ်! ဒါဆိုရင် ကျွန်မအခုပဲ နန်းတော်ကို သွားပြီးတော့ အရှင်မင်းကြီးကို ပြောပြလိုက်ပါဦးမယ်!”
လျိုချင်းချန်က ပြောပြီးတာနဲ့ ထွက်သွားဖို့ပြင်လိုက်သည်။ ဒါပေမဲ့ ကျန်းဖူရှန်က တားလိုက်၏။
“ မလိုအပ်ဘူး! ငါတို့တွေ စိတ်ဝိဉာဥ်စွမ်းအင်ကျောက်တုံးအတုကို အောင်မြင်စွာ ဖန်တီးနိုင်ပြီဆိုတော့မှ အရှင်မင်းကြီးကို အသိပေးကြရအောင်”
ကျန်းဖူရှန်က တစ်ခါထဲ ဆက်ပြောလိုက်၏။
“ ပြီးတော့ ဒါတွေအားလုံးက ရှကျိုးယွီ ကြိုတင်စီစဉ်ထားတာပဲ ဖြစ်လောက်မယ်”
“ ရှကျိုးယွီပေးခဲ့တဲ့ စိတ်ဝိဉာဥ်စွမ်းအင်ကျောက်တုံးကြောင့်သာ မဟုတ်ဘူးဆိုရင် ငါလည်း ဒီအစီအစဉ်ကို စဉ်းစားခဲ့မိမှာမဟုတ်ဘူး”
ကျန်းဖူရှန်က နူးညံ့စွာပြောလိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ နက်ရှိုင်းမှုတို့ ပြည့်နေ၏။ ကျန်းဖူရှန်ရဲ့ ထိုပုံစံကြောင့် လျိုချင်းချန် မနေနိုင်စွာ ရှုပ်ထွေးသွားခဲ့သည်။
ဒီရက်ပိုင်းအတွင်းတွင် ကျန်းဖုရှန်သည် စိတ်ဝိဉာဥ်စွမ်းအင်ကျောက်တုံးနှင့် ပတ်သတ်ပြီး မကြာခဏ ပြောလေ့ရှိသည်။ ထို့ကြောင့် သူမ မနေနိုင်စွာ မေးလိုက်တော့၏။
“စိတ်ဝိဉာဥ်စွမ်းအင် ကျောက်တုံးတစ်တုံးပဲလေ။ အဲဒါက တန်းဖိုးရှိတယ်ဆိုပေမဲ့ ရှာတွေ့ဖို့ မဖြစ်နိုင်တဲ့ အရာမှမဟုတ်တာ”
“ မဟုတ်ဘူး။ ဒါက မတူညီဘူး”
ကျန်းဖူရှန် ချက်ချင်းပဲ ဖြေကြားလိုက်သည်။
“ ငါလည်း အစက သာမာန် စိတ်ဝိဉာဥ်စွမ်းအင်ကျောက်တုံးတစ်တုံးလို့ပဲ ထင်ခဲ့တာ။ တကယ်တော့ ငါငယ်ငယ်တုန်းက ကံကောင်းပြီး စိတ်ဝိဉာဥ် စွမ်းအင်ကျောက်တုံးတစ်တုံးကို ပိုင်ဆိုင်ခဲ့ဖူးတယ်”
“ ဒါကြောင့် စိတ်ဝိဉာဥ်စွမ်းအင်ကျောက်တုံးနဲ့ ပတ်သတ်ပြီး ငါသိတယ်။ အရှင်မင်းကြီးပေးတဲ့ ကျောက်တုံးကို ငါစုပ်ယူဖို့ လုပ်လိုက်တဲ့အချိန်မှာ ကျောက်တုံးထဲမှာပါနေတဲ့ စိတ်ဝိဉာဥ်စွမ်းအင်ပမာဏက သာမာန်ကျောက်တုံးတွေထက် ပိုပြီး သန့်စင်နေတာကို ရှာတွေ့ခဲ့တယ်။ အဆင့်နိမ့် စိတ်ဝိဉာဥ်စွမ်းအင်ကျောက်တုံးဆိုပေမဲ့လည်း ပိုပြီးတော့ သန့်စင်တယ်။ ဒါ့ကြောင့် ငါစတင်ပြီး လေ့လာတော့တာပဲ။ ဒါပေမဲ့ မင်းသိတဲ့အတိုင်းပဲ စိတ်ဝိဉာဥ်စွမ်းအင်ကျောက်တုံးတွေကို ထျန်းလင်ဂိုဏ်းက အထူးနည်းလမ်းနဲ့ ပြုလုပ်ဖန်တီးထားတာ။ ဒါကြောင့် စိတ်ဝိဉာဥ်စွမ်းအင်ကျောက်တုံးနဲ့ ပတ်သတ်ပြီး ရှာဖွေလေ့လာမှုကို တင်းကြပ်စွာ တားမြစ်ထားခဲ့တယ်”
ကျန်းဖူရှန်က ရယ်လိုက်သည်။
လျိုချင်းချန် ရှုပ်ထွေးနေဆဲပဲ။
“ ဒါဆိုရင် ဒီကျောက်တုံးက စိတ်ဝိဉာဥ်စွမ်းအင်ကျောက်တုံး မဟုတ်တာလား?”
“ ငါပြောတာကို နားထောင်”
လျိုချင်းချန်ရဲ့ ဖြတ်ပြောလာမှုကို ကျန်းဖူရှန် သတိပေးလိုက်သည်။ ထို့နောက်မှာမှ ဆက်ပြောလိုက်၏။
“ထျန်းလင်ဂိုဏ်းက စွမ်းအင်ကျောက်တုံးကို မရှာဖွေနိုင်အောင် တားမြစ်တဲ့အနေနဲ့ ကျောက်တုံးပေါ်မှာ ကန့်သတ်ချက်တွေ ထားထားခဲ့တယ်။ အရှင်မင်းကြီးပေးခဲ့တဲ့ စိတ်ဝိဉာဥ်စွမ်းအင်ကျောက်တုံး ပေါ်မှာလည်း တကယ်ပဲ ကန့်သတ်ချက်တစ်ခု ရှိနေတယ်။ ဒါပေမဲ့ ငါအဲ့ကန့်သတ်ချက်ကို ထိကြည့်လိုက်တဲ့အခါမှာ တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ဆီက တုံ့ပြန်မှုကိုရရှိခဲ့တယ်။ အဲဒီကျေးဇူးနဲ့ပဲ ကန့်သတ်မှုက အလိုအလျောက်ပွင့်သွားခဲ့ပြီး ငါ့အနေနဲ့ အထဲက ဖွဲ့စည်းပုံကို လေ့လာနိုင်ခဲ့တယ်”
“ အဲဒီဖွဲ့စည်းပုံကို မြင်တွေ့ခဲ့လို့ပဲ အခုအစီအရင်မှာ တိုးတက်မှုတွေ ငါဖန်တီးနိုင်ခဲ့တာ”
ကျန်းဖူရှန်ရဲ့ ရိုးရှင်းတဲ့ စကားလုံးတွေကြောင့် လျိုချင်းချန် ချက်ချင်းနားလည်သွားခဲ့သည်။ ဒါပေမဲ့ ဘယ်လောက်ပဲ အကူအညီတွေရနေပါစေ အခုလိုမျိုးတိုးတက်မှုကို ဖန်တီးနိုင်ဖို့က တစ်ညတည်းနဲ့ ပြီးသွားတဲ့ ကိစ္စမဟုတ်ဘူး။ ကျန်းဖူရှန်ရဲ့ အနှစ်သုံးဆယ်စာ လေ့လာမှုကြောင့်သာ တစ်ညထဲနဲ့ ဖန်တီးနိုင်ခဲ့တာပဲ။ ထိုသို့ ပြုလုပ်နိုင်ဖို့အတွက်ဆိုရင် အစီအရင်နဲ့ ပတ်သတ်ပြီး နက်ရှိုင်းတဲ့ နားလည်မှုအပြင် သူများထက် ထူးချွန်တဲ့ အရည်အချင်းရှိဖို့လည်း လိုအပ်သေးသည်။ ကျန်းဖူရှန်ကြောင့်သာ အခုလို ဖန်တီးနိုင်ခဲ့တာပဲ။ ဒါဆိုရင်….
“ ဒါဆိုရင် အရှင်မင်းကြီးက သခင်လေးအကြောင်းကို သိနေတာ ကြာခဲ့ပြီပေါ့။ ဒါကြောင့်မို့လို့ ကျွန်မကို အသုံးပြုပြီးတော့ တောင်ပေါ်ကထွက်လာအောင် ဆွဲဆောင်ဖို့ ပြုလုပ်ခဲ့တာ”
“ ငါမသိဘူး”
ကျန်းဖူရှန် ခေါင်းအသာရမ်းလိုက်သည်။ သူချက်ချင်းအဖြေမပေးခဲ့ဘူး။
“ ဟုတ်တယ်။ အဲဒါဖြစ်နိုင်တယ်။ ရှကျိုးယွီရဲ့ အမြင်အရဆိုရင် သခင်လေးရဲ့ အရည်အချင်းကို သေချာပေါက် တန်ဖိုးထားမှာပဲ။ ပြောရမယ်ဆိုရင် သူက ကျွန်မတို့ တာအိုဂိုဏ်းနဲ့ ပတ်သတ်ပြီး သိနေတာကြာခဲ့ပြီ။ ဒါကြောင့် ကျွန်မကိုသာ ရှာဖွေခိုင်းမယ်ဆိုရင် သေချာပေါက် သခင်လေးကို ရှာလာမယ်ဆိုတာ သိနေတာ! ရှကျိုးယွီက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ တိုင်းပြည်ရဲ့ အခြေအနေကို တိုးတက်အောင် လုပ်နိုင်ရုံတင်သာမကဘဲ ကျွန်မကိုအသုံးပြုပြီး တာအိုဂိုဏ်းက အခုလို တရှားတိုင်းပြည်ပေါ်မှာ ကျေးဇူးကြွေးတင်လာအောင် ပြုလုပ်နိုင်ခဲ့တယ်!”
လျိုချင်းချန်ရဲ့ မျက်လုံးတွေက ပိုပြီး ကြောက်လန့်လာခဲ့သည်။
ဒါပေမဲ့ ကျန်းဖူရှန်ကတော့ အဖြေမပေးခဲ့ဘူး။ ဘာလို့လဲဆိုရင် သူလည်းပဲ နားမလည်ဘူး။
ရှကျိုးယွီက တကယ်ပဲ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာရှိနေတာလား? ဒါပေမဲ့ ရှကျိုးယွီသည် အကြံအစည်များပြီး ရိုးရှင်တဲ့သူမဟုတ်ဘူးဆိုတာတော့ ကျန်းဖူရှန် ကောင်းကောင်းနားလည်သည်။
“ ဒါနဲ့ အဲဒီနေ့က ရှကျိုးယွီဆွဲခဲ့တဲ့ ပုံကို မင်း မှတ်မိသေးလား?”
“ ဟုတ် မှတ်မိတယ်။ လိပ်တစ်ကောင်ပုံလေ ဘာဖြစ်လို့လဲ?”
လျိုချင်းချန် ရှုပ်ထွေးစွာမေးလိုက်သည်။
ကျန်းဖူရှန် သူမကို စိုက်ကြည့်ပြီး ရယ်လိုက်၏။
“ ငါ အရင်က ပြောဖူးပါတယ်”
“ လိပ်တစ်ကောင်က ငွေကြေးနဲ့ စွမ်းအင်တိုးတက်မှုကို ကိုယ်စားပြုတယ်ဆိုတာကိုလေ။ ဒါပေမဲ့ ဒီနေ့မှာပဲ ရှကျိုးယွီရဲ့ တကယ့်ရည်ရွယ်ချက်ကို ငါနားလည်သွားခဲ့တယ်”
ကျန်းဖူရှန် နောက်ဆုံးတော့ အဖြေထုတ်နိုင်သွားခဲ့ပုံရသည်။ လျိုချင်းချန် မနေနိုင်စွာမေးလိုက်၏။
“ ဘာကိုလဲ?”
ကျန်းဖူရှန် အသက်တစ်ချက် ရှူသွင်းလိုက်သည်။ ထို့နောက်မှာမှ တည်ငြိမ်စွာ ပြောလိုက်၏။
“ ရှကျိုးယွီရဲ့ တကယ့်အကြံအစည်က ငွေကြေးပိုင်းပဲ”
“သူ့အနေနဲ့ တိုင်းပြည်တွေအများကြီးကို ထိန်းချုပ်ချင်တယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ တိုင်းပြည်တွေရဲ့ ငွေကြေးပိုင်းကို ထိန်းချုပ်နိုင်ဖို့လိုအပ်တယ်။ ရှကျိုးယွီရဲ့လက်ထဲမှာသာ အခုလိုမျိုး ငွေးကြေးကို အစားထိုးအသုံးပြုနိုင်တဲ့ စိတ်ဝိဉာဥ်ကျောက်တုံးအတုတွေ ပိုင်ဆိုင်ထားမယ်ဆိုရင် အိမ်နီးချင်းတိုင်းပြည်တွေက ဘယ်လိုလုပ် တိုက်ခိုက်နိုင်တော့မှာလဲ? ကောင်းလိုက်တဲ့ ဗျူဟာ၊ အရမ်းကိုကောင်းလိုက်တဲ့ ဗျူဟာပဲ!”
“တရှားတိုင်းပြည်ရဲ့ အင်အားကို အသုံးပြုပြီး သိုင်းလောကသားအများကြီးကို ဆွဲဆောင်ခဲ့တယ်။ ပြီးတဲ့အခါမှာ သိုင်းလောကသားတွေရဲ့ ရောက်ရှိလာမှုကို အသုံးပြုပြီး တရှားတိုင်းပြည်အတွက် အစီအစဉ်ကြီးတစ်ခုကို ဖန်တီးခဲ့တယ်!”
ကျန်းဖူရှန်ရဲ့ မျက်လုံးတွေက အလွန်ကို တတ်ကြွလာခဲ့သည်။ လျိုချင်းချန်လည်း အံ့ဩနေလေ၏။
ငွေကြေးပိုင်းကို ပြောင်းလဲမယ်ဟုတ်လား? ဒီစိတ်ဝိဉာဥ်စွမ်းအင်ကျောက်တုံးအတုတွေကို ငွေကြေးအဖြစ် ပြောင်းလဲအသုံးပြုမလို့လား? ဒါဆိုရင် ဒီစိတ်ဝိဉာဥ်စွမ်းအင်ကျောက်တုံးအတုရဲ့ တန်ဖိုးက သေချာပေါက် ငွေနဲ့ရွှေထက် အများကြီးမြင့်သည်။ ဒါ့အပြင် ဖန်တီးတဲ့သူအနေနဲ့ စိတ်ဝိဉာဥ်စွမ်းအင်ကျောက်တုံးအတုရဲ့ ငွေကြေးသတ်မှတ်မှုသည် ရှကျိုးယွီအပေါ်မှာပဲ မူတည်နေ၏။
မကြာခင်မှာပဲ ဒီအခြေအနေရဲ့ အရေးပါမှုကို လျိုချင်းချန် သဘောပေါက်သွားခဲ့သည်။ သူမ အံ့ဩတကြီး ရေရွတ်လိုက်၏။
“ လူကြီးတွေပြောကြသလိုမျိုးပဲ လူတစ်ယောက်က ရိုးသားမယ်ဆိုရင် ရတနာတစ်ခုကို ပိုင်ဆိုင်ထားတဲ့အတွက် အပြစ်ရှိတဲ့စိတ်ကို ခံစားရလိမ့်မယ်! အကယ်လို့ စိတ်ဝိဉာဥ်စွမ်းအင်ကျောက်တုံးအတုရဲ့ ငွေကြေးက အရမ်းမြင့်မားနေခဲ့မယ်ဆိုရင် အိမ်နီးချင်းတိုင်းပြည်တွေအားလုံးက တိုက်ခိုက်ပြီးလုယူကြလိမ့်မယ်။ အဲဒီလိုဆိုရင် တရှားတိုင်းပြည်တစ်ခုလုံးက မလွဲမသွေ စစ်အခြေအနေကို ကြုံတွေ့ရလိမ့်မယ်။ ဒါဆိုရင် တိုင်းပြည်အတွက် ဆုံးရှုံးရနိုင်ချေများတယ်”
“ ဒါဆိုရင် ဒါတွေအားလုံးက ရှကျိုးယွီ ကြံစည်ထားတာပေါ့။ ဒီအရေးပါတဲ့ စိတ်ဝိဉာဥ်ကျောက်တုံးအတုတွေကို မထုတ်ပြခင် တရှားတိုင်းပြည်အနေနဲ့ သန်မာတဲ့စစ်တပ်တစ်ခုကို တည်ဆောက်ဖို့ လိုအပ်နေပြီ။ ပြောရမယ်ဆိုရင် အိမ်နီးချင်းတိုင်းပြည်တွေအတွက် ထိတ်လန့်မှုဖြစ်ပေါ်စေအောင် ကျွန်မတို့ရဲ့ သန်မာမှုကို ရှင်းလင်းအောင် ပြသထားရမှာပေါ့!”
ကျန်းဖူရှန်ရဲ့မျက်လုံးတွေက အနည်းငယ် လင်းလက်သွားခဲ့သည်။
ကိစ္စကြီးပဲ.. ဒါက လုံးဝကို ကိစ္စကြီးပဲ! ဒါကိုသာ ကောင်းကောင်းအသုံးချနိုင်ရင် တရှားတိုင်းပြည်က အချိန်ခဏအတွင်းမှာ အောင်မြင်လာလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စက များပြားတဲ့ အန္တရာယ်တွေလည်း ရှိနေ၏။
“ဒါပေမဲ့ ဒါတွေက အရေးမကြီးပါဘူး။ ဒီကိစ္စကို အကောင်အထည် မဖော်နိုင်သေးသ၍ ငါတို့တွေ အန္တရာယ် မကြုံလာနိုင်သေးဘူး”
ကျန်းဖူရှန် နူးညံ့စွာပြောလိုက်သည်။ တရှားတိုင်းပြည်အတွက် အလွန်စိတ်လှုပ်ရှားနေလေ၏။
ဒီကိစ္စတွေအားလုံးကို ရှကျိုးယွီ သိနေလိမ့်မယ်လို့ သူယုံကြည်သည်။ ရှကျိုးယွီဘက်က အားလုံးကို ကြိုတင်တွက်ချက်ပြီး ဖန်တီးခဲ့တာတောင် ဖြစ်နေနိုင်၏။ သူ့အနေနဲ့ ရှကျိုးယွီ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာပဲ တွေ့ချင်မိသည်။ ဒီကိစ္စက အလွန်ကြီးမားသော ကိစ္စဖြစ်သည်။ သူတို့လိုသာမာန်လူတွေ ဝင်စွက်ဖက်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။
အမှန်တော့ ဒီကိစ္စက အိမ်နီးချင်းတိုင်းပြည်တွေနဲ့ပဲ သက်ဆိုင်နေတာမဟုတ်ပေ။ သိုင်းလောကတစ်ခုလုံးနှင့်ပါ သက်ဆိုင်နေသည်!
တွေးကြည့်လိုက်လေ... စိတ်ဝိဉာဥ်စွမ်းအင်ကျောက်တုံးအတုတွေသာ တကယ်တမ်းပေါ်လာခဲ့မယ်ဆိုရင် သိုင်းပညာလောကတစ်ခုလုံးပါ သေချာပေါက် အပြောင်းအလဲကြီး ကြုံတွေ့ရလိမ့်မည်!
…………