← Chapters

ပြောစမ်း မင်းကို ဘယ်သူလွှတ်လိုက်တာလဲ

Vol. 12 Ch. 164

ပြောစမ်း မင်းကို ဘယ်သူလွှတ်လိုက်တာလဲ

Vol. 12 Ch. 164

ထိုအသံဆုံးတာနဲ့ ပြောလိုက်တဲ့သူရဲ့ နာမည်သည် နတ်ဘုရား စာရင်းစာလိပ်ပေါ်တွင် ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။ တစ်ချိန်ထဲမှာပဲ နတ်ဘုရား စာရင်းစာလိပ်မှ စတင်လာတဲ့ ရွှေရောင်အလင်းက ထိုသူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။ အချိန်တိုတွင်းမှာ ထိုသူရဲ့ အရှိန်အဝါသည် ပြောင်းလဲလာခဲ့သည်။ ထိုသူရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပြောင်းလဲမှုက စတင်လာ၏။ ထိုအဖြစ်အပျက်က လူတွေအားလုံးကို အံ့အားသင့်သွားစေခဲ့သည်။

ထိုအချင်းအရာကို မြင်တဲ့အချိန်မှာ ရှကျိုးယွီ ရယ်လိုက်၏။ ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက်မှာ လက်ထဲတွင် ကိုင်ဆောင်ထားသော နတ်ဘုရား စာရင်းစာလိပ်ကို ဟွမ်ပထျန်းအား ပုံမှန်လို ပစ်ပေးလိုက်၏။

“မင်းဒီစာလိပ်ကို အခုကစပြီး ထိန်းသိမ်းထားလိုက်”

ရှကျိုးယွီ ပုံမှန်လိုပဲ ပြောလိုက်သည်။ ဟွမ်ပထျန်း ထိုစာလိပ်အား အသေးစိတ် လေ့လာမှာကို မကြောက်မိပေ။

နတ်ဘုရား စာရင်း

စာလိပ်‌တွင် ပိုင်ရှင်ကို အအမှတ်ပြုပြီး ဖြစ်သည်။ ထို့ကြောင့် စာရင်းထဲက နာမည်ကို ဖျက်ဖို့ မဖြစ်နိုင်ဘူး။ ဟွမ်ပထျန်းရဲ့ မပြည့်မှီတဲ့ အရည်အချင်းနဲ့ဆိုရင် ပြောမနေနဲ့တော့။

ဘယ်လိုပဲကြိုးစားပါစေ၊ နှစ်ငါးရာကြာရင်တောင်မှ ဟွမ်ပထျန်း သူ့ရဲ့နာမည်ကို ဖျက်နိုင်မှာမဟုတ်ဘူး။

ရှကျိုးယွီ စာလိပ်ကို အလွယ်တကူ ကမ်းပေးလာတာ မြင်တဲ့အခါမှာ ဟွမ်ပထျန်း အံ့အားသင့်သွား၏။

“ဒါက......”

“ဒါဘယ်လို တာဝန်မျိုးလဲ?”

ထို့နောက်မှာ ဟွမ်ပထျန်းသည် တွန့်ဆုတ်နေသော လူအုပ်ကို ကြည့်လိုက်သည်။ ချက်ချင်းပဲ သူသဘောပေါက်သွား၏။

လူတွေရဲ့ နှလုံးသားကို တိုက်ခိုက်နေတာ! ဒါက လူတွေရဲ့ နှလုံးသားကို အရယူနိုင်မဲ့ နည်းလမ်းတစ်ခုပဲ။

သိသာပါသည်။ ဖူမဲ့ရဲ့လုပ်ရပ်က သူတို့အားလုံးရဲ့ နှလုံးသားကို တိုက်ခိုက်ဖို့ ကြံစည်ထားတာပဲ။ လူတွေရဲ့ အသိစိတ်ကို လျော့ပါးအောင်လုပ်ပြီး အကုန်လုံးကို အနိုင်ယူဖို့ ကြိုးစားနေတာဖြစ်သည်။ ဒါမှသာ ဒီစာလိပ်ပေါ်တွင် အားလုံးရဲ့ နာမည်ကို အောင်မြင်စွာဖြင့် ရေးသားနိုင်မည်လေ။

ဒီလိုလုပ်ရပ်.....ဒီလိုအကြံအစည်မျိုးက အလွန်ကို ကြောက်ဖို့ကောင်းလှသည်။

အခုချိန်မှာတော့ ဟွမ်းပထျန်းရဲ့ မျက်လုံးထဲက မုန်းတီးမှုတွေ မရှိတော့ပေ။ ထိုအစား တက်ကြွမှုတို့ ဝင်ရောက်လာခဲ့သည်။

တရှားတိုင်းပြည်ကို ကျူးကျော်မဲ့ အရင်တုန်းက သူ့ရဲ့ အစီအစဉ်သည် သေးငယ်တဲ့ အစီအစဉ် တစ်ခုသာဖြစ်ခဲ့သည်။ အခု ဖူမဲ့ပါဝင်ပြီးနောက်မှာ ဒီအစီအစဉ်က အောင်မြင်မှုရဖို့ တော်တော်လေး နီးစပ်လာခဲ့ပြီ။ တရှားတိုင်းပြည် ကျရှုံးရမဲ့မြင်ကွင်းကို မြင်ယောင်ရင်း ဟွမ်ပထျန်းတစ်ယောက် အထိန်းချုပ်ခံရတာကိုပင် မေ့သွားခဲ့သည်။ ထိုအချိန်မှာ သူစိတ်သာရာ ရသွား၏။

“ပြဿနာမရှိဘူး။ မင်းတို့တွေ ပါဝင်ချင်တယ်ဆိုရင် လာပြီးနာမည်ပြောလိုက်။ မပါဝင်ချင်ဘူးဆိုရင် ငါမင်းတို့ကို အတင်းအကြပ် မလုပ်ဘူး”

“စိတ်အေးလက်အေးနေပါ အကုန်လုံး။ငါတို့ ညီအစ်ကိုတွေက အားလုံးကို ညီတူညီမျှပဲ ဆက်ဆံတယ်။ ဒီမှာ နာမည်ရေးထိုးလိုက်တာနဲ့ အကုန်လုံးက သေခြင်းရှင်ခြင်းကို အတူတူ မျှဝေပြီး ကောင်းကျိုး ဆိုးကျိုး ခံစားကြမယ်။ ငါတို့ဂိုဏ်းရဲ့ ကြီးမားတဲ့ ဂုဏ်သတင်းကို မင်းတို့အားလုံး ကြားဖူးမယ်ထင်ပါတယ်။ ထန်ဝမ်ဂိုဏ်းက တကယ်ကို အရေးပါတဲ့ ဂိုဏ်းတစ်ခုပဲ။ အခု ငါမင်းတို့ အားလုံးကို အာမခံပေးမယ်။ ဒါကို မင်းတို့ဘာတွေ စိုးရမ်နေကြတာလဲ! တွန့်ဆုတ်နေတာက အချိန်ကုန်တာပဲ ရှိမှာနော်!”

ဟွမ်ပထျန်းက ပြောနေရင်းနဲ့ လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ နတ်ဘုရား စာရင်းစာလိပ်ကို အပေါ်မြှောက်ပြ လိုက်သည်။

ဟွမ်ပထျန်းရဲ့ စကားတွေကြောင့် အားလုံးရဲ့ ရင်ထဲမှာ ကြိုးစားချင်စိတ်တွေ ဝင်ရောက်လာခဲ့သည်။ အကုန်လုံးရဲ့ မျက်နှာပေါ်တွင် မျှော်လင့်ချက်တို့ ဝင်ရောက်လာတော့၏။

ဟွမ်ပထျန်း နောက်ဆုံးတော့ စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ သူ မနေနိုင်စွာဖြင့် ရှကျိုးယွီကို လှည့်ကြည့်လိုက်သည်။

လှည့်ကွက်ကောင်းပဲ! တကယ်ကို လှည့်ကွက်ကောင်းပဲ!

လူတွေရဲ့ နှလုံးသားကို လှည့်စားတဲ့ နေရာမှာ ဒီဖူမဲ့က အတော်ဆုံးပဲ!

ဟွမ်းပထျန်းရဲ့ မူရင်းအတွေးသည် တရှားတိုင်းပြည်ရဲ့ သိုင်းလောကမှ အစပြုပြီး ကမ္ဘာတစ်ခုလုံးမှာရှိသော သိုင်းလောကကြီး တစ်ခုလုံးအား ကြီးစိုးချင်တာဖြစ်သည်။ ဒါပေမဲ့ သူမှာ အရည်အချင်း မပြည့်ဝခဲ့ဘူး။

အခု ရှကျိုးယွီနဲ့ ယှဉ်လိုက်ချိန်မှာ သူ့ကိုယ်သူ အလွန် အားနည်းနေသေးသည်ဆိုတာကို နားလည်လိုက်ရ၏။

ဒီလိုနဲ့ပဲ အကုန်လုံးရဲ့ နာမည်တွေကို နတ်ဘုရား စာရင်းစာလိပ်မှာ အောင်မြင်စွာ ရေးသားနိုင်ခဲ့သည်။ ဒါပေမဲ့ ထိုစာလိပ်အတွင်းတွင် ပုန်းကွယ်ကာ ပါဝင်နေတဲ့ လျှို့ဝှက်ထိန်းချုပ်မှု အကြောင်းကိုတော့ ဘယ်သူကမှ စကားမဟခဲ့ကြဘူး၊ သိသာပါသည်။

သူတို့ အားလုံးကလည်း အချင်းချင်းကို ဒုက္ခရောက်စေချင်ခဲ့တာပဲ။

ဒါပေမဲ့ ရှကျိုးယွီက ဂရုမစိုက်ခဲ့ဘူး။

“အခု အားလုံးလည်း စာချုပ်ချုပ်ပြီးပြီဆိုတော့ အခုကစပြီး ငါတို့က ညီအစ်ကိုတွေပဲ။ ဒါကြောင့် ဘာကိစ္စ မဟာမိတ် မဖွဲ့ရမှာလဲ?”

ရှကျိုးယွီ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

ထိုစကားကြောင့် လူတွေအားလုံး အံ့ဩသွားကြ၏။ ဒီအခြေအနေရဲ့ အရေးပါမှုကို စတင်စဉ်းစားလိုက်ကြသည်။ အစက ပုန်ကန်မဲ့ အစီအစဉ်မှာ ပါဝင်ခဲ့ပေမဲ့ ဘယ်သူကမှ အားတက်သရော မရှိခဲ့ကြပေ။ အခု နတ်ဘုရားစာရင်း စာချုပ်ချုပ်ဆိုပြီး‌နောက်မှာတော့ သူတို့ မဖြစ်မနေ ကြိုးစားကြရတော့မည်။ ပြောရမယ်ဆိုရင် သူတို့မှာ ပုန်ကန်မှုအပြင် ရွေးချယ်စရာ မရှိတော့ဘူး!

ထိုအချိန်မှာပဲ ကျယ်လောင်တဲ့ အသံတစ်ခုနဲ့အတူ စားသောက်ဆိုင်ရဲ့ တံခါးချပ်က ပွင့်သွားခဲ့သည်။ အင်အားပြင်းလွန်းသဖြင့် တံခါးသည် လက်ကိုင်မှ ပြုတ်ကျပြီး မြေပြင်ပေါ်ကို ပြုတ်ကျသွားလေ၏။ ဖုန်မှုန့်များပင် အပေါ်ကို လုံးတက်လာခဲ့သည်။

ဆူညံသံရဲ့ လာရင်းကို အကုန်လုံး လှည့်ကြည့်လိုက်ကြ၏။ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် စားသောက်ဆိုင် အတွင်းကို ခပ်ဖြည်းဖြည်း ဝင်ရောက်လာခဲ့သည်။ ချက်ချင်းပဲ အခန်းထဲက လေထုက အေးစက်သွားခဲ့သည်။

ထိုမိန်းကလေးက အခန်းပတ်ပတ်လည်ကို စစ်ဆေးလိုက်၏။

“ဟွမ်ပထျန်းဆိုတာ ဘယ်သူလဲ?”

သူမရဲ့ စကားသံက အေးစက်နေခဲ့သည်။

ထိုစကားကြောင့် အခန်းထဲက လူအများစုသည် ဟွမ်ပထျန်းရှိရာကို လှည့်ကြည့်လိုက်ကြ၏။ လူထုရဲ့ ပြောင်းလဲမှုကြောင့် ထိုမိန်းကလေးကလည်း ဟွမ်ပထျန်းဘက်ကို အကြည့်ရောက်လာခဲ့သည်။

ထိုအချိန်တွင် ဟွမ်ပထျန်းရဲ့ လက်အတွင်း၌ နတ်ဘုရား စာရင်းစာလိပ်ရှိနေခဲ့သည်။ ထိုမိန်းကလေး၏ အကြည့်နှင့် ရင်ဆိုင်ရလိုက်သည်နှင့် ဟွမ်ပထျန်း တစ်ယောက် ရေခဲဂူထဲမှာ ပိတ်မိနေသည့် အတိုင်းပဲ ခန္ဓာကိုယ် တစ်ခုလုံး မထိန်းနိုင်အောင် တုန်ယင်လာတော့၏။

ထိုသို့ မထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်နေချိန်မှာပဲ ရှကျိုးယွီက အရှေ့တိုးလာကာ ဟွမ်ပထျန်းရဲ့ ပုခုံးကို အသာလေး ပုတ်ပေးလိုက်သည်။

ထိုအချိန်မှသာ ဟွမ်ပထျန်း နွေးထွေးမှုကို ပြန်လည်ခံစားလိုက်ရသည်။ ဒီလိုနဲ့ပဲ အခန်းထဲက လေထုကလည်း ပြန်လည်ကောင်းမွန်လာခဲ့၏။

“နင်က ဖူမဲ့လား?”

အခန်းထဲက သူမရဲ့ အေးစက်တဲ့အရှိန်အဝါ ဖျက်ဆီးခံလိုက်ရသည့်အတွက် ထိုမိန်းကလေးက ရှကျိုးယွီကို လှည့်ကြည့်လာခဲ့သည်။ သူမရဲ့ မျက်လုံးထဲမှာ အံ့ဩမှုတို့ရှိနေ၏။

'ဒီမိန်းမက ကြည့်လို့တော့ ကောင်းသားပဲ။ နည်းနည်းလေး ကြောက်ဖို့ကောင်းနေတာက လွဲရင်ပေါ့။ ဒါပေမဲ့ ဒီကြောက်ဖို့ကောင်းတဲ့ အရှိန်အဝါထဲမှာ အထီးကျန်မှုကိုလည်း ငါခံစားလို့ရနေတယ်။ တော်တော်လေး ထူးခြားတယ်!’

ရှကျိုးယွီက ထိုမိန်းကလေးကို အကဲခတ်နေခဲ့သည်။ သူ့ရဲ့ အရိုင်းဆန်တဲ့ အကြည့်က သူမအပေါ်ကို အပြည့်အဝ ကျရောက်နေ၏။ အဲ့ဒါကိုလည်း နည်းနည်းလေးမှ ဂရုစိုက်ဟန်မရှိချေ။

ရှကျိုးယွီရဲ့ နှာဘူးအကြည့်ကြောင့် ထိုမိန်းကလေး မျက်မှောင်ကြုတ်သွားခဲ့သည်။

ဒါကိုမြင်တဲ့အခါမှာ ရှကျိုးယွီက မျက်နှာကို မဲ့လိုက်၏။ သူမရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ရှကျိုးယွီ လုံးဝ မကျေနပ်ပေ။ ထို့ကြောင့် အထင်သေးစွာ ပြောလိုက်သည်။

“နာမည်ဆိုတာ ဒီအတိုင်းပဲ ခေါ်ဝေါ်မှု တစ်ခုပါ။ မင်းမကြိုက်ဘူးဆိုရင် ငါ့ကို ဖူကျွင်းလို့ ခေါ်လည်းရတာပဲ”

“ဖူကျွင်း..?”

ထိုမိန်းကလေး အံ့ဩသွားသည်။

“ဟုတ်တယ်လေ ဒါမှမဟုတ်ရင် မင်းခေါ်ချင်တယ်ဆိုရင် အဖေလို့ခေါ်ပေါ့၊ အဖိုးဆိုလည်းရတယ်”

ရှကျိုးယွီရဲ့ လေသံသည် မောက်မာမှု အပြည့်ဖြစ်သည်။ သိုင်းလောကအတွင်း ရောက်လာတာ ရက်တစ်ချို့ ကြာပြီဖြစ်၍ ဘယ်သူ့ကိုမှ အဖက်မလုပ်တဲ့ ပုံစံကို ရှကျိုးယွီ ဖန်တီးနိုင်ခဲ့ပြီလေ။ ဒီလိုမှ မဟုတ်ဘူးဆိုရင် အခုလိုများပြားတဲ့ လက်အောက်ခံ သိုင်းသမားတစ်ထောင်လောက်ကို ဘယ်လိုလုပ် ရနိုင်မှာလဲ?

မျက်စိရှေ့က အနက်ရောင် မိန်းကလေးသည် တကယ်ကို လှပပါသည်။ ဒါပေမဲ့ လှပတာက လှပတာပဲ။ ရိုင်းစိုင်းတာက ရိုင်းစိုင်းတာပဲ။ မတူညီတဲ့ ကိစ္စနှစ်ခုဖြစ်သည်။

ရှကျိုးယွီရဲ့ စကားတွေကြောင့် ထိုမိန်းကလေး အနည်းငယ် အံ့ဩနေခဲ့သည်။ ထို့နောက်မှာမှ ထိုစကားတွေရဲ့ တကယ့်ဆိုလိုရင်းကို နားလည်သွားတော့၏။

“နင်! နင်က သေချင်နေတာလား!!!”

ထိုမိန်းကလေးက ပြောပြီးတာနဲ့ ရှကျိုးယွီကို တိုက်ခိုက်ဖို့ ပြင်လိုက်သည်။ ဒါပေမဲ့ ရှကျိုးယွီကတော့ လက်တစ်ဖက်သာ ယမ်းလိုက်သည်။ ထိုအချိန်မှာပဲ အင်အားပြင်းတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ အပြင်သို့ ထွက်လာ၏။

ထိုမိန်းကလေး အနေနဲ့ ရှကျိုးယွီရဲ့ အနားကို မကပ်နိုင်ခင်မှာပဲ ပြင်းထန်တဲ့ လေပြင်းတစ်ချက်က သူမကို တွန်းလွတ်လိုက်သည်။

ထိုပြင်းထန်တဲ့ အင်အားက သူမရဲ့ ခန္ဓာကိုယ်ကို အရှိန်ပြင်းစွာ ရိုက်ခတ်လိုက်သဖြင့် ခြေလှမ်းများစွာ အနောက် ဆုတ်သွားစေခဲ့သည်။

သူမထပ်မံ မတုံ့ပြန်နိုင်ခင်မှာပဲ ရှကျိုးယွီ ချက်ချင်းပဲ လှုပ်ရှားလိုက်၏။ ထိုမိန်းကလေးရဲ့ အရှေ့မှာ ရုတ်တရက် ပေါ်ပေါက်လာကာ လည်ပင်းကို ညှစ်လိုက်သည်။ လူကြားထဲမှာပဲ ရှကျိုးယွီရဲ့ လက်အားကြောင့် ထိုမိန်းကလေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အပေါ်ကို မြှောက်တက် လာခဲ့သည်။ လှပတဲ့ တောင်တန်းနှစ်ခုသည်လည်း မြင့်ချည်နိမ့်ချည်ဖြင့် အလုပ်များနေရသည်။ ရှကျိုးယွီရဲ့ လည်ပင်းညှစ်ထားမှုကြောင့် ထိုမိန်းကလေးရဲ့ အသက်ရှုသံတို့ မြင့်မားလာခဲ့သည်။ သူမရဲ့ မျက်နှာတစ်ခုလုံးလည်း နီရဲလာခဲ့သည်။

“ဘန်း”

ရှကျိုးယွီသည် ထိုမိန်းကလေးကို ကြမ်းပြင်နဲ့ ကြမ်းတမ်းစွာ ကိုင်ပေါက်ကာ ရိုက်ချလိုက်သည်။

ထို့နောက်မှာ သူကက လက်တစ်ဖက်ကို လှုပ်ရှားလိုက်သည်။ ချက်ချင်းပဲ ထိုင်ခုံတစ်ခုပေါ်လာ၏။ ရှကျိုးယွီ ထိုထိုင်ခုံပေါ်တွင် ဇိမ်ကျစွာဖြင့် ထိုင်ချလိုက်သည်။ ထို့နောက်မှာ လက်နှစ်ဖက်ကို လက်ရန်းပေါ် တင်ထားလိုက်သည်။ ခြေထောက်ကိုပင် ချိတ်လိုက်သေး၏။ မြေပြင်ပေါ်မှာ လဲကျနေတဲ့ အနက်ရောင် မိန်းကလေးကို အလွန်ရွံရှာဟန်ဖြင့် ကြည့်လိုက်သည်။

“ပြောစမ်း နင်ဒီမှာ ဘာလုပ်နေတာလဲ? ဘယ်သူက ပြဿနာရှာဖို့ လွှတ်လိုက်တာလဲ?”

အခန်းထဲက လူတွေအားလုံး အံ့အားသင့်သွားခဲ့သည်။ အကုန်လုံးက ရှကျိုးယွီကို အံ့ဩတကြီး ကြည့်နေကြ၏။

ရှကျိုးယွီဘက်က အခုလိုမျိုး တိုက်ခိုက်တာကို သူတို့အနေနဲ့ ပထမဦးဆုံး မြင်တွေ့ဖူးခြင်းဖြစ်သည်!

………

All Chapters