← Chapters

ဒါကချဲ့ကားလွန်းနေပြီ

Vol. 12 Ch. 168

ဒါကချဲ့ကားလွန်းနေပြီ

Vol. 12 Ch. 168

သိုင်းအကြီးအကဲတွေ အားလုံး တက်ကြွစွာဖြင့် အကူအညီပေးလိုခဲ့သည်။ လီလင်ပု နောက်ဆုံးမှာတော့ စိတ်သက်သာစွဖြင့် သက်ပြင်းချလိုက်တော့၏။ ရှကျိုးယွီအပေါ်ကိုလည်း ပိုမိုလေးစားသွားခဲ့သည်။

'အရှင်မင်းကြီးရဲ့ လူတွေရဲ့ နှလုံးသားကို ထိန်းချုပ်နိုင်စွမ်းက တကယ်ကိုကြောက်ဖို့ ကောင်းလိုက်တာ။ လူလုံးထွက်မပြပဲနဲ့တောင်မှ ဂိုဏ်းများစွာရဲ့ အင်အားကြီး အကြီးအကဲတွေကို အခုလိုမျိုး ခြယ်လှယ်နိုင်ခဲ့တယ်။ ကြောက်ဖို့ကောင်းတယ်! ဒီလိုဆိုရင် ငါအရှင်မင်းကြီးနဲ့ တွေ့တဲ့အချိန် ပိုပြီး သတိထားရမယ်’

လီလင်ပုရဲ့ မျက်လုံးက အနည်းငယ် လက်သွားခဲ့သည်။ ထို့နောက်မှာ လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

“ကောင်းပါပြီ ကျုပ်အနေနဲ့ အားလုံးကို အပြည့်အဝ ယုံကြည်တယ်။ ဒါပေမဲ့ ဒီမေးခွန်းကို စဉ်းစားဖူးကြလား?”

လီလင်ပုရဲ့ စကားလုံးကြောင့် အကြီးအကဲတွေ အံ့ဩသွားခဲ့သည်။

“ဘာမေးခွန်းလဲ?”

“မေးခွန်းက ရိုးရှင်းပါတယ်။ ကျုပ်အနေနဲ့ ဒီက အကြီးအကဲတွေ အားလုံးကို ညီတူညီမျှ ဆက်ဆံပေးလို့ရတယ်။ ဒါပေမဲ့ ထျန်းချီတာဝါဘက်ကတော့ ဆက်ဆံပေးလို့ရမှာ မဟုတ်ဘူး။ အဲ့လိုပဲ အရှင်မင်းကြီးဘက်ကလည်း ဆက်ဆံပေးလို့ရမှာ မဟုတ်ဘူး။ ဒါ့အပြင် ဒီကိစ္စတစ်ခုလုံးက တရှားတိုင်းပြည်နဲ့ သက်ဆိုင်နေတာမလို့ အရှင်မင်းကြီး အပေါ်မှာ မူတည်တယ်။ အားလုံးဘက်က ကူညီချင်‌ နေတယ်ဆိုမှတော့ ကျွန်‌တော်မျိုး အမတ်လီ သေချာပေါက် မငြင်းဆိုနိုင်ဘူးပေါ့။ အထူး လုပ်ထုံးလုပ်နည်း တွေကိုတော့ ပြုလုပ်လို့ မရပါဘူး။ တရှားတိုင်းပြည် အတွင်းမှာ ဖြစ်သမျှကိစ္စတွေ အားလုံးက အရှင်မင်းကြီးရဲ့ အဆုံးအဖြတ်ပေါ်ပဲ မူတည်နေတာပါ”

လီလင်ပုရဲ့ စကားလုံးတွေက စိတ်ဝင်စားဖွယ် ကောင်းသည်။ အပေါ်ယံမှာတော့ သူကအားလုံးရဲ့ တောင်းဆိုမှုကို လိုက်လျောခဲ့၏။ ဒါပေမဲ့ လက်တွေ့မှာတော့ တိကျသေချာသော ကတိတစ်ခုမပေးခဲ့ပေ။ လီလင်ပုရဲ့ စကားတွေက ဘယ်သူ့အတွက်မှ ရေရာသောအဖြေကို ထုတ်မပေးခဲ့ဘူး။ ဒါပေမဲ့ ထိုစကားတွေကနေ ဘယ်သူမှ အမှားရှာမရခဲ့‌ပေ။

လီလင်ပုရဲ့ စကားကို နားထောင်ပြီးနောက်မှာ အကြီးအကဲတွေ အားလုံး တိတ်တဆိတ်တွေးလိုက်ကြသည်။ သူတို့အတွက်တော့ လီလင်ပုရဲ့ စကားကမမှားဘူး။

ဒီနေရာတွင် လူအယောက် ငါးရာနီးပါးရှိ၏။ သူတို့အားလုံးသာ တစ်ပြိုင်နက်ထဲ အချင်းချင်း တိုက်ခိုက်ကြ မယ်ဆိုရင် ထျန်းချီတာဝါဘက်က တားနိုင်မှာလား? အဲ့လိုပဲ တရှားတိုင်းပြည် တစ်ခုလုံးကကော တားမြစ်နိုင်မှာလား?

ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ ဒီကိစ္စက အင်အားကို သက်သက် ဖြုန်းတီးလိုက်တာပဲ မဟုတ်ဘူးလား? ဒါကြောင့် သေချာစဉ်းစားဖို့ လိုအပ်သည်။

“အမတ်လီ ဒီကိစ္စကို ကျွန်တော်တို့ ဘယ်လို လုပ်သင့်တယ်လို့ထင်လဲ?”

ဒီလိုနဲ့ပဲ ကျန်းစန်သည် အကုန်လုံးကို ကိုယ်စားပြုပြီး ရှေ့ထွက်ကာ ပြောလိုက်သည်။ ကျန်းစန်ရဲ့ မျက်နှာက တည်ငြိမ်နေ၏။

လီလင်ပု စိတ်ထဲကနေ ရယ်မောလိုက်သည်။ အပြင်ဘက်မှာတော့ အလွန်အားနာနေသော မျက်နှာကို ဖော်ကြူးထား၏။ ထို့နောက်မှာ ရှိနေတဲ့ အကြီးအကဲတွေ အားလုံးကိုကြည့်လိုက်သည်။ လီလင်ပု တိတ်တဆိတ် တွေးလိုက်၏။

'ငါ့ဘက်က တောင်းဆိုတဲ့ အခြေအနေတွေက အရမ်းမြင့်နေမယ်ဆိုရင် သူတို့တွေ သေချာပေါက် ပျော်ရွှင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ငါ့ဘက်က တောင်းဆိုတဲ့ အခြေအနေ‌တွေက အရမ်းနိမ့်နေမယ်ဆိုရင်လည်း တရှားတိုင်းပြည်အတွက် မျက်နှာရစရာမရှိဘူး။ အရှင်မင်းကြီးက ငါ့ကို တာဝန်အပြည့်အဝ ပေးထားတယ်ဆိုမှတော့ ငါလည်းကြိုးစားရမှာပေါ့။ ငါအရှင်မင်းကြီးကို စိတ်ပျက်စေလို့မရဘူး’

လီလင်ပုတည်ငြိမ်စွာ‌ ပြောလိုက်သည်။

“ကျွန်တော်တို့ရဲ့ တရှားတိုင်းပြည်မှာ အရင်းအမြစ်လည်း ရှိသလို ကိုယ်ပိုင်ပိုက်ဆံလည်း ရှိပါတယ်။ ဒါပေမဲ့ အကြီးအကဲတွေဘက်က ကူညီချင်တယ်ဆိုရင် ကျေးဇူးပြုပြီး လူအင်အား ထောက်ပံ့ပေးပါ! ဂိုဏ်းအသီးသီးရဲ့ တပည့်တွေက အတွေ့အကြုံ လိုအပ်နေတယ်ဆိုမှတော့ ကျွန်တော်တို့ရဲ့ တရှားတိုင်းပြည် အတွင်းမှာ လာရောက်ပြီး မဟာတံတိုင်း တည်ဆောက်တဲ့ စီမံကိန်းမှာ ဘာကြောင့် မကူညီပေးရမှာလဲ?”

လီလင်ပုကပြောနေရင်းနဲ့ ခဏလောက် ရပ်လိုက်ပြီးမှ ဆက်ပြောလိုက်၏။

“တရှားတိုင်းပြည်ရဲ့ မဟာတံတိုင်းက သာမန်ပဲလို့ အကုန်လုံး သဘောတူခဲ့ကြတယ် မဟုတ်ဘူးလား? အကုန်လုံးလည်း ကူညီပေးချင်ခဲ့ကြတယ်လေ။ ဒီလိုဆိုမှတော့ ကျွန်တော်က တရှားရဲ့မဟာတံတိုင်းကို အပိုင်းလေးတွေ ခွဲဝေပေးပါ့မယ်။ ဒါဆိုရင် အကုန်လုံး ကိုယ်ပိုင်နေရာမှာ အလုပ်လုပ်လို့ရမယ်။ ဂိုဏ်းတစ်ဂိုဏ်းဆီအတွက် ကျွန်တော်တို့ဘက်က မိုင်တစ်ရာနီးပါး အကွာအဝေး တစ်ခုကို ပေးပါ့မယ်။ သေချာပေါက် ဒီကိစ္စက အကြီးအကဲတို့ စိတ်ဝင်စားမှ ဖြစ်မှာပါ။ အကယ်လို့ စိတ်မဝင်စားဘူးဆိုလည်း အဆင်ပြေပါတယ်။ ကျွန်တော် အမတ်လီက အတင်းအကြပ် မတောင်းဆိုပါဘူး”

လီလင်ပုက ပြောနေရင်းနဲ့ အကုန်လုံးရဲ့ မျက်နှာကို အကဲခတ်လိုက်သည်။ အကုန်လုံးရဲ့ တုံပြန်မှုကို စောင့်ကြည့်ပြီးမှ အခြေအနေကို အတိုးအလျော့ လုပ်ဖို့ အသင့်ပြင်ထား၏။

ဒါပေမဲ့ အကြီးအကဲတွေ အားလုံးရဲ့ မျက်နှာပေါ်က ရှက်ဒေါသနှင့် ရှုပ်ထွေးမှုတို့ ပေါင်းစပ်ထားသော တွန့်ဆုတ်သည့် မျက်နှာထားကို မြင်တဲ့အခါမှာတော့ သူ့ရဲ့ အပေးအယူက အောင်မြင်ပြီဆိုတာကို လီလင်ပု နားလည်လိုက်သည်!

အစကတော့ လီလင်ပုရဲ့ စကားလုံးတွေကြောင့် အကြီးအကဲတွေ အားလုံး အံ့အားသင့်သွားခဲ့သည်။ ချက်ချင်းပဲ သူတို့ရဲ့မျက်နှာက ပျက်ယွင်းချင်လာသည်။

“ဒါက.....”

"ဒါက အရမ်းမများဘူး?"

“ဒီလို ကိစ္စက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

“ငါတို့ရဲ့ဂိုဏ်းကိုများ မင်းတို့ရဲ့ အနောက်ခြံက အလုပ်သမား ထင်နေလား? ငါတို့က ဒီကိစ္စကို ဘယ်လိုလုပ် လိုက်လျောပေးလို့ ရမှာလဲ?”

အကြီးအကဲတွေ အားလုံး ဒေါသထွက်နေခဲ့ကြပေမဲ့ ဘယ်သူကမှ လက်မလျော့ချင်ခဲ့ကြဘူး။ ဒီအချိန်မှာ လက်လျော့လိုက်သော သူသည် ရှေ့ဆက် တိုက်ခိုက်ဖို့ရန် မစွမ်းဆောင်နိုင်တဲ့သူဖြစ်၏။ ဒီအချိန်မှာ လက်လျော့လိုက်တာနဲ့ အစပိုင်းက ကြိုးစားရခဲ့သမျှ အရာအားလုံး သဲထဲရေသွန် ဖြစ်ရလိမ့်မည်။

သူတို့ဒီသေးငယ်တဲ့ တရှားတိုင်းပြည်ထဲကို ဘာကြောင့် ရောက်လာခဲ့ရတာလဲ? ထျန်းချီတာဝါဘက်က အထင်ကြီးမှုကို လိုချင်လို့ မဟုတ်ဖူးလား?

ဒါ့အပြင် ဂိုဏ်းထဲမှာလည်း တနေကုန်ထိုင်နေပြီး အလုပ်မလုပ်တဲ့ တပည့်များ တစ်ကယ်ပဲ ရှိနေသည်။ ဒါကြောင့် ဒီကိစ္စက ကိစ္စကြီးတစ်ခုတော့ မဟုတ်ခဲ့ပေ။

အနည်းဆုံးအနေနဲ့ ဂိုဏ်းသားတစ်ချို့ ပင်ပန်းရရုံသာ ရှိမည်။

တဖြည်းဖြည်းနဲ့ အကြီးအကဲတွေရဲ့ အတွင်းစိတ်သည် ကြည်လင်လာခဲ့သည်။ ဒါပေမဲ့ ဘယ်သူကမှ စကားမဟခဲ့ဘူး။ အချိန်တစ်ခု ကြာသည်အထိ ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေလေ၏။

အကြီးအကဲ အသီးသီးရဲ့ ထိန်းသိမ်းထားခြင်း ခံရသော ဝေ့တပ်သားတွေလည်း ဂရုတစိုက် နားစွင့်နေခဲ့ကြသည်။ လီလင်ပုရဲ့ တောင်းဆိုချက်ကို ကြား‌သောအခါမှာ သူတို့ရဲ့မျက်လုံးတွေ ပြူးကျယ်ကုန်ကြသည်။

'ဒါကအရမ်းကို ကြီးကျယ်လွန်းလိုက်တာ! တစ်ဖက်က လူတွေက သူ့ရဲ့ တောင်းဆိုချက်ကို သဘောတူပါ့မလား? သူတို့တွေက ဂိုဏ်းအသီးသီးရဲ့ အကြီးအကဲတွေလေ! အရမ်းကို ကျော်ကြားတဲ့ အထင်ကရ ပုဂ္ဂိုလ်တွေပဲ!’

ဒါပေမဲ့ တဖြည်းဖြည်း ပြောင်းလဲလာသော အကြီးအကဲတွေရဲ့ မျက်နှာထားကို မြင်သောအခါမှာ သူတို့အားလုံး မနေနိုင်စွာဖြင့် လီလင်ပုကို တိတ်တဆိတ် လက်မထောင်လိုက်ကြတော့သည်။

‘ တော်လိုက်တာ! တရှားတိုင်းပြည်က တကယ်ကို အံ့ဩဖို့ကောင်းလှချည်လား? စကားလုံး တစ်ချို့လောက်နဲ့ ဂိုဏ်းကြီးတွေရဲ့ အကြီးအကဲများစွာကို ဒူးထောက်လာအောင် လုပ်နိုင်ခဲ့တယ်!’

'ဒီလီလင်ပုက တရှားတိုင်းပြည်ရဲ့ အရေးပါတဲ့ ဒုအမတ်ချုပ်ဖြစ်ဖို့ တကယ်ကို ထိုက်တန်တာပဲ! စကားနှစ်ခွန်းလောက်နဲ့ လူတွေရဲ့ နှလုံးသားကို ချုပ်ကိုင်ပြီး စိုးမိုးခြယ်လှယ်ပစ်လိုက်တာများ!’

'ဒါကြောင့် ငါတို့ရဲ့ စစ်သူကြီးမူရုံက တာဝန် အောင်မြင်ခဲ့ရင်‌တောင်မှ လီလင်ပုကို အသက်ချမ်းသာပေးဖို့ ပြောခဲ့တာပဲ။ ဒီလို ပါရမီရှင်မျိုး သေဆုံးသွားမှာက နှမြောစရာ ကောင်းလွန်းတယ်လေ’

ဝေ့တပ်သားတွေ တွေးနေချိန်မှာပဲ လီလင်ပုရဲ့ ချောင်းဟန့်သံကို ကြားလိုက်ရသည်။

“သေချာပေါက် အကြီးအကဲတွေ အနေနဲ့ သေချာ စဉ်းစားလို့ရပါတယ်။ ကျန်းပိုင်မင်းသား ရောက်မလာခင် အချိန်အတွင်းတော့ ကျုပ်ကို အဖြေပေးဖို့ မျှော်လင့်တယ်။ ပြောရရင် မဟာတံတိုင်း တည်ဆောက်တဲ့ တာဝန်က ကျန်းပိုင်မင်းသားရဲ့ လက်အောက်မှာ ရှိနေတာပါ။ ဒါကြောင့် ကျုပ်အနေနဲ့ အကုန်လုံးအတွက် စကားကောင်းတစ်ချို့ ပြောပေးလို့ရတာပေါ့။ ဒါပေမဲ့ အချိန်လွန်သွားခဲ့ရင်တော့ ကျုပ်ဘက်က မကူညီပေးနိုင်မှာကို စိုးရွံ့ရတယ်!”

အကြီးအကဲတွေရဲ့ မျက်နှာက တဖြည်းဖြည်း မဲမှောင်စပြုလာပြီပင်။ လီလင်ပုရဲ့ စကားလုံးတွေထဲကနေ ဖိအားကို အားလုံးကို ခံစားလိုက်ရ၏။ အကုန်လုံး လီလင်ပုကို မော့ကြည့်လိုက်ကြသည်။ ဒါပေမဲ့ သူတို့ရဲ့ မျက်လုံးထဲက လူသတ်လိုစိတ်ကိုတော့ ထုတ်မပြခဲ့ကြဘူး။

'ဒီကောင့်ရဲ့ စကားပြောစွမ်းရည်က ကောင်းလိုက်တာ။ ငါတို့ဂိုဏ်းမှာ မပိုင်ဆိုင်ထားတာ နှမြောစရာပဲ!’

တစ်ချိန်ထဲမှာပဲ သိပ်မဝေးတဲ့ နေရာကနေ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ဒီလိုနဲ့ ထိုပုံရိပ်က အနည်းငယ် နီးစပ်လာတော့၏။

အကြီးအကဲတစ်ယောက်က မနေနိုင်စွာ ပြောလိုက်တော့သည်။

“ကောင်းပြီ ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ ငါ့ရဲ့ တဖန်းဂိုဏ်းက သဘောတူတယ်!”

“ငါ့ရဲ့ ထန်းရှန်ဂိုဏ်းလည်း သဘောတူတယ်”

ပထမကျင့်ကြံသူရဲ့ စကားဆုံးတာနဲ့ ကျန်တဲ့ ကျင့်ကြံသူတွေလည်း တစ်ယောက်ပြီး တစ်ယောက် ထ‌ပြောလာခဲ့သည်။ ဒီလိုနဲ့ အချိန်အတိုတွင်းမှာပဲ တစ်ယောက်မကျန် သဘောတူလိုက်ကြ၏။ ဒီရက်ပိုင်းအတွင်း ကြိုးစားရခဲ့သမျှ ကြိုးစားမှုတွေကို ဘယ်သူကမှ အကျိုးမရှိပဲ မကုန်ဆုံးချင်ကြဘူးလေ။

လီလင်ပု ထိုအခါမှသာ စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ သူ့ရဲ့ မျက်လုံးထဲမှာ လွှမ်းမိုးနိုင်စွမ်းတို့ ရှိနေသလိုပဲ။

လီလင်ပုသည် ထိုအချိန်တွင် သူ့ကိုယ်သူ စောက်ရမ်း အထာကျတဲ့ အာဏာရှင်တစ်ယောက်လို ခံစားလိုက်ရသည်။

“အကုန်လုံးဘက်က သဘောတူတယ်ဆိုမှတော့ ကျုပ်အနေနဲ့ အကုန်လုံးအတွက် စကားကောင်းပြောပေးပါ့မယ်။ ဒါပေမဲ့ ဒီကိစွကို ကျန်းပိုင်မင်းသားနဲ့ အသေးစိတ် ဆွေးနွေးဖို့တော့ လိုပါသေးတယ်”

လီလင်ပု တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက်မှာ ကျနိးပိုင်မင်းသား လာနေတဲ့ လမ်းဘက်ကို ညွှန်ပြလိုက်၏။

တချိန်ထဲမှာပဲ လီလင်ပုက အရှေ့ကို တိုးသွားလိုက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။

“ဒီမှာ ဒီမှာ!”

ကျူးကော့လုံ ချက်ချင်းပဲ သဘောပေါက်လိုက်သည်။ သူ့ရဲ့အရှိန်ကို မြှင့်တင်လိုက်ကာ လီလင်ပုရှိရာဆီ ဦးတည်လိုက်တော့၏။

All Chapters