ပစ်မှတ် - ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာ
Vol. 108 Ch. 1505
အခန်း (၁၅၀၅) ပစ်မှတ် - ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာ
ဖန်သားအလင်းတန်းများထဲမှာ ဦးခေါင်း (၂၄)လုံးနှင့် လက်(၁၈)ဖက်ရှိသော ဗုဒ္ဓတစ်ပါး ထွက်ပေါ်လာသည်။
သူက မဟာမာရူယိ ရုပ်ခန္ဓာရရှိထားသည့် ‘ခုန်ရွှမ်း’ ဖြစ်ပြီး တိမ်မြူမိုင်တစ်သောင်းဂဠုန်နှင့် မိခင်တစ်ယောက်တည်းမှ မွေးဖွားလာသူဖြစ်သည်။
သူတို့နှစ်ယောက်လုံးက စကြာဝဠာ၏ပထမဆုံး ‘ဇာမဏီငှက်’ မှ မွေးဖွားလာသူများ ဖြစ်ကြသည်။
နတ်မိစ္ဆာများနှင့် ဗုဒ္ဓဘာသာကျင့်ကြံသူများ အချင်းချင်း တိုက်ခိုက်နေကြသည့် အလယ်ခေတ်ကာလတွင် မဟာမာရူယိက အလယ်ပိုင်းသုခဘုံတွင်သာနေထိုင်ပြီး မည်သည့်ဘက်ကိုမှ ကူညီမပေးဘဲ ဘက်လိုက်သည့်ရပ်တည်မှုကို ထိန်းသိမ်းထားခဲ့သည်။
တာအိုဆရာကျူးထီ တစ်ဖြစ်လဲ လင်စန်းတောင်မှ စကြာမုနိဗုဒ္ဓ လောကကိုကျော်လွန်သွားသည့်အခါ အလယ်ပိုင်းသုခဘုံသည်လည်း အဖြူရောင်ကြာပန်းသုခဘုံအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုအချိန်မှစ၍ မဟာမာရူယိသည်လည်း အနောက်ဘက်သူတော်စင်ဘုံသို့ ပြောင်းရွှေ့သွားပြီး သမိုင်းတစ်လျှောက် ထင်ရှားစွာ ထွက်ပေါ်လာခြင်းမရှိတော့ဘဲ တံခါးပိတ်ကျင့်ကြံရင်းသာ နေထိုင်ခဲ့သည်။
မကြာသေးမီနှစ်များအတွင်း နတ်မိစ္ဆာမျိုးနွယ်နှင့် လမ်းမှန်ဗုဒ္ဓဘာသာကျင့်ကြံသူတို့ လောကတွင် ပြန်လည်ထွက်ပေါ်လာပြီး အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးကို ကူညီရန် လှုပ်ရှားလာကြသော်လည်း ခုန်ရွှမ်းက မည်သည့်ဘက်ကမှ ပါဝင်ခဲ့ခြင်း မရှိပေ။
ထို့ကြောင့် လူများစွာက မဟာမာရူယိ သက်ရှိထင်ရှား ရှိနေသေးပါရဲ့လားဟုပင် သံသယဖြစ်ခဲ့ကြသည်။
တိမ်မြူမိုင်တစ်သောင်းဂဠုန်ပင်လျှင် ယခုလို အခြေအနေတွင် ခုန်ရွှမ်းနှင့် တွေ့ဆုံရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
တိမ်မြူမိုင်တစ်သောင်းဂဠုန်က တည်ကြည်သောလေသံဖြင့်...
“မငြိမ်းသောမီးအိမ်ဗုဒ္ဓဆိုတဲ့သူက သူများတွေကို ခြိမ်းခြောက်ရုံလောက်ပဲ လုပ်တတ်တာ ၊ အစ်ကို သူ လှည့်စားတာကို မခံရပါစေနဲ့”
ခုန်ရွှမ်းက...
“မင်း စိုးရိမ်ပေးနေစရာ မလိုဘူး”
တိမ်မြူမိုင်တစ်သောင်းဂဠုန်က မျက်မှောင်ကျုံ့ရင်း...
“ဒါဖြင် အစ်ကိုက ကျုပ်တို့ကို အခက်တွေ့အောင် လုပ်မလို့လား”
ခုန်ရွှမ်းက နတ်မိစ္ဆာအုပ်စုက ကြည့်လိုက်ပြီး...
“မင်းတို့တွေ မတိုက်ခိုက်ချင်ရင် ဒီနေရာမှာ ငါနဲ့အတူ ထိုင်နေလို့ရတယ်”
ထို့နောက် ဗုဒ္ဓဘာသာကျင့်ကြံသူများထံ လှည့်ကြည့်လိုက်ပြီး...
“မင်းတို့ဆန္ဒရှိတဲ့အတိုင်း ဆက်လုပ်ကြပါ”
သူ့စကားဆုံးသွားသည်နှင့် နတ်မိစ္ဆာမျိုးနွယ်၏ ထိပ်သီးပုဂ္ဂိုလ်များ အနည်းငယ် မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။
ဗုဒ္ဓဘာသာကိုယ်တော်များကတော့ သူ၏စကားကို သံသယမထားခဲ့ပေ။
သူတို့က ညီညာစွာ ပြောလိုက်ကြသည်။
“တပည့်တော်တို့ ကိုယ်တော့်အမိန့်ကို နာခံပါ့မယ်”
ဗုဒ္ဓဘာသာကျင့်ကြံသူများ ပြင်ပဗလာနယ်မှထွက်ခွာကာ အမတခုံရုံးသို့ ဦးတည်သွားကြသည်ကိုကြည့်ရင်း နေရာတွင်ရှိနေသည့် မဟာနတ်မိစ္ဆာများမှာ လိုက်လံတိုက်ခိုက်လိုသည့်စိတ်များဖြင့် ပြည့်နက်သွားသည်။
ခုန်ရွှမ်းက သမိုင်းတွင် နာမည်ကျော်ကြားသူဖြစ်သော်လည်း နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်များက တစ်ယောက်တည်းမဟုတ်ပေ။
သူတို့ဘက်တွင် တိမ်မြူမိုင်တစ်သောင်းဂဠုန်ကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးလည်း ရှိနေပြီး သူ၏စွမ်းအားက ကောင်းကင်နတ်ဘုရားများအလယ်မှာပင် ထူးခြားထင်ရှားသူအဖြစ် သတ်မှတ်ခံရသည်။
တိမ်မြူမိုင်တစ်သောင်းဂဠုန်က ချက်ချင်း လှုပ်ရှားမှုမပြုခဲ့ပေ။
သူက မျက်မှောင်ကျုံ့လျှက် ခုန်ရွှမ်းကို စိုက်ကြည့်ရင်း စကားတစ်ခွန်းမှ မဆိုခဲ့ပေ။
ကျန်ရှိသော နတ်မိစ္ဆာမျိုးနွယ်၏ မဟာသူတော်စင်များအားလုံးကတော့ ရှေ့သို့ ထွက်သွားကြသည်။
သူတို့က အုပ်စုနှစ်ခုဖြစ်သည်။
တစ်စုက ယခင်ကပင် အနောက်ဘက်သူတော်စင်ဘုံနှင့် တိုက်ခိုက်နေသူများဖြစ်ပြီး ကျန်တစ်စုကတော့ ငရဲကိုးထပ်ကို သွားရောက်တိုက်ခိုက်ကြသူများပင်။
သူတော်စင်ငယ်များက ခုန်ရွှမ်းကဲ့သို့ ကောင်းကင်နတ်ဘုရားအဆင့်ရှိ တန်ခိုးရှင်တစ်ဦးကို ဆန့်ကျင်ပြီး ကိုယ့်အရှက်ကိုယ် ခွဲကြမည် မဟုတ်ပေ။
သို့ရာတွင် ဤအဖွဲ့များက အလွန်ကြောက်မက်ဖွယ်ရာကောင်းသည်ဖြစ်ရာ တိမ်မြူမိုင်တစ်သောင်းဂဠုန်ပင်လျှင် သူတို့ကို ရင်ဆိုင်မည်ဆိုပါက သူ၏မြန်နှုန်းကိုအားကိုးပြီး ရန်သူများကိုရှောင်တိမ်းကာ ဖြည်းဖြည်းချင်း တန်ပြန်နည်းလမ်းကို စဉ်းစားရမည် ဖြစ်၏။
သူသည်ပင် ဤအဖွဲ့များကို ထိပ်တိုက်ရင်ဆိုင်မည် မဟုတ်ပေ။
ခုန်ရွှမ်းကတော့ နတ်မိစ္ဆာမျိုးနွယ်များ၏ တိုက်ခိုက်မှုကိုရင်ဆိုင်ရာတွင် သူ၏ ဗုဒ္ဓဓမ္မရုပ်ခန္ဓာကိုပြသလျျက် အစိမ်းရောင်ကြာပန်းထက် အေးဆေးတည်ငြိမ်စွာ ထိုင်နေခဲ့သည်။
သို့သော် သူ့ပတ်ပတ်လည်မှ ရောင်စဉ်ငါးမျိုး နတ်ဘုရားရောင်ဝါကတော့ ပို၍ပို၍ သိသာထင်ရှားလာလေသည်။
***
“မဟာမာရူယိ ထွက်ပေါ်လာတယ် ဟုတ်လား”
ရန်ကျောက်ကဲ တွေးတွေးဆဆဖြင့် မေးခွန်းထုတ်လိုက်သည်။
သူက ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံတွင် အေးဆေးစွာ အနားယူနေခြင်း ဖြစ်သည်။
ယခု အပြင်မှရောက်လာသောသတင်းကိုကြားသိရပြီး အနည်းငယ် အံ့အားသင့်သွားရသည်။
အလယ်ခေတ်တွင် အနောက်ဘက်မှဗုဒ္ဓဘာသာက အရှေ့ဘက်သို့ ပျံ့နှံ့ရောက်ရှိလာပြီး ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် နတ်မိစ္ဆာများ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြသည်။
ထိုတိုက်ပွဲများတွင် ခုန်ရွှမ်း တစ်ခါမှ မပါဝင်ခဲ့ပေ။
သူက အစမှအဆုံးတိုင် ဘက်မလိုက်သောရပ်တည်မှုကို ထိန်းသိမ်းကာ မည်သူ့ကိုမျှ မကူညီခဲ့ပေ။
အမှန်တော့ ယနေ့ ခုန်ရွှမ်းထွက်ပေါ်လာမှသာလျှင် သူက အနောက်ဘက်သူတော်စင်ဘုံတွင် ရှိနေခဲ့ကြောင်း လူအများသိရှိခဲ့ရခြင်းပင်။
အလယ်ခေတ်မှစ၍ သူ့သတင်းပျောက်ကွယ်နေသည်မှာ ကြာမြင့်ခဲ့ပေပြီ။
နတ်မိစ္ဆာမျိုးနွယ်မှ ထပ်သီးတန်ခိုးရှင်တစ်ယောက်ဖြစ်သော’ခုန်ရွှမ်း’ မည်သည့်နေရာသို့ရောက်ရှိနေသည်ဆိုခြင်းက လျှို့ဝှက်ဆန်းကျယ်သလို လူတိုင်းအာရုံစိုက်ကြသည့်ကိစ္စပင်။
ယခု သူထွက်ပေါ်လာသဖြင့် စိုးရိမ်နေသူအတော်များများ စိတ်သက်သာရာ ရခဲ့ကြသည်။
သို့ပေသိ စိတ်သက်သာရာရသည်ဆိုသော်ငြား တန်ပြန်တိုက်ခိုက်ရေးနည်းလမ်းကိုတော့ စဉ်းစားရပေမည်။
အဂ္ဂိရတ်ခန်းမထဲတွင်ရှိနေသော ရွှယ်ချူးချင်က သူ့ကို ချီးကျူးစကားဆိုလိုက်သည်။
“ဘာပဲဖြစ်ဖြစ်... သူ့ကို သာမန်ကောင်းကင်နတ်ဘုရားတွေတောင် ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”
ရန်ကျောက်ကဲက သူ့နဖူးကို အသာပွတ်သပ်ရင်း...
“ဟုတ်တယ် ၊ ကျွန်တော်တို့ရတဲ့သတင်းအရဆိုရင် သူက ဂုဏ်သတင်းနဲ့တကယ်ထိုက်တန်တယ်ဆိုတာ သက်သေပြခဲ့တယ်”
သတင်းများအရ ခုန်ရွှမ်းတစ်ယောက်တည်းဖြင့် တိမ်မြူမိုင်တစ်သောင်းဂဠုန်အပါအဝင် နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်အုပ်စုကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။
နောက်ဆုံးမှာတော့ မှော်ဝင်လက်နက်များအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိသည့် ခုန်ရွှမ်း၏ ရောင်စဉ်သွယ် နတ်ဘုရားရောင်ဝါက အားလုံးကိုလွှမ်းမိုးသွားပြီး နတ်မိစ္ဆာအုပ်စုကို ဆုတ်ခွာသွားစေခဲ့သည်။
တိမ်မြူမိုင်တစ်သောင်းဂဠုန်က အစပိုင်းတွင် ဘေးမှ ကြည့်နေခဲ့သော်လည်း နောက်တော့ သူကိုယ်တိုင် ပါဝင်လှုပ်ရှားခဲ့သည်။
သူက ကောင်းကင်နတ်ဘုရားအဆင့်တွင် အမြန်ဆုံးအရှိန်အဟုန်ကို ပိုင်ဆိုင်ထားသူပင်။
မိခင်တစ်ယောက်တည်းမှ မွေးဖွားလာသည့်တိုင် မြန်နှုန်းတွင်တော့ ခုန်ရွှမ်းက တိမ်မြူမိုင်တစ်သောင်းဂဠုန်ကို လိုက်မမီခဲ့ပေ။
သို့ဖြစ်ရာ တိမ်မြူမိုင်တစ်သောင်းဂဠုန်၏ မဆုတ်မနစ်နှင့် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများသည် အကျိုးသက်ရောက်မှုရှိသင့်သည်။
ရှေးခေတ်နတ်ဘုရားများအပ်နှင်းခြင်းကာလမှ ဒဏ္ဍာရီများအရ ခုန်ရွှမ်း၏ ရောင်စဉ်ငါးသွယ် နတ်ဘုရားရောင်ဝါ မည်မျှအားကောင်းသည်ဖြစ်စေ လျှင်မြန်သည့်အရှိန်အဟုန်ကို အပြည့်အဝ ရင်ဆိုင်နိုင်ခြင်းမရှိခဲ့ပေ။
ထိုသို့သောရန်သူမျိုးနှင့်ရင်ဆိုင်ရသည့်အခါ သူ၏ ရောင်စဉ်ငါးသွယ် နတ်ဘုရားရောင်ဝါ ရပ်တန့်သွားပြီး ပစ်မှတ်ကို လွဲချော်သွားတတ်သည်။
သို့ဖြစ်ရာ မည်မျှတန်ခိုးစွမ်းအားမြင့်မားပါစေ ရန်သူကို ထိအောင်မတိုက်ခိုက်နိုင်ပါက အလကားပင် ဖြစ်ပေမည်။ ထိုသို့သောအခြေအနေတွင် ရန်သူက အခွင့်အရေးကို အသုံးချသွားနိုင်ဖွယ် ရှိ၏။
ရောင်စဉ်ငါးသွယ် နတ်ဘုရားစွမ်းအားကို ဘေးဖယ်လိုက်သည့်တိုင် ခုန်ရွှမ်းက အခြားသောသိုင်းပညာရပ်များတွင် ထူးချွန်သူဖြစ်သည်။
သို့တိုင် သူ၏ ထူးချွန်မှုက အခြားသောကောင်ကင်နတ်ဘုရားများထက် သာလွန်ခြင်း မရှိပေ။
အဓိကအချက်မှာ သူ၏ ရောင်စဉ်ငါးသွယ် နတ်ဘုရားရောင်ဝါပင် ဖြစ်သည်။ ထိုစွမ်းအားက အလွန်ပြင်းထန်သဖြင့် ကျော်လွှားနိုင်သူ မရှိသလောက်နည်းပါးသည်။
ထို့ကြောင့် တစ်ယောက်ချင်းတိုက်ပွဲများတွင် ခုန်ရွှမ်းက မည်သည့်ရန်သူကိုမဆို အနိုင်ယူခဲ့သည်သာပင်။
သို့သော် တာအိုအဆင့်အောက် ကျင့်ကြံသူများကြားတွင် တိမ်မြူမိုင်တစ်သောင်းဂဠုန်က အလျှင်မြန်ဆုံး ဖြစ်သည်။
အခြားနတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်များက သူ့ကို ကာကွယ်ပေးထားမည်ဆိုလျှင် သူ့အနေဖြင့် ခုန်ရွှမ်း၏အားနည်းချက်ကို အသုံးချပြီး တိုက်ခိုက်နိုင်ဖွယ်ရှိသည်။
ရန်ကျောက်ကဲက သွားများပေါ်အောင် ရယ်မောလိုက်ရင်း...
“ဒါပေမဲ့ မဟာမာရူယိက ဗုဒ္ဓဘာသာရွှေခန္ဓာ ရရှိပြီးသားပုဂ္ဂိုလ်လေ ၊ အဲဒါက သူ့အားနည်းချက်ကို ဖုံးကွယ်ပေးထားတယ်”
သူက ဆက်ပြောလိုက်သည်။
“အဲဒီတော့ အားသာချက်ကဆက်ရှိနေပြီး အားနည်းချက်က ပျောက်ကွယ်သွားတယ်လို့ ပြောရမယ် ၊ အတိတ်က ခုန်ရွှမ်းနဲ့ယှဉ်ရင် အခု မဟာမာရူယိက သမိုင်းတစ်လျှောက် ကောင်းကင်နတ်ဘုရားတွေထဲက ထိပ်တန်း(၃)ယောက်မှာ တစ်ယောက်အဖြစ် သတ်မှတ်ခံထိုက်သူပဲ”
သူ၏အစ်ကိုဖြစ်သူက ဗုဒ္ဓဘာသာ ရွှေခန္ဓာကို ကျင့်ကြံပြီးနောက် စွမ်းအားမြင့်မားလာကြောင်း တိမ်မြူမိုင်တစ်သောင်းဂဠုန်သည်လည်း သဘောပေါက်ခဲ့သည်။
သို့သော် သူက ခုန်ရွှမ်းနှင့် တစ်ခါမှမတိုက်ခိုက်ဖူးသဖြင့် အစ်ကိုဖြစ်သူ၏တန်ခိုးစွမ်းအားကို စမ်းသပ်ကြည့်လိုသည့်ဆန္ဒကို မထိန်းနိုင်ခဲ့ပေ။
ရလဒ်အနေဖြင့် သူက ခုန်ရွှမ်းကို ရင်ဆိုင်နိုင်ခြင်းမရှိသည့်အပြင် ရောင်စဉ်ငါးသွယ် နတ်ဘုရားရောင်ဝါအောက်တွင် အသက်ပျောက်လုမတတ် ဖြစ်သွားခဲ့ရသည်။
နောက်ဆုံး လွတ်အောင်ထွက်ပြေးရုံသာ တတ်နိုင်ခဲ့၏။
ဤသည်မှာ ရှေးခေတ်ကာလက စန့်ချင်အဆက်အနွယ် ‘ငှက်မွှေးနတ်ဘုရား’ အဖြစ် နာမည်ကျော်ကြားသော သူ၏အစ်ကိုဖြစ်သူထံမှ ပထမဆုံးသင်ယူခဲ့သော သင်ခန်းစာပင် ဖြစ်သည်။
ခုန်ရွှမ်းနှင့် အချိန်ကြာမြင့်စွာတိုက်ခိုက်ရပါက လျှင်မြန်သည့်အရှိန်အဟုန်ကြောင့်နာမည်ကြီးသော ရွှေရောင်တောင်ပံရှိသည့် မဟာဂဠုန်သည်ပင်လျှင် ရောင်စဉ်ငါးသွယ် နတ်ဘုရားရောင်ဝါအောက်တွင် ဖမ်းဆီးဝါးမျိုခံရပေမည်။
တိမ်မြူမိုင်တစ်သောင်းဂဠုန်သည် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သော်လည်း အခြားနတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်များမှာ ထိုသို့မဟုတ်ခဲ့ပေ။
ထက်ဝက်ကျော် ဖမ်းဆီးခံရပြီး အနည်းငယ်သာ လွတ်မြောက်နိုင်ခဲ့သည်။
ကောင်းကင်နတ်ဘုရားအဆင့်အောက်ရှိ နတ်မိစ္ဆာများကိုတော့ ခုန်ရွှမ်းက အားလုံးကို သုတ်သင်ပစ်ခဲ့သည်။
ဘေးတွင်ထိုင်နေသည့်ရန်တိက နေရာပြင်ပြီးထိုင်လိုက်ရင်း...
“ဒါပေမဲ့ သူက တိမ်မြူမိုင်တစ်သောင်းဂဠုန်ကို မဖမ်းနိုင်ဘူးလေ ၊ တိမ်မြူမိုင်တစ်သောင်းဂဠုန်သာ သူနဲ့ဆက်မတိုက်ချင်ဘူးဆိုရင်... ခုန်ရွှမ်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အမှန်ပဲ... သူက တိမ်မြူမိုင်တစ်သောင်းဂဠုန်နဲ့ အမြန်နှုန်းမှာ မယှဉ်နိုင်ဘူး ၊ ဒါပေမဲ့ အခု သူက အမတခုံရုံးကို ကာကွယ်ပေးရုံသာမက တခြားနတ်မိစ္ဆာတွေ အနားမကပ်နိုင်အောင်လည်း တားဆီးပေးနေတယ်”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ သူက နတ်မိစ္ဆာတွေနဲ့ ပတ်သက်ဆက်နွယ်ဖူးတယ်ဆိုတော့... စဉ်းစားကြည့်မယ်ဆိုရင်... ကိစ္စတွေပြီးသွားရင် ဖမ်းထားတဲ့မဟာနတ်မိစ္ဆာတွေကို ပြန်လွှတ်ပေးမယ်ထင်တယ်”
ရန်တိက မျက်မှောင်ကျုံ့ရင်း...
“ခုန်ရွှမ်းက မမျှော်လင့်ဘဲ ထွက်ပေါ်လာပြီး တန်ခိုးစွမ်းအားရှင်အများကြီးကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့တယ် ၊ ဒါပေမဲ့ အနောက်ဘက်သူတော်စင်ဘုံရဲ့လှုပ်ရှားမှုက ထူးဆန်းနေတယ် ၊ သူတို့က ဘာလို့ ငါတို့ တာအိုဝါဒရဲ့ ကောင်းကင်နတ်ဘုရားတွေကို လာပြီးတိုက်ခိုက်ရတာလဲ ၊ သူတို့ အခုရှိနေတဲ့ ရန်သူအရေအတွက်ကို မကျေနပ်သေးလို့လား ၊ ဒါမှမဟုတ် ငါတို့အားလုံးကိုပါ ဖိနှိပ်နိုင်မယ်လို့ ယုံကြည်ချက် ရှိနေတာများလား”
ရန်ကျောက်ကဲက...
“ဒါမှမဟုတ် ကြည့်ရတာ အကြီးအကဲစောနဲ့ တခြားသူတွေကို ခဏလောက် တားဆီးထားချင်တာလည်း ဖြစ်နိုင်တယ် ၊ သူတို့က ကျွန်တော်တို့ကို နတ်မိစ္ဆာမျိုးနွယ်တွေနဲ့ အဖြူရောင်ကြာပန်းသုခဘုံလို သုတ်သင်ပစ်ဖို့တော့ ကြံစည်ပုံမရဘူး ၊ ဒါပေမဲ့ သူတို့ ဒီလိုလှုပ်ရှားလာတာ တစ်ခုခုတော့တစ်ခုခုပဲ”
ထို့နောက် သူ၏အကြည့်များက ရုတ်တရက် နက်ရှိုင်းသွားပြီး...
“သူတို့ပစ်မှတ်က ကျွန်တော်တို့ မဟုတ်ဘူးဆိုရင် အထက်ဘုံကမ္ဘာ ဖြစ်နိုင်တယ်”