← Chapters

ရန်ကျောက်ကဲဘာလုပ်သင့်သနည်း

Vol. 108 Ch. 1507

ရန်ကျောက်ကဲဘာလုပ်သင့်သနည်း

Vol. 108 Ch. 1507

အခန်း (၁၅၀၇) ရန်ကျောက်ကဲဘာလုပ်သင့်သနည်း

ရန်ကျောက်ကဲစကားကိုကြားသည်နှင့် ရန်တိနှင့် ရွှယ်ချူးချင်တို့က သူ့ကို စူးစမ်းသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။

ရန်ကျောက်ကဲက ရှင်းပြလိုက်သည်။

“ပုံမှန်နည်းလမ်းပဲလေ... ရန်သူကိုအားနည်း‌အောင် လုပ်ရင်လုပ် ၊ မဟုတ်ရင် ကျွန်တော်တို့ကိုယ်တိုင် အားကောင်းလာအောင် လုပ်ရမယ်”

သူက ဆက်ပြောလိုက်သည်။

“ရန်သူကို အားနည်းစေချင်တယ်ဆိုရင်တော့ မဟာမာရူယိရဲ့ ရောင်စဉ်ငါးသွယ် နတ်ဘုရားအလင်းတန်းကို ခုခံဖယ်ရှားဖို့ နည်းလမ်းစဉ်းစားရမယ်”

မဟာမာရူယိ၏ ရောင်စဉ်ငါးသွယ် နတ်ဘုရားအလင်းတန်းမရှိပါက ခုန်ရွှမ်း မည်မျှ တန်ခိုးစွမ်းအားကြီးမားပါစေ တာအိုအဆင့် ကျင့်ကြံသူနီးပါး မြင့်မားလွန်းသော သူ၏လွှမ်းမိုးနိုင်စွမ်း ပျက်ဆီးသွားပေမည်။

အကယ်၍ ရောင်စဉ်ငါးသွယ် နတ်ဘုရားအလင်းတန်းများကို ဖယ်ရှားမရပါက တာအိုအဆင့်အောက် ကျင့်ကြံသူများတွင် ခုန်ရွှမ်းက ပြိုင်ဘက်ကင်းနီးပါး ဖြစ်နေပေမည်။

သို့ဖြစ်ရာ သူ့ကိုတွန်းလှန်နိုင်မည့် နည်းလမ်း အနည်းငယ်သာရှိသည်။

သူ၏ ရောင်စဉ်ငါးသွယ် နတ်ဘုရားအလင်းတန်းများက အမတမှော်ဝင်ပစ္စည်းများအားလုံး၏စွမ်းအားကို ချိုးဖျက်နိုင်စွမ်းရှိပြီး ရန်သူအားလုံးကို အနိုင်ယူနိုင်သောစွမ်းရည် ပေးစွမ်းသည်။

လက်ရှိတွင် လမ်းမှန်တာအိုကျင့်ကြံသူများ လူအင်အားနည်းပါးနေသည်ကိုအသာထား ၊ တန်ခိုးစွမ်းအားရှင်များအားလုံး မဟာမိတ်အဖြစ် စုရုံးလျှင်ပင် မည်မျှ လူအင်အားများပါစေ သူ့အပေါ် ထိရောက်မှု မရှိနိုင်ပေ။

နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်အုပ်စုက ဤအချက်ကို သက်သေပြပြီး ဖြစ်သည်။

တိမ်မြူမိုင်တစ်သောင်းဂဠုန်က သူ၏ပြိုင်ဘက်ကင်းသော အမြန်နှုန်းအားသာချက်ကို အားကိုးပြီး ခုန်ရွှမ်းနှင့် ခဏတာ ဟန်ချက်ညီမှုကို အသုံးပြုနိုင်ခဲ့သည်။

သို့သော် ဤသို့ဖြစ်ရသည်မှာ ခုန်ရွှမ်းက အမတခုံရုံးကို ကာကွယ်ပေးရန်သာ ရည်ရွယ်ခဲ့ပြီး သူသေကိုယ်သေ မတိုက်ခိုက်လိုသောကြောင့် ဖြစ်သည်။

အကယ်၍ ခုန်ရွှမ်းသာ ထိန်းချုပ်မှုမရှိဘဲ မွှေနှောက်သောင်းကျန်းမည်ဆိုပါက တိမ်မြူမိုင်တစ်သောင်းဂဠုန်သည်လည်း သူ့ကိုတားဆီးနိုင်မည် မဟုတ်ပေ။

တာအိုအဆင့်အောက်ရှိသော ကျင့်ကြံသူများအနေဖြင့် ခုန်ရွှမ်းကို ဟန့်တားရဲမည်ဆိုပါက ရောင်စဉ်ငါးသွယ်အလင်းတန်းများဖြင့် ဖမ်းဆီးချုပ်နှောငခြင်းကို သေချာပေါက် ခံစားရပေမည်။

ရန်ကျောက်ကဲက လက်နှစ်ဖက် ဖြန့်ကားလိုက်ရင်း...

“တာအိုအဆင့် ထိပ်တန်းကျင့်ကြံသူတွေကလွဲပြီး မဟာမာရူယိရဲ့ ရောင်စဉ်ငါးသွယ်အလင်းတန်းကို ဖျက်ဆီးနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”

သူက ဆက်ပြောလိုက်သည်။

“ဒဏ္ဍာရီထဲမှာတော့ အဲဒီစွမ်းအားကိုကာကွယ်ပေးတဲ့ အကာအကွယ် အမတမှော်ဝင်ပစ္စည်း အနည်းငယ် ရှိတယ် ၊ ဒါပေမဲ့ အခု အဲဒီပစ္စည်းတွေက အားလုံး ပျောက်ကွယ်နေပြီ ၊ သူတို့ရှိခဲ့တယ်ဆိုတာတောင် ကမ္ဘာကြီးက မသိတော့ဘူး”

ရွှယ်ချူးချင်က တိုးလျသည့်အသံဖြင့်...

“ဒါပေမဲ့ ငါတို့ဘက်က အင်အားမြှင့်တင်ဖို့ဆိုတာလည်း လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး ၊ ဒီလိုကိစ္စမျိုးက နေ့ချင်းညချင်း ဖြစ်လာနိုင်တာမျိုး မဟုတ်ဘူးလေ”

သူမက ခင်ပွန်းနှင့် သားဖြစ်သူတို့ကို ကြည့်လိုက်သည်။

“ရှင်တို့သားအဖေက ထူးချွန်သူတွေဖြစ်သလို ရှေ့ဆောင်လမ်းပြတွေလည်း ဖြစ်တယ် ၊ ဒါပေမဲ့ ရှင်တို့အနေနဲ့ ကျင်ကြံခြင်းအဆင့် ထိပ်တန်းရောက်ဖို့ဆိုတာ အချိန်လိုနေသေးတယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ပြီး...

“ဟုတ်ပါတယ်...”

ထို့နောက် သူက ခေါင်းခါယမ်းလိုက်ပြီး...

“ဒါပေမဲ့ ကျွန်တော်တို့ရဲ့ကျင့်ကြံခြင်းအပြင် တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်”

ရွှယ်ချူးချင်က တစ်ချက်စဉ်းစားပြီး ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်ရင်း...

“မင်းပြောတာ စန့်ချင်အဆက်အနွယ်ဘက်ကို ဆိုလိုတာလား...”

ရန်ကျောက်ကဲက ရယ်မောလိုက်ပြီး...

“ဟုတ်တယ်လေ... နတ်ဘုရားသုတ်သင် အစီအရင်ပေါ့”

သူက ဆက်ပြောလိုက်သည်။

“မဟာမာရူယိရဲ့ ရောင်စဉ်ငါးသွယ် နတ်ဘုရားအလင်းတန်း ဘယ်လောက်စွမ်းအားမြင့်မားပစေ သူသာ နတ်ဘုရားသုတ်သင်အစီအရင်ထဲကျသွားရင် သေချာပေါက် အသက်ပျောက်မှာပဲ”

ယခင်က ရေပလ္လင်နတ်ဆိုးနှင့် မြေကမ္ဘာပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားလာခြင်းကြောင့် ရန်ကျောက်ကဲနှင့် အခြားသူများမှာ ငရဲကိုးထပ်နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။

နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့က သောပေါင်ထျန်းကျွင်း၏ သင်္ချိုင်းနေရာသို့ ရောက်ရှိသွားပြီး သူ၏ အမွေအနှစ်များကို ရရှိခဲ့သည်။

သင်္ချိုင်းနေရာနှင့် ပြင်ပလောကကြား အချိန်စီးဆင်းမှု ကွဲပြားခြင်းကြောင့် ယွီယဲ့က မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ကျင့်ကြံနိုင်ခဲ့ပြီး နတ်ဘုရားသုတ်သင်အစီအရင်ကိုလည်း လေ့လာမှတ်သားနိုင်ခဲ့သည်။

ထို့နောက် တိုက်တိုင်းအောင်ဗုဒ္ဓထွက်ပေါ်လာသည့် အရေးပေါ်အချိန်တွင် နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့က နတ်ဘုရားသတ်ဖြတ်ဓားကိုအသုံးပြုကာ ရန်ကျောက်ကဲတို့အုပ်စုအား ကူညီပေးခဲ့ကြသည်။

အစောပိုင်းအခြေအနေများက အလွန်ဆိုးရွားခဲ့သဖြင့် လူတိုင်း ရန်သူနှင့်တိုက်ခိုက်ရင်း အလုပ်များနေခဲ့ကြသည်။ ထို့ကြောင့် ရန်ကျောက်ကဲသည်ပင် နျဲ့ကျင်းရှန် ၊ ယွီယဲ့တို့နှင့် စကားပြောဆိုရန် အခွင့်မရခဲ့ပေ။

သူတို့နှစ်ယောက်၏ အတွေ့အကြုံများကို နားမထောင်ခဲ့ရသလို နွယ်ပင်ဧကရီ – လီယင်း၏ သေဆုံးမှုနှင့်ပတ်သက်ပြီး သူတို့အား အသိပေးနိုင်ခြင်းလည်း မရှိခဲ့ပေ။

သို့သော် ကောင်းကင်နတ်ဘုရားအဆင့်ရှိသော တိုက်တိုင်းအောင်ဗုဒ္ဓကို ရင်ဆိုင်ရန်အတွက် ယွီယဲ့က ရန်ကျောက်ကဲအား နတ်ဘုရားသုတ်သင်အစီအရင်ကို ပေးအပ်နိုင်ခဲ့သည်။

ရန်ကျောက်ကဲနှင့် တိမ်လွှာခွင်းဧကရာဇ်တို့က ကောင်းကင်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် အစီအရင်ပညာ ကျွမ်းကျင်သူများ ဖြစ်ကြသည်။

နတ်ဘုရားသုတ်သင်အစီအရင်က အခြားကမ္ဘာမှရောက်လာသည့်ပမာ အလွန်တရာ နက်နဲသည်ဖြစ်ရာ ရန်ကျောက်ကဲသည်ပင်လျှင် ထိုအစီအရင်ကို ဖြည်းဖြည်းချင်း စေ့စပ်သေချာစွာ လေ့လာရန် လိုအပ်သည်။

သို့သော် သူ့လက်ထဲတွင် နတ်ဘုရားသုတ်သင်အစီအရင်ကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ယခု သူလုပ်ဆောင်မည့်အရာများအတွက် မျှော်လင့်ချက် ရှိနိုင်ပေသည်။

ရွှယ်ချူးချင်က ခဏမျှတွေးလိုက်ရင်း...

“ဒါပေမဲ့ စန့်ချင်အဆက်အနွယ် ကောင်းကင်နတ်ဘုရား(၄)ပါး အကူအညီလိုတယ်လေ ၊ အဲဒီလိုအပ်ချက်ကို ငါတို့ ဖြည့်ဆည်းနိုင်မှာမဟုတ်ဘူး”

သူမက ဆက်ပြောလိုက်သည်။

“ငါတို့တွေ မဟာမာရူယိကို တိုက်ခိုက်ချင်တယ်ဆိုရင် ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ကျင့်ကြံသူတွေနဲ့ အစီအရင်ဖွဲ့စည်းလို့မရဘူး ၊ ဒါဆိုရင် သေချာပေါက် ကျရှုံးမှာပဲ”

သူမက ရန်ကျောက်ကဲကိုကြည့်လိုက်ပြီး...

“တကယ်လို့ ငါတို့ဘက်က နတ်ဘုရားသုတ်သင်ဓား(၄)လက်စလုံးကို စုစည်းနိုင်ပြီး ပြီးပြည့်စုံတဲ့ နတ်ဘုရားသုတ်သင်အစီအရင်ကို ဖွဲ့စည်းနိုင်မယ်ဆိုရင်တော့ တစ်မျိုးပေါ့”

ရွှယ်ချူးချင်ပြောသည့် နတ်ဘုရားသုတ်သင်ဓား(၄)လက်ဆိုသည်မှာ စန့်ချင်အဆက်အနွယ် ထိပ်တန်းဓားသိုင်း(၄)မျိုးကို ပြောဆိုခြင်း မဟုတ်ပေ။

ရှေးခေတ်ကာလတွင် ကရုဏာမဲ့ သတ်ဖြတ်မှုများကိုပြုလုပ်ခဲ့သည့် “နတ်ဘုရားသတ်ဖြတ်ဓား” ကဲ့သို့ တကယ့် နတ်ဘုရားသုတ်သင်ဓားအစစ်များကို ဆိုလိုခြင်း ဖြစ်သည်။

ထိုဓား(၄)လက်တွင် ဓားတစ်လက်ကို အပြည့်အဝအသက်သွင်းနိုင်လျှင်ပင် သွေးချောင်းစီး လူသတ်လက်နက်တစ်ခု ဖြစ်လာပေမည်။

သို့ဖြစ်ရာ ဓား(၄)လက်လုံးကို စုစည်းနိုင်ပြီး နတ်ဘုရားသုတ်သင်အစီအရင်ကို ဖွဲ့စည်းမည်ဆိုပါက သမိုင်းတစ်လျှောက်တွင် နံပါတ်(၁) အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာ အစီအရင်စွမ်းအားတစ်ခု ဤလောကတွင် ထပ်မံပေါ်ထွက်လာပေလိမ့်မည်။

ရွှယ်ချူးချင်က တစ်စုံတစ်ခုကိုတွေးမိဟန်ဖြင့် ရန်ကျောက်ကဲကို မေးမြန်းလိုက်၏။

“အခု ငါတို့လက်ထဲမှာ နတ်ဘုရားသတ်ဖြတ်ဓားတစ်လက်ပဲ ရှိသေးတယ် ၊ ကျန်တဲ့ဓား(၃)လက်က ဘယ်နေရာရောက်နေမှန်းတောင် မသိရဘူး ၊ ဘာလဲ... ‌ကျောက်ကဲ... မင်း သဲလွန်စတစ်ခုခုများ ရထားလို့လား”

ထိုစကားကြားတော့ ရန်ကျောက်ကဲ၏ မျက်နှာအမူအရာ တည်ကြည်လေးနက်သွားပြီး...

“ကျွန်တော့်ဆီမှာ နတ်ဘုရားသုတ်သင်ဓား ၊ နတ်ဘုရားထောင်ချောက်ဓားနဲ့ပတ်သက်ပြီး အကြံအစည်တွေရှိတယ် ၊ ဒါပေမဲ့ နတ်ဘုရားအဆုံးသတ်ဓားကတော့ နောက်ဆုံးမှ ရှာဖို့ကြိုးစားရမယ်”

သူက ဆက်ပြောလိုက်သည်။

“ကျွန်တော်တို့လက်ထဲ ဓား(၃)လက်ရောက်လာပြီဆိုရင် နောက်ဆုံးဓားတစ်လက်ကိုရှာဖွေဖို့ သိပ်ခက်မှာ မဟုတ်တော့ဘူးလေ”

ထိုစကားကြားတော့ ရန်တိနှင့် ရွှယ်ချူးချင်တို့ အံ့အားသင့်သွားကြသည်။

ရန်တိက....

“အောင်မြင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့ ၊ ဒါပေမဲ့ မင်းလုပ်ရပ်တွေကို တခြားသူတွေ သိမသွားအောင် သတိထားပါ ၊ မဟုတ်ရင် ကိုယ်ကြိုးစားသမျှ သူများအတွက် ဖြစ်သွားလိမ့်မယ်”

ရန်ကျောက်ကဲက...

“ဟုတ်ကဲ့ပါ... ကျွန်တော် သတိထားပါ့မယ်”

သူက ဆက်ပြောလိက်သည်။

“လောလောဆယ်တော့ ကျွန်တော်လည်း စဉ်းစားထားတာပဲ ရှိပါသေးတယ် ၊ ဒီအကြံအစည်တွေကို အကောင်အထည်ဖော်မယ်ဆိုရင် ပြင်ဆင်စရာတွေတော့ အများကြီးရှိသေးတယ်”

ထို့နောက် ရန်ကျောက်ကဲက ရန်တိနှင့် ရွှယ်ချူးချင်တို့ကိုနှုတ်ဆက်ပြီး သူနေထိုင်ရာအိမ်တော်သို့ ပြန်လာခဲ့သည်။

သူသာ နတ်ဘုရားသုတ်သင်ဓား(၄)လက်ကို စုစည်းနိုင်ပြီး နတ်ဘုရားသုတ်သင်အစီအရင်ကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပါက သူ့အတွက် သေချာပေါက် ကြီးမားသောအကျိုးအမြတ် ဖြစ်လာပေမည်။

သို့သော် သူရင်ဆိုင်ရမည့်အခက်အခဲကလည်း အလွန်ကြီးမားလှသည်။

သူ့အနေဖြင့် လင်ပေါင်ဓား(၄)လက်ကို ရှာဖွေရာတွင် ရင်ဆိုင်ရမည့်အခက်အခဲများသာမက ရန်သူများ၏ လှုပ်ရှားမှုကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

ရန်ကျောက်ကဲက ပြီးပြည့်စုံသည့် နတ်ဘုရားသုတ်သင်အစီအရင်ကို ပြန်လည်အသက်သွင်းရန် ကြိုးစားနေခြင်းအား ရန်သူကလည်း ဤအတိုင်း ထိုင်ကြည့်နေမည် မဟုတ်ပေ။

သို့ဖြစ်ရာ ဤဓားများကိုရှာဖွေရှာတွင် အင်အားစုများစွာ၏ ယှဉ်ပြိုင်မှု ပါဝင်လာပေလိမ့်မည်။

ရန်ကျောက်ကဲ သူ့အခန်းထဲတွင် တင်ပျဉ်ခွေထိုင်လျှက်ရှိသည်။

သူက လက်ရှိအခြေအနေကိုတွေးတောရင်း သူ၏အစီအစဉ် အကောင်အထည်ဖော်ရန်လည်း စဉ်းစားနေသည်။

မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် ယခင်ကထက်ပိုပြီး သတိထားရပေမည်။

သူ၏ကျင့်ကြံခြင်းအဆင့်မြင့်မားလာသည်နှင့်အမျှ ယခင်က မြူခိုးပမာ ဖုံးကွယ်နေပြီး မသိနားမလည်ခဲ့သောအရာများသည်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်လာပြီ ဖြစ်သည်။

ဒဏ္ဍာရီထဲမှပုဂ္ဂိုလ်များနှင့် ထိတွေ့ဆက်ဆံမှု ပိုများလာသည်နှင့်အမျှ သမိုင်းမြူမှုန်များအောက်တွင် မြှုပ်နှံထားသောအမှန်တရားက ပို၍ ထင်ရှားထွက်ပေါ်လာသည်။

သူ၏လက်ထဲမှ သတင်းအချက်အလက်များသည်လည်း ပိုမိုများပြားလာပြီး သူ၏ရန်သူများသည်လည်း ယခင်ကနှင့် တူညီခြင်း မရှိတော့ပေ။

တာအိုအဆင့်ထိပ်သီးများကို ဘေးဖယ်ထားလိုက်လျှင် ခုန်ရွှမ်း၊ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ တိမ်မြူမိုင်တစ်သောင်းဂဠုန်၊ တိုက်တိုင်းအောင်ဗုဒ္ဓ၊ စန္ဒကူးဗုဒ္ဓ၊ ခေါင်းကိုးလုံးသူတော်စင်၊ မူလစိတ်ဝိညာဉ်နတ်ဆိုး အစရှိသူများသည် သမိုင်းတစ်လျှောက် ဒဏ္ဍာရီထဲတွင် ထင်ရှားသော ပုဂ္ဂိုလ်ကြီးများအဖြစ် သတ်မှတ်ခံရသည်။

ထိုသူများအပြင် တောင်ပိုင်းချန်စန်းဧကရာဇ်၊ မြောက်ပိုင်းကြယ်စင်ဧကရာဇ်၊ နှင့် ဝူတန့်မယ်တော်တို့လည်း ပါဝင်သည်။

သူတို့အားလုံးက သမိုင်းတစ်လျှောက် ထင်ရှားကျော်ကြားခဲ့သော ထိပ်တန်းတန်ခိုးရှင်များဖြစ်ကြ၏။

သူတို့က သမင်ဖြူနတ်မိစ္ဆာ ၊ လီရှင်းပ အစရှိသော ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများနှင့်မတူညီဘဲ ကောင်းကင်နတ်ဘုရားအဆင့် ထိပ်တန်းစွမ်းအားရှင်များဖြစ်ကြသည့်အပြင် သူတို့လက်ထဲမှ သတင်းအချက်အလက်များကလည်း မရေမတွက်နိုင်အောင် များပြားလှသည်။

ရန်ကျောက်ကဲ ရှစ်စွန်းရောက်ရှစ်ပါးကမ္ဘာတွင် ပြန်လည်မွေးဖွားလာပြီးနောက် ယခုချိန်ထိ အောင်မြင်မှုများစွာ ရရှိခဲ့သည်မှာ နောက်ကွယ်မှ အကြောင်းရင်းများရှိနိုင်ကြောင်း သိရှိထားသည်။

သို့သော် ငြင်းမရနိုင်သော အကြောင်းအချက်တစ်ခုမှာ သူက မိုးကောင်းကင်ခုံရုံး၊ ကောင်းကင်ဘုံနန်းတော် ၊ သိုင်းကျမ်းစာကြည့်တိုက်၏ ခန်းမဝိညာဉ်အဖြစ် အချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ရခြင်း ဖြစ်သည်။

မဟာကပ်ဘေးကြီးမတိုင်မီတွင် သူက မရေမတွက်နိုင်သော သိုင်းကျမ်းများနှင့် ကျင့်စဉ်ကျမ်းများကို ဖတ်ရှုခွင့်ရခဲ့သည်။

သူဖတ်ရှုခဲ့သည်များမှာ ထိပ်တန်းသိုင်းပညာရပ်မျိုးစုံသာမက အခြားသော ဘာသာရပ်ဆိုင်ရာ ဗဟုသုတများ၊ ဓာတုဗေဒနှင့် ဆေးလုံးဖော်စပ်နည်းများပါ ပါဝင်သည်။

ထို့ပြင် အရေးမပါသည့် အတင်းအဖျင်း ကောလဟလများစွာနှင့်လည်း ထိတွေ့ခဲ့ရသည်။

ဤအချက်များက ရန်ကျောက်ကဲအား ဗဟုသုတကျယ်ပြန့်စေပြီး ရန်သူအများစုကို အနိုင်ယူနိုင်ခဲ့သော အကြောင်းရင်းဖြစ်၏။

ထို့ကြောင့်ပင် သူနှင့် ရင်ဆိုင်ရသည့်ရန်သူတိုင်း ရှုပ်ထွေးသောခံစားချက်များဖြင့် ရှုံးနိမ့်ခဲ့ရသလို နားမလည်နိုင်ခြင်းများဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲ၏ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားလာသည်နှင့်အမျှ သူ၏ရန်သူများသည်လည်း ပို၍သန်မာလာကြသည်။

သူ၏ရန်သူများထဲတွင် မိုးကောင်းကင်ခုံရုံး၊ ကောင်းကင်ဘုံနန်းတော်ထက်ပင် ပိုမိုရှေးကျသော တည်ရှိမှုများပင် ပါဝင်လာသည်။

ထို့ကြောင့် သိုင်းကျမ်းစာကြည့်တိုက်က သူ့အားပေးအပ်ခဲ့သော အားသာချက်များ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

ဤသို့သော အခြေအနေများအောက်တွင် ရန်ကျောက်ကဲ ဘာလုပ်သင့်သနည်း။

All Chapters