အမတခုံရုံး၏တန်ပြန်တိုက်စစ်
Vol. 108 Ch. 1509
အခန်း (၁၅၀၉) အမတခုံရုံး၏တန်ပြန်တိုက်စစ်
အင်းစက္ကူကို လက်ခံယူပြီးနောက် အားဟူက မေးလိုက်သည်။
“သခင်လေး ဒီအင်စက္ကူကို ကျွန်တော်ကိုယ်တိုင်ပို့ပေးရမှာလား ၊ တခြားစကားပါးပေးဖို့ရော လိုသေးလား”
ရန်ကျောက်ကဲက...
“ကျန်တဲ့ဓားတွေကို ရှာဖွေဖို့လို့ ပြောလိုက်ပါ ၊ ကျန်တဲ့ကိစ္စကတော့ အကြီးအကဲ’ကောင်း’ အင်းစက္ကူကိုရပြီးရင် နားလည်သွားလိမ့်မယ်”
အားဟူ ခေါင်းညိတ်လိုက်သည်။
“နားလည်ပါပြီ ၊ သခင်လေး... စိတ်ချပါ”
ခဏရပ်ပြီးမှ အားဟူက ထပ်မေးလိုက်သည်။
“သခင်လေး... သခင်လေး ကျွန်တော့်ကို စောင့်ကြည့်ခိုင်းထားတဲ့ ကြာပန်းနီကမ်းပါးက သခင်မလေးဖုထင် ၊ သခင်လေးဟယ်ရှိးရှင်နဲ့ သခင်မလေးမန်ဝမ်တို့နဲ့ပတ်သက်ပြီး ထူးခြားချက် ဘာမှမရှိပါဘူး”
ထိုစကားကြားတော့ ရန်ကျောက်ကဲက ချက်ချင်းပြန်မဖြေဘဲ အလေးအနက် စဉ်းစားနေခဲ့သည်။
ဖုထင်၊ မန်ဝမ်နှင့် ဟယ်ရှီးရှင်တို့က လူသားနတ်ဘုရားအဆင့်သို့ မရောက်မီ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ တည်ရှိမှုကို သိရှိခဲ့သူများဖြစ်သည်။
ဤသည်က သူတို့၏စိတ်ဝိညာဉ်ထဲတွင် သဏ္ဌန်မဲ့”မျိုးစေ့” တစ်ခုကိ နက်ရှိုင်းစွာ မြှုပ်နှံထားစေခဲ့သည်။
လွန်ခဲ့သော နှစ်များစွာအတွင်း ဘာမှဖြစ်ပေါ်ခြင်းမရှိခဲ့သော်လည်း ဤ“မျိုးစေ့” သည် မည်သည့်အချိန်တွင် အညှောင့်ပေါက်လာမည်ကို မည်သူမျှ သေချာမသိနိုင််ပေ။
“မျိုးစေ့” အညှောင့်ပေါက်လာသည်နှင့် ဤထူးချွန်သောလူငယ်(၃)ယောက်မှာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ထံမှ အလင်းဓာတ်ကို ခံယူရပေလိမ့်မည်။
သူတို့အနေဖြင့် ထျန်းစူးစကြာဝဠာတွင် နေထိုင်သည်ဖြစ်စေ ၊ အဂ္ဂိရတ်ခန်းမထဲတွင် နေထိုင်သည်ဖြစ်စေ ထူးခြားမှုရှိမည် မဟုတ်ပေ။
အကယ်၍ သူတို့တွင် မျှော်လင့်မထားသည့်ကိစ္စ ဖြစ်လာပါက ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်သည်။
အရေးကြီးသည်မှာ သူတို့အားဖြင့် အဂ္ဂိရတ်ခန်းမနှင့် ထျန်းစူးစကြာဝဠာ၏ တည်နေရာကို အမတခုံရုံးက သိရှိသွားပေမည်။
ထို့ကြောင့် ရန်ကျောက်ကဲနှင့် အခြားသူများက ဤသဏ္ဌန်မဲ့”မျိုးစေ့” ကို ဖိနှိပ်ရန်နည်းလမ်းများ လေ့လာနေခဲ့ပြီး ထို”မျိုးစေ့” အညှောင့်ပေါက်လာနိုင်ခေခြကို တားဆီးကာ အဆိုးရွားဆုံးအခြေအနေကို ရှောင်ရှားရန် ကြိုးပမ်းနေခဲ့သည်။
ငရဲကိုးထပ်နှင့် တိုက်ခိုက်နေစဉ်မှာပင် အမတခုံရုံးက ရုတ်တရက် အခွင့်အရေးယူလာမည်ကို စိတ်ပူသဖြင့် ရန်ကျောက်ကဲက ဤ(၃)ယောက်ကို တင်းကြပ်စွာ စောင့်ကြည့်ရန် ညွှန်ကြားခဲ့သည်။
ယခု သူ့ကြောင့် အမတခုံရုံးနယ်မြေများတွင် ပရမ်းပတာ အခြေအနေဖြစ်ပွားခဲ့ပြီး အမတခုံရုံး၏ ဖွဲ့စည်းမှု အခြေခံအုတ်မြစ်သည်ပင် သိသာစွာ ထိခိုက်ပျက်ဆီးသွားခဲ့သည်။
မဟာမာရူယိ ထွက်ပေါ်လာသောကြောင့်သာ အမတခုံရုံး ကျဆုံးမည့်အခြေအနေမှ လွတ်မြောက်နိုင်ခဲ့ခြင်းပင်။
ထို့ကြောင့် အမတခုံရုံးမှ သိုင်းကျင့်ကြံသူများက သူတို့၏ဒေါသကို အထက်ဘုံကမ္ဘာဆီသို့ ပုံချခဲ့သည်။
သို့သော် သူတို့အနေဖြင့် ကောင်းကင်ဘုံကမ္ဘာကို ရှာဖွေတွေ့ရှိခဲ့ပါက သေချာပေါက် ရန်ကျောက်ကဲအား လက်စားချေကြပေမည်။
ထိုအကျိုးဆက်ကို သိရှိသည့်အတွက် ရန်ကျောက်ကဲက ခါတိုင်းထက်ပိုပြီး သတိထားနေခဲ့သည်။
သို့ရာတွင် အတိုင်းအဆမဲ့ ကောင်းကင်ဘုံအရှင်က ယခုချိန်ထိ ဖုထင် ၊ မန်ဝမ်နှင့် ဟယ်ရှီးရှင်တို့ကို ယုံကြည်ခြင်းအလင်းတန်းဖြင့် ထိန်းချုပ်ခြင်းမရှိသေးပေ။
ကြည့်ရသည်မှာ မေ့လျော့နေခြင်းလည်း ဖြစ်နိုင်၏။
“ဒါမှမဟုတ် သူက အဲဒီလိုလုပ်တာ ထိရောက်မှုမရှိနိုင်ဘူးလို့ ထင်နေတာလား”
ရန်ကျောက်ကဲ တီးတိုးရေရွတ်လိုက်သည်။
“တကယ်တော့ ငါတို့ဘက်က အဲဒါကို တားဆီးနိုင်မယ်လို့ ယုံကြည်ချက် မရှိသေးဘူး”
ခဏမျှစဉ်းစားပြီးနောက် ရန်ကျောက်ကဲ ခေါင်းခါယမ်းလိုက်ပြီး အားဟူကို ကြည့်လိုက်သည်။
“အခု ကောင်းကင်ဘုံကမ္ဘာမှာ ငါရှိနေပြီဆိုတော့ ဖြစ်လာမယ့်ပြဿနာတွေကို ငါကိုယ်တိုင် ကိုင်တွယ်လိုက်မယ် ၊ မင်း စိတ်မပူပါနဲ့ ၊ မင်းက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုပဲ အရင်သွားလိုက်”
သူက ဆက်ပြောလိုက်သည်။
“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုရောက်ရင် ဟွေလင်တောင်ကြားကိုသွားပြီး တိမ်လွှာခွင်းဧကရာဇ်နဲ့ တွေ့ဆုံလိုက်ပါ ၊ သူ့တပည့်ကို သူကိုယ်တိုင်မကိုင်တွယ်နိုင်လို့ ငါရှင်းပစ်လိုက်ရတဲ့အတွက် တောင်းပန်ကြောင်း ပြောလိုက်ပါ”
အားဟူက...
“ဟုတ်ကဲ့... သခင်လေး”
ရန်ကျောက်ကဲက...
“ဂိုဏ်းတူအစ်မယွီနဲ့ပတ်သက်လို့တော့... ငါတို့တွေ အလျင်စလိုမလုပ်သင့်သေးဘူး ၊ အရင်ဆုံး ငါ့အခြေအနေပြန်ကောင်းအောင် လုပ်လိုက်ဦးမယ် ၊ နောက်မှ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ကိုယ်တိုင်သွားပြီး အကြီးအကဲ’ကောင်း’ ၊ ဆရာဘိုးဘိုး’လုန်’ တို့နဲ့အတူ သူ့ဒဏ်ရာတွေကို လေ့လာကြည့်ရမယ်”
အားဟူက...
“သခင်လေးမှာတဲ့အတိုင်း ကျွန်တော် သူတို့ကို ပြောလိုက်ပါ့မယ် ၊ တခြား ညွှန်ကြားဖို့မရှိတော့ရင် ကျွန်တော် အခုပဲ သွားတော့မယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“သွားပါ...”
အားဟူထွက်ခွာသွားပြီးနောက် ရန်ကျောက်ကဲက မျက်လုံးများကိုပြန်မှိတ်ပြီး အားအင်ပြန်လည်ပြည့်ဝလာစေရန် ကျင့်ကြံလိုက်သည်။
(၁)ရက်ကြာပြီးနောက် အားဟူ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ပြန်လည်ရောက်ရှိလာသည်။
“သခင်လေး... အကြီးအကဲ’ကောင်း’ က ကျွန်တော့်ရှေ့မှာပဲ အင်းစက္ကူကို နတ်ဘုရားသတ်ဖြတ်ဓားပေါ်မှာ ကပ်လိုက်ပါတယ် ၊ ရက်ပေါင်း(၄၉)ရက်တိတိ ထားရှိမယ်လို့လည်း ပြောပါတယ်”
ရန်ကျောက်ကဲ မျက်လုံးများ ဖွင့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ...”
သူက ဆက်ပြောလိုက်သည်။
“(၄၉)ရက်နေရင် အဖြေသိရမှာပေါ့ ၊ ငါတို့အတွက် စိတ်ပျက်စရာ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်”
ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး အဂ္ဂိရတ်ခန်းမအတွင်းရှိ ခရမ်းရောင်ဝိညာဉ်ခန်းမသို့ ဦးတည်ထွက်ခွာသွားသည်။
ထိုနေရာတွင် သူ၏မိခင်ဖြစ်သူ ရွှယ်ချူးချင် ရှိနေလေသည်။
ရန်ကျောက်ကဲက...
“အမေ... တာအိုစကြာဝဠာက ဘာသတင်းရသေးလဲ”
ရွှယ်ချူးချင်က သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။
“ဘာသတင်းမှမရဘူး...”
သူမက ဆက်ပြောလိုက်သည်။
“တာအိုစကြာဝဠာက ငါတို့နဲ့ အရမ်းအလှမ်းဝေးတယ် ၊ ပြီးတော့ ထျန်းစူးစကြာဝဠာနဲ့ အဂ္ဂိရတ်ခန်းမရဲ့ တည်နေရာပေါ်မသွားအောင် ထိန်းနေရတော့ သတင်းအချက်အလက် စုဆောင်းတဲ့နေရာမှာ သတိထားပြီးလှုပ်ရှားနေရတယ်”
သတိထားလှုပ်ရှားရသည်ဆိုလျှင် ထိရောက်မှုလျော့နည်းသွားမည် အမှန်ပင်။ ဤသည်က မလွှဲမရှောင်သာ ဖြစ်ရမည့်ကိစ္စပင်။
အထူးသဖြင့် ထျန်းစူးစကြာဝဠာတွင် လှုပ်ရှားနေကြသည့် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများမှာ မကြာသေးမီက တိုက်ပွဲကြီးတစ်ခုဖြင့် ရင်ဆိုင်ထားရလေရာ ၊ ယခု သူတို့အနေဖြင့် ဒဏ်ရာများ ပြန်လည်သက်သာလာစေရန် အချိန်ယူ ဆေးကုသနေခဲ့ရသည်။
သို့ဖြစ်ရာ သတင်းအချက်အလက်ရယူခြင်းတွင် ပိုပြီးထိရောက်မှုမရှိ ဖြစ်နေရ၏။ ရန်ကျောက်ကဲအနေဖြင့် စိတ်ကိုအသာဖြေလျှော့ပြီး စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းရပေမည်။
နောက်ရက်ပိုင်းမှာတော့ တိကျသောသတင်းအချက်အလက်များ ထပ်မံရောက်ရှိလာတော့၏။
အမတခုံရုံးက တာအိုစကြာဝဠာကို အောင်မြင်စွာသိမ်းပိုက်လိုက်သည်ဆိုသော သတင်းပင်။
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာနှင့် သူတို့လက်အောက်ခံ အောက်ဘုံကမ္ဘာများ၏ အခြေအနေကတော့ မည်သို့ရှိသည်လဲ မသေချာသေးပေ။
သို့သော် တာအိုစကြာဝဠာမှ သာမန်ပြည်သူများ အမတခုံရုံးစကြာဝဠာသို့ ပြောင်းရွှေ့နေထိုင်ရသည်ဆိုသည့်သတင်းတော့ ထွက်ပေါ်လာသည်။
လမ်းမှန်တာအိုဝါဒ ယွိချင်အဆက်အနွယ်နှင့် ထိုက်ချင်အဆက်အနွယ်များ မျိုးရိုးစဉ်ဆက်ထွန်ကားခဲ့သော “ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ” ဆိုသည်က ယခုတော့ သမိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပေပြီ။
လက်ရှိမှာတော့ မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ ၊ လွှမ်းခြုံဧကရာဇ်၊ ချင်းယွမ်ဧကရာဇ်နှင့် အခြားသူများအပြင် အသစ်ခန့်အပ်ခံထားရသည့် ထိပ်တန်းအရှင်သခင်’လီကျွင်းရှင်း’ ၊ အနောက်မြောက်ထိပ်တန်းအရှင်သခင်’လျန်ကျူးလင်’ ၊ အနောက်ပိုင်းထိပ်တန်းအရှင်သခင်’လန်ချင်း’ တို့အုပ်စုသည်လည်း ပျောက်ဆုံးလျှက်ရှိကြသည်။
အမတခုံရုံးဘက်ကတော့ သူတို့က “မကောင်းသောမတရားသူများ” ကို အောင်မြင်စွာ နှိမ်နင်းခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
ထိုသို့ကြေညာလိုက်သည့်ရလဒ်အနေဖြင့် “မကောင်းသောမတရားသူ” ရန်ကျောက်ကဲကြောင့် ဖြစ်ပေါ်ခဲ့သော အနုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုများနှင့် သိက္ခာကျမှုများအားလုံး ပျောက်ကွယ်သွားခဲ့ရသည်။
ဤသည်က အမတခုံရုံး၏ ကြီးမားသော တန်ပြန်တိုက်ခိုက်မှုဖြစ်ပြီး အဖြူရောင်ကြာပန်းသုခဘုံမှ (၂၈)နှစ်တိုင်တိုင် သိမ်းပိုက်ထားခဲ့သော နတ်ဘုရားနယ်မြေ(၈၀၀)နှင့် များပြားလှစွာသောကမ္ဘာများကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။
နောက်ဆုံးမှာတော့ အမတခုံရုံးတစ်ခုလုံး စိတ်ဓာတ်များ မြင့်တက်လာကြတော့၏။
“ရယ်စရာကောင်းတာက... အမတခုံရုံးက အလယ်ဆင့်နဲ့ အောက်ခြေလူတန်းစားတွေက သူတို့မွေးရပ်မြေဒေသတွေကို ပြန်လည်သိမ်းပိုက်ပေးခဲ့တာက သူတို့ယုံကြည်တဲ့ အမတခုံရုံးက ကျွမ်းကျင်သူတွေမဟုတ်ဘဲ ပြင်ပလူတွေ ကူညီပေးခဲ့တယ်ဆိုတာကို မသိကြတာပဲ”
ရန်ကျောက်ကဲက နှုတ်ခမ်းများတွန့်ကွေးရင်း ပြောလိုက်သည်။
အမတခုံရုံးက တန်ပြန်တိုက်စစ်ဆင်သည်ဆိုသော်လည်း သူတို့ဆုံးရှုံးခဲ့သောနယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းသာ ရှိခဲ့သည်။
သူတို့မျှော်လင့်ခဲ့သလို အဖြူရောင်ကြာပန်းသုခဘုံကို အနိုင်ယူပြီး တိုက်ပွဲအခြေအနေအား ပြောင်းပြန်လှန်သည်အထိ ဖြစ်မလာနိုင်ခဲ့ပေ။
မဟာမာရူယိက စွမ်းအားကြီးမားသည်မှန်သော်လည်း သူက တာအိုအဆင့် တန်ခိုးစွမ်းအားရှင် မဟုတ်ပေ။
သူက ကောင်းကင်နတ်ဘုရားအဆင့်တွင် ပြိုင်ဘက်ကင်းဖြစ်သော်လည်း ဤသည်က သူရင်ဆိုင်ရသည့် ပြိုင်ဘက်များအပေါ်တွင်လည်း မူတည်သည်။
ပြီးတော့ တိမ်မြူမိုင်တစ်သောင်းဂဠုန်နှင့် နှိုင်းယှဉ်လျှင် သူလွှမ်းမိုးနိုင်သော နယ်မြေသည်လည်း နည်းပါးသည်။
အဖြူရောင်ကြာပန်းသုခဘုံအပေါ် တန်ပြန်တိုက်ခိုက်မှုစတင်ရာတွင် စစ်မြေပြင်ကို အလွန်ကျယ်ပြန့်စွာ ဆန့်ထုတ်လိုက်ပါက ခုန်ရွှမ်းအနေဖြင့် တိမ်မြူမိုင်တစ်သောင်းဂဠုန်ကဲ့သို့သော ပုဂ္ဂိုလ်ကို တားဆီးနိုင်မည်မဟုတ်ပေ။
ထို့ပြင် ခုန်ရွှမ်းက မငြိမ်းသောမီးအိမ်ဗုဒ္ဓနှင့် ပြုလုပ်ခဲ့သော အပေးအယူကြောင့်သာ မဖြစ်မနေ ဝင်ပါရခြင်းဖြစ်လေရာ သူက အမတခုံရုံးကို အဆုံးထိ ကူညီပေးမည်မဟုတ်ပေ။
အမတခုံရုံး ရင်ဆိုင်နေရသော ဒုက္ခများကို ကျော်လွှားရန်ကူညီပေးခြင်းကသာ သူ၏မူလရည်ရွယ်ချက် ဖြစ်သည်။
ရလဒ်အနေဖြင့် အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးတို့က သင့်တော်သည့်အချိန်တွင် ရန်လိုမှုကို ရပ်တန့်ခဲ့ကြသည်။
အမတခုံရုံး၏ နတ်ဘုရားနယ်မြေများကို ပြန်လည်သိမ်းယူပြီးနောက် သူတို့တိုက်ပွဲက သိသိသာသာ အရှိန်လျော့သွားခဲ့သည်။
လက်ရှိတွင် အမတခုံရုံးက သူတို့အပေါ် များစွာထိခိုက်စေခဲ့သော ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာကိစ္စများကို ပြန်လည်တည်ဆောက်ရန် အာရုံစိုက်နေသည်။
အဖြူရောင်ကြာပန်းသုခဘုံကို အနိုင်ယူရန်၊ ဆုံးရှုံးခဲ့သော နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန်နှင့် တာအိုစကြဝဠာအပေါ် လက်စားချေရန်တို့သည် ၎င်းတို့၏ကြိုးပမ်းမှုများကို အကျိုးသက်ရောက်စေခဲ့သည်။
ရန်ကျောက်ကဲက တစ်ချက်တွေးတောလိုက်ရင်း...
“အထက်ဘုံကမ္ဘာ ဒီလိုအခြေအနေဖြစ်သွားတယ်ဆိုရင်... မြောက်ပိုင်းကြယ်စင်ဧကရာဇ်ရော ဘယ်လိုဖြစ်နေလဲ မသိဘူး”
ရွှယ်ချူးချင်က...
“ပြင်ပတာအိုကျင့်ကြံသူတွေ တာအိုစကြာဝဠာကိုဝင်တိုက်တော့ ဗုဒ္ဓဘာသာ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်က စကြာဝဠာနယ်နိမိတ်မှာ စောင့်ကြပ်နေခဲ့တယ် ၊ မြောက်ပိုင်းကြယ်စင်ဧကရာဇ်ရောက်လာတာနဲ့ သူက တားဆီးဖို့အသင့်ပြင်ထားခဲ့တာ”
မဟာမာရူယိက နတ်မိစ္ဆာမျိုးနွယ်အုပ်စုကို ထိန်းထားခဲ့ပြီး အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကျင့်ကြံသူများကို လွတ်လပ်စွာ လှုပ်ရှားနိုင်စေခဲ့သည်။
“အဲဒီဗုဒ္ဓနဲ့ မြောက်ပိုင်းကြယ်စင်ဧကရာဇ် ထိပ်တိုက်တွေ့ခဲ့လားဆိုတာတော့ မသေချာဘူး ၊ ဒါပေမဲ့ အမတခုံရုံးအနိုင်ရသွားပြီး တာအိုစကြာဝဠာ အဆုံးသတ်သွားခဲ့တာတော့ အမှန်ပဲ”