← Chapters

စစ်ပွဲရပ်စဲသည့်ကာလ

Vol. 108 Ch. 1510

စစ်ပွဲရပ်စဲသည့်ကာလ

Vol. 108 Ch. 1510

အခန်း (၁၅၁၀) စစ်ပွဲရပ်စဲသည့်ကာလ

ရန်ကျောက်ကဲက ရွှယ်ချူးချင်၏ခန့်မှန်းချက်ကို သဘောတူလိုက်သည်

ရွှယ်ချူးချင်က....

“ဒီကိစ္စက ငါ သေချာတော့ မပြောနိုင်ဘူး ၊ အခုပြောဖို့က အချိန်စောလွန်းပါသေးတယ်”

ရန်ကျောက်ကဲက ခရမ်းရောင်ဝိညာဉ်ခန်းမ မျက်နှာကျက်ကိုကြည့်လိုက်ရင်း...

“အခြေအနေက လွန်ခဲ့တဲ့အနှစ်(၂၀) ကတည်းက မတူတော့တာပါ”

ရွှယ်ချူးချင်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

ရှေးယခင်ကတည်းကပင် အချိန်အတိုင်းအတာတစ်ခုအထိ အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးက တိုက်ခိုက်နေခဲ့ကြသော်လည်း အနောက်ဘက်သူတော်စင်ဘုံနှင့် ချန်စန်းရှင်းဟိုင်စကြာဝဠာက ဝင်ပါခြင်းမရှိဘဲ လောကနှင့်ကင်းကွာစွာ နေထိုင်ခဲ့ကြသည်။

လွန်ခဲ့သည့်အနှစ်(၂၀)ကျော်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲမှစတင်ပြီး အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်မှ တန်ခိုးစွမ်းအားရှင်များ တိုက်ပွဲထဲသို့ ပါဝင်လာခဲ့သည်။

အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့ပြီးလျှင် လမ်းမှန်တာအိုဝါဒမှ မြောက်ပိုင်းကြယ်စင်ဧကရာဇ်အပါအဝင် ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ပြင်ပတာအိုကျင့်ကြံသူများထက် များစွာ တန်ခိုးစွမ်းအား မြင့်မားသည်။

ထို့ကြောင့် သူတို့အနေဖြင့် အမတခုံရုံး သို့မဟုတ် အဖြူရောင်ကြာပန်းသုခဘုံနှင့် ရင်ဆိုင်ရပါက မြောက်ပိုင်းကြယ်စင်ဧကရာဇ် ၊ ဝူတန့်မယ်တော် အစရှိသူများက သိသာသော ခြိမ်းခြောက်မှု ဖြစ်လာနိုင်သည်။

သို့သော် သူတို့အနေဖြင့် အမတခုံရုံးအတွက် ခြိမ်းခြောက်မှုဖြစ်လာပါက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကိုယ်တိုင် ရှေ့ထွက်လာနိုင်၏။

အကယ်၍ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့က အချင်းချင်း တားဆီးထားမည်ဆိုလျှင်တော့ အခြေအနေက ကွဲပြားသွားပေမည်။

ဘုရားလောင်းကလည်း ထိုသို့ပြုလုပ်ရန် လိုလားပေလိမ့်မည်။

ရန်ကျောက်ကဲ အမတခုံရုံးမှ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာသွားနိုင်ခြင်းမှာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို ဘုရားလောင်းက တားဆီးလိုက်သောကြောင့် ဖြစ်သည်။

သို့သော် ယခုအခါ အနောက်ဘက်သူတော်စင်ဘုံမှ လမ်းမှန်ဗုဒ္ဓဘာသာကျင့်ကြံသူများ လောကတွင် ပြန်လည်ထွက်ပေါ်လာပေပြီ။

သူတို့က နတ်မိစ္ဆာမျိုးနွယ်များဖြင့် တိုက်ခိုက်နေကြသည့်တိုင် ၊ သူတို့ပြန်လည်ထွက်ပေါ်လာခြင်းက မြောက်ပိုင်ကြယ်စင်ဧကရာဇ်နှင့် အခြားသူများကို လွတ်လပ်မှု ဆုံးရှုံးသွားစေသည်။

သူတို့အနေဖြင့် အမတခုံရုံးအပေါ် သိပ်ပြီး ခြိမ်းခြောက်နိုင်ခြင်း မရှိတော့ပေ။

ရန်ကျောက်ကဲ အမတခုံရုံးကို အနိုင်ယူခဲ့ခြင်းက ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခု ပေါင်းစည်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်၏။

စန္ဒကူးဗုဒ္ဓ၊ တိုက်တိုင်းအောင်ဗုဒ္ဓနှင့် စိတ်ကူးနတ်ဘုရားတို့ (၃)ယောက်ပေါင်းသည့်တိုင် ရန်ကျောက်ကဲအား ရင်ဆိုင်နိုင်ခြင်း မရှိခဲ့ပေ။

မဟာမာရူယိသည်လည်း အလားတူပင် ဖြစ်သည်။

ကောင်းကင်နတ်ဘုရားအဆင့်ကျင့်ကြံသူများ မည်မျှပင် သူ့ကို ဝိုင်းဝန်းတိုက်ခိုက်ပါစေ သူက ရန်သူများကို လွှမ်းမိုးထားနိုင်ဆဲ ဖြစ်၏။

သို့သော် ဤသို့ သာလွန်အင်အားရှိသူများမှာ အနည်းငယ်သာ ရှိပေသည်။

ရန်ကျောက်ကဲ၏ ချီထျန်းမဟာသူတော်စင် ရွှေခန္ဓာ(၃)ခု ပေါင်းစည်းခြင်းက ခဏတာမျှသာ တည်တံ့နိုင်သည်။

ထို့ကြောင့်ပင် တာအိုဝါဒမှ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ အမတခုံရုံးအပေါ် ခြိမ်းခြောက်နိုင်မှုက ယခင်ကထက် အားနည်းသွားခဲ့သည်။

မဟာမာရူယိ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် အမတခုံရုံး၏အခြေအနေက လွန်စွာအကျိုးအမြတ်ရှိသွားပြီး ဆုံးရှုံးခဲ့သော နယ်မြေများကိုပင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ဤပြောင်းလဲမှုကြောင့် စစ်ပွဲအနိုင်အရှုံးကို ဆုံးဖြတ်ရန် မလုံလောက်သေးသော်လည်း ပြင်ပဗုဒ္ဓဘာသာနှင့် ပြင်ပတာအိုကျင့်ကြံသူ အင်အားစု(၂)ခု အင်အားမျှခြေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

အချိန်တိုအတွင်း အချင်းချင်း ထိုးစစ်ဆင်နိုင်ခြင်းမရှိခဲ့ပေ။

ရလဒ်အနေဖြင့် သူတို့က စစ်ပွဲကို ယာယီရပ်ဆိုင်းလိုက်ကြပြီး ပြန်လည်ထူထောင်ရေးများပြုလုပ်လျှက် နောက်ထပ်ရရှိမည့်အခွင့်အရေးကိုစောင့်ဆိုင်းရန် အာရုံစိုက်လိုက်ကြ၏။

မဟာကပ်ဘေးပြီးဆုံးသည့်အချိန်မှစပြီး အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့က နှစ်ပေါင်းများစွာ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်လာခဲ့ကြသည်။

စစ်ပွဲတစ်ပွဲနှင့်တစ်ပွဲကြား အနားယူသည့်အချိန်များလည်း ရှိခဲ့သည်ပင်။

ထို့ကြောင့် စစ်ပွဲပြင်းထန်မှုက တက်လိုက်ကျလိုက်ဖြစ်နေခဲ့ပြီး ယခုအချိန်ထိ ထိုသို့ပင် ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ စစ်ပွဲရပ်နားသည့်အချိန်တွင်တော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သဘာဝအတိုင်း အာရုံစိုက်နိုင်ခဲ့သည်။

သို့ဖြစ်ရာ တာအိုဝါဒ၏ စန်းချင်း(၃)ပါးအဆက်အနွယ်အတွက် နေ့ရက်များက ယခင်လို ပေါ့ပါးမှုမရှိတော့ပေ။ ထို့ကြောင့်ပင် ရန်ကျောက်ကဲက အားသာချက်ရှိသော ဝှက်ဖဲတစ်ချပ် လက်ထဲတွင်ထားရှိရန် စဉ်းစားရတော့သည်။

ရန်ကျောက်ကဲက တိုးလျသည့်လေသံဖြင့်...

“အခြေအနေတစ်ခုလုံး ခြုံကြည့်လိုက်ရင်... အဖြူရောင်ကြာပန်းသုခဘုံက အားသာချက်ကို ဆက်ထိန်းထားနိုင်ဆဲပဲ”

သူက ဆက်ပြောလိုက်သည်။

“မဟာမာရူယိက ဒီတစ်ကြိမ်ပဲ ဝင်ပါတာဖြစ်ဖို့များတယ် ၊ သူ တိုက်ပွဲကထွက်သွားမယ်ဆိုရင် အမတခုံရုံးအနေနဲ့ သူတို့အင်အားအပေါ်မှာပဲ အားကိုးရမှာပဲ”

ရွှယ်ချူးချင်က သူ၏ဆိုလိုရင်းကို နားလည်သည်ပင်။

သူမက...

“မီးလျှံထက်ယံအရှင်သခင်နဲ့ မင်းကြောင့်ဖြစ်ရတဲ့ ထိခိုက်မှုက အတော်လေး သက်ရောက်မှုကြီးမားခဲ့တယ် ၊ အဲဒီထိခိုက်မှုကနေ ခပ်မြန်မြန် ပြန်ထူထောင်နိုင်မှာတော့ မဟုတ်ဘူး”

ဟုတ်ပေ၏။

အမတခုံရုံးမှ ကောင်းကင်နတ်ဘုရားအဆင့်(၅)ယောက်နှင့် ထိုက်ရွှီးမူလနတ်ဘုရား(၃၀)ကျော် ဆုံးရှုံးခဲ့သည်ပင်။ အမှန်တော့ အမတခုံရုံးက နဂိုကတည်းကပင် အဖြူရောင်ကြာပန်းသုခဘုံထက် အင်အားနည်းခဲ့သည်။

ယခု သူတို့အင်အား သိသာစွာထိခိုက်ခဲ့သည်ဖြစ်ရာ အားနည်းသောအခြေအနေသို့ ရောက်ရှိနေခဲ့သည်။ မဟာမာရူယိ အကူအညီကြောင့်သာ အခြေအနေ ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်၏။

အဆုံးသတ်မှာတော့ အရာအားလုံးက အပေါ်ယံမျှသာပင်။

အကူအညီရရှိထားသည့် အရှိန်အဟုန် ရပ်တန့်သွားသည့်နောက် အမတခုံရုံး၏အခြေအနေက ထုံးစံအတိုင်း ဆိုးရွားလျှက်ပင် ရှိနေပေမည်။

အဖြူရောင်ကြာပန်းသုခဘုံကတော့ သူတို့၏ ယခင်အောင်မြင်မှုများကို ထိုမျှလွယ်ကူစွာ လက်လွှတ်ခံမည် မဟုတ်ပေ။ သူတို့အခြေအနေက ဘဲတစ်ကောင် ပျောက်သွားရာမှပြန်တွေ့ပြီးနောက် ထပ်မံလွတ်မြောက်သွားသည့်ပမာ ဖြစ်နေသည်။

နောက်ပိုင်းမှာတော့ သူတို့ကျူးကျော်ခဲ့သည်စစ်မျက်နှာကို ဆက်လက်ထိန်းသိမ်းရန် ကြိုးစားမည်သာပင်။ သို့သော် မဟာမာရူယိက နောက်တစ်ကြိမ် ထပ်မံ ပါဝင်လာမည်လားဆိုသည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။

မဟာမာရူယိက အပေးအယူတစ်ခုကြောင့် ပါဝင်လာသည်ဆိုသော်ငြား အနောက်ဘက်သူ‌တော်စင်ဘုံနှင့် အမတခုံရုံးတို့က ထိုသို့သောအပေးအယူမျိုး ထပ်မံပြုလုပ်မည်လား မည်သူမှ မသိနိုင်ပေ။

ထို့ကြောင့် ခုန်ရွှမ်း ဆုတ်ခွာသွားပြီးသည့်တိုင် အဖြူရောင်ကြာပန်းသုခဘုံအနေဖြင့် အမြဲတမ်း သတိထားနေပေလိမ့်မည်။ အမတခုံရုံးအနေဖြင့် ခံစစ်အင်အားကိုသာ အတတ်နိုင်ဆုံး ထိန်းသိမ်းထားရမည့် ကံကြမ္မာရှိနေသည်။

မည်သို့ပင်ဖြစ်စေ နောက်ပိုင်းမှာတော့ အကြီးအကျယ်ပြဿနာမရှိပါက အင်အားစု(၂)ခုကြားမှ တိုက်ပွဲများ သိသိသာသာ အရှိန်အဟုန် လျော့နည်းသွားနိုင်၏။

အမတခုံရုံးသည်လည်း ခဏတာ ငြိမ်သက်အေးချမ်းနေပေလိမ့်မည်။

သတင်းကောင်းကတော့ လမ်းမှန်တာအိုဝါဒအတွက် အမတခုံရုံးနှင့် အနောက်ဘက်သူတော်စင်ဘုံမှ ဖိအားများ လျော့ကျသွားခြင်း ဖြစ်သည်။

သတင်းဆိုးမှာ အမတခုံရုံးက တာအိုစကြာဝဠာကိုရှင်းလင်းပြီး လူဦးရေအားလုံးနီးပါး သိမ်းယူသွားခဲ့ခြင်းပင်။

သို့တိုင် မည်သူမှ အမတခုံရုံးအား ဘာမှမလုပ်နိုင်ကြသေးပေ။ အမတခုံရုံကလည်း လမ်းမှန်တာအိုဝါဒက သူတို့ထံ ချဉ်းကပ်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

ရန်ကျောက်ကဲက နဖူးကို တစ်ချက်ပွတ်သပ်ရင်း...

“ကိစ္စရပ်တွေ အရမ်းအရေးကြီးလာရင်တော့ ကျွန်တော်တို့တွေ နတ်မိစ္ဆာမျိုးနွယ် ၊ အဖြူရောင်ကြာပန်းသုခဘုံနဲ့ ပေါင်းပြီး အမတခုံရုံးကိုကျူးကျော်ဖို့ ကူညီပေးရမယ် ၊အကြီးအကဲစော ၊ မြောက်ပိုင်းကြယ်စင်ဧကရာဇ်၊ တောင်ပိုင်းချန်စန်းဧကရာဇ်၊ ဝူတန့်မယ်တော်နဲ့ ကျွန်တော့်ရဲ့ ချီထျန်းမဟာသူတော်စင် ရွှေခန္ဓာပေါင်းစည်းလိုက်ရင် အင်အားမျှခြေကို ချိုးဖျက်နိုင်ဖို့ လုံလောက်ပါတယ်”

သူက ဆက်ပြောလိုက်သည်။

“သူတို့တွေ မဟာမာရူယိရဲ့အကူအညီကို ထပ်မတောင်းရင်ပေါ့”

ရန်ကျောက်ကဲ၏ စကားများကိုကြားတော့ ရွှယ်ချူးချင် ခံစားချက်များ ရှုပ်ထွေးသွားသည်။

“ကောင်းကင်နတ်ဘုရားတွေအကြောင်း မပြောနဲ့ ၊ အခုချိန်မှာ မင်းတောင် တိုက်ခိုက်ဖို့စွမ်းအား ရှိသေးလို့လား”

ရန်ကျောက်ကဲက ညစ်ကျယ်ကျယ် ပြုံးလိုက်ရင်း...

“စိတ်ကူးကြည့်တာလေ အမေရယ်...”

“ဒီအင်အားစုတွေက ဘယ်လိုပဲဖြစ်ဖြစ် မဟာကပ်ဘေးကြီးနဲ့ ပတ်သက်နေတာပဲ ၊ ကျွန်တော်တို့လမ်းမှန်တာအိုဝါဒကလည်း သူတို့အပေါ် ရှောင်လွှဲလို့မရတဲ့ အငြိုးအတေးတွေ ရှိနေတာပဲ”

သူက ဆက်ပြောလိုက်သည်။

“အထက်ဘုံကမ္ဘာက အမတခုံရုံးကိုကူညီပေးခဲ့ဖူးတယ် ၊ ကျွန်တော်တို့က သူတို့နဲ့မတူဘူး ၊ ကျွန်တော်တို့ ပိုပြီးအင်အားကြီးလာတာနဲ့ သူတို့ကို ဆန့်ကျင်ပုန်ကန်တဲ့စွမ်းရည်တွေ ပိုင်ဆိုင်လာမယ် ၊ သူတို့ရဲ့အသုံးတော်ခံတွေဖြစ်လာအောင် ဖိအားပေးနေတာကို အချိန်အကြာကြီး ခံစားရမှာ မဟုတ်တော့ပါဘူး”

ရန်ကျောက်ကဲမျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူက ရေရွတ်လိုက်သည်။

“ဒါပေမဲ့ အဲဒီ အခြေအနေကို ရောက်ဖို့ကတော့ အဝေးကြီး လိုနေသေးတယ် ၊ ကျွန်တော်တို့တွေ အခုထက်ပိုပြီး အများကြီးသန်မာဖို့ လိုသေးတယ်”

ရွှယ်ချူးချင်က...

“အဲဒါကြောင့်ပဲ မင်းက စန့်ချင်အဆက်အနွယ်ရဲ့ နတ်ဘုရားသုတ်သင်အစီအရင်ကို အမြဲတမ်း တောင့်တနေခဲ့တာ မဟုတ်လား”

ရန်တိနှင့် ရွှယ်ချူးချင်တို့က ရန်ကျောက်ကဲ၏ အစီအစဉ်များကို သိရှိထားကြသည်။

ရွှယ်ချူးချင်က ညင်သာစွာဖြင့်...

“ဒါမှမဟုတ် ငါတို့အားလုံး နတ်ဘုရားသုတ်သင်အစီအရင်ကို လိုချင်နေကြတယ်လို့ပြောလို့ရတယ် ၊ ဘယ်လိုလဲ... မင်းရဲ့ အစီအစဉ်တွေရော အဆင်ပြေရဲ့လား”

ရန်ကျောက်ကဲက...

“အခုထိတော့ တိတိကျကျ မပြောနိုင်သေးဘူး ၊ နတ်ဘုရားသတ်ဖြတ်ဓားရဲ့ တုံ့ပြန်မှုကို စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရဦးမယ် ၊ နတ်ဘုရားသတ်ဖြတ်ဓားဆီက သတင်းရတာနဲ့ ကျွန်တော်တို့ နောက်တစ်ဆင့် ပြင်ဆင်မှုတွေ ဆက်လုပ်လို့ရပြီ”

စောင့်ဆိုင်းနေစဉ်ကာလအတွင်း ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်း၊ ရန်တိ၊ ကောင်းချင်းရွှမ်နှင့် အခြားသူများက ဒဏ်ရာများကုသပြီး စွမ်းအားများ ပြန်လည်ရရှိရန် ကြိုးစားနေကြသည်။

လုံလောက်သည့်ယုံကြည်မှုရှိမှသာ လှုပ်ရှားရန် သင့်တော်ပေမည်။

ရန်ကျောက်ကဲက သူ၏နားသယ်စပ်ကို အသာပွတ်သပ်လိုက်ရင်း...

“ကျွန်တော် တစ်ခုစဉ်းစားနေတာ ၊ အမတခုံရုံးနဲ့ အဖြူရောင်ကြာပန်းသုခဘုံကြားက တင်းမာမှုတွေ လျော့ကျသွားအောင်တော့ ကူညီပေးလိုက်လို့မဖြစ်ဘူး ၊ သူတို့ အရင်အတိုင်း ဆက်ပြီးတိုက်ခိုက်နေအောင် နည်းလမ်းရှာပြီး ဖိအားပေးရမယ် ၊ သူတို့တွေ အလုပ်ရှုပ်နေမှ ကျွန်တော်တို့ လှုပ်ရှားဖို့ အဆင်ပြေမှာ”

သူက ဆက်ပြောလိုက်သည်။

“မဟုတ်ရင်တော့ ကျွန်တော်တို့ အင်အားကြီးလာလေ သူတို့က ပိုပြီးသတိထားလာလေ ဖြစ်မှာပဲ ၊ အဲဒါဆို သူတို့အင်အားစုနှစ်ခုပေါင်းပြီးတော့တောင် ကျွန်တော်တို့ကို ဖိအားပေးလာနိုင်တယ် ၊ ကျွန်တော်တို့တွေ ထိုးဖောက်ကြိုးစားနိုင်ခဲ့ကြပေမယ့် ပြန်နစ်မြုပ်သွားမယ့်အန္တရယ်ကိုလည်း ကြောက်ရသေးတယ်”

ရန်ကျောက်ကဲ စကားကိုကြားတော့ ရွှယ်ချူးချင်က မျက်မှောင်ကျုံ့လိုက်ပြီး...

“ဒါဖြင့် မင်းက ဘာလုပ်ဖို့ရည်ရွယ်ထားလဲ...”

All Chapters