လူသားအမြုတေကျောက်တုံး
Vol. 108 Ch. 1511
အခန်း (၁၅၁၁) လူသားအမြုတေကျောက်တုံး
ရွှယ်ချူးချင် မျက်မှောင်ကျုံ့လျက် ရန်ကျောက်ကဲကို ကြည့်ရင်း မေးလိုက်သည်။
“မင်း အဖြူရောင်ကြာပန်းသုခဘုံက ဗုဒ္ဓဘာသာကျင့်ကြံသူတွေကို သတ်ပစ်ဖို့များ စဉ်းစားနေတာလား...”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“အမှန်အတိုင်းပြောရရင် ကျွန်တော် အဲဒီလို စဉ်းစားခဲ့ဖူးတယ်”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ နောက်တော့ ဒီစိတ်ကူးက ဘယ်လောက်တောင် အဓိပ္ပာယ်မရှိလဲဆိုတာ ကိုယ့်ဘာသာတောင် ရယ်မိသွားတယ် ၊ အဲဒါနဲ့လက်လျှော့လိုက်တယ်လေ”
တာအိုဝါဒမှ နက်ရှိုင်းနတ်ဘုရားတစ်ပါးက ဗုဒ္ဓဘာသာ လိုဟန့်ကိုယ်တော်နှင့် အဆင့်အတန်းတူညီသည်ဖြစ်ရာ သူ့အနေဖြင့် ကောင်းကင်နတ်ဘုရားအဆင့်နှင့်တူညီသည့် ဗုဒ္ဓဘာသာမှ “ဗုဒ္ဓ” အဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။
ထိုဗုဒ္ဓများက ပြင်ပတာအိုကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူ၏စိတ်ကူးက လုံးဝမဖြစ်နိုင်သလို ရယ်စရာလည်း ကောင်းလွန်းသည်။
သို့တိုင် ရန်သူများဘက်မှ ပြင်ဆင်ထားခြင်းမရှိပါက ရန်ကျောက်ကဲအနေဖြင့် ထိုအလုပ်ကို အောင်မြင်စွာလုပ်နိုင်မည်ဖြစ်ကြောင်း ရွှယ်ချူးချင် သိထားခဲ့သည်။
စိတ်ကူးနတ်ဘုရားက သက်သေပင် ဖြစ်၏။
ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာစွမ်းအား ပြန်လည်ပြည့်ဝလာသည်အထိ စိတ်ရှည်စွာစောင့်ဆိုင်းနိုင်ပါက ဝါဒတောင်အနေဖြင့် ပြင်ပတာအိုကျင့်ကြံသူ ကောင်းကင်နတ်ဘုရားများအပေါ် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုကို အမှန်တကယ် ဖြစ်ပေါ်စေနိုင်ပေသည်။
ဤသည်ကိုတွေးမိတော့ ရွှယ်ချူးချင် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
သူမက စန်းချင်း(၃)ပါးအဆက်အနွယ် တောင်ပိုင်းချန်စန်းဧကရာဇ်မှဆင်းသက်လာသည့် မုယောက်ကြယ်စင်ထက်ယံအရှင်သခင်၏ တပည့်မျိုးဆက် ဖြစ်သည်။
သို့သော် သူမ၏သားဖြစ်သူက ဤမျှစွမ်းအားကြီးမားလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ရန်ကျောက်ကဲသည် ထိုမျှမြင့်မားသည့်အဆင့်သို့ မရောက်သေးပေ။ သို့တိုင် သူ့တွင် ထိုသို့သောစွမ်းရည်များကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
ငရဲကိုးထပ်မှ နတ်ဆိုးများနှင့် တိုက်ခိုက်စဉ်ကပင် သူက ထိုသို့သော စွမ်းပကားမျိုးကို မပိုင်ဆိုင်ခဲ့သေးပေ။ သို့သော် နောက်ပိုင်းတွင် သူက တိုးတက်မှုများစွာ ရရှိခဲ့ပြီး အတိတ်ကထက် များစွာ ပိုမို အင်အားကြီးမားလာခဲ့သည်။
ရန်ကျောက်ကဲ ပြောခဲ့သည့်အတိုင်းပင် ဤမျှဖြင့် မလုံလောက်သေးပေ။ သူတို့အနေဖြင့် များစွာ ပိုမို သန်မာလာရန် လိုအပ်နေသေးသည်။
ရန်ကျောက်ကဲ၏ စကားများကို ကြားပြီးနောက် သူမက ရန်ကျောက်ကဲကို တင်းကြပ်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။
အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံအကြား စစ်ပွဲမီးတောက် ပြန်လည်ထွန်းညှိရန် ကြိုးစားခြင်းသည် လွယ်ကူသောကိစ္စမဟုတ်ပေ။
အနည်းဆုံး သူတို့အင်အားစု(၂)စုမှ တစ်ဖက်ဖက်က ထပ်မံထိုးစစ်ဆင်ခြင်းကို အကျိုးရှိသည်ဟု ယူဆရန်လိုအပ်ပြီး ရရှိမည့်အကျိုးအမြန်သည်လည်း ဆုံးရှုံးမှုထက် သာလွန်နေရပေမည်။
အမတခုံရုံးက စောမင်ကျန့်နှင့် ရန်ကျောက်ကဲတို့ကြောင့် ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရကာ လူအင်အားများစွာ ဆုံးရှုံးခဲ့ရသည်။
ထိုဆုံးရှုံးမှုက တိုတောင်းသည့်ကာလအတွင် ပြန်လည်ဖြည့်တင်းနိုင်မည် မဟုတ်ပေ။
လက်ရှိတွင် သူတို့အနေဖြင့် နတ်ဘုရားနယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော်လည်း ပျက်ဆီးသွားသော အင်အားကိုတော့ ပြန်လည်ထူထောင်နိုင်ခြင်း မရှိသေးပေ။
ယခု သူတို့တွင် ကောင်းကင်နတ်ဘုရား(၈)ပါးသာလျှင် ကျန်တော့သည်။ အဖြူရောင်ကြာပန်းသုခဘုံကိုမပြောနှင့် လမ်းမှန်တာအိုဝါဒကိုပင် ယှဉ်နိုင်ခြင်း မရှိတော့ပေ။
ဆိုတော့ သူတို့အနေဖြင့် အင်မတန် အားနည်းနေဆဲဟု ဆိုနိုင်၏။
အကယ်၍ အဖြူရောင်ကြာပန်းသုခဘုံမှ ထပ်မံထိုးစစ်ဆင်လာပါက အမတခုံရုံးအနေဖြင့် သူတို့ပြန်လည်သိမ်းပိုက်ထားသောနယ်မြေများကို ဆုံးရှုံးရပြီး လွန်ခဲ့သော အနှစ်(၂၀)က မြင်ကွင်းကို ပြန်လည်တွေ့မြင်ရပေမည်။
သို့သော် မဟာမာရူယိ၏ ရည်ရွယ်ချက်ကို မသိရှိနိုင်သောကြောင့် အဖြူရောင်ကြာပန်းသုခဘုံက အဆုံးစွန် သတိထားလျှက် ရှိသည်။
သူတို့အနေဖြင့် နောက်ထပ်စစ်ပွဲတစ်ခုဖန်တီးမည့်အစား စူးစမ်းခြင်းနှင့် ထိုးဖောက်ဝင်ရောက်ခြင်းကိုသာ ပိုမိုနှစ်သက်သည်။
ရန်ကျောက်ကဲက အမတခုံရုံးမှ ကောင်းကင်ဘုံအရှင်များကို ထပ်မံလျှော့ချနိုင်ခဲ့လျှင်တောင်မှ သို့မဟုတ် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓတစ်ပါးကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့လျှင်တောင်မှ အဖြူရောင်ကြာပန်းသုခဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့က အမတခုံရုံးကို ထိုးစစ်ဆင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဤသည်က မဟာမာရူယိကို ဟန့်တားနိုင်သော နည်းလမ်းတစ်ခုရှိမှသာ ဖြစ်ပေါ်နိုင်သည်။
အခြားရွေးချယ်မှုတစ်ခုမှာ အဖြူရောင်ကြာပန်းသုခဘုံ၏ ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်များကို သတ်ဖြတ်ရန်ဖြစ်သည်။
သို့သော် အဖြူရောင်ကြာပန်းသုခဘုံက အမတခုံရုံးထက် အင်အားနည်းသွားစေသည်အထိ အမြောက်အမြား သတ်ဖြတ်ပစ်နိုင်ရန် လိုအပ်သည်။
ထိုသို့ဆိုလျှင် အမတခုံရုံးဘက်မှ အဖြူရောင်ကြာပန်းသုခဘုံအား သေချာပေါက် ထိုးစစ်ဆင်လာနိုင်၏။
ဤအကြံအစည်ကတော့ အတော်လေး ရူးသွပ်ပုံရသည်။ သို့သော် သင့်လျော်သည့်အခွင့်အရေးတစ်ခု ဖမ်းဆုပ်နိုင်ခဲ့ပါက ဖြစ်နိုင်ခြေရှိပေသည်။
ကောင်းကင်နတ်ဘုရားအဆင့် အထွတ်ထိပ်တွင်ရပ်တည်နေသော ချီထျန်းမဟာသူတော်စင်အတွက် ပြင်ပတာအိုကျင့်ကြံသူများ၏ ကောင်းကင်နတ်ဘုရားအဆင့်ကို အသာလေး သုတ်သင်ပစ်နိုင်သည်။
အဖြူရောင်ကြာပန်းသုခဘုံမှ တန်ခိုးစွမ်းအားရျင်များ သေကြေပျက်ဆီးမည်ဆိုပါက အမတခုံရုံး ဝမ်းမြောက်ဝမ်းသာဖြစ်မည်မှာ မလွဲဧကန်ပင်။
သို့သော် ထိုအင်အားစု(၂)ခုကို စွပေးပြီး အကျိုးအမြတ်စောင့်ဆိုင်းရယူသည့်နည်းလမ်းက မိုက်မဲသော အကြံအစည်တစ်ခုဖြစ်သည်။
ရန်ကျောက်ကဲက သူတို့အင်အားစု(၂)ခုကို အားနည်းသွားအောင်လုပ်ဆောင်မည်ကို အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့က လက်ပိုက်ကြည့်နေမည်မဟုတ်ပေ။
သူတို့အနေဖြင့် နှစ်ဖက်တိုက်ပွဲကို ဦးစွာရပ်စဲပြီး အတူပူးပေါင်းကာ ရန်ကျောက်ကဲကို အရင်ဦးဆုံး နှိမ်နင်းလာနိုင်သည်။
ယခုအချိန်ထိ ထျန်းစူးစကြာဝဠာ၏ တည်နေရာကို မည်သူမှ ရေရေရာရာ မသိရှိသေးသည့်တိုင် လုံးဝ စိတ်ချရသည့် အနေအထား မဟုတ်ပေ။
အကယ်၍ အမတခုံရုံး၊ အဖြူရောင်ကြာပန်းသုခဘုံ၊ အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့ အတူတကွပူးပေါင်း၍ ဗလာနယ်ကိုပိတ်ဆို့ ဖိအားပေးလာပါက လက်ရှိ လမ်းမှန်တာအိုဝါဒအနေဖြင့် ထိုသို့သော ဖိအားကို ခံနိုင်ရည်မရှိနိုင်ပေ။
ရွှယ်ချူးချင်က သားဖြစ်သူအပေါ် နားလည်ထားသည်မှာ ဤကောင်လေးက မာနကြီးပုံရသည့်တိုင် မျက်ကန်းတစ္ဆေမကြောက် အရမ်းလျှောက်လုပ်တတ်သူ မဟုတ်ပေ။
ရန်ကျောက်ကဲက အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံး အင်အားစု(၂)ခုကို လှုံ့ဆော်ပြီး ပြဿနာဖြစ်စေမည့် အကြံအစည်ကိုစွန့်လွှတ်လိုက်ကြောင်းတွေ့ရသည့်အခါ သူ ဘာဆက်လုပ်မည်ကို ရွှယ်ချူးချင် စိတ်ဝင်စားလာသည်။
ရန်ကျောက်ကဲမျက်ဝန်းများ တောက်ပသွားပြီး...
“ကျွန်တော်က ဧကရီ’နွီဝါး’ ကောင်းကင်ကိုပြုပြင်ပြီးတဲ့နောက် ချန်ထားခဲ့တဲ့ အမြုတေကျောက်တုံးတွေကို စိတ်ဝင်စားနေတာ”
သူ့စကားအဓိပ္ပာယ်ကို ရွှယ်ချူးချင် ချက်ချင်းနားလည်လိုက်သည်။
“ဟုတ်တယ် ၊ ဒါက မင်းရဲ့စဉ်းစားတွေးခေါ်ပုံနဲ့ ကိုက်ညီတယ် ၊ မင်းက ကိစ္စရပ်တွေရဲ့ မူလရင်းမြစ်ကိုခြေရာခံပြီး အဲဒီကနေချဲ့ထွင်စဉ်းစားတတ်တယ်”
ရန်ကျောက်ကဲက...
“အမှန်ပဲ... တကယ်တော့ လွန်ခဲ့တဲ့နှစ်တွေကတည်းက ကျွန်တော် ဒီကိစ္စကို အမြဲတမ်းစဉ်းစားနေခဲ့တာ ၊ အဲဒါကိုအသုံးချပြီး အခွင့်အရေးတစ်ခုဖော်ထုတ်နိုင်မယ်လို့လည်း မျှော်လင့်ထားတယ်”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ တချို့ကိစ္စတွေကို အလေးအနက်ထားပြီး စဉ်းစားဖို့လိုသေးတယ်”
သူက မိခင်ဖြစ်သူကို ကြည့်လိုက်ပြီး...
“အရင်တုန်းက ဧကရီ’နွီဝါး’ က အမြုတေကျောက်တုံးတွေကို ချန်ထားခဲ့တယ ၊ မြေကြီးအမြုတေကျောက်တုံးကို ပြောစရာမလိုဘူး ၊ အဲဒါက ချီထျန်းမဟာသူတော်စင်ရဲ့ အခြေခံအုတ်မြစ်ပဲ ၊ အဲဒါရဲ့ထူးခြားချက်က ကနဦးကောင်းကင် မပျက်ဆီးနိုင်ခြင်းကိုပိုင်ဆိုင်ပြီး ဘယ်လိုအခြေအနေမျိုးမှာမဆို အက်ကွဲသွားမှာမဟုတ်တဲ့ ခံနိုင်ရည်မျိုးရှိတယ်”
“လူသားအမြုတေကျောက်တုံးကတော့... ယုံကြည်ခြင်းစွမ်းအားကို စုဆောင်းပြီး လက်တွေ့ဖြစ်လာအောင် ပုံဖော်ပေးနိုင်တယ် ၊ သေးငယ်တဲ့ယုံကြည်ခြင်းစွမ်းအားလေးတစ်ခုကိုတောင် နယ်မြေဧကများစွာကို ဖုံးလွှမ်းတောက်ပစေနိုင်တဲ့ ခမ်းနားတဲ့အလင်းရောင်အဖြစ် ပြောင်းလဲပေးနိုင်တယ်”
မီလဲ့ကိုယ်တော်က တာအိုအဆင့်သို့တက်လှမ်းရန် မျှော်လင့်ချက်ဆုံးရှုံးသွားသည့်အခါ ထိုနည်းလမ်းကိုအသုံးပြုပြီး လမ်းသစ်တစ်ခုဖန်တီးကာ တာအိုအဆင့်သို့တက်လှမ်းခဲ့သည်။
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“ဒါပေမဲ့ ဒီလမ်းကြောင်းက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကိုလည်း အကျိုးရှိစေခဲ့တယ်”
“ဒါကြောင့် လူသားအနှစ်သာရကျောက်တုံး တစ်စိတ်တစ်ပိုင်းက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်လက်ထဲ ရောက်နေမလားလို့ တွေးနေခဲ့တာ”
အလယ်ခေတ်တွင် ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် နတ်မိစ္ဆာမျိုးနွယ်တို့ အပြန်အလှန်တိုက်ခိုက်နေကြချိန် လူသားအနှစ်သာရကျောက်တုံးက အပိုင်း(၁၀၈)ခုအဖြစ် ကွဲထွက်သွားပြီး နတ်မိစ္ဆာမျိုးနွယ်၏ မဟာသူတော်စင်(၃၆)ပါးနှင့် သူတော်စင်ငယ်(၇၂)ပါးတို့ဖြင့် အစီအရင်တစ်ခု ဖွဲ့စည်းခဲ့သည်။
သို့သော် အနောက်သို့ခရီးသွားမှတ်တမ်းကာလတွင် ထိုကျောက်တုံးအပိုင်းစများထဲမှ အများစုမှာ ယူဆောင်သွားခြင်းခံရသည်။
ကျောက်တုံးအပိုင်းအစ အများစုက စွန်းရှင်ကျေနှင့် ဘုန်းတော်ကြီးစန်းကျန့်တို့အုပ်စုလက်ထဲသို့ ကျရောက်သွားပြီး သူတို့က ထိုကျောက်တုံးများကို လင်စန်းတောင် ၊ တာ့လေယင်းကျောင်းတော်သို့ ပေးအပ်ခဲ့ကြသည်။
ကျန်ရှိသော အပိုင်းအစအချို့ကတော့ ပြင်ပလောကတွင် ပြန့်ကျဲသွားခဲ့သည်။
ထို ပြန့်ကျဲသွားသော လူသားအနှစ်သာရကျောက်တုံးများထဲမှတချို့မှာ အမတခုံရုံး သို့မဟုတ် အဖြူရောင်ကြာပန်းသုခဘုံ၏ လက်ထဲသို့ ကျရောက်သွားခဲ့သလားဟု ရန်ကျော်ကကဲ တွေးတောနေခဲ့သည်။
ထိုအချက်ကိုအသုံးပြုပြီး ပြဿနာတစ်ခုဖြစ်ပေါ်လာအောင် ပြုလုပ်နိုင်မည်လား...။
ရန်ကျောက်ကဲက သက်ပြင်းခပ်ဖွဖွချရင်း ပြုံးလိုက်သည်။
“သေချာတာပေါ့... အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နဲ့ ဘုရားလောင်းရဲ့လမ်းကြောင်းက အနည်းနဲ့အများတော့ ကွာခြားတယ်လေ ၊ ဖြစ်နိုင်ခြေရှိတာက ကောင်းကင်အမြုတေကျောက်တုံးကလည်း ဒီကိစ္စမှာ ကဏ္ဍတစ်ခုအနေနဲ့ ပတ်သက်နေတယ်”
ရွှယ်ချူးချင်က ခဏမျှစဉ်းစားလိုက်ရင်း...
“အင်း... အမတခုံရုံး၊ အနောက်ဘက်သူတော်စင်ဘုံ၊ အဖြူရောင်ကြာပန်းသုခဘုံနဲ့ နတ်မိစ္ဆာမျိုးနွယ်တို့ကြား ဆက်ဆံရေးက ကျွန်တော်မျှော်လင့်ထားတာထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေတာပဲ”
ရန်ကျောက်ကဲက...
“လောလောဆယ်တော့ ကျွန်တော်တို့လက်ထဲမှာတော့ ဘာလူသားအမြုတေကျောက်တုံးမှ မရှိဘူး ၊ ဒါပေမဲ့ တခြားတစ်ယောက်ဆီမှာ ရှိနိုင်တယ် ၊ ဒါပေမဲ့ သူ အသက်ရှင်နေသေးလား မသချောဘူး”
သူက စဉ်းစားလိုက်ရင်း...
“ဒါပေမဲ့ သူ အသက်ရှင်နေသေးလားဆိုတာ အမတခုံရုံးနဲ့ အဖြူရောင်ကြာပန်းသုခဘုံကလည်း မသေမချာ ဖြစ်နေတဲ့ပုံပဲ ၊ ဒီတော့ ကျွန်တော်တို့ ကောလဟလ သတင်းတုတွေလွှင့်လိုက်မယ်ဆိုရင်... သူတို့တွေရဲ့စိတ်အာရုံကို ဆွဲဆောင်နိုင်မယ်ထင်တယ်”
ထိုစကားကြားတော့ အစပိုင်းတွင် ရွှယ်ချူးချင် အံ့အားသင့်သွားပြီး နောက်မှ တစ်ချက်စဉ်းစားလိုက်ရင်း...
“မင်းပြောနေတဲ့သူက...”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အစီအရင်ဖွဲ့စည်းခဲ့တဲ့ မဟာသူတော်စင်(၃၆)ပါးထဲမှာ ထိပ်တန်းတန်ခိုးစွမ်းအားရှင်တစ်ယောက် ပါဝင်ခဲ့တယ်...”
သူက ဆက်ပြောလိုက်သည်။
“သူက ကိုးဝိညာဉ်မဟာသူတော်စင်ပဲ ၊ တကယ်တော့ သူက ကျွန်တော်တို့ တာအိုဝါဒနဲ့လည်း နည်းနည်းပါးပါး ဆက်နွယ်မှုရှိတယ်”