ဓားများ၏တည်နေရာ
Vol. 108 Ch. 1513
အခန်း (၁၅၁၃) ဓားများ၏တည်နေရာ
ကောင်းချင်းရွှမ်စကားကိုကြားတော့ ရန်ကျောက်ကဲ စိတ်ဓာတ်တက်ကြွသွားသည်။
သူက ကောင်းချင်းရွှမ်နောက်သို့ လိုက်သွားပြီး အခန်းတစ်ခုထဲသို့ ဝင်ရောက်လိုက်သည်။ ထိုနေရာတွင် သူမ၏ ကိုယ်ပွားက လုန်ရှင်းချွမ်နှင့် မျက်နှာချင်းဆိုင် ထိုင်နေပြီး ၎င်းတို့နှစ်ဦးကြား လေထုထဲတွင် ရှေးဟောင်းဓားတစ်လက် လွင့်မျောလျှက် ရှိသည်။
ထိုရှေးဟောင်းဓား၏ ဓားရိုးထက်တွင် ရန်ကျောက်ကဲဖန်တီးထားသည့် အင်းစက္ကူအား ကပ်ထားသည်။
ယခု ထိုဓား၏အထက်တွင် ထူးဆန်းသော တံခါး(၄)ခု လေထဲတွင် လွင့်မျောနေပြီး တံခါးများက မတူညီသည့်အရပ်မျက်နှာများတွင် ရှိနေသည်။
တံခါးများ၏ အငွေ့အသက်က မရေရာပုံပေါ်သော်လည်း တစ်ချိန်တည်းတွင် အမှန်တကယ်ရှိနေပုံရသည်။
အဆိုပါတံခါးများမှ ရက်စက်ကြမ်းတမ်းသော အငွေ့အသက်များ ထွက်ပေါ်လာနေပြီး ရိုးရှင်းသော နတ်ဘုရားသုတ်သင်အစီအရင်တစ်ခုကို ဖွဲ့စည်းထားသလို ထင်မှတ်ရသည်။
သို့သော် ထိုအရာက တကယ့်နတ်ဘုရားသုတ်သင်အစီအရင်နှင့် ကွဲပြားသည်။
ရန်ကျောက်ကဲက ထိုအရာကို ကောင်းစွာနားလည်ထားသည်။ အမှန်တော့ ဤသည်က သူဖန်တီးထားသည့် လျှို့ဝှက်ပညာတစ်ခု ဖြစ်သည် မဟုတ်ပါလား။
နတ်ဘုရားသတ်ဖြတ်ဓား၏ စွမ်းအားကို အသုံးပြု၍ သူက ကျန်ရှိသော ဓားသုံးလက်ကို ရှာဖွေရန် ကြိုးစားခြင်း ဖြစ်၏။
ထို့နောက် တံခါး(၄)ခုမှ တစ်ခုထက်တွင် လွင့်မျောနေသော အရာတစ်ခု တွေ့လိုက်ရသည်။ ထိုအရာက ဓားတစ်လက်နှင့် တူညီသည်။
ဓား၏အစွန်းတစ်ဝိုက်တွင် မှောင်မိုက်သောစွမ်းအားအမျှင်တန်းများ ရစ်ပတ်နေပြီး ထိုအရာများက နတ်ဘုရားသတ်ဖြတ်ဓားနှင့် သက်ဆိုင်နေသည်။
ရန်ကျောက်ကဲက ကျန်တံခါးသုံးခုကို စစ်ဆေးလိုက်ပြီး သူ့မျက်နှာထက် ဝမ်းမြောက်ဝမ်းသာ အမူအရာတစ်ခု ထွက်ပေါ်လာသည်။
“မျှော်လင့်ချက်ရှိတယ်”
ကောင်းချင်းရွှမ်က....
“ဒါဖြင့် ကောင်းတာပေါ့”
ထို့နောက် သူမက ဆက်လက်မေးမြန်းလိုက်သ်ည။
“ဒါပေမဲ့ ... အခု ငါတို့ ဘာလုပ်ရမလဲ ၊ ငါတို့လက်ထဲမှာ တခြားသဲလွန်စတွေမှ မရှိတာ”
လုန်ရှင်းချွမ်က သက်ပြင်းချလိုက်သည်။
“အရင်တုန်းက ဂိုဏ်းတူအစ်ကို’ရန်’ နဲ့ တာအိုရောင်းရင်းတိတို့က နတ်ဘုရားထောင်ချောက်ဓားကိုရှာဖွေဖို့ ပြင်ပလောကကို သွားခဲ့ကြဖူးတယ် ၊ ကံမကောင်းတာက သူတို့ ဘာသတင်းအချက်အလက်မှမရခင် သေဆုံးသွားခဲ့ကြတာပဲ”
ထိုစကားကြားတော့ ကောင်းချင်းရွှမ်၏မျက်နှာထက် စိတ်မကောင်းသည့်အမူအရာ ထင်ဟပ်လာသည်။
နွယ်ပင်ဧကရီ – လီယင်း၏ တပည့်များထဲတွင် သူနှင့် ဂိုဏ်းတူညီမ’တိချင်းလျန်’ က အလွန်တရာ ရင်းနှီးသော ဆက်ဆံရေးရှိလေသည်။
တိချင်းလျန်နှင့် ရန်ရှင်းထန်တို့ လက်ထပ်ပြီးနောက်တွင်လည်း ကောင်းချင်းရွှမ် ၊ လုန်ရှင်းချွမ်တို့နှင့် မကြာခဏ ဆက်သွယ်ခဲ့သည်ပင်။
ရန်ရှင်းထန်နှင့် လုန်ရှင်းချွမ်တို့က ယွိချင်အဆက်အနွယ်မှ ဖြစ်သည်။
သမိုင်းကို ပြန်လည်ခြေရာခံမည်ဆိုလျှင် သူတို့အဆက်အနွယ်မှ ဆရာဘိုးဘိုးဆိုသူက ယွမ်စီထျန်းကျွင်း၏တပည့်များထဲတွင် ဓားသိုင်းအထူးချွန်ဆုံးဖြစ်သော တာအိုဆရာ’ယွိတင်’ ဖြစ်ပေသည်။
ထူးခြားဖြစ်စဉ်ကိုပြောရမည်ဆိုလျှင် ရှေးခေတ်ကာလ နတ်ဘုရားများအပ်နှင်းခြင်းကာလ စစ်ပါဲအတွင်း စန့်ချင်အဆက်အနွယ်များစွာ ကျဆုံးခဲ့ကြရပြီး နတ်ဘုရားသုတ်သင်အစီအရင်သည်လည်း အက်ကွဲသွားခဲ့သည်။
ထို့ကြောင့် နတ်ဘုရားသုတ်သင်ဓား(၄)လက်သည်လည်း ယွိချင်အဆက်အနွယ်မှ အင်အားကြီးပုဂ္ဂိုလ်များ၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။
ကြည့်ရသည်မှာ ချိကျင်းကျီက နတ်ဘုရားသတ်ဖြတ်ဓားကိုရရှိခဲ့ပြီး တာအိုဆရာ’ယွိတင်’ က နတ်ဘုရားထောင်ချောက်ဓားကို ရရှိခဲ့ပုံရသည်။
ထို့နောက် အလယ်ခေတ်တွင် ချိကျင်းကျီက သောပေါင်ထျန်းကျွင်းလက်ချက်ဖြင့် သေဆုံးခဲ့ပြီး သောပေါင်ထျန်းကျွင်းက နတ်ဘုရားသတ်ဖြတ်ဓားကို ပြန်လည်သိမ်းယူခဲ့သည်။
သို့သော် ကျန်ဓားသုံးလက်ကို မရှာဖွေနိုင်မီ သူက မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး၏ လက်ချက်ဖြင့် သေဆုံးခဲ့သည်။
သို့ရာတွင် နတ်ဘုရားထောင်ချောက်ဓားကတော့ တာအိုဆရာ’ယွိတင်’ လက်ထဲတွင်သာ အမြဲတမ်း ရှိနေခဲ့သည်။
တာအိုဆရာ’ယွိတင်’ က နှစ်ပေါင်းများစွာ ပုန်းအောင်းနေထိုင်ခဲ့ပြီး သူနှင့်ပတ်သက်သော သတင်းအချက်အလက်များ အပြင်သို့ထွက်လာသည်မှာ အနည်းငယ်သာ ရှိခဲ့၏။
နောက်ပိုင်းမှာတော့ ခေတ်အဆက်ဆက်ပြောင်းလဲမှုများနှင့် မဟာကပ်ဘေးကြီးကြောင့် သူ၏သတင်းအချက်အလက်များ အားလုံးနီးပါး ဆုံးရှုံးသွားခဲ့သည်။
ရန်ရှင်းထန်က တာအိုဆရာ’ယွိတင်’ ၏ အဆက်အနွယ်မှ ဆင်းသက်လာသူ ဖြစ်သည်။
သူက ဇနီးဖြစ်သူ စန့်ချင်အဆက်အနွယ်တပည့် တိချင်းလျန်နှင့်အတူ ရှေးယခင်ဘိုးဘေးများ၏ အမွေအနှစ်များကိုရှာဖွေရန် ခရီးထွက်ခဲ့ကြသည်။
သူတို့က တာအိုဆရာ’ယွိတင်’ ၏ အခြေအနေကို အတည်ပြုပြီး နတ်ဘုရားထောင်ချောက်ဓား၏ တည်နေရာကို ရှာဖွေလိုခဲ့သည်။
သို့ပေသိ သူတို့ ထွက်ခွာပြီးနောက် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း သူတို့၏ အားထုတ်မှုများက အရာမထင်ခဲ့ပေ။
ကောင်းချင်းရွှမ်၊ လုန်ရှင်းချွမ်၊ လီယင်း၊ ချန်ရွှမ်ကျုန်းနှင့် ယွဲ့ကျန့်ပေတို့က သူတို့ကိုရှာဖွေရန် ကြိုးစားခဲ့ကြသော်လည်း မျှော်လင့်ချက်မဲ့သည့် အခြေအနေတစ်ခုကသာ စောင့်ကြိုနေခဲ့သည်။
သူတို့နှစ်ယောက်ထွက်ခွာမသွားခင် သူတို့၏ဝိညာဉ်နှင့် ချိတ်ဆက်နေသည့် ဓားတစ်စုံကို ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့ကြသည်။
ထိုဓားနှစ်လက် တပြိုင်တည်းအက်ကွဲသွားသည်ဖြစ်ရာ ဤသည်က သူတို့နှစ်ယောက်လုံး သေဆုံးသွားပြီဆိုသော အဓိပ္ပါယ်ပင်။
မဟာကပ်ဘေးကြီးပြီးနောက် တာအိုဝါဒ၏ အကြီးကျယ်ဆုံး ဓားသိုင်းထူးချွန်သူနှစ်ယောက်မှာ မပြီးဆုံးသေးသောအလုပ်များဖြင့် နောင်တများကျန်ရစ်ခဲ့ပြီး အတူတကွ သေဆုံးသွားခဲ့ကြသည်။
ဤသည်က ကောင်းချင်းရွှမ်၊ လုန်ရှင်းချွမ်နှင့် အခြားသူများအတွက် အဆုံးမရှိသော ကြေကွဲဝမ်းနည်းစရာများ ချန်ထားခဲ့သည်ပင်။
သူတို့၏နောက်ဆုံးအမွေအနှစ်များကို ထိုက်ယိဟွာတိမ်တိုက်အတွင်း ထည့်သွင်းခဲ့ကြပြီး ထိုအိမ်တိုက်က ဗလာနယ်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ထိုတိမ်တိုက်က ရန်တိအဖြစ်မွေးဖွားလာမည့်သူကိုခေါ်ဆောင်ပြီး တာအိုစကြာဝဠာဆီသို့ ဆင်းသက်လာခဲ့ကာ ဤသည်က ကံတရားအတိုင်းပင် ဖြစ်သည်။
ရန်ကျောက်ကဲက ထိုအကြောင်းများကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သိရှိခဲ့သည်ပင်။
လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သူနှင့်ရန်တိ ပြင်ပစကြာဝဠာသို့ ခရီးထွက်ရင်း ရန်ရှင်းထန်နှင့် တိချင်းလျန်၏ အမွေအနှစ်များကို ရှာဖွေခဲ့ကြသည်။
ကံမကောင်းစွာဖြင့် မည်သည့်သဲလွန်စမှ မရရှိခဲ့ကြပေ။
ရန်ကျောက်ကဲက နတ်ဘုရားသတ်ဖြတ်ဓားကို အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်ရှုလိုက်ပြီး...
“တချို့ကိစ္စတွေက အခွင့်အရေးကောင်းရဖို့လည်း လိုသေးတယ်”
သူက ဆက်ပြောလိုက်သည်။
“အရင်က ရှာမတွေ့ဘူးဆိုပေမယ့် အခု ရှာမတွေ့ဘူးလို့ မဆိုလိုပါဘူး ၊ တကယ်တော့ ဒီလိုဖြစ်တာက နတ်ဘုရားသတ်ဖြတ်ဓားရဲ့ အကူအညီကြောင့်ပဲ”
သူက တိုးလျသည့်လေသံဖြင့်...
“ကျွန်တော့်အဘိုးနဲ့အဘွားက ရုတ်တရက်သေဆုံးသွားကြတာ... ကျွန်တော့်အထင်တော့ သူတို့ စိတ်ဝင်စားတဲ့ကိစ္စတစ်ခုနဲ့ ကြုံခဲ့ရလိမ့်မယ် ဒါမှမဟုတ် သူတို့တွေ နတ်ဘုရားထောင်ချောက်ထားကို ရှာတွေ့ခဲ့တာ ဖြစ်နိုင်တယ်”
“တကယ်လို့ သူတို့ ရှာမတွေ့ဘူးဆိုရင်တောင် ရှာတွေ့ဖို့ သိပ်မလိုတော့ဘူးလို့ ကျွန်တော်ယုံကြည်တယ်”
ရန်ကျောက်ကဲ သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။
“တကယ်လို့ ကျွန်တော်တို့ နတ်ဘုရားထောင်ချောက်ဓားကို ရှာတွေ့ပြီး အဲဒါကို ပြောင်းပြန်လှည့်ပတ်နိုင်မယ်ဆိုရင်... ကျွန်တော့်အဘိုးနဲ့အဘွားချန်ထားခဲ့တဲ့ သဲလွန်စတွေကို အနီးပတ်ဝန်းကျင်မှာ ရှာတွေတွေ့ရှိနိုင်မှာပဲ”
ခဏမျှ တုံ့ဆိုင်းနေပြီးမှ သူက မေးလိုက်သည်။
“အရင်က ဆရာဦးလေး’ယွဲ့’ ကို မေးကြည့်ပြီးပြီ ၊ သူကတော့ အဘိုးနဲ့အဘွား အသက်ရှင်ဖို့အတွက် မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောတယ် ၊ အခု ကျွန်တော် ထပ်မေးချင်ပါတယ် ၊ ကျွန်တော့် အဘိုးနဲ့အဘွား အသက်ရှင်နေဖို့အတွက် တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူးလား”
လုန်ရှင်းချွမ်က ခေါင်းခါယမ်းရင်း...
“ငါလည်း အံ့သြစရာတွေဖြစ်လာမလားလို့ မျှော်လင့်ထားပါတယ် ၊ ဒါပေမဲ့...”
သူက ဆက်ပြောလိုက်သည်။
“ဝိညာဉ်မီးအိမ်လိုမျိုး လျှို့ဝှက်ပညာရပ်တွေထက်ဆာရင် ဝိညာဉ်ထားတွေက အများကြီးပိုပြီး တိကျတယ် ၊ သူတို့က အဖိုအမ ဓားမောင်နှံကို အတူတူထားခဲ့တာ ၊ ဒါပေမဲ့ အဲဒီဓားနှစ်လက်စလုံး တပြိုင်တည်း အက်ကွဲသွားခဲ့တယ်လေ”
ရန်ကျောက်ကဲ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
“ဒါဖြင့် ကျွန်တော့်အဘိုးနဲ့အဘွား ချန်ထားခဲ့တဲ့ အမွေအနှစ်တွေကိုပဲ အသုံးပြုကြည့်ကြတာပေါ့”
ကောင်းချင်းရွှမ်က တိချင်းလျန် နတ်ဘုရားတံခါးမဖွင့်လှစ်နိုင်ခင် ကိုယ်တိုင်ဖန်တီးခဲ့သော အမတမှော်ဝင်ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။
ရန်ကျောက်ကဲက ထိုဓားကိုယူလိုက်ပြီး လေထုထဲသို့ပစ်တင်လိုက်ရာ ထိုဓားက ထူးဆန်းစွာပင် တံခါး(၄)ခု အထက်တွင် လွင့်မျောလျှက်ရှိသည်။
နတ်ဘုရားသတ်ဖြတ်ဓားသည် အနည်းငယ်တုန်ခါသွားပြီး လေထဲတွင်လွင့်မျောနေသည့် အမတမှော်ဝင်ဓားသည်လည်း တုန်ခါသွားသည်။
နတ်ဘုရားသတ်ဖြတ်ဓား၏ ဓားရိုးတွင်ကပ်ထားသော အင်းစက္ကူမှ အင်းသင်္ကေတပုံစံများ ပျံ့နှံ့ထွက်ပေါ်လာသည်။ ထိုအင်းသင်္ကေတများက လေထဲတွင်ပေါင်းစည်းသွားပြီး အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အစီအရင်သင်္ကေတများမှ အလင်းရောင်များထွက်ပေါ်လာပြီး အမတမှော်ဝင်ဓားကို ဝါးမျိုသွားသည်။ သို့သော် အချိန်အတန်ကြာသွားသည့်တိုင် အမတမှော်ဝင်ဓားတွင် မည်သည့်ထူးခြားချက်မှ ထပ်မံဖြစ်ပေါ်လာခြင်း မရှိပေ။
“ဒီဓားက အလုပ်မဖြစ်ဘူးထင်တယ်”
ထိုသို့ပြောလိုက်သည့်တိုင် ရန်ကျောက်ကဲမျက်နှာထက် စိတ်ပျက်သည့်အရိပ်အယောင်များ ထွက်ပေါ်မလာခဲ့ပေ။
သူက တည်ငြိမ်စွာပင် ခေါင်းခါယမ်းလိုက်ပြီး...
“ဒီတစ်ခုနဲ့ ထပ်ကြိုးစားကြည့်တာပေါ့”
ကောင်းချင်းရွှမ်က အမတမှော်ဝင်ဓားကို ပြန်လည်သိမ်းဆည်းသွားပြီး ရန်ကျောက်ကဲက နောက်ထပ်ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။
ဓားမျက်နှာပြင်ထက်တွင် ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းများ တောက်ပနေပြီး ဓား၏ထက်ရှမှုက ပတ်ဝန်းကျင်သို့ပင် ထိုးဖောက်လျှက် ရှိ၏။
ဤဓားသည်လည်း အမတမှော်ဝင်ဓားတစ်လက် ဖြစ်သည့်တိုင် တိချင်းလျန်၏ ဓားထက် များစွာသာလွန်သည်။
ဤဓားကို “သောကြာကြယ်ဓား” ဟု ခေါ်ဆိုသည်။
ရန်ရှင်းထန် ရေစင်ထက်ယံအရှင်သခင်ဘွဲ့ ရရှိပြီးနောက် ဤဓားကို ဖန်တီးခဲ့ခြင်း ဖြစ်၏။ ဤဓား၏စွမ်းပကားက ထူးကဲယန်စည်းတံဆိပ် ၊ ထူးကဲယင်သရဖူ ၊ ထိုက်စွေ့အလံရှည်တို့နှင့် တန်းတူပင် ဖြစ်သည်။
ဤဓားကို အမတမှော်ဝင်ပစ္စည်းများထဲတွင် ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်နိုင်ပေ၏။
ဤဓား အရည်အသွေးကောင်းမွန်ခြင်းမှာ ရန်ရှင်းထန်၏ ဖန်တီးမှုစွမ်းရည်ကြောင့် မဟုတ်ပေ။ ရန်ရှင်းထန် နတ်ဘုရားအဆင့်တက်ရောက်ပြီးမှ ကိုယ်တိုင်ဖန်တီးခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
ဤဓားက ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာ ၊ ခွန်လွန်တောင် ၊ မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင် အဆက်အနွယ်များအတွက် အလွန်တရာအဖိုးတန်သော အမွေအနှစ်အဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့သည်။
ယွဲ့ကျန့်ပေက ကျောက်စိမ်းကျောက်ဆောင်မှ ထွက်ခွာသွားတိုင်း သူကိုယ်တိုင်ဖန်တီးခဲ့သော မူလကောင်းကင်ဖွင့်ဓားကို အမြဲတမ်းထားရစ်ခဲ့လေ့ ရှိသည်။
သို့သော် သူက သောကြာကြယ်ဓားကိုတော့ သူနှင့်အတူ အမြဲတမ်း ယူဆောင်သွားလေ့ရှိသည်။
ထိုဓားကိုကြည့်မိတိုင်း သူနှင့် ရန်ရှင်းထန်၏ အတိတ်အမှတ်တရများက သူ့စိတ်ထဲတွင် ရေလှိုင်းများပမာ ထကြွထွက်ပေါ်လာသောကြောင့်ပင်။
ရန်ကျောက်ကဲနှင့် ရန်တိတို့ ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာသို့ ရောက်ရှိလာချိန် ၊ ယွဲ့ကျန့်ပေသည်လည်း ပြင်ပဗလာနယ်မှ ပြန်ရောက်လာတော့မှ သူက ဤဓားကို ရန်မိသားစုလက်ထဲ ပြန်လည်ပေးအပ်ခဲ့လေသည်။
သို့သော် ရန်ကျောက်ကဲနှင့် ရန်တိတို့က ဤဓားကို ကျောက်စိမ်းကျောက်ဆောင်သို့ အတင်းပြန်ပေးခဲ့ကြသည်။
သူတို့က ရန်ရှင်းထန်၏ သားသမီးမြေးများဖြစ်သော်လည်း သိုင်းကျင့်ကြံခြင်းအဆက်အနွယ်အရ ယွဲ့ကျန့်ပေက ရန်ရှင်းထန်၏ အစစ်အမှန်ဆက်ခံသူဖြစ်ပြီး ကျောက်စိမ်းကျောက်ဆောင်သည်လည်း ရန်ရှင်းထန်ထားရစ်ခဲ့သော အမွေအနှစ်ဖြစ်သည်။
ယနေ့မှာတော့ နတ်ဘုရားသတ်ဖြတ်ဓားကို အသုံးပြု၍ ကျန်ဓားသုံးလက်ကို ရှာဖွေရန်နှင့် ရန်ရှင်းထန်နှင့် တိချင်းလျန်၏ သင်္ချိုင်းနေရာများကို ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် ဤသောကြာကြယ်ဓားကို ရန်ကျောက်ကဲက ကျောက်စိမ်းကျောက်ဆောင်မှ ငှားယူခဲ့ခြင်း ဖြစ်သည်။
လုန်ရှင်းချွမ်က နက်ရှိုင်းနတ်ဘုရားတစ်ပါးဖြစ်လေရာ သူ့အတွက် အမတမှော်ဝင်ပစ္စည်းတစ်ခုက သံချေးတက်နေသည့် သတ္တုအပိုင်းအစတစ်ခုနှင့် မခြားပေ။
သို့သော် သောကြာကြယ်ဓားကိုတွေ့သည့်အခါ သူပင်လျှင် အံ့အားသင့်သွားရသည်။
ရန်ကျောက်ကဲက သောကြာကြယ်ဓားကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ခဲ့ပြီး လေထုဲသို့ပစ်တင်လိုက်ရာ ဓားက အစီအရင်အတွင်းသို့ ကျရောက်သွားသည်။