ပထမဆုံးသဲလွန်စ
Vol. 108 Ch. 1514
အခန်း (၁၅၁၄) ပထမဆုံးသဲလွန်စ
သောကြာကြယ်ဓား အစီအရင်ထဲသို့ ရောက်ရှိသွားပြီးနောက် အောက်ဘက်တွင်ရှိသော နတ်ဘုရားသတ်ဖြတ်ဓားက တုန်ခါသွားသည်ဖြစ်ရာ သောကြာကြယ်ဓားသည်လည်း တုန်ခါသွားသည်။
သို့သော် သောကြာကြယ်ဓားကို ဖုံးအုပ်ထားသော ရောင်ခြည်အလင်းတန်းများမှာမူ မည်သည့်ပြောင်းလဲမှုမျှ မရှိခဲ့ပေ။
လုန်ရှင်းချွမ်က မျက်မှောင်ကြုတ်ရင်း...
“ဒါလည်း အလုပ်ဖြစ်ပုံမရဘူး...”
သူက ဆက်ပြောလိုက်သည်။
“နတ်ဘုရားတံခါးကိုဖွင့်လှစ်ပြီးတဲ့နောက် ဂိုဏ်းတူအစ်ကို’ရန်’ ဒါမှမဟုတ် တာအိုရောင်းရင်း’တိ’ တို့နဲ့အတူ ယူဆောင်သွားတဲ့ပစ္စည်းတွေများ လိုအပ်နေတာလား မသိဘူး”
ရန်ကျောက်ကဲက နတ်ဘုရားသတ်ဖြတ်ဓားအနီးတစ်ဝိုက် လှည့်ပတ်ရင်း အစီအရင်မှ ထွက်ပေါ်နေသော နက်နဲမှုများကို အသေးစိတ် လေ့လာနေခဲ့သည်။
“အသေအချာတော့ မပြောနိုင်သေးဘူး”
ခဏမျှလေ့လာပြီးနောက် သူက နက္ခတ်ပညာဖြင့် ပြီးပြည့်စုံစွာ တွက်ချက်နိုင်ရန်ကြိုးစားလိုက်ရင်း...
“နောက်ထပ်တစ်ခု ရှိသေးတယ် ၊ အဲဒါနဲ့ စမ်းကြည့်ရမယ်ထင်တယ်”
ထိုစကားကြားတော့ ကောင်းချင်းရွှမ်နှင့် လုန်ရှင်းချွမ်တို့၏ မျက်နှာအမူအရာများက တစ်ပြိုင်နက် ပြောင်းလဲသွားသည်။
သူတို့နှစ်ယောက်လုံးက...
“ထိုက်ယိဟွာတိမ်တိုက်လား”
ဟု မေးလိုက်ကြသည်။
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဟုတ်တယ်... အဲ့ဒါပဲ”
သူက ကောင်းချင်းရွှမ်နှင့် လုန်ရှင်းချွမ်တို့ကို ကြည့်လိုက်ပြီး...
“အဖေက အခု ကောင်းကင်ဘုံကမ္ဘာမှာ အနားယူနေတုန်းပဲ ၊ ဒါပေမဲ့ တံခါးပိတ်ကျင့်ကြံနေတာတော့ မဟုတ်ဘူး ၊ ဒီကိုခဏလောက်လာခဲ့ဖို့ ခေါ်လိုက်လို့ရပါတယ်”
ကောင်းချင်းရွှမ်နှင့် လုန်ရှင်းချွမ်တို့က ခေါင်းညိတ်ရင်း...
“ဒါဖြင့် အကောင်းဆုံးပဲပေါ့”
ရန်ကျောက်ကဲက ချက်ချင်းပင် ရန်တိကို ဆက်သွယ်လိုက်ပြီး သူတို့(၃)ယောက် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေလိုက်ကြသည်။
စောင့်ဆိုင်းနေစဉ် ရန်ကျောက်ကဲက သူတို့ကို ပြောလိုက်သည်။
“နတ်ဘုရားထောင်ချောက်ဓားအပြင် နောက်ထပ်ဓားတစ်လက်ရဲ့ အရိပ်အမြွက်လည်း ရှိနေတယ် ၊ အဲ့ဒါကိုလည်း စမ်းသပ်ကြည့်လို့ ရနိုင်မယ်ထင်တယ်”
ထိုစကားကြားတော့ ကောင်းချင်းရွှမ် တစ်ချက်စဉ်းစားသွားပြီး...
“အိုး ... ဟုတ်လား ၊ အဲဒါက နတ်ဘုရားသုတ်သင်ဓားများလား ၊ ဒါဖြင့် မင်းတို့ဝါဒတောင်က ကွမ်းချန်ထျန်းကျွင်းနဲ့ ဆက်စပ်နေတာလား”
ရှေးခေတ်ကာလ နတ်ဘုရားများအပ်နှင်းခြင်းခေတ် စစ်ပွဲအတွင်း နတ်ဘုရားသုတ်သင်အစီအရင်ကို ချမှတ်ရန် အသုံးပြုခဲ့သည့် နတ်ဘုရားသုတ်သင်ဓား(၄)လက်သည် ယွိချင်အဆက်အနွယ်တန်ခိုးစွမ်းအားရှင်(၄)ယောက်၏ လက်ဝယ်သို့ ကျရောက်သွားခဲ့သည်။
သူတို့ထဲတွင် ချိကျင်းကျီက နတ်ဘုရားသတ်ဖြတ်ဓားကို ရရှိခဲ့ပြီး တာအိုဆရာ’ယွိတင်’ က နတ်ဘုရားထောင်ချောက်ဓားကို ရရှိခဲ့သည်။
တာအိုအဓိပတိ’ယွိချင်’ ၏ နံပါတ်(၁)တပည့်အဖြစ် သတ်မှတ်ခံရသည့် ကွမ်းချန်ထျန်းကျွင်းက နတ်ဘုရားသုတ်သင်ဓားကို ရရှိခဲ့သည်။
တာအိုဆရာ’ယွိတင်’ ကဲ့သို့ပင် ကွမ်းချန်ထျန်းကျွင်းသည်လည်း နှစ်ပေါင်းများစွာကြာအောင် လောကနှင့်ကင်းကွာစွာ ပုန်းရှောင်နေခဲ့သည်။
မဟာကပ်ဘေးကြီးမတိုင်ခင်က သူနှင့်ပတ်သက်သည့်သတင်းစကားများ မရှိသလောက် နည်းပါးခဲ့ပြီး မဟာကပ်ဘေးကြီး ပြီးနောက်တွင်မူ သူ့အကြောင်း လုံးဝရှာမတွေ့နိုင်တော့သည့်အထိ ဖြစ်သွားလေရာ လက်ရှိတွင် သူ၏အခြေအနေကို မည်သူမှမသိနိုင်ကြပေ။
ရန်ကျောက်ကဲက ဝါဒတောင်အဆက်အနွယ်မှ ဆင်းသက်လာသဖြင့် ကောင်းချင်းရွှမ်က ကွမ်းချန်ထျန်းကျွင်းကို စဉ်းစားမိသွားခြင်း ဖြစ်သည်။
မဟာကပ်ဘေးကြီးပြီးသည့်နောက် တာအိုဝါဒ စန်းချင်း(၃)ပါး ဆရာသခင်များမှ ထိုက်ချင်အဆက်အနွယ် အမွေအနှစ်များနှင့် ယွိချင်အဆက်အနွယ်၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို အသုံးပြုကာ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဝါဒတောင်ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ဝါဒတောင်၏ မူလ အထွတ်အထိပ်သိုင်းပညာဖြစ်သည့် ကောင်းကင်ဝါဒလက်ဝါးသိုင်းမှာ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်မှ ပြောင်းလဲလာခြင်းပင် ဖြစ်သည်။
အမှန်တော့ ထိုစည်းတံဆိပ်က ကွမ်းချန်ထျန်းကျွင်းအဆက်အနွယ်မှ ဆင်းသက်လာသည့် စက်ဝန်းသံသရာကောင်းကင်ကျင့်စဉ်ကျမ်းမှတစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက...
“ဟုတ်တယ်... ကျွန်တော်က နတ်ဘုရားသုတ်သင်ဓားကိုလည်း ခြေရာခံဖို့ စီစဉ်ထားတယ် ၊ ဒါပေမဲ့ ကျွန်တော်တို့ဂိုဏ်းကတော့ ကွမ်းချန်ထျန်းကျွင်းရဲ့ အဆက်အနွယ် မဟုတ်ပါဘူး ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဂိုဏ်းရဲ့တည်ထောင်သူပဲ ဒီအခွင့်အရေးကို ရခဲ့တာလေ”
ထို့နောက် ရန်ကျောက်ကဲက ကျောက်တုံးအပိုင်းအစတစ်ခုကိုထုတ်ယူကာ သူ့လက်ဖဝါးထက်သို့ တင်လိုက်သည်။
ကောင်းချင်းရွှမ်နှင့် လုန်ရှင်းချွမ်တို့က မျက်နှာပြင်မညီမညာဖြစ်ကာ ဆူးအချို့ပါရှိသည့် ကျောက်တုံးအပိုင်းအစကို စူးစိုက်ကြည့်လိုက်ကြသည်။
ရုတ်တရက်ကြည့်လျှင် အရေးမပါသည့်ပစ္စည်းတစ်ခုဟု ထင်ရသော်ငြား ကျင့်ကြံခြင်းအဆင့်နှင့် အတွေ့အကြုံအရ ၎င်းသည် မည်မျှ ထူးခြားကြောင်းကို ချက်ချင်းသိလိုက်ကြသည်။
လုန်ရှင်းချွမ်က သဘောပေါက်သွားဟန်ဖြင့်...
“ဒါက ကွမ်းချန်ထျန်းကျွင်းရဲ့ ရတနာဖြစ်တဲ့ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် အပိုင်းအစလား”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဟုတ်ပါတယ် ၊ အရင်တုန်းက ကျွန်တော်တို့ ဝါဒတောင်ဂိုဏ်းရဲ့တည်ထောင်သူက ဒီအပိုင်းအစကို ရရှိခဲ့ပြီး စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အကြောင်း အနည်းငယ်နားလည်သဘောပေါက်ခဲ့တဲ့အတွက် ကောင်းကင်ဝါဒလက်ဝါးသိုင်းကို တီထွင်ခဲ့ပါတယ် ၊ အဲဒီသိုင်းပညာကို ဝါဒတောင်ရဲ့ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့တာပါ”
သူက ဆက်ပြောလိုက်သည်။
“နေဝန်းထက်ယံအရှင်သခင် အစွန်းရောက်ရှစ်ပါးကမ္ဘာကိုရောက်လာတော့ သူက ဒီရတနာကို ယူဆောင်သွားခဲ့တယ် ၊ မကြာခင်ကမှ ကျွန်တော့်လက်ထဲ ပြန်ရောက်လာတာပါ”
ရန်ကျောက်ကဲက နတ်ဘုရားသုတ်သင်ဓား (၄) လက်ကို ခြေရာခံရန် အတော်လေး စိတ်အားထက်သန်နေခဲ့သည်။ သူက နတ်ဘုရားသုတ်သင်အစီအရင်ကိုအသုံးပြုပြီး လမ်းမှန်တာအိုဝါဒ၏ အင်အားနှင့် လွှမ်းမိုးနိုင်စွမ်းကို တိုးမြှင့်လိုခဲ့သည်။
ဤသို့ပြုလုပ်သည်မှာ သူ့လက်ထဲတွင် သဲလွန်စတစ်ခုထက်မက ရှိနေခြင်းကြောင့်ပင်။
သဲလွန်စများသာ မရှိဘူးဆိုလျှင် အရာအားလုံးက အလှမ်းဝေးသည့်အစီအစဉ်များသာ ဖြစ်နေပေလိမ့်မည်။
ကောင်းချင်းရွှမ်က...
“အမှန်ပဲ... ဒီပစ္စည်းနဲ့ဆိုရင် ကွမ်းချန်ထျန်းကျွင်းကို ခြေရာခံဖို့အတွက် မျှော်လင့်ချက် ပိုများလာပြီ”
စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အပိုင်းအစသည် ကွမ်းချန်ထျန်းကျွင်းနှင့် တိုက်ရိုက်သက်ဆိုင်သကဲ့သို့ နတ်ဘုရားသုတ်သင်ဓားသည်လည်း ကွမ်းချန်ထျန်းကျွင်းနှင့် တိုက်ရိုက်ဆက်စပ်နေသည်။
ထို့ကြောင့် သူ့ကိုခြေရာခံမိမည်ဆိုလျှင် နတ်ဘုရားသုတ်သင်ဓားကိုရှာဖွေရန် မျှော်လင့်ချက် ရှိပေမည်။ ရန်ရှင်းထန်နှင့် တိချင်းလျန်တို့ကတော့ နတ်ဘုရားထောင်ချောက်ဓားအား တွေ့ရှိခဲ့သလား မသိရသေးပေ။
အကယ်၍ ရန်ရှင်းထန်နှင့် တိချင်းလျန်တို့ နတ်ဘုရားထောင်ချောက်ဓားအား မတွေ့ရှိခဲ့ပါက နတ်ဘုရားသတ်ဖြတ်ဓားမှတစ်ဆင့် ခြေရာခံရန် ခက်ခဲမည် ဖြစ်သည်။
ရန်ကျောက်ကဲက မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း...
“ဒီပညာရပ်ကို တစ်ခါသုံးပြီးသွားရင် (၄၉)နှစ်ကြာမှ ထပ်သုံးလို့ရတယ်...”
သူက ဆက်ပြောလိုက်သည်။
“အနှစ်(၅၀)နီးပါးပဲပေါ့ ၊ ဒါကြောင့် လောလောဆယ် နတ်ဘုရားသုတ်သင်ဓားကို လိုက်မရှာတာ ပိုကောင်းမယ် ၊ ဘာလို့လဲဆိုတော့ တကယ်လို့ ကျွန်တော်တို့အောင်မြင်သွားခဲ့ရင် နောက်ထပ်အနှစ်(၅၀) ထပ်စောင့်ရဦးမှာမို့လို့ပဲ”
ထို့နောက် သူက အစီအရင်ထဲတွင်ရှိနေသော နတ်ဘုရားသတ်ဖြတ်ဓားကို လှမ်းကြည့်ရင်း...
“ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပြီးမှ ရလဒ်ထွက်မလာဘူးဆိုရင်တော့ တခြားနည်းလမ်းတွေ စဉ်းစားရလိမ့်မယ်”
လုန်ရှင်းချွမ်က...
“အမှန်ပဲ... နှစ်ပေါင်း(၂၀၀၀)ကျော်ပြီ ၊ ဂိုဏ်းတူအစ်ကို’ရန်’ နဲ့ တာအိုရောင်းရင်း’တိ’ တို့ကို ရှာမတွေ့သေးဘူး ၊ အခုမှ သူတို့ကိုရှာတွေ့နိုင်မယ့် မျှော်လင့်ချက်လေးရှိလာတာမို့လို့ ငါတို့တွေ နည်းနည်းတော့ ထပ်ကြိုးစားကြည့်သင့်တယ်”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ...”
မကြာမီ ရန်တိ ရောက်ရှိလာလေသည်။
သူ၏ဒဏ်ရာများက ပြန်လည်မကောင်းမွန်သေးသဖြင့် အနားယူနေသင့်သည်။ ထို့ကြောင့် ရန်ကျောက်ကဲက အစပိုင်းတွင် သူ့ကို အသိမပေးခဲ့ခြင်း ဖြစ်သည်။
သို့ပေသိ ယခု ရန်ကျောက်ကဲပေးပို့သည့် သတင်းစကားကြားသည်နှင့် ရန်တိက တစ်ချက်တုံ့ဆိုင်းခြင်းမရှိဘဲ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ရောက်ရှိလာခဲ့သည်။
စိတ်ခံစားမှုရှုထောင့်မှ ပြောရလျှင် သူက ဖခင်ဖြစ်သူ ရန်ရှင်းထန် ၊ မိခင်ဖြစ်သူ တိချင်းလျန်တို့နှင့် တစ်ခါမှ တွေ့ဆုံခဲ့ဖူးခြင်းမရှိပေ။ သို့ရာတွင် သူ့စိတ်ထဲ မိဘနှစ်ပါးအပေါ် ကျေးဇူးတင်လေးစားစိတ်များ ပြည့်နှက်နေဆဲပင်။
ရန်ကျောက်ကဲက ရန်ရှင်းထန်နှင့် တိချင်းလျန်တို့၏ ဂူဗိမာန်များကို ရှာဖွေတွေ့ရှိနိုင်ကြောင်း သတင်းပါးလိုက်သည့်အခါ ရန်တိက ဒဏ်ရာဆေးကုသခြင်းကို ချက်ချင်းရပ်တန့်ပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံဆီသို့ ဦးတည်လာခဲ့သည်။
အခြားသူများနှင့်တွေ့ဆုံသည့်အခါ သူက အားလုံးကို ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်လိုက်သော်လည်း အပိုစကားများ ပြောမနေတော့ပေ။
ရန်တိက ရန်ကျောက်ကဲ ပြောသည့်စကားအတိုင်း လိုက်နာလုပ်ဆောင်လိုက်သည်။
သူ၏ဦးခေါင်းထက်တွင် အနားသတ်များ ဝေဝါးနေသော တိမ်တိုက်အစုအဝေးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ထိုတိမ်တိုက်က နတ်ဘုရားသတ်ဖြတ်ဓားကို ဗဟိုပြု၍ အစီအရင်ထဲသို့ တဖြည်းဖြည်း ဆင်းသက်သွားသည်။
ထိုက်ယိဟွာတိမ်တိုက် အစီအရင်ထဲသို့ ရောက်ရှိသွားသည်နှင့် နတ်ဘုရားသတ်ဖြတ်ဓားက အနည်းငယ် တုန်ခါသွားသည်။ သို့သော် ကြာပန်းအသွင် ထိုက်ယိဟွာတိမ်တိုက်ကတော့ မည်သည့်ပြောင်းလဲမှုမှ မရှိခဲ့ပေ။
သို့သော် အစီအရင်အလင်းတန်းများအောက်တွင် ထိုက်ယိဟွာတိမ်တိုက်မှာ ပွင့်လန်းတော့မည့် ကြာပန်းတစ်ပွင့်ကဲ့သို့ ချက်ချင်းဆိုသလို လှုပ်ရှားထကြွလာခဲ့၏။
တစ်ချိန်တည်းမှာပင် နတ်ဘုရားသတ်ဖြတ်ဓားပေါ်တွင် ကပ်ထားသော အင်းစက္ကူ ပျောက်ကွယ်သွားလေသည်။
ဤမြင်ကွင်းကို တွေ့သည်နှင့် ရန်ကျောက်ကဲတို့အုပ်စု စိတ်ဓာတ်များမြင့်တက်လာပြီး မျက်နှာများထက် ဝမ်းမြောက်ဝမ်းသာ အရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။
“သတိထားပြီးလုပ်...”
ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်ရင်း ရှေ့သို့လျှောက်လှမ်းသွားသည်။
သူက အင်းစက္ကူမီးလောင်ကျွမ်းသွားသည်ကိုစောင့်ကြည့်ရင်း လေထဲတွင် လက်ချောင်းများဖြင့် အင်းသင်္ကေတများ ရေဂဆွဲလိုက်သည်။
ခဏအကြာတွင် အစီအရင်သင်္ကေတများ စုဝေးလာပြီး မီးလောင်နေသောအင်းစက္ကူမီးလျှံထဲမှ အလင်းတန်းများစွာ ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက ဗလာအင်းစက္ကူတစ်ရွက်ထုတ်ယူပြီး မီးလျှံထဲသို့ ပစ်ထည့်လိုက်သည်။ သို့သော် ထိုဗလာအင်းစက္ကူမှာ မီးမလောင်ခဲ့ပေ။
မီးလျှံများတဖြည်းဖြည်းပျောက်ကွယ်သွားပြီး ထိုအင်းစက္ကူက မီးလျှံများထဲမှ ပျံသန်းထွက်ပေါလာသည်။ ရန်ကျောက်ကဲက လက်ကိုဆန့်ထုတ်လိုက်ရာ အင်းစက္ကူက သူ၏လက်ထဲ ကျရောက်လာသည်။
အနီးကပ်ကြည့်လိုက်သည့်အခါ မူလက ဗလာဖြစ်နေသော အင်းစက္ကူထက်တွင် နက်နဲသောစာတမ်းများ ရေးထိုးထားသည်ကို တွေ့ရသည်။
တစ်ချိန်တည်းပင် ထိုက်ယိဟွာတိမ်တိုက်ကလည်း ပြန်လည်တည်ငြိမ်သွားကာ နတ်ဘုရားသတ်ဖြတ်ဓားသည်လည်း တုန်ခါမှု ရပ်တန့်သွားပြီး လေထဲတွင် တိတ်ဆိတ်စွာ မျောလွင့်လို့နေသည်။
ရန်တိနှင့် ကောင်းချင်းရွှမ်တို့ ရှေ့သို့လမ်းလျှောက်လာပြီး ထိုက်ယိဟွာတိမ်တိုက်နှင့် နတ်ဘုရားသတ်ဖြတ်ဓားကို အသီးသီး ပြန်လည်သိမ်းယူလိုက်ကြသည်။
ထို့နောက် အားလုံး၏အကြည့်များက ရန်ကျောက်ကဲထံသို့ ကျရောက်လာသည်။
“အနည်းဆုံးတော့ ကျွန်တော်တို့ သဲလွန်စ ပထမအဆင့်ကို ရရှိခဲ့ပါပြီ ၊ ဒီအတိုင်း လိုက်လျှောက်ပြီး နောက်ထပ်ရှာဖွေနိုင်ဖို့ ကြိုးစားရပါမယ်”
ရန်ကျောက်ကဲက လက်ထဲမှ အင်းစက္ကူကို ခဏမျှလေ့လာပြီးနောက် မျက်နှာထက် အပြုံးရိပ်တစ်ခု ထင်ဟပ်လာသည်။ ကျန်(၃)ယောက်မှာလည်း ထိုအခါမှ စိတ်သက်သာရာ ရသွားကြသည်။
ရန်ကျောက်ကဲက...
“အခု အာမခံချက်ရပြီဆိုတော့ ကျွန်တော်တို့ အလျင်စလို မလုပ်သင့်ဘူး”
သူက ဆက်ပြောလိုက်သည်။
“အရင်ဆုံး ကျွန်တော်တို့ ဒဏ်ရာပြန်သက်သာလာအောင် ကုသပြီး ကျင့်ကြံကြရမယ် ၊ နောက်မှ ပြင်ဆင်မှုတွေလုပ်ပြီး ထွက်ခွာကြမယ်”
ကောင်းချင်းရွှမ်က...
“ငါတို့ ဒီလောက်ကြာအောင်တောင် စောင့်ခဲ့ပြီးပြီ ၊ နောက်ထပ် ခဏလောက်ထပ်စောင့်ရတာ အရေးမကြီးပါဘူး”
သူမက ဆက်ပြောလိုက်သည်။
“အပြင်ဘက်မှာ အားကောင်းတဲ့ရန်သူတွေရှိနေတယ် ၊ ငါတို့သာ အလျင်စလိုလုပ်မိရင် အရာအားလုံး ရှုပ်ထွေးသွားနိုင်တယ်”
ရန်ကျောက်ကဲက...
“ကျွန်တော်တို့ရန်သူတွေကို အာရုံပြောင်းစေမယ့် ကိစ္စတစ်ခု အရင်ရှာရမယ် ၊ သူတို့တွေ ကျွန်တော်တို့ကို အာရုံစိုက်နိုင်မယ့် အချိန်မရှိအောင်လုပ်ရမယ် ၊ ကျွန်တော်စိတ်ကူးထားတဲ့ နည်းလမ်းတချို့ကို စမ်းကြည့်ရမယ်ထင်တယ်”