ဓားခြောက်လက်ဗုဒ္ဓ
Vol. 108 Ch. 1517
အခန်း (၁၅၁၇) ဓားခြောက်လက်ဗုဒ္ဓ
ဝမ်ကွမ်း၏စကားများကိုကြားတော့ ဗုံခရာကောင်းကင်ဘုံအရှင် မျက်မှောင်ကြုတ်လိုက်သည်။
ဝမ်ကွမ်းက တစ်ချက်သမ်းဝေရင်း ပျင်းရိပျင်းတွဲလေသံဖြင့်...
“ဒီတော့ အရှေ့ထွန်းတောက်ဧကရာဇ်နဲ့ဆိုင်တဲ့ကိစ္စ မင်းတို့သွားဖြေရှင်းကြပါ ၊ ငါကတော့ ငါလုပ်စရာရှိတာ ရှာလုပ်ရမယ်”
ဗုံခရာကောင်းကင်ဘုံအရှင်က တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်...
“မင်းစိုးရိမ်တဲ့ကိစ္စက အဓိပ္ပါယ်အတော်ရှိတယ် ၊ ဒီလိုဆိုမှတော့... ကျုပ်လည်း မင်းနဲ့အတူ လိုက်ခဲ့မယ်”
သူတို့ကျင့်ကြံခြင်းအဆင့်ဖြင့် နတ်ဘုရားသုတ်သင်အစီအရင်ကို ကိုယ်တိုင်မခံစားဖူးသည့်တိုင် လျှော့မတွက်ရဲကြပေ။
ဤအစီအရင်က သမိုင်းတစ်လျှောက်တွင် အပြင်းထန်ဆုံး အစီအအရင် ဖြစ်သည်။
“နတ်ဘုရားသုတ်သင်အစီအရင်” ဆိုသော အမည်သည်ပင် ဤအစီအရင်၏အဓိပ္ပါယ်ကို ထင်ရှားစွာ ရှင်းပြပြီးဖြစ်သည်။
သမိုင်းတစ်လျှောက် အထူးချွန်ဆုံး ကောင်းကင်နတ်ဘုရားများကို အဆင့်သတ်မှတ်ပေးရမည်ဆိုလျှင် ချီထျန်းမဟာသူတော်စင် ၊ ကျောက်စိမ်းကောင်းကင်ဘုံအရှင်(ကျောက်စိမ်းဧကရာဇ်) နှင့် မဟာမာရူယိတို့က ထိပ်တန်း (၃)ယောက်အဖြစ် စာရင်းဝင်ပေမည်။
ထိုထိပ်တန်း(၃)ယောက်ကို အဆင့်သတ်မှတ်ရန်ကတော့ အငြင်းပွားမှုများ ရှိနေဆဲပင်။
သို့သော် အခြားသော ကောင်းကင်နတ်ဘုရားများကတော့ ထိုထူးချွန်သူ(၃)ယောက်ကိုလိုက်မီရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိသည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ တာအိုဆရာလုယာ၊ မူလစိတ်ဝိညာဉ်နတ်ဆိုး ၊ ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်၊ မူလဖိနှိပ်နတ်ဘုရား၊ ကျီဝေးဧကရာဇ်နှင့် သမိုင်းတစ်လျှောက် နာမည်ကျော်ကြားသော အခြားထူးချွန်သူများစွာသည်ပင် ထို(၃)ယောက်ကို လိုက်မမီနိုင်ပေ။
သို့သော် ခြွင်းချက်တစ်ခု ရှိသည်။
စန့်ချင်အဆက်အနွယ်၏ ပထမဆုံး တပည့်ဖြစ်သူ – သောပေါင်ထျန်းကျွင်း။
သူက နတ်ဘုရားသုတ်သင်ဓား(၄)လက်ကို ကိုင်ဆောင်သူဖြစ်ပြီး နတ်ဘုရားသုတ်သင်အစီအရင်တွင်လည်း ကျွမ်းကျင်လှသည်။
သူတစ်ဦးတည်းဖြင့်ပင် ဆရာဖြစ်သူ’လင်ပေါင်ထျန်းကျွင်း’ နေရာတွင်အစားထိုးကာ နတ်ဘုရားသုတ်သင်အစီအရင်ကို ဖြန့်ကျက်နိုင်ခဲ့သည်။
သောပေါင်ထျန်းကျွင်းသာ နတ်ဘုရားသုတ်သင်အစီအရင်ဖြန့်ကျက်မည်ဆိုလျှင် ကျောက်စိမ်းဧကရာဇ် သို့မဟုတ် မဟာမာရူယိတို့သည်ပင် ထိုအစီအရင်ထဲဝင်ရောက်မိကာက အသက်ပျောက်မည် ဖြစ်သည်။
ချီထျန်းမဟာသူတော်စင်သည်ပင် ထိုအစီအရင်ကိုရင်ဆိုင်ရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိ၏။
အငြင်းပွားဖွယ်ဖြစ်ရသည့်အကြောင်းကတော့ နတ်ဘုရားသုတ်သင်အစီအရင်ကို ဖယ်ထုတ်လိုက်ပါက သောပေါင်ထျန်းကျွင်း၏ တိုက်ခိုက်မှုစွမ်းရည်က ချီထျန်းမဟာသူတော်စင်နှင့် အခြားသူများထက် အားနည်းသွားမည်ဖြစ်သည်။
တကယ်တော့ ရှေးခေတ်ကာလ စန့်ချင်အဆက်အနွယ်များထဲတွင် သောပေါင်ထျန်းကျွင်းက အမြင့်ဆုံးအဆင့် ကျင့်ကြံသူ မဟုတ်ခဲ့ပေ။
လင်ပေါင်ထျန်းကျွင်း၏ စွမ်းအားအမြင့်မားဆုံး ဆက်ခံသူမှာ သူတော်စင်မ ‘ကျင်းလင်’ ဖြစ်သည်။
သို့သော် ထူးခြားကိစ္စတစ်ခုကိုပြောရလျှင် ရှေးခေတ်ကာလတွင် လင်ပေါင်ထျန်းကျွင်း လောကကိုကျော်လွန်သွားပြီးနောက် သောပေါင်ထျန်းကျွင်းက သူ၏ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ဆက်ခံရရှိခဲ့သည်။
ထို့ကြောင့် သူ၏ တန်ခိုးစွမ်းအားက များစွာတိုးတက်လာခဲ့သည်။
အလယ်ခေတ်သို့ရောက်သည့်အခါ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ကျင့်ကြံခဲ့သော သောပေါင်ထျန်းကျွင်းက သူတော်စင်မ’ကျင်းလင်’ ထက် များစွာသာလွန်သွားခဲ့သည်။
ထို့ပြင် မပြည့်စုံသည့် နတ်ဘုရားသုတ်သင်ဓားများဖြင့်ပင် သူက မပြည့်စုံသည့် ကိုယ်ပိုင် နတ်ဘုရားသုတ်သင်အစီအရင်ကို ဖြန့်ကျက်နိုင်ခဲ့သည်။
ထိုသို့သောတန်ခိုးစွမ်းအားက ချီထျန်းမဟာသူတော်စင် ၊ ကျောက်စိမ်းဧကရာဇ်နှင့် မဟာမာရူယိတို့၏ ထိပ်တန်းသုံးဦးအဆင့်နေရာများကို လှုပ်ခတ်ရန် လုံလောက်ခဲ့သည်။
သို့ပေသိ ဤသည်က ခန့်မှန်းချက်များသာ ဖြစ်လေသည်။
သောပေါင်ထျန်းကျွင်း အမြင့်ဆုံးအဆင့် တန်ခိုးစွမ်းအားထုတ်ဖော်သည်ကို တွေ့မြင်ဖူးသူ အနည်းငယ်သာ ရှိခဲ့သည်။
ယွိချင်အဆက်အနွယ်မှ ချိကျင်းကျီကို သုတ်သင်ရှင်းလင်းပြီး နတ်ဘုရားသတ်ဖြတ်ဓားကို ပြန်လည်သိမ်းယူပြီးသည့်နောက် သောပေါင်ထျန်းကျွင်းက တာအိုအဆင့်ဘိုးဘေးနတ်ဆိုးတစ်ပါးဖြစ်သည့် “မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး” ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။
နောက်ဆုံးမှာတော့ အလယ်ခေတ်တွင် သူ၏ဒဏ္ဍာရီများ ကျန်ရစ်ခဲ့ခြင်း မရှိတော့ပေ။
အလယ်ခေတ်သို့ ကူးပြောင်းပြီးနောက် လူတိုင်းက သောပေါင်ထျန်းကျွင်း၏စွမ်းအားကို ခန့်မှန်းရုံသာ တတ်နိုင်ခဲ့ကြသည်။ မည်သူမှ အဆုံးအဖြတ် မပေးနိုင်ခဲ့ကြပေ။
သို့သော် နတ်ဘုရားသုတ်သင်အစီအရင်၏ တန်ခိုးကြီးမားမှုကတော့ ငြင်းပယ်၍မရသလို သံသယဝင်စရာလည်း မလိုအပ်ခဲ့ပေ။
ဗုံခရာကောင်းကင်ဘုံအရှင်က တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်...
“လမ်းမှန်တာအိုဝါဒကလူတွေလက်ထဲမှာ နတ်ဘုရားသတ်ဖြတ်ဓား ရရှိထားပြီးပြီ ၊ ပြီးတော့ ပြီးပြည့်စုံတဲ့ နတ်ဘုရားသုတ်သင်အစီအရင်ကိုလည်း ရရှိထားတယ် ၊ တကယ်လို့ ကျန်တဲ့ဓား(၃)လက်သာ သူတို့လက်ထဲရောက်သွားလို့ကတော့ တကယ့်ကို စိုးရိမ်စရာဖြစ်လာမှာပဲ”
ဝမ်ကွမ်းက သူ၏မျက်ခွံများကိုပင် အနိုင်နိုင်ဖွင့်ထားရဟန် အိပ်ချင်မူးတူးဖြစ်နေပြီး ပျင်းရိစွာဖြင့် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
“ဒါက ငါခန့်မှန်းကြည့်တာပါ ၊ သူတို့ ဓားတွေကို ရှာတွေ့တာ မတွေ့တာက တခြားကိစ္စပါ ၊ တကယ်လို့ ဓားတွေကိုရှာဖို့ ဒီလောက်လွယ်မယ်ဆိုရင် သူတို့တွေအစောကြီးကတည်းက ရှာတွေ့ပြီးပြီပေါ့ ၊ အခုထိတောင် စောင့်ဖို့မလိုတော့ဘူး”
သူက တစ်ချက်သမ်းဝေလိုက်ရင်း...
“ငါက နတ်ဘုရားသတ်ဖြတ်ဓားနဲ့ နတ်ဘုရားသုတ်သင်အစီအရင် ထွက်ပေါ်လာလို့သာ ဒီကိစ္စကိုစဉ်းစားမိပြီး စမ်းကြည့်ဖို့ဆုံးဖြတ်ခဲ့တာ ၊ ဘာပဲဖြစ်ဖြစ်... အဖြူရောင်ကြာပန်းသုခဘုံက အယုတ်တမာတွေလည်း ဒီကိစ္စကို စဉ်းစားမိကြမှာပဲလေ...”
ဗုံခရာကောင်းကင်ဘုံအရှင် စကားမဆိုဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။
ပတ္တမြားတံခွန်ဗုဒ္ဓက တိုးလျသည့်လေသံဖြင့်...
“အခု တာအိုကျင့်ကြံသူတွေဘက်မှာ ကောင်းကင်နတ်ဘုရား(၄)ပါး ရှိတယ် ၊ သူတို့အားလုံးက စန့်ချင်အဆက်အနွယ် မဟုတ်ပေမယ့် နတ်ဘုရားသုတ်သင်ဓား(၄)လက် မလိုအပ်ဘဲ အစီအရင်ကို ဖြန့်ကျက်နိုင်တယ်လေ”
ဝမ်ကွမ်းက ရယ်မောလိုက်ပြီး...
“ဒါမေပဲ့ သူတို့အချင်းချင်းကြားမှာလည်း ရန်ငြိုးတွေရှိနေသေးတယ်လေ ၊ ပြီးတော့ ဓား(၄)လက်လုံးရှိမှာ သူတို့အနေနဲ့ အစီအရင်စွမ်းအားကို အမြင့်ဆုံးအဆင့်ထိ ထုတ်လွှတ်နိုင်မှာပေါ့”
သူက ဆက်ပြောလိုက်သည်။
“တကယ်လို့ ငါတို့ဘက်က ဓားတွေကိုအရင်ရှာတွေ့မှ သူတို့အစီအစဉ်ကို တန်ပြန်နိုင်တဲ့နည်းလမ်း စဉ်းစားနိုင်မှာပါ”
ပတ္တမြားတံခွန်ဗုဒ္ဓနှင့် ဗုံခရာကောင်းကင်ဘုံအရှင်တို့ ခေါင်းညိတ်လိုက်ကြသည်။
အတန်ကြာမှ ဗုံခရာကောင်းကင်ဘုံအရှင်က...
“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရှိနေသမျှ ငါတို့ဘက်က လမ်းမှန်တာအိုကျင့်ကြံသူတွေအပေါ် အားသာချက်ကို ထိန်းထားနိုင်မှာပဲ ၊ လောလောဆယ်မှာတော့ အဖြူရောင်ကြာပန်းသုခဘုံက အယုတ်တမာတွေနဲ့ နတ်မိစ္ဆာတွေကို သတိထားရမယ်”
သူက ဆက်ပြောလိုက်ည်။
“ပတ္တမြားတံခွန်ဗုဒ္ဓ... ခင်ဗျားက ချန်စန်းရှင်းဟိုင်ကို စောင့်ကြည့်ဖို့ တာဝန်ယူပေးပါ ၊ ကျုပ်နဲ့ တာအိုဆရာဝမ်က စန့်ချင်ဓားတွေကို လိုက်ရှာမယ် ၊ အရှေ့ထွန်းတောက်ဧကရာဇ်နဲ့ဆိုင်တဲ့ကိစ္စတွေကိုတော့ တခြားသူတွေကိုင်တွယ်ပါလိမ့်မယ်”
ဝမ်ကွမ်းက ပေါ့ပါးစွာဖြင့်...
“ငါ့ဘက်ကတော့ ပြဿနာမရှိပါဘူး...”
ပတ္တမြားတံခွန်ဗုဒ္ဓက ပြုံးလိုက်ပြီး...
“ဒါဖြင့်... ဒီအတိုင်းပဲ ဆုံးဖြတ်ကြတာပေါ့”
ထို့နောက် သူက အားလုံးကို နှုတ်ဆက်ထွက်ခွာသွားလေသည်။
ဗုံခရာကောင်းကင်ဘုံအရှင်က ပတ္တမြားတံခွန်ဗုဒ္ဓ အစိမ်းရောင်ကြာပန်းကိုစီးနင်းပြီး ထွက်ခွာသွားသည်ကို တိတ်ဆိတ်စၑွာ စောင့်ကြည့်နေခဲ့သည်။
“တာအိုဝါဒကလူတွေ ချီထျန်းမဟာသူတော်စင်ရဲ့ရွှေခန္ဓာကိုရသွားတာ အနောက်ဘက်သူတော်စင်ဘုံရဲ့ မျှော်လင့်ချက်ကို ကျော်လွန်သွားပုံရတယ်”
ဝမ်ကွမ်းထံမှ အိပ်ချင်မူးတူးအသံ ထွက်ပေါ်လာသည်။
“တာအိုအဆင့် ကျွမ်းကျင်သူတွေလည်း ဒီအကြောင်းကို သိထားကြတယ် ၊ ဘယ်သူတွေဖြစ်မလဲတော့ မသေချာဘူး”
ဗုံခရာကောင်းကင်ဘုံအရှင်က မကျေမနပ်ဖြင့် ‘ဟွန်း’ ခနဲ နှာမှုန်လိုက်ရင်း...
“တခြားသူတွေကိုမပြောနဲ့ ၊ တိုက်တိုင်းအောင်ဗုဒ္ဓလည်း ဒီကိစ္စကို ဝင်မပါဘဲ နေမှာတဲလား ၊ အနောက်ဘက်သူတော်စင်ဘုံက ကျုပ်တို့နဲ့ မဟာမိတ်ဆိုပေမယ့် သူတို့ ဘာတွေလျှို့ဝှက်ကြံစည်နေလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ”
ခဏကြာမှ ဗုံခရာကောင်းကင်ဘုံအရှင်က နက်ရှိုင်းသောလေသံဖြင့်..
“ကျုပ်သတင်းကြားတာတော့ သူတို့တွေ တာအိုဝါဒကျင့်ကြံသူတွေနဲ့လည်း ဆက်သွယ်နေတယ်တဲ့”
ဝမ်ကွမ်းက ပြုံးလိုက်ပြီး...
“ဘာပဲဖြစ်ဖြစ် သူတို့ဗုဒ္ဓဘာသာကျင့်ကြံသူအချို့က တာအိုဝါဒက ဆင်းသက်လာကြတာလေ ၊ ပြီးမှ ဗုဒ္ဓဘာသာထဲကို ကူးပြောင်းပြီး ဉာဏ်အလင်းရရှိခဲ့ကြတာ ၊ ဒီတော့ သူတို့တွေ တာအိုကျင့်ကြံသူတွေနဲ့ဆက်သွယ်မှုရှိတာ ဘာဆန်းလို့လဲ”
ဗုံခရာကောင်းကင်ဘုံအရှင်က အေးစက်စွာဖြင့်...
“အမှန်ပဲ... ကျုပ်တို့ အဖြူရောင်ကြာပန်းသုခဘုံက မယုတ်တမာတွေနဲ့ တိုက်ခိုက်နေတုန်း လမ်းမှန်တာအိုဝါဒက အရမ်းအင်အားကြီးလာတယ်”
သူက ဆက်ပြောလိုက်သည်။
“သူတို့သာ ပြဿနာမရှာခဲ့ရင် ငါတို့တွေ ဒီလောက်ထိ အလျှော့ပေးရတဲ့အနေအထားကို ရောက်သွားမှာမဟုတ်ဘူး...” အခုတော့ အဖြူရောင်ကြာပန်းသုခဘုံကကောင်တွေကိုတောင် တိုက်စစ်မဆင်နိုင်တော့ဘူး”
ဝမ်ကွမ်းက ပျင်းရိစွာ ပြုံးလိုက်ပြီး မည်သည့်စကားမှ ထပ်မပြောတော့ပေ။
ဘုံခရာကောင်းကင်ဘုံအရှင်က စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ဒါနဲ့... မင်းပြောတာ အဖြူရောင်ကြာပန်းသုခဘုံမှာ စန့်ချင်ဓားတွေနဲ့ပတ်သက်တဲ့ သဲလွန်စရှိနေတယ်ဆို... ဖြစ်နိုင်တာက...”
ဝမ်ကွမ်းက တစ်ချက်သမ်းဝေလိုက်ရင်း...
“အမှန်ပဲ... ဓားဗုဒ္ဓရဲ့ဆက်ခံသူ... လမ်းခြောက်သွယ်ဓားသခင်လေ... သူ့ကို မျိုးဆက်သစ်ဓားဗုဒ္ဓလို့လည်း ခေါ်ကြတယ် ၊ ပြီးတော့ ဓားခြောက်လက်ဗုဒ္ဓလို့လည်း ခေါ်သေးတယ်”
ခဏနားပြီးမှ သူက ဆက်ပြောလိုက်သည်။
“ငါက သူနဲ့ နှစ်ပေါင်းများစွာ တိုက်ခိုက်နေခဲ့တာ... အဟက်... အစကတော့ ဒီကိစ္စက ယင်းရှီယန် ကိုင်တွယ်ရမယ့်ကိစ္စပဲ ၊ ငါက သူ့လောက်ဓားသိုင်းကျွမ်းကျင်တာမှ မဟုတ်တာ”
ဗုံခရာကောင်းကင်ဘုံအရှင်က မျက်မှောင်ကြုတ်လိုက်ပြီး...
“ကဲ... စကားတွေလျှောက်ပြောပြီး အချိန်မဖြုန်းနဲ့တော့... အခုပဲ သွားကြရအောင်”
ဝမ်ကွမ်းက ဂရုမစိုက်သလို ခေါင်းညိတ်လိုက်ပြီး အမတခုံရုံး၏ ကောင်းကင်ယံနန်းတော်မှ လှည့်ထွက်ကာ ပျံသန်းထွက်ခွာသွားသည်။
ဗုံခရာကောင်းကင်ဘုံအရှင်က သူ့နောက်မှ လိုက်ပါသွားလေသည်။
***
ဝူတန့်မယ်တော်က ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်ကို ရှာဖွေနေသည့်သတင်းက အမတခုံရုံးနှင့် အနောက်ဘက်သူတော်စင်ဘုံတို့ကိုသာမက အဖြူရောင်ကြာပန်းသုခဘုံတွင်လည်း ပွက်လောရိုက်သွားခဲ့သည်ပင်.
သုခဘုံနယ်မြေ ၊ ရတနာတောင်တစ်တောင်ထက်ရှိ ဗုဒ္ဓနယ်မြေတစ်ခုတွင အဖြူရောင်ကြာပန်းတစ်ပွင့် ပွင့်လန်းလျှက် ရှိသည်။
ထိုကြာပလ္လင်ထက်တွင် လူတစ်ယောက် တင်ပျဉ်ခွေထိုင်လျှက်ရှိသည်။ သူက ဘုန်းကြီးဝတ်ရုံကို ခြုံလွှမ်းထားသော်လည်း ဆံပင်ရှည်များထားရှိလေသည်။
သူက ဆံပင်ရှည်များကို စည်းနှောင်ထားခြင်းမရှိလေရာ ဆံနွယ်များက ကျောပြင်ထက် ကျဆင်းလျှက်ရှိ၏။
သူက မျက်လုံးများကိုမှိတ်ထားပြီး သူ၏ဒူးခေါင်းထက်တွင် ဓားအိမ်ထဲထည့်ထားသည့်ဓားရှည်တစ်လက် တင်ထားသည်။
ထို့အချိန် ကောင်းကင်ယံထက်မှ အဖြူရောင်ကြာပန်းတစ်ပွင့် ဆင်းသက်လာပြီး ဤဗုဒ္ဓနယ်မြေအတွင်းသို့ ဝင်ရောက်လာ၏။
ဆံပင်ရှည်နှင့်လူက မျက်လုံးများဖွင့်လိုက်ပြီး ရောက်လာသူကို ကြည့်ရှုလိုက်သည်။
ရောက်ရှိလာသည့် အဖြူရောင်ကြာပန်းထက်တွင် ဗုဒ္ဓတစ်ပါး ထိုင်နေလေသည်။
“ကိုးဝိညာဉ်မဟာသူတော်စင်က ဘာပြောလိုက်လဲ”