အငြင်းပွားမှုများ စုဝေးရာ
Vol. 108 Ch. 1518
အခန်း (၁၅၁၈) အငြင်းပွားမှုများ စုဝေးရာ
လက်ရှိအချိန်တွင် ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်၏စီးတော်ဖြစ်သော ကိုးဝိညာည်မဟာသူတော်စင် အသက်ရှင်နေသေးကြောင်းကို လူအချို့သာလျှင် သိရှိကြသည်။
သူက အတိတ်တစ်ချိန်က ရန်သူများစွာကိုအောင်နိုင်ခဲ့သည့် နတ်မိစ္ဆာမျိုးနွယ်တစ်ယောက်အဖြစ် ထင်ရှားကျော်ကြားသည်။
သို့သော် သူက အေးအေးဆေးဆေးနေရခြင်းကိုနှစ်သက်ပြီး အလွန်တရာ ထင်ရှားကျော်ကြားလိုခြင်း မရှိပေ။
ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်က သူ့ကို နှိမ်နင်းလိုက်ပြီးနောက် သူနှင့်ပတ်သက်သည့်သတင်းအချက်အလက်များ လောကတွင် ထွက်ပေါ်လာခြင်း မရှိတော့ပေ။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် သူက ချန်စန်းရှင်းဟိုင်တွင် တစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံနေသဖြင့် သူ အသက်ရှင်နေသေးသည်လား သေပြီလားဆိုသည်ကို ပြင်ပလောကမှ မသိရှိကြပေ။
သို့သော် ဤကိစ္စက ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင် ၊ လူသားအမြုတေကျောက်တုံးအပိုင်းအစတို့နှင့် သက်ဆိုင်နေလေရာ ကိုးဝိညာဉ်မဟာသူတော်စင် အသံထွက်လာစေရန် ဖိအားပေးခံခဲ့ရသည်။
ဤမဟာနတ်မိစ္ဆာသည် အသက်ရှင်နေဆဲဖြစ်ပြီး ချန်စန်းရှင်းဟိုင်တွင်ပင် နေထိုင်နေသည်ဆိုသော သတင်းသည် လူအများကို စိုးရိမ်ထိတ်လန့်စေခဲ့သည်။
တကယ်တော့ သူက နတ်မိစ္ဆာမျိုးနွယ်များမှ ထိပ်တန်းမဟာသူတော်စင် တစ်ယောက် ဖြစ်သည်။
သူက အမြန်နှုန်းတွင်အားနည်းသော်လည်း အခြားစွမ်းရည်များတွင်တော့ တိမ်မြူမိုင်တစ်သောင်းဂဠုန်ထက်ပင် ကျော်လွန်သွားသည်။
အခြားအင်အားစုများနှင့် နှိုင်းယှဉ်လျှင် အဖြူရောင်ကြာပန်းသုခဘုံက နတ်မိစ္ဆာမျိုးနွယ်များနှင့် ပိုမိုနီးကပ်စွာဆက်နွယ်နေပြီး သူတို့ကြားတွင် နက်ရှိုင်းသည့် သတင်းအချက်အလက်ကွန်ရက်ရှိသည်။
ထို့ကြောင့် အဖြူရောင်ကြာပန်းသုခဘုံရှိ ဗုဒ္ဓအဆင့်ထိပ်တန်းပုဂ္ဂိုလ်များက ကိုးဝိညာဉ်မဟာသူတော်စင်၏ တည်ရှိမှုကို သိရှိထားသည်။
ထို့ကြောင့် ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်နှင့် သက်ဆိုင်သော မေးခွန်းများနှင့်ပတ်သက်၍ အဖြူရောင်ကြာပန်းသုခဘုံက ကိုးဝိညာဉ်မဟာသူတော်စင်ကို မေးမြန်းရန် ဆုံးဖြတ်ခဲ့သည်။
ရောက်ရှိလာသောဗုဒ္ဓက ဆံပင်ရှည်နှင့် ဘုန်းကြီးဝတ်ရုံခြုံထားသည့်လူကိုကြည့်ရင်း လက်အုပ်ချီဂါရဝပြုလိုက်သည်။
ထို့နောက် သူက တည်ငြိမ်သည့်မျက်နှာထားဖြင့်...
“ကိုးဝိညာဉ်မဟာသူတော်စင်က မဟာကပ်ဘေးကြီးဖြစ်ပွားတဲ့အချိန်တုန်းက သူက အရှေ့ထွန်းတောက်နန်းတော်မှာ မရှိခဲ့ဘူးလို့ ပြောပါတယ် ၊ သူပြန်ရောက်လာတော့ အဆုံးမဲ့ပျော်ရွှင်ခြင်း အရှေ့ထွန်းတောက်ကမ္ဘာက ပျက်ဆီးသွားပြီး အရှေ့ထွန်းတောက်ဧကရာဇ်ရဲ့ သတင်းအချက်အလက်တွေကိုလည်း မသိရတော့ဘူးတဲ့ ၊ ဒါကြောင့် ဝူတန့်မယ်တော်က အရှေ့ထွန်းတောက်ကောင်းကင်ဘုံအရှင်ကိုရှာဖွေနေတာ မှန်ကန်မှု ရှိ မရှိ သူ မသိနိုင်ဘူးလို့ ဆိုပါတယ်”
အဆုံးမဲ့ပျော်ရွှင်ခြင်း အရှေ့ထွန်းတောက်ကမ္ဘာနှင့် အရှေ့ထွန်းတောက်နန်းတော်ဆိုသည်က အရှေ့ထွန်းတောက်ဧကရာဇ်ဟု ခေါ်ဆိုသည့် ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင် နေထိုင်ရာနေရာ ဖြစ်၏။
ဆံရှည်ကိုယ်တော်က သက်ပြင်းချရင်း...
“စိတ်မကောင်းစရာက သူပိုင်ဆိုင်ထားတဲ့ လူသားအမြုတေကျောက်တုံးအပိုင်းအစ ပျောက်သွားတာပဲ”
သူက ဆက်ပြောလိုက်သည်။
“မဟာကပ်ဘေးမတိုင်ခင်က အရှေ့ထွန်းတောက်ဧကရာဇ်က လူသားအမြုတေကျောက်တုံးအပိုင်းအစကို ကိုးဝိညာဉ်မဟာသူတော်စင်ဆီကနေ ယူသွားခဲ့တယ် ၊ ကြည့်ရတာ... သူ တစ်ခုခုရျာတွေ့သွားတာလား ဒါမှမဟုတ် သူ့ရဲ့တည်ရှိမှုကြောင့် တစ်ခုခုဖြစ်သွားတာလား မပြောတတ်ဘူး”
အဖြူရောင်ကြာပန်းထက်တွင် ထိုင်နေသောဗုဒ္ဓက...
“ဘာပဲဖြစ်ဖြစ် ဒီလူသားအမြုတေကျောက်တုံးအပိုင်းအစက ကျုပ်တို့ အဖြူရောင်ကြာပန်းသုခဘုံအတွက် မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတစ်ခုပဲ ၊ အဲဒီလိုပဲ အမတခုံရုံးက လောဘတက်နေတဲ့ လူယုတ်မာတွေကလည်း အဲဒီပစ္စည်းကို လိုချင်နေကြတယ် ၊ ဒီတော့ ကျုပ်တို့အနေနဲ့ သူတို့ကို လျစ်လျူရှုလို့မရဘူး”
ဆံရှည်ကိုယ်တော်က...
“သူတို့ကိုကိုင်တွယ်ဖို့ မင်းတို့အားလုံးရှိနေတာပဲလေ ၊ အမတခုံရုံးက လူယုတ်မာတွေ အထိနာထားကြတာ ၊ သူတို့တွေ ဘာပြဿနာမှ ရှာနိုင်မှာမဟုတ်ဘူး”
သူက ဆက်ပြောလိုက်သည်။
“သူတို့အစား အနောက်ဘက်သူတော်စင်ဘုံနဲ့ လမ်းမှန်တာအိုဝါဒကို ပိုပြီးအာရုံစိုက်ဖို့လိုတယ် ၊ မဟာမာရူယိ လှုပ်ရှားနိုင်ခြေက နည်းပါးပေမယ့် မစိုးရိမ်လို့တော့ မရဘူး”
အဖြူရောင်ကြာပန်းထက်တွင်ထိုင်နေသော ဗုဒ္ဓက...
“မင်းရဲ့ရည်ရွယ်ချက်က ဘာများလဲ တာအိုရောင်းရင်း’ချွိ’”
အဖြူရောင်ကြာပန်းသုခဘုံမှ မျိုးဆက်သစ်ဓားဗုဒ္ဓက ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်သူဖြစ်ပြီး ဘွဲ့အမည်များကို အရေးမစိုက်လှပေ။
လမ်းခြောက်သွယ်ဓားသခင်ဟု လူသိများသည့် ‘ချွိစု’ က...
“ငါ့ဆရာလည်း သေမျိုးလူသားလောကထဲထွက်ခွာသွားတာ နှစ်တွေအရမ်းကြာနေပြီ ၊ ငါ သူ့ကိုလိုက်ရှာရမယ်”
သူက ဆက်ပြောလိုက်သည်။
“အမတခုံရုံးက လူယုတ်မာတွေနဲ့စစ်ပွဲက အခုတော့ နည်းနည်းအေးဆေးသွားပြီ ၊ ဒီတော့ ငါက ဆရာနဲ့ဆက်သွယ်ဖို့ကြိုးစားကြည့်ချင်တယ် ၊ သူ အကြောင်းပြန်မယ်လို့ မျှော်လင့်ပါတယ်”
ထိုစကားကိုကြားတော့ အဖြူရောင်ကြာပန်းထက်မှဗုဒ္ဓက...
“ဓားဗုဒ္ဓသာ အဖြူရောင်ကြာပန်းသုခဘုံကို ပြန်ရောက်လာရင် အကောင်းဆုံးပဲပေါ့”
ချွိစုက အေးဆေးစွာဖြင့်...
“ဆရာက တာအိုကျင့်ကြံသူတွေရဲ့ စန့်ချင်ဓား(၄)လက်ကို လိုက်လံရှာဖွေနေတာ ၊ ဒါပေမဲ့ သတင်းအချက်အလက် အနည်းငယ်ကိုပဲ ပြန်ပို့နိုင်ခဲ့တယ် ၊ နောက်တော့ သူ့ဆီက ဘာသတင်းမှမကြားရဘဲ အဆက်အသွယ်ပြတ်သွားတယ် ၊ ဒီတော့ ငါ အမြဲတမ်း စိတ်မအေးနိုင်ဖြစ်နေရတယ်”
အဖြူရောင်ကြာပန်းထက်မှ ဗုဒ္ဓက...
"နတ်ဘုရားသုတ်သင်အစီအရင်ကို ဖွဲ့စည်းဖို့အတွက် လိုအပ်တဲ့ဓား(၄)လက်အနက် တစ်လက်က ဒီလောက်မှာ ပြန်ထွက်ပေါ်လာခဲ့ပြီ ၊ ပြီးတော့... နတ်ဘုရားသုတ်သင်အစီအရင်ရောပဲ...”
သူက ချွိစုကို ကြည့်လိုက်ရင်း...
“လမ်းမှန်တာအိုကျင့်ကြံသူတွေ နှစ်ပေါင်းများစွာ ဆုတ်ယုတ်နေခဲ့တာ ၊ အခုတော့ အရှိန်အဟုန်နဲ့ တိုးတက်လာနေတယ် ၊ သူတို့က အမတခုံရုံးက လူယုတ်မာတွေကို ဒုက္ခပေးနေတယ်ဆိုပေမယ့် ငါတို့အတွက်လည်း ခြိမ်းခြောက်မှုဖြစ်လာနိုင်တယ် ၊ သူတို့လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်”
သူက ဆက်ပြောလိုက်သည်။
“နတ်ဘုရားသုတ်သင်ဓား(၄)လက်ထဲက တစ်လက်ကိုရအောင်ယူနိုင်ရင်တောင် အတော်အဆင်ပြေနေပြီ ၊ မင်းရဲ့ဆရာလည်း ဒီအကြောင်းကို သေချာပေါက် စဉ်းစားထားလောက်ပါပြီ”
ချွိစုက...
“အဲဒါက ကံတရားအပေါ်မှာလည်း မူတည်တယ်”
ထို့နောက် သူက အဖြူရောင်ကြာပန်းထက်တွင် မတ်တတ်ရပ်လိုက်ပြီး လက်ထဲတွင် ဓားရှက်တစ်လက်ကို ဆွဲလိုက်လိုက်သည်။
“ကျန်တဲ့ကိစ္စတွေကိုတော့ မင်းတို့လက်ထဲပဲ အပ်ခဲ့တော့မယ်”
အဖြူရောင်ကြာပန်းထက်မှ ဗုဒ္ဓက...
“သတိထားပါ တာအိုရောင်းရင်း’ချွိ’ ၊ စိတ်လှုပ်ရှားပြီး အလျင်စလို မလုပ်မိပါစေနဲ့ ၊ ကျုပ်တို့ အဆက်အသွယ်ရှိနေသရွေ့ မင်းဘေးကင်းဖို့ အာမခံပါတယ်”
ဤကိစ္စက ဓားဗုဒ္ဓနှင့် ပတ်သက်နေသဖြင့် သူက စကားပြောဆိုရာတွင် အထူးသတိထားနေခဲ့သည်။
တကယ်တော့ သူက ချွိစုအား သတိထားရန်နှင့် သူ့ဆရာနည်းတူ အဆက်အသွယ်ပြတ်သွားပြီး ဘာဖြစ်မှန်းမသိသည့်ဘဝသို့ ရောက်မသွားစေရန် သတိပေးလိုက်ခြင်းပင်။
ချွိစုက အနည်းငယ်ပြုံးလိုက်ရင်း...
“တကယ်လို့ မင်းတို့တွေ ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်ကို ရှာတွေ့ခဲ့ရင်... ဒါမှမဟုတ် လူသားအမြုတေကျောက်တုံးအပိုင်းအစကို ရှာတွေ့ခဲ့ရင်... အမတခုံရုံးက လူယုတ်မာတွေနဲ့ သေချာပေါက် ထပ်ပြီးစစ်မီးလောင်မှာပဲ ၊ အဲဒီအချိန်ကျ ငါ သေချာပေါက်ပြန်လာပြီး အဖြူရောင်ကြာပန်းသုခဘုံအတွက် နည်းနည်းပါးပါးပဲဖြစ်ဖြစ် ကူညီပေးပါ့မယ်”
“နည်းနည်းပါးပါး” ဟု ဆိုသော်လည်း သူ၏စွမ်းအားက မည်သည့်နည်းနှင့်မှ နည်းပါးမည်မဟုတ်ပေ။
လမ်းမှန်တာအိုဝါဒ ၊ လမ်းမှန်ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် တူညီသောကျင့်ကြံခြင်းအဆင့်တွင် ယှဉ်ပြိုင်စစ်ထိုးနိုင်သည့် ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူ ထိပ်တန်းပုဂ္ဂိုလ်အနည်းငယ်ထဲမှတစ်ဦးဖြစ်သော “လမ်းခြောက်သွယ်ဓားသခင်” ချွိစုသည် သေချာပေါက် အဖြူရောင်ကြာပန်းသုခဘုံအတွက် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ပင်။
သာမန်အခြေအနေတွင် တူညီသောကျင့်ကြံခြင်းအဆင့်ရှိသည့် အခြားသောပြင်ပတာအိုကျင့်ကြံသူများ ၊ ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူမျာအးနေဖြင့် သူနှင့် ယှဉ်ပြိုင်ရန် ခဲယဉ်းလှသည်။
သူက မဟာအိပ်မက်ကောင်းကင်ဘုံအရှင်ထက် ပိုစောပြီး ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် အဖြူရောင်ကြာပန်းသုခဘုံမှ အမတခုံရုံးကို ဖိနှိပ်ထိုးစစ်ဆင်သည့်အခါ ကြီးမားသည့်အင်အားကို ပေးစွမ်းနိုင်ခဲ့သည်။
နောက်ပိုင်း ချွိစု ဒဏ်ရာရသွားသောကြောင့်သာ အမတခုံရုံးက အနည်းငယ်သက်သာရာ ရခဲ့ခြင်းပင်။
သို့သော် သူတို့ သက်ပြင်းမချနိုင်ခင်မှာပင် စောမင်ကျန့် ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းသွားပြီး မထင်မှတ်စွာပင် အမတခုံရုံးကို ပြင်းထန်စွာထိုးနှက်ခဲ့သည်။
အဖြူရောင်ကြာပန်းသုခဘုံက ထိုအခြေအနေကို အခွင့်ကောင်းယူကာ နောက်ထပ်စစ်ပွဲတစ်ခုဖန်တီးခဲ့သဖြင့် အမတခုံရုံးမှာ နယ်မြေများဆုံးရှုံးကာ ဆုတ်ခွာခဲ့ရသည်။
နောက်ဆုံး မဟာအိပ်မက်ကောင်းကင်ဘုံအရှင်’ဝမ်ကွမ်း’ ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ဒဏ်ရာမှပြန်လည်သက်သာလာသော ချွိစုနှင့် ယှဉ်ပြိုင်နိုင်သည့်အနေအထားသို့ ရောက်ရှိလာခဲ့၏။
သို့သော် ရန်ကျောက်ကဲက အမတခုံရုံးတွင် လာရောက်သောင်းကျန်းပြန်ရာ အမတခုံရုံးမှာ အကြီးအကျယ် ထပ်မံထိုးနှက်ခံခဲ့ရပြန်သည်။
မဟာမာရူယိ မမျှော်လင့်ဘဲ ပေါ်ထွက်လာခြင်းကြောင့်သာ အမတခုံရုံးက ၎င်းတို့၏ နယ်မြေများကို ထိန်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံရှိ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များ၏ အရေအတွက်သည် တူညီလျက်ရှိပြီး အချင်းချင်းလက်ရည်ညီစွာ ထိန်းထားနိုင်ကြပေသည်။
သို့ပေသိ အောက်ပိုင်းအဆင့် ကျင့်ကြံသူများကိုကြည့်လျှင်တော့ အဖြူရောင်ကြာပန်းသုခဘုံက အားသာချက်ကို ဆက်လက်ထိန်းထားနိုင်ဆဲပင်။
သို့ရာတွင် အဖြူရောင်ကြာပန်းသုခဘုံအနေဖြင့် ချွိစုကဲ့သို့ ထိပ်တန်းတန်ခိုးစွမ်းအားရှင်တစ်ယောက်ကို ဆုံးရှုံးခဲ့ပါက သူတို့ဘက်မှ အားသာချက်မရှိသလောက် ဖြစ်သွားနိုင်သည်။
အဖြူရောင်ကြာပန်းထက်မှဗုဒ္ဓက လက်အုပ်ချီလျှက် ဘုရားစာရွတ်ဆိုလိုက်ပြီး...
“အော်မီတော်ဖော်... အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ၊ မင်း အောင်ပွဲနဲ့အတူ ပြန်လာမှာကို ငါတို့ စောင့်မျှော်နေပါ့မယ်”
ထို့နောက် ထိုဗုဒ္ဓက အဖြူရောင်ကြာပန်းကိုစီးနှင်လျှက် ချွိစု၏ ဗုဒ္ဓနယ်မြေမှ နှုတ်ဆက်ထွက်ခွာသွားလေသည်။
ချွိစုက ထိုဗုဒ္ဓအားလိုက်ပို့ပြီးနောက် သူ၏ဓားကိုကိုင်ဆွဲလျှက် အဖြူရောင်ကြာပန်းထက်တွင် မတ်တတ်ရပ်လျှက်ပင် နေရာမှ ထွက်ခွာသွားလေသည်။
သူက အဖြူရောင်ကြာပန်းသုခဘုံမှ ထွက်ခွာသွားပြီး အဆုံးမရှိသော ပြင်ပဗလာနယ်ထဲသို့ ဝင်ရောက်သွားသည်။
***
တစ်ချိန်တည်းမှာပင်...
ထျန်းစူးစကြာဝဠာမှာတော့ ရန်ကျောက်ကဲတို့သည်လည်း ထွက်ခွာရန် အသင့်ပြင်ဆင်နေကြသည်။
လုန်ရှင်းချွမ်က...
“ငါတို့လှည့်စားလိုက်တာက သက်ရောက်မှုရှိတယ်ထင်တယ် ၊ ဒါပေမဲ့ ဒီလှည့်စားမှုက လူအနည်းငယ်ကိုပဲ ထိခိုက်စေလိမ့်မယ်”
ရန်ကျောက်ကဲက ပြုံးလျှက်...
“အလုပ်ဖြစ်ရင် ပြီးတာပါပဲ”
လုန်ရှင်းချွမ်က ခေါင်းညိတ်ရင်း...
“ဂရုစိုက်ကြ...”
ကောင်းချင်းရွှမ်က...
“စိတ်မပူပါနဲ့...”
ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်းနှင့် ရန်တိတို့ကလည်း ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
ထို့နောက် သူတို့အုပ်စု ထျန်းစူးစကြာဝဠာမှထွက်ခွာကာ အဆုံးမရှိသော ပြင်ပဗလာနယ်အတွင်း ဝင်ရောက်သွားကြလေသည်။