[က]ရက်စက်ခြင်း
Vol. 1 Ch. 20
မျက်လုံးများသည် လူ့ခန္ဓာကိုယ်တွင် အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်သည်။ အာရုံကြော အများစုသည် မျက်လုံးတွင်း တည်ရှိနေကြသည်။ မျက်လုံးများသာ ထိခိုက်သွားရင် မည်သည့် သိုင်းသမားမဆို တိုက်ခိုက်မှု စွမ်းရည် လျော့ကျသွားမည်သာ သို့မဟုတ် တိုက်ခိုက်အား လုံးဝဆုံးရှုံး သွားမည်သာ ဖြစ်သည်။
သွေးသည် ပူ၍ စေးပျစ်သည်။ သွေးသာ မျက်လုံးထဲ ဝင်သွားရင် မျက်လုံးတွင်းရှိ အာရုံကြောများကို ထိခိုက်စေပြီး တစ်ဖက်လူကို ယာယီမျက်လုံး ကွယ်သွားစေမည် ဖြစ်သည်။
ကျန်းရီသည် ပါးစပ်မှ သွေးတစ်ပွက် အန်ချလိုက်ပြီး သူ့ကိုယ်ကို လေထဲတွင်ပင် ထိန်းလိုက်သည်။ ထို့နောက် အတွင်းအားများကို လက်တစ်ဖက်တွင် စုစည်းလိုက်ပြီး ကျန်းရုဟူ၏ ခေါင်းထက်သို့ ထိုးချလိုက်သည်။ အခွင့်အရေးကောင်း တစ်ခုရလာသည်ကို မဖမ်းဆုပ်ရင် သူသည် လူမိုက်ဖြစ်သွားမည်သာ။
"ပုံရိပ်ယောင် လက်သီး …"
သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့လက်သည် ပုံရိပ်သုံးခု အဖြစ်ခွဲထွက်သွားကာ ကျန်းရုဟူ၏ ဦးခေါင်း၊ ဘယ်ဘက်ပခုံးနှင့် ဝမ်းဗိုက်ဆီသို့ ကျရောက်သွားခဲ့သည်။
ကျန်းရုဟူသည် ခေတ္တမျက်လုံး ကွယ်သွားသည့်အပြင် သူ့မျက်လုံးတွင်းမှ ငရဲမီးကဲ့သို့ အလွန်ပူပြင်း စူးရှသော နာကျင်မှုကို ခံစားနေခဲ့ရသည်။ ပုံရိပ်ယောင်လက်သီး တိုက်ခိုက်မှုကို ကြားလိုက်သော အခါတွင် သူ့စိတ်နှလုံးသည် လုံးဝခြောက်ခြား သွားခဲ့ရသည်။ ခုခံရန်တွေးလိုက် မိသောအခါတွင် သူ့ဦးခေါင်းကို ကာကွယ်ရန်အလို့ငှာ လက်နှစ်ဖက်ကို ခေါင်းအထက် လေထဲသို့ ကူကယ်ရာမဲ့စွာ ဝှေ့ယမ်းလိုက်သည်။
အနက်ရောင် အလင်းတစ်ခုသည် ကျန်းရီ၏ မျက်လုံးတွင် တောက်ပနေသည်ဖြစ်ရာ ကျန်းရုဟူ၏ လှုပ်ရှားမှုတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။ သို့ဖြစ်ရာ သူသည် တိုက်ခိုက်မှုလာရာ လမ်းကြောင်းကို အလွယ်တကူ သုံးသပ်နိုင်လေသည်။ အနက်ရောင် အတွင်းအားများ ပေါင်းစပ်ထားသော သူ၏ လက်သီးသည် ကျန်းရုဟူ၏ ဘယ်ဘက်ပခုံးထက်သို့ တန်းတန်းမတ်မတ် ကျရောက်သွားခဲ့သည်။
"ဗုန်း …"
ကျန်းရုဟူ၏ ဝဝတုတ်တုတ် ခန္ဓာကိုယ်ကြီးသည် နောက်သို့ လွင့်ထွက်သွားခဲ့သည်။ သူသည် ပေသုံးဆယ်၊ လေးဆယ်ခန့်မြင့်သော သစ်ပင်တစ်ခုနှင့် ပြင်းပြင်းထန်ထန် ရိုက်မိကာ မြေပြင်ပေါ်သို့ ပြုတ်ကျပြီး အခေါက်ပေါင်းများစွာ လိမ့်သွားခဲ့သည်။
"ဝှစ် …"
ကျန်းရီသည် မြေပြင်ပေါ်သို့ ကျသည်နှင့် ကျားသစ် တစ်ကောင်ကဲ့သို့ ခုန်ထကာ ကျန်းရုဟူဆီ ချက်ချင်း ပြေးသွားခဲ့သည်။
သူသည် ယနေ့တွင် အနောက်ဘက် တောင်ကုန်းမှ ထိခိုက်ဒဏ်ရာ မရဘဲ ပြန်နိုင်လိုပါရင် တိုက်ခိုက်နိုင်စွမ်း မဲ့နေသော ကျန်းရုဟူကို အနိုင်ယူရုံမှတစ်ပါး အခြားမရှိချေ။ သူသည် အနက်ရောင် အတွင်းအား သုံးမျှင်ကို အသုံးပြုပြီး ဖြစ်သည်။ အနက်ရောင် အတွင်းအားသာ လုံးဝကုန်ဆုံး သွားခဲ့ပါရင် အဆုံးတွင် သူသေအောင် အရိုက်ခံရမည် ဖြစ်သည်။
"ဝှစ် …"
ပတ်ဝန်းကျင်ရှိ လူများသည် စတင် တုံ့ပြန်လာကြသည်။ လူတိုင်းသည် သူရှိရာဘက်သို့ ပြေးလာ နေကြသည်။ သူတို့၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ဖုံးလွှမ်းနေခဲ့သည်။ သူတို့ ခေါင်းဆောင် ချောင်းမြောင်း တိုက်ခိုက်ခံရသည်ကို သူတို့ ဘယ်လိုများ လက်ပိုက်ကြည့်နေ ရဲပါမည်လဲ … ကျန်းရုဟူသာ ဤအဖြစ်အပျက်ပြီးနောက် သူတို့ ငြိမ်နေခဲ့သည်ကို သိသော် သေချာပေါက် ပြင်းထန်သော အကျိုးဆက်ကို ခံစားရပေမည်။
"မြွေကြာပွတ် ခြေထောက် …"
ကျန်းရီ၏ ခြေထောက်နှစ်ချောင်းသည် ကျန်းရုဟူ၏ ခန္ဓာကိုယ်ကို အဆိပ်ပြင်းသော မြွေနှစ်ကောင်ကဲ့သို့ ကျရောက်သွားပြီး မိုးရွာသလို အဆတ်မပြတ် ကန်နေခဲ့လိုက်သည်။ သူ့ကန်ချက်များသည် ကျန်းရုဟူ၏ ခြေလက် လေးချောင်းလုံးပေါ်သို့ ကျရောက်နေခဲ့သည်။ အနက်ရောင် အတွင်းအားကို အသုံးမပြု ထားသော်လည်း သူ့ကန်ချက်များတွင် အဆုံးမဲ့သော အားတို့ ပါဝင်နေသည်။ ကန်ချက်များ၏ နောက်တွင် ကျန်းရုဟူ၏ လက်နှစ်ချောင်းနှင့် ခြေထောက်တစ်ချောင်း ကျိုးသွားသဖြင့် အရိုးကျိုးသံများ ကပ်ပါလာခဲ့သည်။ ကျန်းရုဟူသည် ပြင်းထန်လှသော နာကျင်မှုကြောင့် စိတ်ပျက်ဖွယ် ကျယ်ကျယ်လောင်လောင် အော်ဟစ်နေခဲ့သည်။
"ကျန်းရီ ... ရဲတင်းလိုက်တာ …"
"ကျန်းရီ ... မင်းဘယ်လိုများ အစ်ကိုဟူရဲ့ ခြေထောက်တွေ၊ လက်တွေကို ချိုးဝံ့တာလဲ ... မင်းတော့ သေပြီ"
"ခွေးသား ... ဒါကို မြည်းကြည့်"
ကျန်းရီသည် ရဲတင်းစွာ မျက်နှာပြောင်တိုက်၍ ပြုမူနေသည်ကို မြင်ရရင် ပြေးလာသော လူအုပ်သည် ဒေါသထွက်လာကြသည်။ သူတို့သည် အတွင်းအားများကို လက်ဆီသို့ ပို့ဆောင်လိုက်ကာ ကျန်းရီထံ သုံးဖက်သုံးတန်မှ ပြေးလာကြသည်။
"ဟမ့် …"
ကျန်းရီ တစ်ချက် အေးစက်စက် ရယ်မောခဲ့လိုက်သည်။ သူသည် ကျရောက်လာသော တိုက်ခိုက်မှုများကို မရှောင်ရှား ရုံသာမက ကျန်းရုဟူ၏ မကျိုးသေးသော ခြေထောက် တစ်ချောင်းကို လက်များသုံးကာ ဆွဲယူလိုက်သည်။ သူသည် ရောက်ရှိလာသော လူအုပ်ဆီ ဦးတည်၍ ကျန်းရုဟူ၏ ဝဝတုတ်တုတ် ခန္ဓာကိုယ်ကြီးကို ဝှေ့ယမ်းလိုက်သည်။
"အိုး ... မဟုတ်ဘူး"
"နောက်ပြန်ဆုတ် ... အစ်ကိုဟူကို နာကျင်အောင် မလုပ်နဲ့"
"ခွေးသားလေး ... မင်း ... အစ်ကိုဟူကို လက်နက်တစ်ခုလိုမျိုး အသုံးချရဲတယ်လား …"
လူအုပ်တစ်ခုလုံးသည် ကျန်းရီမှ ကျန်းရုဟူကို ဝှေ့ယမ်းနေသော မြင်ကွင်းကို မြင်ရသောအခါ မျက်နှာများ ဖြူဖျော့သွားသည်အထိ ကြောက်ရွံ့သွားကြသည်။ သူတို့သည် တိုက်ခိုက်မှုကို ချက်ချင်း ရုတ်သိမ်းသွားကြပြီး နောက်သို့ အလျင်အမြန် ဆုတ်သွားကြသည်။ သူတို့သည် ကျန်းရီ ဒဏ်ရာတစ်ခုမျှ မပေးနိုင်ခင်မှာပင် ကျန်းရုဟူကို ထိခိုက်သွားမည်ကို ကြောက်ရွံ့နေကြသည်။
"ကျန်းရီ ... မင်းမှာ သတ္တိရှိရင် ငါ့ကို အခုသတ်လိုက် … မဟုတ်ရင် ငါမင်းကို အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်မယ်လို့ ကျိန်ဆိုတယ် …"
ကျန်းရုဟူသည် မျက်လုံးနှစ်လုံးစလုံး ကန်းနေခဲ့ပြီး ခြေလက်များသည်လည်း အကန်ခံရ၍ ကျိုးနေခဲ့ပြီ ဖြစ်သည်။ အဆိုးဆုံးသည်ကား ယခုအချိန်တွင် ကျန်းရီသည် သူ့ကိုယ်ကို သစ်သားတုတ် တစ်ချောင်းလို ဝှေ့ယမ်းနေ၍ လေထဲတွင် မျောလွင့်နေခြင်းနှင့် သူ့ဦးခေါင်းသည် မြေပြင်နှင့် တိုက်မိနေသည်မှာ ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်းကို ခံစားနေခဲ့ရသည်။ သူသည် ချက်ချင်းပင် ဒေါသတကြီး ဖြစ်လာရသည်။ ဤဂိုဏ်းသား လူငယ်များ ရှေ့တွင် သူသနားစရာ အခြေအနေနှင့် ဆက်နေရပါရင် ဘယ်လိုများ သူတို့၏ ခေါင်းဆောင် ဆက်လုပ်ရ ပါမည်နည်း …
"ဘန်း …"
ကျန်းရုဟူ၏ အော်ဟစ် သတိပေးသံကို ကြားသော်လည်း ကျန်းရီ၏ မျက်နှာအမူအရာ မြူတစ်မှုန်စာမျှပင် ပြောင်းလဲမသွားဘဲ အေးစက်နေမြဲပင် ... သူသည် ကျန်းရုဟူကို စက်ဝိုင်းတစ်ခုလို အညှာအတာမဲ့ ဝှေ့ယမ်းပြီးနောက် မြေပြင်ပေါ်သို့ ရက်ရက်စက်စက် ပစ်ချလိုက်သည်။
"မင်းတို့ အစ်ကိုဟူကို မသေစေချင်ရင် ... အခုချက်ချင်း နောက်ဆုတ်ကြ …"
ကျန်းရီ၏ အကြည့်သည် လူအုပ်ထံတွင်သာ စူးစိုက်နေခဲ့သည်။ သွေးစတချို့သည် သူ့နှုတ်ခမ်းထောင့်တွင် ကပ်ညိနေဆဲသာ ဖြစ်သည်။ သူ၏ ကျောက်တုံးလို အေးစက်နေသော မျက်နှာ အမူအရာနှင့် လိုက်ဖက်စွာပင် သူ့တွင် အခြားသူများကို လွှမ်းမိုးနိုင်သော စွမ်းအားတစ်မျိုး ခိုအောင်းနေခဲ့သည်။
"ကျန်းရီ ... အစ်ကိုဟူကို လွှတ်ပေးစမ်း ...ငါတို့မင်းကို သေအောင်ရိုက်မယ် …"
"ဟုတ်တယ် ... ကျန်းရီ ... အခုချက်ချင်း အစ်ကိုဟူကို လွှတ်ပေး ... အစ်ကိုဟူသာ တစ်ခုခု ဖြစ်သွားရင် ... မင်းအတွက် သေခြင်းဆိုတဲ့ အဆုံးသတ်ပဲ ရှိတယ် …"
"ကျန်းရီ ... အစ်ကိုဟူကို မြန်မြန် လွှတ်ပေးစမ်း …"
လူအုပ်သည် မည်သို့များ ပြန်ဆုတ်ရဲပါမည်နည်း … ကျန်းရုဟူသာ ထွက်ပြေးရန် ကြိုးစားခဲ့သူများကို သိရှိသွားရင် အကျိုးဆက်သည်ကား မတွေးဝံ့စရာပေ။ ထို့ပြင် ကျန်းရုဟူ၏ ဆိုးရွားလှသော သွေးပျက်ဖွယ် အခြေအနေကို မြင်နေရသော လူအုပ်သည် တုန်လှုပ်ခြောက်ခြားမှု အချို့ကို ခံစားနေခဲ့ရသည်။ လူတိုင်းသည် အမှားတစ်ခု လုပ်မိမည်ကို ကြောက်ရွံ့ နေခဲ့ကြသည်။
"ဘန်း …"
ကျန်းရုဟူ၏ ခန္ဓာကိုယ် လေထဲရှိ အနေအထားမှ မြေပြင်နှင့်တစ်ဖန် ရိုက်မိသွားပြန်သည်ကို မြင်ရသောအခါ လူအုပ်သည် တုန်လှုပ်သွားခဲ့သည်။ ခြောက်ခြားဖွယ် အပြုံးတစ်ခုသည် ကျန်းရီ၏ နှုတ်ခမ်းထောင့်တွင် ဖြစ်တည်လာခဲ့ပြီး လူအုပ်ကို အေးစက်စွာ အော်ပြောလိုက်သည်။
လူအုပ်သည် ကြမ်းတမ်းသော နေရာတစ်ခုတွင် ကျောက်တုံးတစ်ခုနှင့် ပိတ်မိနေသကဲ့သို့ ဆွံအနေကြသည်။ ကျန်းရီ၏ လက်များသည် တစ်ဖန်လှုပ်ရှား သွားကြပြန်သည်။ ကျန်းရုဟူ၏ ခန္ဓာကိုယ်သည် လေထဲသို့ မြောက်တက်သွားပြီး မြေပြင်နှင့် တစ်ဖန် ပြင်းထန်စွာ ရိုက်မိပြန်သည်။
"ဆုတ်မှာလား ... မဆုတ်ဘူးလား …"
"ဆုတ်မှာလား ... မဆုတ်ဘူးလား …"
"ဆုတ်မှာလား ... မဆုတ်ဘူးလား …"
သူသည် မရပ်မနား ဆက်တိုက်မေးနေခဲ့သည်။ တစ်ကြိမ်မေးလိုက်တိုင်း ကျန်းရုဟူ၏ ခန္ဓာကိုယ်ကို လေထဲတွင် ဝှေ့လိုက်ပြီး မြေကြီးနှင့် တစ်ခါ ရိုက်နေခဲ့သည်။ မြေပြင်နှင့် အကြိမ်ရေ အတော်များများ ရိုက်မိသောကြောင့် ကျန်းရုဟူ၏ ခေါင်းမှ သွေးများပင် ထွက်လာခဲ့ပြီဖြစ်သည်။ သူသည် အော်သံများ ရပ်တန့်ကာ မေ့မျောသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ပါးစပ်နှင့် နှာခေါင်းမှ အသက်ရှူသံ မျှင်းမျှင်းသာ ရှိတော့သည်။
"နောက်ဆုတ်ကြ ... ငါတို့ နောက်ဆုတ်မယ် …"
လူတိုင်းသည် ကျန်းရီ၏ ရက်စက်မှုကို ဆွံ့အ၍ ကြောက်လန့်နေကြသည်။ သူတို့သည် ကျန်းရီမှ ကျန်းရုဟူအား အမှန်ပင် မြေပြင်နှင့် ထပ်တလဲလဲ ရိုက်နေသည်ကိုလည်း ကြောက်လန့် တုန်လှုပ်နေကြသည်။
တစ်ဦးနောက်ဆုတ် သွားသောအခါ လူတိုင်းသည်လည်း အလျင်အမြန် နောက်ဆုတ်သွားကြသည်။ သူတို့အားလုံးသည် ကျန်းရီ၏ မျက်နှာပေါ်ရှိ ယုတ်မာသော အမူအရာကို ကြောက်လန့်တကြား စိုက်ကြည့်နေခဲ့ကြရင်း အတွေးတစ်ခုသည် ခေါင်းထဲ ဝင်လာခဲ့သည် ... ဤသူသည် အမှန်တကယ်ရော အနိုင်ကျင့်ရ လွယ်သည့် အသုံးမကျတဲ့ကောင် ကျန်းရီဟုတ်ပါ့မလား … သူဘယ်တုန်းက ဒေါသကို ဒီလို ရက်ရက်စက်စက် ပေါက်ကွဲ တတ်သွားတာလဲ …
"ဟူး..."
လူအားလုံး နောက်ဆုတ်သွားသည်ကို မြင်မှ ကျန်းရီ သက်ပြင်းတစ်ချက် ချနိုင်ခဲ့သည်။ နောက်ဆုံးတော့ သူဘေးကင်းသွားခဲ့ပြီ ဖြစ်သည်။ မဟုတ်ရင် သူသည် ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုကို ခံရပြီး လွတ်မြောက်ရန် ခက်ခဲသွားခဲ့မည် ဖြစ်သည်။
မြေပြင်ပေါ်တွင် တွားသွားနေသည့် ပိုးမွှားတစ်ကောင်လို လဲလျောင်းနေသော ကျန်းရုဟူကို ကြည့်ရင်း ကျန်းရီ၏ မျက်ဝန်းထဲမှ ပျော်မြူးခြင်းများ ယှက်သန်းသွားခဲ့သည်။ ကျန်းဂိုဏ်းတွင် နှစ်ပေါင်းများစွာ အနိုင်ကျင့် ခံရပြီးနောက် ယနေ့တွင် လူအများ၏ အာရုံစိုက်မှုများ ပြန်လည်ရရှိခဲ့ပြီ ဖြစ်သည်။
သူသည် ကျန်းရုဟူ၏ ခြေထောက်ကို လွှတ်ပေးခဲ့လိုက်သည်။ သူသည် ခြေထောက်တစ်ချောင်းကို မြှောက်လိုက်ပြီး ကျန်းရုဟူ၏ ဒဏ်ရာရထားသော ခေါင်းကို နင်းလိုက်သည်။ သူသည် ကိုယ်ကို ကျန်းရုဟူနှင့် နီးအောင် ရွှေ့လိုက်ကာ အသံနှိမ့်၍ ပြောခဲ့လိုက်သည်...
"ကျန်းရုဟူ ... ငါအခု သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်းရဲ့ ဘယ်အဆင့်ကို ရောက်နေလဲ မင်းသိလား ... ငါ ကျန်းရုယင်းကို လက်သီးတစ်ချက်နဲ့ လွင့်ထွက်သွားအောင် ဘယ်လို လုပ်နိုင်တာလဲ မင်းသိလား ... ငါမင်းကို ဘာလို့ ဒီလို လုပ်ရဲတာလဲရော မင်းသိလား ... မင်းကို အမှန်အတိုင်း ပြောရရင် ငါက ပိုပြီး ကြီးမားတဲ့အရာတွေ လုပ်ပြချင်လို့ .... ငါကျန်းရီက အသုံးမကျတဲ့ကောင် မဟုတ်ဘူးဆိုတာ ကျန်းဂိုဏ်း တစ်ခုလုံး သိသွားစေဖို့ ... မင်းတို့တွေသာ အသုံးမကျတဲ့ အမှိုက်တွေ"
သူ့တွင် ပြောစရာစကား ဆုံးသွားသည်နှင့် ကျန်းရီသည် ခြေထောက်တစ်ဖက်ကို မြှောက်လိုက်ပြီး ကျန်းရုဟူ၏ အကောင်းအတိုင်း ကျန်နေသေးသော ခြေထောက် တစ်ချောင်းကို နင်းချေလိုက်သည်။ ထို့နောက် အခြားခြေတစ်ချောင်းကို သုံးကာ ကျန်းရုဟူ၏ ကိုယ်ကြီးကို လွင့်ထွက်သွားအောင် ကန်ထုတ်လိုက်သည်။ သူသည် ကျန်ရှိနေသော ရန်သူများကို တစ်ချက် ဝေ့ကြည့်လိုက်ကာ ခပ်ကျယ်ကျယ် အော်ပြောလိုက်သည် ....
"ကျန်းရုဟူကို နာရီပိုင်းအတွင်း ကုပေးလိုက်ကြ ... မဟုတ်ရင် မင်းတို့ သေချာပေါက် သေရမယ် .... မယုံမရှိနဲ့ ... မင်းတို့အားလုံး ကောင်းကောင်း မှတ်ထားကြ ... နောင်တစ်ခါ မင်းတို့ သခင်လေး ငါ့ကို လမ်းမှာ တွေ့ရင် အရိုအသေ ပေးရမယ် ... မင်းတို့ သခင်လေးငါ့ကို ရန်စရဲရင် ဒီနေ့ ကျန်းရုဟူနဲ့ ကံကြမ္မာ အတူတူပဲ"
စကားဆုံးသည်နှင့် ကျန်းရီသည် အလွန်လျင်မြန်လှသော အရှိန်နှင့် အနောက်ဘက် တောင်ကုန်းမှ ပြေးဆင်းသွားခဲ့သည်။ ကျန်းရီသည် အမြန်နှုန်း အမြင့်ဆုံးနှင့် ပြေးဆင်း သွားသည်ဖြစ်ရာ မည်သူမျှ သူ့ကို မရပ်တန့် စေရဲကြပေ။ သူတို့သည် ကျန်းရီ၏ နောက်ကျောကို ခြောက်ခြားစွာ ငေးကြည့်နေခဲ့ကြသည်။
"မင်းတို့ ဘာကို စောင့်နေကြတာလဲ ... ငါနဲ့ အစ်ကိုဟူကို ဆေးကုဖို့ တောင်အောက်ကို မြန်မြန်သယ်စမ်း … အစ်ကိုဟူသာ သေသွားရင် မင်းတို့ သူနဲ့အတူတူ သေရမယ် ... အ ... ကျန်းရီ ... ငါမင်းကို တစ်စစီ လုပ်ပစ်မယ် ..."
အော်သံသည် ကျန်းရီ ပထမဆုံး ခြေထောက်ကျိုးအောင် လုပ်ခဲ့သော ကျန်းရုယင်းထံမှ ထွက်လာခဲ့သည်။
"မြန်မြန် အစ်ကိုဟူကို သယ်ကြ"
"ဂိုဏ်းရဲ့ စည်းကမ်း ထိန်းသိမ်းရေးဆောင်ကို မြန်မြန်သွားပြီး သတင်းပို့စမ်း … အခြေအနေကို ခေါင်းဆောင် ကြီးကြပ်ရေးမှူးကို တင်ပြလိုက်"
အလျင်လိုနေသော လူအုပ်သည် ကျန်းရုဟူနှင့် ကျန်းရုယင်းကို သယ်ကာ အနောက်ဘက် တောင်ကုန်းမှ ထွက်ခွာလာကြသည်။ သူတို့သည် ကြုံတွေ့ခဲ့ရသော မမျှတမှုကို မကျေမနပ် ဖြစ်နေခဲ့ကြသည်။ တစ်ယောက်စီတိုင်းသည် ကြမ်းတမ်း ရက်စက်သော မကောင်းဆိုးဝါး၊ အပြစ်သား ကျန်းရီကို တစ်စစီ လုပ်ပစ်ချင်နေကြသည်။
"ဟင့်အင်း .... ငါ့အဖေကို ... မ ... မပြောနဲ့ ... ဂိုဏ်းကိုလည်း ... မပြောနဲ့"
သူတို့သည် တောင်ပေါ်မှ ဆင်းနေစဉ်မှာပင် ကျန်းရုဟူသည် သတိပြန်လည် လာခဲ့ပြီး လေသံတိုးတိုး ထွက်လာခဲ့သည်။ သူသည် ခက်ခဲစွာ ပါးစပ်ဟကာ ပြောလာခဲ့သည် ....
"ကျန်းရီရဲ့ ... စွမ်းအားတွေက ... အရမ်း … မြန်မြန် ... တိုးတက်လာတယ် ... ငါ့အစ်ကို ... ပြန်လာဖို့ကို ... မ ... မစောင့်နိုင်တော့ဘူး ... ငါ ... ကျန်းရီကို ... သေစေချင်တယ် ... လူတိုင်း ... ဒီနေ့ ဖြစ်သမျှကို ... ကောင်းကောင်း ... မှတ်ထားကြ ... ငါတို့ 'မာ' မိသားစုနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ... ပြောရမယ် ..."
ကျန်းရုဟူ၏ အသံသည် ပြတ်တောင်း ပြတ်တောင်းဖြင့် ထွက်ပေါ်လာခဲ့သည်။ သူတို့ အားလုံး မသက်မသာ ခံစားနေခဲ့ရသည် .... ကျန်းရုဟူသည် ဦးနှောက်ကိုပါ ထိခိုက်သွားလေ သည်လား ... သူကိုယ်တိုင် သေမတတ် အရိုက်ခံထား ရသည်ကိုတောင် ကျန်းရီ၏ လျှို့ဝှက်ချက်ကို ကူညီပြီး လျှို့ဝှက်ထားချင် သေးသည်။
"ဟုတ်ပြီ ... ဟုတ်ပြီ ... ငါတို့ ဂိုဏ်းကို မပြောတော့ပါဘူး"
ကျန်းရုယင်းသည် ဆက်စပ်၍ ပြောလာခဲ့သည်။ သူ့လေသံသည် တည်ငြိမ်နေခဲ့သည် ...
"ကျန်းရီရဲ့ စွမ်းအားတွေက အရမ်းတိုးတက်လာတယ် ... ဂိုဏ်းကသာ ဒါကို သိသွားရင် သူ့ကို အပြစ်မပေးရုံတင် မကဘူး ... သူ့ကို အဖိုးတန်လေးလို မြင်လာကြလိမ့်မယ် ... သူ့ကို ဂိုဏ်းရဲ့ အဓိက သခင်လေး နေရာကိုတောင် ပေးဦးမှာ အဲဒီ အခါကျရင် ငါတို့က သူအနိုင်ကျင့်တာကို တစ်သက်လုံး ခံရလိမ့်မယ် ... လက်စားချေဖို့ အခွင့်အရေးလည်း ရှိမှာ မဟုတ်တော့ဘူး"
"အစ်ကိုဟူ ပြောတာ မှန်တယ် ... ငါတို့ ဒီကိစ္စ တစ်ခုလုံးကို လျှို့ဝှက်လိုက်ပြီးမာ မိသားစုက ကောင်တွေနဲ့ ရန်ဖြစ်တာလို့ ပြောလိုက်မယ် ... ဒါက ပထမဆုံးမှ မဟုတ်တော့တာ ... ငါတို့ သိုင်းခန်းမကနေ အစ်ကိုလုံ ပြန်လာတာကို စောင့်ပြီး ကျန်းရီကို အပြစ်ပေးခိုင်းမယ် …"
"အစ်ကိုလုံ …"
အားလုံးသည် တိတ်တဆိတ် ခေါင်းငြိမ့်လိုက်ကြသည်။ ထို 'အစ်ကိုလုံ' ဟူသည်ကား ကျန်းရုဟူ၏ အစ်ကိုကြီး ကျန်းရုလုံပင် ဖြစ်သည်။ သူသည် ကျန်းဂိုဏ်း၏ လူငယ်မျိုးဆက်တွင် ဒုတိယ အရည်အချင်း အရှိဆုံး သူဖြစ်ပြီး သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့်တွင် ရှိသူလည်း ဖြစ်သည်။ မကြာခင်က သူသည် သိုင်းခန်းမကို ကျန်းဟန်ရွှေနှင့် အတူသွားခဲ့သည်။ သူသာ ပြန်ရောက်လာပြီး ကျန်းရုဟူသည် ကြောက်စရာ အခြေအနေထိ ရောက်အောင် အရိုက်ခံရသည်ကို သိပါရင် ဒေါသတကြီးဖြင့် ကျန်းရီကို ရိုက်ပေလိမ့်မည်။ လူအုပ်သည် အသံတိုးတိုးနှင့် ဆွေးနွေးနေကြရင်း အနောက်ဘက် တောင်ကုန်းမှ ထွက်ခွာသွားကာ ကျန်းအိမ်တော် ပင်မခြံဝင်းဆီ ဝင်ရောက်သွားကြသည်။
"ဟူး..."
အနောက်ဘက် တောင်ကုန်းမှ လူများ ပျောက်ကွယ်သွားသည်နှင့် အားနည်းနေသော ပုံရိပ်တစ်ခုသည် တောင်၏ အလယ်နေရာလောက်မှ ထွက်လာခဲ့သည်။ သူသည် ကျန်းရုယင်း၏ စကားများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး စိတ်သက်သာရာ ရသွားခဲ့သည်။
သူ ကျန်းရုဟူ အနားကို ကပ်၍ ပြောခဲ့သော နောက်ဆုံးစကားသည် တကယ်ကို ထိရောက်ပေသည် …
ကျန်းရီသည် မူလတည်းက သူ၏ အစွမ်းများ အလျင်အမြန် တိုးတက်လာသည်ကို ဂိုဏ်းအား အသိပေးလိုခြင်း မရှိခဲ့ပေ။ သူ့စိတ်ထဲတွင် ပေါ်လာသော ထိုအမည်မဲ့ ကျင့်စဉ်သည် နက်မှောင်နေသော အတွင်းအားကိုသာ ထုတ်ပေးသည်။ အရေးကြီးဆုံးကား အကြီးအကဲလျှို၏ သေဆုံးမှုသည် သူ့အား ခြောက်လှန့် နေပေသည်။ ဂိုဏ်းသည် သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးလာမည်ကို သူကြောက်ပါသည်။ မည်သို့ပင်ဖြစ်စေ အဂ္ဂိရတ် ပညာရှင်သည် ဂိုဏ်းတွင် အတော်လေး အရေးပါပေသည်။
"ကျန်းရုလုံ ... ဟမ့် ... ငါ့မှာ အရှားပါးဆုံး အရာက အချိန်ဖြစ်နေတာပဲ ... ကျန်းရုလုံသာ သိုင်းခန်းမမှာ နှစ်လ၊ သုံးလလောက် ကြာကြာနေမယ်ဆိုရင် ဒီသခင်လေးနဲ့ တိုက်တဲ့ အချိန်ကျရင် ဘယ်သူနိုင်မယ် ရှုံးမယ်ဆိုတာ ပြောရခက်သွားပြီ"
ကျန်းရီသည် သူ၏ အနက်ရောင် အတွင်းအားသည် ရှေးဟောင်း အက္ခရာများကို မြန်မြန်ဖယ်ရှားနိုင်ပြီး ချိတ်ပိတ်သင်္ကေတကို ဖျက်ဆီးနိုင်သောအခါ သူ၏ ကျင့်ကြံနှုန်းများ အဆများစွာ တိုးတက်လာမည်ကို တွေးရင်း သူ့မျက်လုံးများ တဖျတ်ဖျတ် လက်လာခဲ့သည်။ သူသည် ခဏမျှ အနားယူပြီးနောက် အနောက်ဘက် တောင်ကုန်းမှ အမြန်ထွက်ခွာ လာခဲ့လိုက်သည်။
*****