← Chapters

သားရဲ အမြုတေများအား အစိမ်းလိုက် မျိုချသူ

Vol. 9 Ch. 113

သားရဲ အမြုတေများအား အစိမ်းလိုက် မျိုချသူ

Vol. 9 Ch. 113

လသည့် ခြံဝင်း၏ အထက်တွင် တောက်ပလျက် ရှိနေသည်။ ကြာကန်သည်လည်း အနည်းငယ် လှိုင်းထနေသည်။

အန်လင်းသည် ခြံဝင်းအတွင်းရှိ ခုံပေါ်တွင် ထိုင်ကာဖြင့် သူ့အရှေ့ရှိ စားပွဲပေါ်တွင် တင်ထားသည့် သားရဲ အမြုတေများအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေလေသည်။

စုရှောင်လန်၊ ရွှမ်ယွမ်ချန်၊ စုချန်းရန်နှင့် ရှောင်ချိုးတို့သည် သူ့အား စိုးရိမ်စွာဖြင့် ကြည့်နေကြလေသည်။

ရွှမ်ယွမ်ချန်သည် လေးနက်စွာဖြင့် တိုက်တွန်းလာသည်။ “ကျောင်းသား အန်လင်းရေ ... မင်းမှာ ပြဿနာ တစ်ခုခု ရှိနေတယ်ဆိုရင် မင်းရဲ့ အတန်း ခေါင်းဆောင်ကို ပြောလို့ရတယ်နော် ... ဘာလို့များ ခက်ခဲအောင် လုပ်နေ ရတာလဲကွာ ... ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ အရာတွေကို လုပ်ဖို့ မလိုပါဘူး ...”

စုချန်းရန်၏ လှပသည့် မျက်နှာလေးတွင် ထိတ်လန့်မှုများ အထင်းသားပင်။ “ကျောင်းသား အန်လင်းရေ ... အရာအားလုံးက စားလို့မရဘူးလေ ... ဒါတွေက သားရဲအမြုတေ တွေလေ ... နင်စားလိုက်မယ် ဆိုရင် ပေါက်ကွဲ သွားလိမ့်မယ် ...”

ရွှေမျက်လုံး မျောက်မင်းသည် သူ၏ခေါင်းအား ကုတ်ကာဖြင့် “လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ငါတို့ သားရဲလောကရဲ့ အစားကြူးတဲ့သူ မဟာကြံ့မင်းက မတော်တဆနဲ့ သားရဲအမြုတေ တစ်ခုကို မျိုချခဲ့မိတယ် ... ကြမ်းကြုတ် မိကျောင်း နဂါးကို စားသောက် နေတုန်းကပေါ့ ...”

“အဲဒီနောက်မှာတော့ ... ဘုန်းခနဲ ဆိုပြီး မြည်လာခဲ့တယ် ...”

“အခုဆိုရင် သူ့အုတ်ဂူပေါ်က မြက်တွေက ၁၀ ပေလောက်တောင် ရှည်နေပြီလေ ...”

အန်လင်း“…”

သူ့အား ကာကွယ်ပေးရန် အတွက် ထိုလူများအား ခေါ်ထားခြင်း ဖြစ်သည်။ သူ့အနေဖြင့် မည်သည့် အတွက်ကြောင့် ပိုပို၍ စိတ်လှုပ်ရှား လာရသနည်း။

စုရှောင်လန်သည် လက်နှစ်ဖက်ကို တင်ပါးတွင် ထောက်ကာဖြင့် သူမ၏ လှပသည့် မျက်နှာလေးမှာ မည်းမှောင် နေလေသည်။

သူမ၏ခေါင်းပေါ်တွင် အနီရောင် ပန်းပွင့်ငယ်လေး ရှိနေသည်။

ရှောင်းဟုန်သည် ငိုရှိုက်လျက် ရှိသည်။ သူမ၏ သခင်ဖြစ်သူ သေဆုံးသွားမည် ဆိုလျှင် သူမအနေဖြင့် ရှင်သန်နိုင်စွမ်း ရှိတော့မည် မဟုတ်ပါ။ သူမအနေဖြင့် ဘာများ လုပ်နိုင်မည်နည်း။ သခင်ဖြစ်သူသည် သေခြင်းတရားအား မကြာခဏ ထိတွေ့နေသူ ဖြစ်သည်။

အန်လင်းသည် အမြဲတမ်း ထိုသို့သာ ဖြစ်သည်။ သူသည် အခြားသူများအား အကြောင်းပြချက် ပေးခြင်း မရှိဘဲနှင့် မကြာခဏဆိုသလို ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ရာ များအား ပြုလုပ်လေ့ရှိသည်။

“ကောင်းပြီလေ ... နင်လုပ်ချင်တာသာ လုပ် ... ဒီတစ်ကြိမ်ကော နင်သေမလား ဆိုပြီး ငါစောင့်ကြည့်နေမယ် ...” စုရှောင်လန်သည် ခါးသက်စွာဖြင့် ပြောသည်။

သူမသည် အန်လင်း၏ အဓိပ္ပာယ်မရှိသည့် အပြုအမူများအား ဒေါသထွက်နေပြီ ဖြစ်သည်။

အန်လင်းသည် ခြောက်ကပ်စွာဖြင့် ပြုံးလိုက်သည်။ စားပွဲပေါ်ရှိ သားရဲ အမြုတေများအား ကြည့်နေရင်း သူ၏အမူအရာသည် တဖြည်းဖြည်း ခိုင်မာတည်ကြည် လာသည်။

စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ တက်လှမ်းရန် အတွက် စနစ်မှ သူ့အား ပေးအပ်လာသည့် တာဝန်မှာ ဤကဲ့သို့ ဖြစ်သည်။

စိတ်ဝိညာဉ် ပျိုးထောင်ခြင်း ကနဦးအဆင့် _ လိုအပ်ချက် : သားရဲအမြုတေ ၃ ခု စားပါ။

စနစ်၏ စားပါဟူသည်မှာ အစိမ်းလိုက် မျိုချခိုင်းခြင်းကို ဆိုလိုသည်။

ဖြည်းညင်းစွာဖြင့် ဝါးနေမည် ဆိုပါက သားရဲ အမြုတေများတွင် ပါဝင်သည့် စွမ်းအားများသည် ပေါက်ကွဲသဖြင့် သူသေဆုံးသွားမည် ဖြစ်သည်။

ဤကဲ့သို့ တွေးမိပြီး နောက်တွင် အန်လင်းသည် အဖြူရောင် သားရဲအမြုတေအား ကောက်ယူလိုက်သည်။

ယင်းသည် သူသတ်ဖြတ်ခဲ့သည့် ဝက်ဝံဖြူကြီးထံမှ ထုတ်ယူထားသော သားရဲအမြုတေ ဖြစ်သည်။ ဤအမြုတေသည် ဆွဲဆောင်မှုရှိပြီး အေးစက်သည့် အငွေ့အသက်များ ထုတ်လွှတ် နေလေသည်။

ကြည့်ကောင်းခြင်းနှင့် အေးစက်သည့် လေထုသည် ပေါက်ကွဲမှုနှင့် ဆက်နွှယ်မှုရှိပုံ မပေါ်ချေ။

ထိုအကြောင့်ကြောင့် ဝက်ဝံဖြူကြီး၏ သားရဲ အမြုတေသည် အန်လင်း၏ ပထမဆုံးသော ရွေးချယ်မှု ဖြစ်လာရခြင်းပင်။

သူသည် သားရဲအမြုတေအား လက်မ၊ လက်ညှိုးဖြင့် ညှပ်ယူလိုက်သည်။ အေးမြကာ လတ်ဆတ်သည့် ခံစားချက်သည် သူ၏လက်ချောင်းများကို ဖြတ်သန်းဝင်ရောက် လာသည်။

သားရဲအမြုတေအား စပျစ်သီး တစ်လုံးကဲ့သို့ ကြည့်နေရင်း အန်လင်းသည် တံတွေးမျိုချ မိတော့သည်။

မသေချာသည့် ခံစားချက်များသည့် သူ့စိတ်အတွင်းသို့ ဝင်ရောက် လာကြသည်။ ဒီလိုမျိုးကြီး မျိုချလိုက်ရင် အသက်ရှူကျပ် သွားမှာလား ...

လူသုံးယောက်၊ ပန်းတစ်ပွင့်နှင့် သားရဲတစ်ကောင်သည် အန်လင်းအား ကြည့်ကာဖြင့် အလွန် စိတ်လှုပ်ရှားလျက် ရှိနေကြသည်။ သူတို့သည်ပင်လျှင် တံတွေး မျိုချမိကြသည်။

အန်လင်းသည် သားရဲအမြုတေအား ပါးစပ်အတွင်း ပစ်သွင်းလိုက်သည်။ သို့သော်လည်း မျိုချနိုင်သည့် သတ္တိမရှိပေ။ ထို့ကြောင့် ပါးစပ်ထဲတွင် ဗုံးတစ်ခု ငုံထားသလိုမျိုး ခံစားနေရသည်။

သူ၏ ပါးစပ် တစ်လျှောက်တွင် အေးစက်သည် အာရုံခံစားမှုများ ပျံ့နှံ့လာပြီး ဝိရောဓိများ ဖြစ်ပေါ်လာသည်။

အဲဒီတော့ ငါသေသွားမယ် ဆိုရင် ငါ့ရဲ့မျက်လုံးက ပွင့်နေမှာလား ပိတ်သွားမှာလား ...

အန်လင်းသည် သူ၏အတွေးများအား အဝေးသို့ ပို့လိုက်ပြီးနောက် သားရဲအမြုတေ တစ်ခုလုံးအား မျိုချလိုက်သည်။

ဝုန်း …

အေးစက်မှုသည့် အရိုးတွင်းသို့ တိုင်အောင် ပျံ့နှံ့လာသည့် အတွက် စတင်တုန်ရီ လာသည်။

ခံစားချက်မှာ…

အံ့ဩဖို့ ကောင်းလွန်းသည် ....။

အန်လင်း၏ အလွန်အမင်း ပျော်ရွှင်နေသည့် ပုံစံအား မြင်ရသည့် အခါတွင် လူတိုင်း၏ မျက်လုံးများ ပြူးလာတော့သည်။

“သားရဲ အမြုတေတွေက တကယ်ကြီး အရသာ ရှိတာလား ...” စုချန်းရန်သည် နူးညံ့သည့် အသံဖြင့် ပြောလာပြီး သူမ၏ မျက်နှာတွင် သိလိုစိတ်များ ထင်ဟပ် နေလေသည်။

“သခင်ရေ ... အဆင်ပြေရဲ့လားရှင် ... ဝမ်းဗိုက်က ပူလာတာမျိုးဘာညာ မရှိဘူးလား ...” ရှောင်းဟုန်သည် ကြင်နာစွာဖြင့် မေးလိုက်သည်။

အန်လင်းသည် ထိုအခါမှသာ အသိပြန်လည် ကပ်လာသည်။ ဝမ်းဗိုက်အား ပွတ်လိုက်ပြီးနောက် “ဘာအရသာမှ မရှိဘူးရယ် ... ငါ့ခန္ဓာကိုယ် အေးစိမ့်မှုကြောင့် နည်းနည်း ထုံလာတယ် ... ခံစားရတာတော့ ဒီလောက်ပဲ ...”

သားရဲ အမြုတေအား မျိုချ လိုက်သော်လည်း အထွေအထူး ပြဿနာများ မပေါ်ပေါ်သဖြင့် ဒုတိယတစ်ခုအား ကောက်ယူလိုက်သည်။

ဤအမြုတေသည် ရွှေရောင် တောက်ပနေပြီး မီးလျှံနတ်ဆိုး ကျားထံမှ စုချန်းရန် ထုတ်ယူလာခြင်း ဖြစ်သည်။

သားရဲ အမြုတေအား လက်ချောင်းများဖြင့် ညှပ်ယူလိုက်ပြီး နောက်တွင် လက်ချောင်းထိပ်များ နွေးထွေးလာသည်။ အတော်လေး သိသာသည်မှာ ဤသားရဲ အမြုတေသည် မီးတောက် အမျိုးအစားထက် ပိုပေလိမ့်မည်။

အများကြီး စဉ်းစား မနေတော့ဘဲနှင့် သားရဲအမြုတေအား ပါးစပ်အတွင်း ပစ်ထည့်ကာ မျိုချလိုက်သည်။

ရုတ်တရက် ဆိုသလိုပင် ခန္ဓာကိုယ် တစ်ခုလုံးအား နွေးထွေးမှုများ ပျံ့နှံ့လာပြီး နူးညံ့ကာ အပန်းဖြေထား သကဲ့သို့ ဖြစ်လာသည်။

“အား …”

အန်လင်းသည် အလွန် သက်သောင့်သက်သာ ဖြစ်နေရသည်ကြောင့် ညည်းညူမိ လိုက်သည်။

အန်လင်း၏ အလွန်အမင်း ပျော်ရွှင်နေသည့် ပုံစံအား မြင်ရသည့်အခါတွင် လူတိုင်း၏ မျက်လုံးများ ပြူးလာတော့သည်။

“သားရဲ အမြုတေတွေက တကယ်ကြီး အရသာရှိတာလား ...” စုချန်းရန်သည် နူးညံ့သည့် အသံဖြင့် မေးလိုက်ပြန်သည်။ သူမ၏ အပြာရောင်  မျက်ဝန်းများသည် အနည်းငယ်ပင် တောက်ပ နေသေးသည်။

“သခင်ရေ ... သခင်ရေ ... အဆင်ပြေရဲ့လားရှင် ... ဝမ်းဗိုက်က ပူလာတာမျိုး ဘာညာ မရှိဘူးလား ...” ရှောင်းဟုန်သည် စိုးရိမ်သည့် အမူအရာများ ကပ်ငြိလျက် ရှိနေသည်။

အန်လင်းသည် ဘာမျှမဖြစ်သည့် အကြောင်းအား ပြောရန်ပြင် နေစဉ်မှာပင် သားရဲအမြုတေ နှစ်ခုသည် သူ၏ဝမ်းဗိုက်အတွင်းတွင် ရုတ်တရက် တိုက်မိကြသည်။

အေးစက်မှုနှင့် နွေးထွေးမှုနှစ်ခု ရင်ဆိုင် တိုက်မိပြီးနေက် ရောသွားကြသည်။ နွေးထွေးမှုနှင့် အေးစက်မှုသည် ခန္ဓာကိုယ်အတွင်း ပျံ့နှံ့လာပြီးနောက် အစွန်းနှစ်ဖက် အကြား ဆွဲယူနေသကဲ့သို့ ဖြစ်လာစေသည်။

အန်လင်း၏ မျက်လုံးများ ပြူးလာသည်။ သူ၏နှာခေါင်းမှနေ အဖြူရောင် မီးခိုးများ ထွက်ပေါ်လာသည်။

ဝှစ် ...

လူသားသုံးယောက်နှင့် သားရဲတစ်ကောင်သည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ လျှပ်တစ်ပြက်မှာပင် သူတို့ အားလုံးသည် အနောက်သို့ မီတာပေါင်းများစွာ ခုန်ဆုတ် လိုက်ကြသည်။

“အေ့ …”

အန်လင်းသည် ကျယ်လောင်စွာ လေချဉ်တက် လိုက်ပြီးနောက် မျက်နှာတွင် ကျေနပ်မှု အပြည့်နှင့် ဖြစ်သည်။

“အစ်ကိုကြီးအန် ... အဆင်ပြေရဲ့လား ဘယ်လိုခံစားရလဲ ...” သူ၏ မျက်လုံးကြီးများကို ပြူးကာဖြင့် ရှောင်ချိုးသည် စိုးရိမ်စွာဖြင့် မေးလာသည်။

အန်လင်းသည် သူတို့အား ကြည့်လိုက်သည်။

“အဆင်ပြေပါတယ် ... မင်းတို့အားလုံးရဲ့ အပြုအမူက ငါ့ကို နက်နက်နဲနဲ နာကျင်သွားစေရုံ လေးပါပဲ ...”

စုရှောင်လန် : “…”

ရွှမ်ယွမ်ချန် : “…”

***

အန်လင်းသည် နောက်ဆုံးသော သားရဲအမြုတေအား ကောက်ယူလိုက်သည်။ ရွှမ်ယွမ်ချန် ပေးခဲ့သည့် ခေါင်းသုံးလုံး မြွေပျံ၏ သားရဲအမြုတေ ဖြစ်သည်။

ဤသားရဲ အမြုတေသည် ကျောက်စိမ်းကဲ့သို့ စိမ်းဖန့်နေပြီး အဆိပ်နှင့်ပင် တူနေသေးသည်။ ထို့အတွက်ကြောင့် နောက်ဆုံးတွင် ထားရခြင်း ဖြစ်သည်။

“စိတ်မပူပါနဲ့ ... ငါနင့်အတွက် ဖြေဆေး ပြင်ပေးထားတယ် ...” စုရှောင်လန်သည် အလေးအနက် ပြောလာသည်။

အန်လင်းသည် စုရှောင်လန်အား ကျေးဇူးတင်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက်တွင် လျှာထုတ်ပြီးနောက် သားရဲအမြုတေအား လျက်ကြည့်လိုက်သည်။

“အရသာက ဘယ်လိုလဲ ...” စုချန်းရန်သည် သိလိုစိတ်ဖြင့် မေးလိုက်သည်။

အန်လင်းသည် ရှုံ့မဲ့ လာတော့သည်။ စုချန်းရန်သည် သားရဲအမြုတေ၏ အရသာ ကောင်း၊ မကောင်းအား သိရှိရန် ဆုံးဖြတ်ထားပုံ ရသည်။

သူမအား မကောင်းသို့ လမ်းကြောင်းသို့ သွားရောက်ခြင်းမှ ရှောင်ရှားနိုင်ရန် အတွက် အန်လင်းသည် လေးနက်စွာဖြင့် ဖြေလိုက်သည်။ “ဘာအရသာမှ မရှိဘူး ... အရသာ တစ်မျိုးမျိုး ရှိမယ်ဆိုရင် ရွံ့ဖို့ကောင်းတဲ့ အရသာပဲ ဖြစ်လိမ့်မယ် ...”

စုချန်းရန်သည် လက်မခံ လိုသေးပေ။ “ဒါပေမဲ့လင်း နင့်ကြည့်ရတာ အရမ်းကို ကျေနပ်နေပုံ ရတယ်လေ ...”

အန်လင်း : “…”

ဘာပြော နိုင်တော့မည်နည်း။ သူမအား အပူနှင့် အအေးစီးကြောင်းသည် ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသဖြင့် အလွန်အမင်း ကျေနပ်ရခြင်းဟု ပြောရမည်လား။

မည်သည့် အခါတွင်မျှ ထိုကဲ့သို့ ပြောကြားလိမ့်မည် မဟုတ်ပေ။

သက်ပြင်းချလိုက်မိသည်။ စကားပြောခြင်းအား ရပ်လိုက်ပြီးနောက် ခေါင်းသုံးလုံး မြွေပျံ၏ သားရဲအမြုတေအား ပါးစပ်အတွင်းသို့ ထည့်လိုက်သည်။

ယခုသည် အံ့ဩဖွယ် ဖြစ်ရပ်များအား မျက်မြင် ကြုံတွေ့ရမည့် အချိန်ဖြစ်သည်။

သူ၏ခန္ဓာကိုယ် အတွင်းသို့ နောက်ဆုံး သားရဲအမြုတေ ဝင်ရောက်သွားသည့် အခါတွင် မည်သည့် ခံစားချက်မျှ မခံစားရပေ။ သို့သော်လည်း အလွန် စိတ်လှုပ်ရှား နေမိသည်။

စိတ်ဝိညာဉ်အမြစ် ဖြစ်တည်လာကာ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက် တော့မည်လား။

ခံစားချက်တစ်ခု ရလိုက်လေပြီ။ သားရဲအမြုတေ ၃ခုတို့သည် သူ၏ဝမ်းဗိုက် အတွင်း စုဆုံသွားပြီးနောက် တစ်ခုနှင့်တစ်ခု တိုက်ခိုက်လျက် ရှိကြသည်ဟု ခံစားမိသည်။

“ကျောင်းသား အန်လင်းရေ ... ဘာတွေဖြစ် နေတာလဲ ...”

နောက်ဆုံး သားရဲအမြုတေအား မျိုချလိုက်ပြီးနောက် အန်လင်းထံတွင် မည်သည့် တုံ့ပြန်မှုမှ ထွက်ပေါ် မလာသည်ကို မြင်ရသည့်အခါ ရွှမ်ယွမ်ချန်သည် မေးမြန်း လိုက်တော့သည်။

အန်လင်းသည် မည်သည့် အတွက်ကြောင့် သားရဲအမြုတေ ၃ ခုအား မျိုချလိုက်သည်ကို စုရှောင်လန် အနေဖြင့် နားမလည်နိုင်ပါ။ ယခုအခါတွင် သူသည် သားရဲ အမြုတေများအား မျိုချလိုက်ပြီ ဖြစ်သဖြင့် သူမသည် အန်လင်းအား စူးစမ်းမှု အပြည့်ဖြင့် ကြည့်နေပြီး မည်သည့်အရာများ ဖြစ်ပေါ်လာမည်ကို စိတ်အား ထက်သန်စွာဖြင့် စောင့်မျှော်လျက် ရှိနေလေသည်။

“တင်း တောင် ... သတ်မှတ်ချက် ပြည့်မီပါပြီ။ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်အား စတင် ချိုးဖျက်ပါပြီ”

အန်လင်း၏ စိတ်ထဲတွင် ရုတ်တရက်ဆိုသလို စနစ်၏အသံ ထွက်ပေါ်လာသည်ကြောင့် သူ့မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

လျှို့ဝှက်စွမ်းအား တချို့၏ ဆွဲငင်မှုကြောင့် သူ၏ဝမ်းဗိုက် အောက်ခြေတွင် ရှိနေသည့် သားရဲအမြုတေ ၃ ခုသည် ဖြည်းညင်းစွာဖြင့် အတူတကွ ပေါင်းစပ်လာသည်။

သူ၏ တန်ထျန်အတွင်းရှိ ကျောက်စိမ်းဂူသည် စတင် တုန်လှုပ်လာသည်။ ပေါင်းစပ် သွားပြီးသည့်နောက်တွင် သားရဲအမြုတေ ၃ ခုသည် စတင်၍ အရည်ပျော် လာပြီးနောက် ကျောက်စိမ်းဂူ အတွင်းသို့ ဖြည်းညင်းစွာ စိမ့်ဝင်နေလေသည်။

ကောင်းကင်တွင် ချီစွမ်းအင်များသည် ရုတ်တရက်ဆိုသလို ပြင်းထန်စွာဖြင့် စုဝေး လာကြသည်။

ကောင်းကင်တွင် ကြီးမားလှသည့် ချီစွမ်းအင် ဝဲကြီးတစ်ခု ဖြစ်ပေါ်လာပြီး ပေ ၁၀၀ ပတ်လည်အား လွှမ်းခြုံ ဖုံးလွှမ်းထားသည်။

ချီစွမ်းအင်များသည် ကြီးမားလှသည့် ဝဲအတွင်းမှု စိမ့်ထွက် လာပြီးနောက် သူတို့ ရောက်ရှိနေသည့် ခြံဝင်းထံ ဦးတည်စီးဆင်း လာကြသည်။

“ဘုရားရေ ... ကျောင်းသား တစ်ယောက်က စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ကို ချိုးဖျက်ဝင်ရောက် နေတာများလား ...” ရွှမ်ယွမ်ချန်သည် အလွန် အံ့အားသင့်စွာဖြင့် အော်လိုက်မိသည်။

ထို့နောက်တွင် လူတိုင်းသည် အကြည့်များအား အန်လင်းထံသို့ တညီတညွတ်တည်း ပို့လိုက်ကြသည်။ သူ၏ခန္ဓာကိုယ်မှ အဖြူရောင် မီးခိုးတိမ်တိုက်များ ထွက်ပေါ်နေလေသည်။

“အဲ ... အဲဒါက ... မဖြစ်နိုင်ဘူး မဟုတ်လား ...” စုရှောင်လန်သည် အထစ်ထစ် အငေါ့ငေါ့ ဖြစ်လာသည်။

သူမအရှေ့တွင် ရှိနေသည့် မြင်ကွင်းအား မယုံကြည်နိုင်သည့် အမူအရာဖြင့်သာ ငေးကြည့် နေမိတော့သည်။

***

All Chapters