အပိုင်း (၃၅၁)
Vol. 26 Ch. 351
ရေနက်တပ်ဖွဲ့၏သတင်းသည် အချိန်ကိုက် ရောက်ရှိလာခဲ့၏။ သို့ပေမည့် ခြေတစ်လှမ်း နောက်ကျခဲ့၏။ အဘယ့်ကြောင့်ဆိုသော် စုကျန့်ထင်၏သတင်းက ပိုမိုကာ မြန်ဆန်သောကြောင့်ပင်။
ချင်ဘုရင် သေဆုံးခဲ့ကြောင်း သိရှိပြီးနောက် စုနန်သည် ချက်ချင်းပဲ ထွက်ပြေး၏။ ကျန်းယွမ်နယ်စားအိမ်တော် မှ လူများသည် ရေနက်တပ်ဖွဲ့ဝင် စစ်သည်တော်များ၏ ဝန်းရံပိတ်ဆို့ခြင်းကို ခံထားရသည်ဆိုလျှင်တောင်မှ လွယ်လွယ်ကူကူ လွတ်မြောက်သွားကြ၏။
“စုနန်က ဒီတိုင်းထွက်ပြေးလည်းရတာပဲ။ ဘာလို့ နန်းမြို့တော်ကို ရှုပ်ထွေးအောင် မီးရှို့ခဲ့ရတာလဲ” ဘုရင်မင်းမြတ်က မေးမြန်းလိုက်သည်။
အိမ်ရှေ့စံမင်းသားက ပြောလိုက်၏။ “ဒီလူ ရူးနေလို့ပါ”
တတိယမင်းသားနင်ချီသည် အထင်အမြင်သေးသလို လှမ်းကာပြောလိုက်သည်။ “အဖေ.. စုနန်က ဟိတ်ကြီးဟန်ကြီး လုပ်ခဲ့တာပဲ”
“ဟုတ်တယ်။ သူက ဟိတ်ကြီးဟန်ကြီး လုပ်ခဲ့တာပဲ”
ဘုရင်မင်းမြတ်က အေးစက်စက်ပြောလိုက်၏။ “အရင်တုန်းက သူက ဆယ်စုနှစ်တစ်ခုကျော်ကျော် ခွေးတစ်ကောင်လိုမျိုး သရုပ်ဆောင်ခဲ့တယ်။ အခု သူ့ရဲ့ ဇာတ်လမ်းအားလုံးကို ဖယ်ချပြီး ကြမ်းတမ်းလွန်းတဲ့ လက်သည်းတွေကို ထုတ်ဖော်ပြသသွားခဲ့တယ်။ ဒီလူက တကယ့်ကို ရက်စက်တဲ့ ဝံပုလွေတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ”
ဤအရာက အမှန်ပင် ဖြစ်၏။ မျက်နှာဖုံးကို ချွတ်ချပြီးနောက် စုနန်သည် ချက်ချင်းဆိုသလိုပင် ကြမ်းတမ်းပြီး မောက်မာလွန်းသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုသို့ဆိုလျှင်တောင်မှ နန်းမြို့တော်ကို မီးရှို့စရာ မလိုအပ်ချေ။ သို့ပေမည့် သူက မီးရှို့ခဲ့၏။
“ဒါပေမဲ့ သူက ကြွက်လိုပဲ ထွက်ပြေးသွားခဲ့တယ်။ ဘယ်မှာလဲ သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်မျိုးက”
..............
အားလုံးသောသူတို့သည် စုနန်နှင့် ပတ်သက်၍ မှားယွင်းစွာ သုံးသပ်မိခဲ့ကြ၏။ စုနန်သည် နန်းမြို့တော်မှ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့၏။
ချင်ဘုရင် ရုတ်တရက် သေဆုံးသည့်သတင်းကို ဘုရင်မင်းမြတ်ထက် လေးနာရီကျော် သူက ပိုပြီးတော့ မြန်ဆန်စွာ ရရှိခဲ့၏။ ရေနက်တပ်ဖွဲ့မှ သူ့ကို လာရောက်ကာ ဖမ်းဆီးသည့်အချိန်မှာတော့ သူသည် အိမ်တော်မှ ရှောင်ရှားပြီးဖြစ်သည်။
လွန်ခဲ့သော လေးနာရီတည်းက နန်းမြို့တော်မှ သူ ထွက်ခွာသွားနိုင်စွမ်းရှိသည်။ သို့ပေမည့် မသွားခဲ့ချေ။ သူသည် နန်းမြို့တော်ထဲ၌ပင် ရှိနေသေးသည်။ လက်ရှိအချိန်၌ လီတစ်ထောင်မြင်းတစ်စီးကို စီးနင်းလျက်ရှိပြီး ခန္ဓာကိုယ် တစ်ခုလုံးကလည်း လှံတစ်စင်းကဲ့သို့ပင် ထောင်မတ်နေ၏။
မတ်မတ်ရပ်လျှင် သူ၏ခန္ဓာကိုယ်သည် ၁.၉ မီတာခန့် မြင့်မား၏။ မြင်းပေါ်သို့ တက်လိုက်သည့် အချိန်မှာတော့ တကယ့်ကို ဟိတ်ကြီးဟန်ကြီး နိုင်လွန်းလှ၏။ သူ၏ဆံပင်များသည် အလုံးစုံ ဖြူလျက်ရှိနေသည် ဆိုလျှင်တောင်မှ ဘုရင်မင်းမြတ်ထက် အသက်အနည်းငယ်သာလျှင် ကြီး၏။ လက်ရှိ မျက်နှာပေါ်တွင် မည်သည့် အရေးအကြောင်းမှ မရှိတော့ချေ။ ယခု သူ့ကို ကြည့်ရသည်မှာ အများဆုံး အသက် ၃၀ နီးပါးခန့်သာလျှင် ရှိ၏။ အဖြူရောင်ဆံနွယ်များသည် သူ့ကိုပိုမိုကာ ခန့်ညားစေခဲ့သည်။
စုနန်၏ သိုင်းပညာက ထိပ်တန်းအဆင့်တွင် ရှိ၏။ လက်ရှိအချိန်တွင် ထိပ်တန်းအဆင့်နှင့် ကိုက်ညီသည့် ကိုယ်ဟန် အမူအရာမျိုး ရှိလို့နေသည်။ လွန်ခဲ့သည့်အချိန်တုန်းက အသက် ၇၀၊ ၈၀ အရွယ်အဖြစ် ဟန်ဆောင်ထားခဲ့သည့်လူနှင့် အလုံးစုံကွာခြားနေ၏။
သူသည် အမဲရောင်သားရေပျော့ ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး လက်ထဲတွင်လည်း အမဲရောင်လှံတစ်စင်းကို ကိုင်ဆောင်ထား၏။ ထိုလှံသည် အလွန်လေးလံ၏။ မြေပေါ်သို့လည်း တရွတ်တိုက် ဆွဲလာခဲ့၏။ လီတစ်ထောင်မြင်းက အလွန်မြန်ဆန်၏။ လှံသည် မြေနှင့် ပွတ်တိုက်ပြီးနောက်မှာတော့ နားကျိန်းစရာ အသံကြီး ပေါ်ပေါက်နေပြီး မီးပွင့်မီးပန်းများကလည်း လှံဆီမှ ထွက်ပေါ်နေသည်။
ဒါဇင်နှင့်ချီသည့် အမဲရောင်ဝတ်စုံဝတ် စစ်သည်တော်များသည် သူ့၏နောက်မှ လိုက်ပါလာခဲ့၏။ သူတို့သည် ဗာမေလီယန် ဂိတ်တံခါးဆီသို့ အသော့နှင်နေခြင်းဖြစ်၏။ တစ်ချိန်တည်းမှာပဲ လမ်း၏ ဘေးနှစ်ဖက်နှစ်ချက်တွင် အမဲရောင်ဝတ်စုံဝတ်စစ်သည်တော်များ တစ်ယောက်ပြီး တစ်ယောက် ပေါ်ပေါက်လာခဲ့၏။
တစ်ဒါဇင်၊ တစ်ရာ စသဖြင့် လူပေါင်းများစွာတို့သည် ဗာမေလီယန်ဂိတ်တံခါးဆီသို့ ဦးတည်ကာ သွားလျက်ရှိသည်။
နန်းမြို့တော်တစ်ခုလုံး၌ မီးများတောက်ပြီး ရှုပ်ထွေးလျက် ရှိနေ၏။ စစ်သည်တော်ပေါင်း များစွာတို့သည် တည်နေရာအနှံ့ဆီသို့ သွားရောက်ကာ ကူညီလျက် ရှိနေ၏။ မကြာခင်မှာတော့ တချို့သော စစ်သည်တော် များသည် စုနန်၏ စစ်သည်တော်တစ်ရာကျော်တို့သည် ဗာမေလီယန်ဂိတ်တံခါးဆီသို့ ဦးတည်နေကြောင်း မြင်လိုက်ကြရ၏။
“ဘယ်ဌာနကလဲ”
“ချက်ချင်းသတင်းပို့” ထိုစစ်သည်တော်အဖွဲ့သည် တိုက်ရိုက်ဆိုသလို တားဆီးလိုက်သည်။
“သတ်စမ်း” စုနန်က အမိန့်ပေးလိုက်၏။
သူ၏နောက်ဘက်မှ စစ်သည်တော်တစ်ရာကျော်တို့သည် ဓားများကို ရုတ်တရက် ဆွဲထုတ်လိုက်၏။ ခဏအကြာမှာတော့ တားဆီးခဲ့သော စစ်သည်တော်အားလုံးသည် အလုံးစုံ သုတ်သင်ခြင်း ခံလိုက်ရ၏။ စုနန်၏ မြင်းသည်တော်တစ်ရာကျော်တို့သည် လွယ်လွယ်ကူကူပင် ဖြတ်သန်းသွားခဲ့၏။ သူတို့သည် ဗာမေလီယန် ဂိတ်တံခါးဆီသို့ ဆက်လက်ကာ အသော့နှင်၏။ မကြာခင်မှာပဲ ထိုနေရာဆီသို့ ရောက်ရှိသွားခဲ့သည်။
“ခင်ဗျားက ဘယ်သူလဲ။ ဂိတ်တံခါးလေးခုလုံးကို ပိတ်ထားဖို့ ဘုရင်မင်းမြတ်က အမိန့်ပေးခဲ့တယ်။ ဘယ်သူမှ ဝင်လို့မရသလို ထွက်လို့လည်းမရဘူး” ဂိတ်တံခါး၏ထိပ်တွင်ရှိနေသည့် အစောင့်က အော်ဟစ် သတိပေးလိုက်၏။
တစ်ချိန်တည်းမှာပဲ ဗာမေလီယန်ဂိတ်တံခါးကို စောင့်ကြပ်လျက်ရှိနေသည့် စစ်သည်ပေါင်းတစ်ထောင်ကျော် တို့သည် သူတို့၏မြားများကို အသာမြှောက်ကိုင်ကာဖြင့် ချိန်ရွယ်လိုက်ကြသည်။
“ချက်ချင်းရပ်စမ်း။ မဟုတ်ရင် အသတ်ခံရမယ်” ဗာမေလီယန်ဂိတ်တံခါး၏ ဂိတ်မှူးက လှမ်းကာ အော်ဟစ်၏။
စုနန်သည် လက်ကို အသာဆန့်တန်းလိုက်၏။ ရုတ်တရက် သူ၏လက်ထဲရှိ လက်က လေထုထဲ ထိုးခွင်းသွားသည်။
ဆွစ်
ဗာမေလီယန်ဂိတ်တံခါး၏ ဂိတ်မှူးသည် လျင်လျင်မြန်မြန် ရှောင်ရှားလိုက်၏။ သို့ပေမည့် နောက်ကျ သွားခဲ့၏။
ဆွစ်
သူ၏ခန္ဓာကိုယ်ကို လှံက ထွင်းဖောက်သွားခဲ့ပြီး မီတာအနည်းငယ်အဝေးဆီသို့ လွင့်စင်သွားခဲ့၏။ သူ၏ ခန္ဓာကိုယ်သည် အနောက်ဘက်နံရံတွင် စိုက်ဝင်သွားသည်။
“ငါက ဓားပြကြီး နာကြည်းမှုပဲ။ ဘယ်သူငါ့ကို တားဆီးချင်သေးလဲ”
စုနန်က အော်ဟစ်လိုက်၏။ “သတ်စမ်း”
ပြီးနောက် သူသည် စစ်သည်တော်ပေါင်းရာချီကို ဦးဆောင်ကာဖြင့် ရှေ့ဆီသို့လှမ်းတက်လိုက်၏။ ဗာမေလီယန် ဂိတ်တံခါးဆီမှ အစောင့်များသည် မြားများနှင့် ပစ်လွှတ်တိုက်ခိုက်ကြ၏။ စုနန်၏ အနောက်ဘက်မှ စစ်သည်တော်များသည် ဒိုင်းကာများကိုမြှောက်ကာဖြင့် မြားများကို ကာကွယ်လိုက်၏။ စစ်သည်တော်နှင့် စစ်မြင်းအနည်းငယ်တို့သာ မြားထိမှန်ခဲ့ကြ၏။ များများစားစား မဟုတ်ချေ။
ထိုအချိန်မှာတော့ စုနန်၏ စစ်သည်တော်တစ်ရာကျော်တို့သည် ဗာမေလီယန် ဂိတ်တံခါးဆီသို့ ဗျူဟာအတိုင်း လှမ်းတက်သွားခဲ့ကြ၏။ ထိုမြင်းသည်တော်များသည် ရှေ့ဆီသို့ အရှိန်အဟုန်ပြင်းပြင်းနှင့် လှမ်းတက်လာကြခြင်း ဖြစ်၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် အမြန်နှုန်းနှင့်ရှေ့ဆီသို့ လှမ်းတက်ပြီးနောက် တစ်ဖက်ဆီမှ အကာအကွယ်ကို ချက်ချင်း ချိုးဖျက်၏။
စုနန်၏ လက်ထဲရှိ အမဲရောင်လှံသည် ရဲရဲဝံ့ဝံ့နှင့် လှည့်ပတ်သွားလာလျက် ရှိနေ၏။ သူ့ကို မည်သူမှ မယှဉ်နိုင်ချေ။ သူ ဖြတ်သန်းသွားသည့် လမ်းတလျှောက်တွင် များပြားသည့် ကပ်ဘေးကြီးများ ဖြစ်ပေါ်ခဲ့၏။
စစ်သည်အားလုံးက ပြိုင်ဘက်ကင်းကြ၏။ မည်သူမှ ရပ်တန့်နိုင်ခြင်း မရှိလုနီးပါးပင်။ သူတို့သည် ဗာမေလီယန်ဂိတ်တံခါးဆီသို့ လှမ်းဝင်နိုင်ခဲ့ကြပြီဖြစ်၏။ ပြီးနောက် ဗာမေလီယန်ဂိတ်တံခါးကို ဖွင့်လိုက်သည်။
စုနန်သည် စစ်သည်ပေါင်းတစ်ရာကျော်ကို ဦးဆောင်ပြီး ရှေ့ဆီသို့လှမ်းတက်လိုက်၏။ နန်းတော်သည် အလွန် အားကောင်း၏။ အပြင်ဘက်ဆီမှ အထဲသို့ ချိုးဖောက်ဝင်ရောက်ဖို့ဆိုသည်မှာ ကောင်းကင်ပေါ်သို့ တက်လှမ်းရသည်ထက်ပင် ခက်ခဲ၏။ သို့ပေမည့် ဗာမေလီယန်ဂိတ်တံခါးမှ နန်းမြို့တော်အပြင်သို့ ထွက်ဖို့ ကိစ္စမှာတော့ ထင်မှတ်ထားသလောက် မခက်ချေ။
ဗာမေလီယန်ဂိတ်တံခါးကို ဖြတ်ကျော်ပြီးနောက် စုနန်သည် အားရပါးရ ရယ်မောကာ အော်ဟစ်လိုက်၏။ “ဒါ ရွှဲ့ပြည်နယ်ရဲ့ နန်းမြို့တော်လား။ ငါ ဓားပြကြီး နာကျည်းမှုက ဒီနေရာကို လာချင်သလိုလာ သွားချင်သလို သွားလို့ရတယ်။ ဟား ဟား ဟား ဟား ဟား... ရွှဲ့ပြည်နယ်က အားနည်းလွန်းတယ်။ ငါ့ရဲ့ တိုက်ခိုက်မှုကိုတောင် မခံနိုင်ဘူး”
ပြီးနောက် စုနန်သည် စစ်သည်ပေါင်းတစ်ရာကျော်ကို ဦးဆောင်ကာဖြင့် အနောက်ဘက်ဆီသို့ ပြေး၏။ မိုင်ဒါဇင်ကျော် ပြေးသွားသည်နှင့် တပြိုင်နက် ပင်လယ်ထဲသို့ကျသွားသည့် ငါးများကဲ့သို့ပင် ပျောက်ကွယ်သွားပေမည်။
ဗာမေလီယန်ဂိတ်တံခါးဆီမှ အပြင်ဘက်ဆီသို့ ထွက်ခွာပြီး နာရီဝက်ခန့်ကြာမြင့်ချိန်မှာတော့ ရေနက်တပ်ဖွဲ့၏ ခေါင်းဆောင်ရန်အီနှင့် တခြားသော စစ်သည်တော်အားလုံး ရောက်ရှိလာခဲ့ကြသည်။ စုနန်သည် လွန်ခဲ့သည့် နာရီဝက်တည်းက ပြေးသွားခဲ့ပြီဖြစ်ကြောင်း သတင်းပို့ကြ၏။ ရန်အီသည် လိုက်ဖမ်းရန် မဖြစ်နိုင်တော့ကြောင်း နားလည်လိုက်မိ၏။ သို့ပေမည့် နန်းမြို့တော်၏အုပ်ချုပ်ရေးမှူးသည် စစ်သည်တော် တစ်ထောင်ကျော်ကို ဦးဆောင်ပြီး စုနန်နောက်သို့ လိုက်လံဖမ်းဆီး၏။
ရေနက်တပ်ဖွဲ့မှ အုပ်ချုပ်ရေးမှူးရန်အီသည် နန်းတော်ထဲသို့ ပြန်လာခဲ့သည်။
“အရှင်မင်းကြီး.. စုနန် ထွက်ပြေးသွားခဲ့ပြီ။ ဓားမြကြီး နာကျည်းမှုနာမည်ကို အသုံးပြုပြီး ဗာမေလီယန်ဂိတ်တံခါးရဲ့ အစောင့်တွေအကုန်လုံးကို သတ်ပြီး နန်းမြို့တော်အပြင် ထွက်သွားပါတယ်”
ထိုသတင်းပို့ချက်ကို ကြားသည့်အချိန်မှာတော့ ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်တရက် တုန်ယင်သွားခဲ့၏။ အားလုံးသောသူတို့၏ မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဝါများ ဖြစ်တည်လာခဲ့၏။ စုနန်သည် မြန်မြန်ဆန်ဆန်ပဲ ထွက်ပြေးသွားခဲ့၏။
စုနန်သည် မည်သူမှမသိအောင် ထွက်ပြေးသွားနိုင်စွမ်းရှိ၏။ အဘယ့်ကြောင့် ဤကဲ့သို့ ကြီးကြီးမားမား လှုပ်ရှားမှုများကို ပြုလုပ်သွားရသနည်း။ ဘုရင်မင်းမြတ်၏ ဂုဏ်သိက္ခာကို နင်းချေရန်လား။ ရွှဲ့ပြည်နယ်၏ ဂုဏ်သိက္ခာကို နင်းချေရန်လား။
ဤလူက ကောက်ကျစ်၏။ အစောကြီးကတည်းက ထွက်ခွာသွားရန် နည်းလမ်းမျိုးကို ဖန်တီးထားခဲ့ပြီးသား ဖြစ်၏။ သို့သော်ငြား မောက်မောက်မာမာနှင့် ရှိရှိသမျှအရာအားလုံးကို ဖျက်ဆီးခဲ့ခြင်းဆိုသည်မှာ သူ၏ ပုံပန်းသွင်ပြင်မျိုး မဟုတ်ချေ။
သို့ပေမည့် ဘုရင်မင်းမြတ်သည် မကြာခင်မှာပဲ အကြောင်းအရင်းကို ရှာဖွေ တွေ့ရှိခဲ့၏။
စုနန်၏ပြုမူဆောင်ရွက်မှုသည် ချောင်ပြည်နယ်နှင့် ဝူပြည်နယ်တို့ကို အချက်ပြပြောဆိုခြင်းဖြစ်၏။
‘ကြည့်.. ရွှဲ့ပြည်နယ်က အခု အရမ်းကို အားနည်းတယ်။ ကျုပ် စုနန်တောင်မှ စစ်သည်ပေါင်း တစ်ရာကျော်ကို ဦးဆောင်ပြီး နန်းမြို့တော် ဂိတ်တံခါးစောင့် တပ်တစ်ခုလုံးကို သတ်ပြီး ထွက်သွားနိုင်တယ်’ ထိုအရာပင်။
ဝူဘုရင်သည် လျင်လျင်မြန်မြန်ဆိုသလိုပဲ တောင်ဘက်ပိုင်းဆီသို့ စစ်သည်တော်များကို ပိုမိုပေးပို့မည်ဖြစ်ပြီး ချောင်ဘုရင်ကလည်း အနောက်ဘက်ပိုင်းဆီသို့ အမြန်ဆုံး ဝင်လာပေလိမ့်မည်။ ရွှဲ့ပြည်နယ်သည် အားနည်းလျက် ရှိ၏။ ဤကဲ့သို့သော ရွှေရောင်အခွင့်အရေးကို အရယူရန်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။
ဝူဘုရင်သည် လွန်ခဲ့သည့် နှစ် ၂၀ လုံးလုံး ရှုံးနိမ့်မှုကို ပြန်လည်ကာ ဆေးကြောနိုင်ပေတော့မည်။ ထိုအပြင် ရွှဲ့ပြည်နယ်ဆီသို့ ပေးအပ်ခဲ့ရသည့် ခရိုင်ကိုးခုကိုလည်း ပြန်လည်ရယူရန် စီစဉ်ထားခဲ့၏။
ချောင်ဘုရင် မှာတော့ တောင်ဘက်ပိုင်းတစ်ခုလုံးကို သိမ်းဆည်းနိုင်သည့် တစ်ဦးတည်းသောလူ ဖြစ်ချင်မိသည်။ ရွှဲ့ပြည်နယ်သာ မကသေးချေ။ တောင်ဘက်ပိုင်းတစ်ခုလုံးကို လွှမ်းမိုးနိုင်ရန် သူက ကြိုးစားချင်မိသည်။
အားလုံးသောသူတို့သည် စုနန်၏ ပုံမှန်မဟုတ်သည့် အပြုအမူကို နားလည်ကြပြီ ဖြစ်၏။ ဤလူသည် တကယ့်ကို ကြမ်းတမ်းခဲ့ပြီး ထွက်ပြေးချိန်တွင်တောင်မှ အားလုံးသောသူတို့ကို ဦးဆောင် လမ်းပြခဲ့၏။ သို့ပေမည့် စုနန်သည် စိတ်ထဲတွင် မည်မျှ ပြင်ဆင်ထားသောကြောင့် ဤကဲ့သို့သောအရာများကို ပြုလုပ်ခဲ့ရသနည်း။
စုနန်သည် ဤကဲ့သို့ နန်းမြို့တော်ဆီမှ ထွက်ပြေးရသည်ဆိုလျှင်တောင်မှ သိမ်ငယ်စွာဖြင့် ထွက်ပြေးရသည့် အရာမျိုးကို မပြုလုပ်ချင်ချေ။ ကျန်းရှစ်စီရင်စုကို သိမ်းပိုင်ပြီးနောက် စုမိသားစုသည် ယခုထက်ပိုမိုကာ တိုးတက်လာပေလိမ့်မည်။ သူ၏ အန္တိမ ရည်မှန်းချက်သည် အားကောင်းလွန်းသည့် ဩဇာတိက္ကမနှင့် အရာရှိအရာခံတစ်ယောက် ဖြစ်လာရန် မဟုတ်ချေ။ မျိုးဆက်အဆက်ဆက်ကို အုပ်ချုပ်နိုင်သည့်လူ ဖြစ်ချင်ခြင်းပင်။
ထို့ကြောင့်ပင်လျှင် ရှမ့်လန်က စုနှင့်ချင် ပူးပေါင်းမှုကို ပြောဆိုခဲ့ခြင်းဖြစ်ပေလိမ့်မည်။ နှစ်စဉ်နှစ်တိုင်းဆိုသလိုပဲ မျက်စိသုံးလုံးမိစ္ဆာသည် ရွှဲ့ပြည်နယ်ဆီမှ ကျေးကျွန်များကို ဖမ်းဆီးပြီးသည့် ချင်နိုင်ငံဆီသို့ ပေးပို့ခဲ့၏။ နှစ်စဉ်နှစ်တိုင်း စုနန်သည် ချင်ဘုရင်အား များပြားသည့် ငွေကြေးများ ပေးအပ်ခဲ့၏။ ထိုအရာအားလုံးတွင် ရည်ရွယ်ချက်များရှိနေ၏။
လက်ရှိအချိန်မှာတော့ ချင်ပြည်နယ်၏ မိဖုရားနှစ်ပါးသည် စုမိသားစုမှ ဖြစ်၏။ စုမိသားစု အဖွဲ့ဝင် မည်မျှများများ ချင်နိုင်ငံနှင့် ချင်ဘုရင်၏ အနီးနားတွင် ရောက်ရှိနေမှန်း မည်သူမှ မသိချေ။
ချင်ဘုရင် အာယုခန်သည် ရုတ်တရက် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ စုနန်အတွက် ဤအရာက သတင်းဆိုး တစ်ခုပင်ဖြစ်၏။ သို့ပေမည့် သူသည် များပြားလွန်းသည့် အစီအစဉ်များကို ကြိုတင်ကာ စီစဉ်ပြီးသား ဖြစ်သောကြောင့် ရှေ့ဆီသို့ လှမ်းတက်ရပေလိမ့်မည်။ ထိုတင်သာမကသေးချေ။ ဤအရာက ကောင်းမွန်သည့် သတင်း တစ်ခုလည်း ဖြစ်လေ၏။
ချင်ဘုရင်သည် မည်သည့်နည်းနှင့်မဆို သေဆုံးရမှာဖြစ်၏။ စောစောသေသွားခြင်း တစ်ခုသာ ရှိ၏။ ချင်ဘုရင် မသေဘူးဆိုလျှင်တောင်မှ သူသည် ချင်ဘုရင် သေဆုံးအောင်ပြုလုပ်မှာပင်။ အရေးအကြီးဆုံးအရာမှာ အိမ်ရှေ့စံမင်းသားအာယုထိုင်အား အချိန်တိုအတွင်း ချင်နိုင်ငံ၏အရှုပ်အထွေးကို ဖြေရှင်းရန် တောင်းဆို ခြင်းပင်ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ထိုကဲ့သို့သော အရာများကို အခွင့်အရေးယူပြီး သူသည် ချင်ဘုရင်၏ လက်ကျန် သားအားလုံးကို သတ်ဖြတ်ပေးရပေလိမ့်မည်။
ပြီးနောက် အာယုထိုင်သည် သူ၏အဖေဆီမှ အရာအားလုံးကို အမွေဆက်ခံပြီး ဘုရင် ဖြစ်လာပေမည်။ မိဖုရားနှစ်ပါး အပါအဝင် အမွေအားလုံးကို ဆက်ခံပေလိမ့်မည်။ ထိုအပြုအမှုသည် လူရိုင်းများ၏ ရိုးရာပင်ဖြစ်၏။
...........
ချင်နိုင်ငံအတွင်းမှာတော့ ...
ချင်ဘုရင်၏အလောင်းသည် အိပ်ရာပေါ်တွင် တည်ရှိနေတုန်းပင်။ ရာသီဥတုက ပူလောင်လျက် ရှိ၏။ အလောင်းဆီမှ အနံ့အသက်များ ထွက်ပေါ်လျက်ရှိနေပြီး ယင်ကောင်များပင် အုံလို့နေသည်။ သို့ပေမည့် မည်သူမှ ဂရုမစိုက်ချေ။
ချင်ဘုရင်၏ အိပ်ခန်းထဲမှာတော့ ဘုရင်အသစ် အာယုထိုင်သည် အိပ်ရာပေါ်တွင် လဲလျောင်းလျက် ရှိနေပြီး သူ၏ဘေးနှစ်ဖက်တွင် လှပသည့်မိန်းကလေးနှစ်ယောက်ကရှိနေ၏။ ထိုနှစ်ယောက်သည် ချင်ဘုရင်၏ ယခင်က မိန်းမများပင်ဖြစ်၏။ စုမိုနှင့် စုနင်ပင်။ အခြေခံအားဖြင့် ထိုသူတို့သည် အာယုထိုင်၏မိန်းမများ ဖြစ်လာခဲ့၏။
အာယုထိုင်သည် ဤကဲ့သို့သော အခြေအနေမျိုးကို မျှော်လင့်နေခဲ့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်၏။ စုကလန်မှ မိန်းမနှစ်ယောက်သည် လှပလွန်း၏။ သူသည် တစ်ချိန်လုံး ထိုသူတို့အပေါ်တွင် သရေယိုခဲ့ဖူးသည်။
စုမို၏လှပသည့် မျက်လုံးများထဲတွင် အလင်းတန်းများ တောက်ပနေ၏။ ချင်ဘုရင် ရုတ်တရက်သေဆုံးခြင်း၊ ထိုအရာသည် စုကလန်အတွက် သတင်းဆိုးတစ်ခုဖြစ်၏။ သို့ပေမည့် သတင်းကောင်းလည်း ဖြစ်၏။ သူမ၏ ရည်မှန်းချက် ပန်းများသည် တရားဝင် ပွင့်လင်းလာခဲ့ပြီဖြစ်၏။
ချင်ဘုရင်အသစ်သည် ဆေးလိပ်ကို အသာမီးညှိပြီး ဇိမ်ကျကျဖြင့် ဆေးလိပ်မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။
“အမေ.. ခင်ဗျားက ကျုပ်အဖေရဲ့မိန်းမပဲ။ ကျုပ်အဖေရဲ့ အသုဘကို ခင်ဗျား ဘယ်လိုလုပ်သင့်တယ်ထင်လဲ” အာယုထိုင်က မေးမြန်းလိုက်၏။
စုမိုက ပြောလိုက်သည်။ “ရိုးရာဓလေ့ထုံးစံအရ ဆိုရင် နန်းပြင်ထုတ်ပြီး မြေမြှပ်ရမှာပေါ့”
အချက်အလက်အားဖြင့် ချင်ဘုရင်၏ မျိုးဆက်အားလုံးတို့သည် သေဆုံးချိန်၌ အပြင်ထုတ်၍ မြေမြုပ်ခြင်းမျိုး ကိုသာ ပြုလုပ်ကြသည်။ သူတို့သည် ရွှဲ့နိုင်ငံနှင့် ချောင်နိုင်ငံ၏ ဘုရင်များကဲ့သို့ပင် ခမ်းခမ်းနားနား မြေမြှုပ်သင်္ဂြိုလ်ခြင်းကို ပြုလုပ်ချင်ကြ၏။ ကြီးမားသည့် နန်းဆောင်ကြီးတစ်ခုကို တည်ဆောက်ပြီး အထဲတွင် ရွှေ၊ ငွေ၊ ကျောက်မျက် ရတနာများနှင့်အတူ သူတို့ကို မြှုပ်နှံခြင်းမျိူး လိုချင်ကြသည်။
သို့ပေမည့် ချင်ဘုရင်ဆီ အဆက်ဆက်သည် လုပ်ချင်သည့်အတိုင်း မလုပ်ခဲ့နိုင်ခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ချင်နိုင်ငံသည် အားကောင်းသူကိုသာလျှင် လေးစား၏။ သေဆုံးသွားသည့်လူများကို ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။ အသစ်ဖြစ်တည်လာခဲ့သည့်ဘုရင်ကလည်း ယခင်ဘုရင်နှင့်အတူ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ များကို ထည့်သွင်းမြှုပ်နှံဖို့ စိတ်ပါဝင်စားလိမ့်မည်မဟုတ်ချေ။ နှမျောစရာကြီးပင်။
ထို့ကြောင့် ရိုးရိုးရှင်းရှင်း ဆိုသလိုပဲ အပြင်ဘက်၌ မြေမြှုပ်ရန် ကြိုးစားကြ၏။ တောင်တစ်ခုပေါ်သို့ သွားရောက်ပြီး ထိုခန္ဓာကိုယ်ကို လဒများ စားရန် ပစ်လွှတ်ခဲ့ခြင်းမျိုးပင် ပြုလုပ်နိုင်သည်။ ချင်နိုင်ငံသည် ထိုမျှလောက် ရက်စက်၏။
“ကောင်းပြီ။ အင်း.. သဘာဝအတိုင်းပဲ ပျောက်ဆုံးသွားပါစေတော့” အာယုထိုင်က ပြောလိုက်သည်။