အပိုင်း (၃၅၃)
Vol. 26 Ch. 353
လျှို့ဝှက်ခန်းထဲသို့ ဝင်ရောက်ပြီးနောက် ဟွမ်ဖန်သည် ပင်းအာနှင့် ကျင်းမူကုန်း၏ နားတွင် နေ၏။ ရှမ့်ဆယ့်သုံးနှင့် အရူးကြီးမှာတော့ လျှို့ဝှက်ခန်း၏အပြင်ဘက်တွင် စောင့်ကြပ်လျက်ရှိ၏။ တစ်ချိန်တည်းမှာပဲ ကျင်းမိသားစု၏ ခြံဝင်းတစ်ခုလုံးက မီးလောင်လျက်ရှိနေ၏။
ဆွစ် ဆွစ် ဆွစ်
အနောက်ပိုင်းမှကျွမ်းကျင်သူများသည် တစ်ယောက်ပြီးတစ်ယောက်ဆိုသလိုပဲ ကျင်းမိသားစု၏ ခြံဝင်းထဲသို့ ခုန်ဝင်လာခဲ့၏။ ခေါင်းဆောင်သည် မျက်နှာဖုံးကို ဝတ်ဆင်ထား၏။ ထိုသူသည် ဓားပြကြီး နာကျည်းမှု၏ မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။
'ချီးတဲ့မှ.. ဓားပြကြီး နာကျည်းမှုက နေရာအနှံ့မှာ ရှိနေတာလား'
မကြာခင်မှာပဲ ကျင်းမိသားစု၏ခြံဝင်းထဲတွင် တိုက်ခိုက်သံများ ပေါ်ပေါက်လာ၏။ စုမိသားစု၏ ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်တို့နှင့် ကျင်းမိသားစုဆီမှ စစ်သည်များသည် အပြင်းအထန် တိုက်ခိုက် နေကြ၏။
ရှေ့ဆုံးမှ ဦးဆောင်လာခဲ့သည့်လူသည် ရှေ့ဆီသို့ လှမ်းတက် လာခဲ့၏။ သူသည် ကျင်းမိသားစု၏ခြံဝင်းထဲကို လှမ်းဝင်လာခဲ့ပြီး မြေအောက်ခန်း ဝင်ပေါက်ဆီသို့ ရောက်ရှိလာခဲ့သည်။
ခေါင်းဆောင်သည် ဓားပြကြီးနာကျည်းမှု၏ မျက်နှာဖုံးကို ချွတ်လိုက်၏။ သူ၏ အေးစက်စက် မျက်နှာတစ်ခုက ပေါ်ပေါက်လာခဲ့၏။
“ကျုပ်နာမည်က စုကျန့်ရန်ပဲ။ ကျန်းယွမ်နယ်စားအိမ်တော်ရဲ့ မွေးစားသားပဲ။ ကျုပ်သခင်ရဲ့အမိန့်အရ ရှမ့်လန်ရဲ့မိန်းမနဲ့ သူ့ရဲ့ဝမ်းဗိုက်ထဲမှာရှိတဲ့ကလေးကို လာသတ်တာပဲ။ ထပ်ပြောရမယ်ဆိုရင် ကျုပ် ကျင်းမူကုန်း ကိုလည်း ခေါ်သွားချင်တယ်။ ခင်ဗျားတို့ ခြေနှစ်လှမ်းလောက် ဘေးဖယ်ပြီး ကျုပ်ကို အထဲဝင်ခွင့်ပေးပါ”
ရှမ့်ဆယ့်သုံးသည် မည်သည့်စကားကိုမှမဆိုချေ။ သူ၏လက်ထဲတွင် ရှိနေသည့် ဓားမော့ကြီးကိုတော့ မြှောက်ကာ ပြောလိုက်၏။ “အဆိုးဆုံး ဒီနေရာမှာ ကျုပ်သေသွားရုံပဲ ရှိတယ်။ တိုက်စရာရှိတာ တိုက်ကြတာပေါ့”
အရူးကြီးသည် သူ့၏အမဲရောင် တုတ်ကြီးကို ကိုင်ဆောင်ကာ ပြောလိုက်သည်။ “ကျုပ် တူကို မထိနဲ့။ မဟုတ်ရင် မင်းတို့အားလုံးကို ကျုပ်သတ်ပစ်မယ်။ ကျုပ် တကယ် တစ်စုံတစ်ယောက်ကို သတ်ပစ်မိလိမ့်မယ်”
စုကလန်၏ မွေးစားသား စုကျန့်ရန်က ရယ်မောကာပြောလိုက်၏။ “မင်းတို့ရဲ့ သိုင်းပညာက အရမ်းကို နိမ့်လွန်းတယ်။ မင်းကို ရှမ့်ဆယ့်သုံးလို့ ခေါ်တယ်မဟုတ်လား။ မင်းက ရှမ့်လန်ရဲ့အောက်ဆွဲတစ်ယောက်ပဲ။ ငါ့ရဲ့ ဓားတိုက်ကွက် နှစ်ချက်ကိုတောင် ခုခံနိုင်မှာမဟုတ်ဘူး”
“သတ်စမ်း” စုကလန်၏ မွေးစားသားသည် အမိန့်ပေးလိုက်သည်။
အနောက်တိုင်းမှ ကျွမ်းကျင်သူများသည် ရုတ်တရက် ရှေ့ဆီသို့လှမ်းတက်ပြီး ရှမ့်ဆယ့်သုံးနှင့် အရူးကြီးတို့ကို တိုက်ခိုက်၏။ “နာရီဝက် မပြည့်ခင် ကျင်းမူကုန်းနဲ့ ရှမ့်လန်ရဲ့မိန်းမနဲ့ကလေးကို သတ်ခဲ့ကြ”
“ကောင်းပါပြီ”
............
လမ်း၏မနီးမဝေးနေရာမှာတော့ ယွမ်မင်ကျယ်သည် မြင်းစီးရန် အချိန်ပင် ကောင်းကောင်း မရချေ။ သူသည် လမ်းပေါ်သို့ ပြေးတက်လိုက်သည်။
နန်းမြို့တော်ထဲတွင် အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားသည်။ ထို့ကြောင့် သူ၏ စစ်သည်များကို ခေါ်ဆောင်လာခွင့်မရှိချေ။ လက်ထဲရှိ ကျောက်စိမ်းပြားကို မြှောက်ကိုင်ကာ အော်ဟစ်ရင်း ပေးလျက်ရှိ၏။
“ယွမ်မင်ကျယ်ပါ။ သံတမန်ယွမ်မင်ကျယ်ပါ”
အော်ဟစ်ရင်းမှာပဲ ကျင်းမိသားစု၏ ခြံဝင်းထဲသို့ခုန်ဝင်သွားခဲ့သည်။
“တောင့်ထား... မင်းတို့တောင့်ထားမှဖြစ်မယ်။ ငါ အချိန်မီမယ်လို့ မျှော်လင့်မိတယ်။ ကျင်းမူကုန်းနဲ့ ပင်းအာတို့ သေသွားပြီဆိုရင် ငါ့ရဲ့ညီငယ်ကို ငါ ဘယ်လိုမျက်နှာပြရမလဲ”
သို့ပေမည့် ယွမ်မင်ကျယ် ကျင်းမိသားစု၏ခြံဝင်းထဲသို့ ရောက်ရှိသည့်အချိန်မှာတော့ တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
သူသည် မြေပေါ်တွင် ရှိနေသည့် အလောင်းများအားလုံးကို ကြည့်ရှုလိုက်သည်။ အလုံးစုံ အံ့အားသင့်စွာဖြင့် မျက်လုံးအပြူးသားဖြစ်လို့နေသည်။
….
မြေပေါ်၌ အလောင်းများ ပြန့်ကျဲနေသည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။ အဓိကအားဖြင့် ဤအလောင်းများ၏ ပုံပန်းသွင်ပြင်က ထူးဆန်းနေခြင်းပင်။ အလောင်းအားလုံးက ပုံပျက်ပန်းပျက် ဖြစ်နေ၏။
ဦးခေါင်းများက ပြားချပ်နေပြီး တချို့သောသူများ၏ အလောင်းများကလည်း ပြားချပ်နေခဲ့၏။ ဤကဲ့သို့သော သေခြင်းမျိုးသည် တကယ်ကို ဆိုးဝါးလွန်းပုံပေါ်၏။ ပုံမှန်ထက် ပိုမိုကာ ဆိုးဆိုးရွားရွား သေဆုံးကြခြင်းပင်။
ထိုအချိန်မှာတော့ ရုတ်တရက် လေတိုးသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ယွမ်မင်ကျယ်သည် အန္တရာယ်၏ အငွေ့အသက်ကို ခံစားလိုက်ရ၏။ နောက်တစ်စက္ကန့်အကြာမှာပဲ ကြီးမားလွန်းသည့် အမဲရောင်အရိပ်ကြီးသည် သူ့ရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။ ရုတ်တရက် ရောက်ရှိလာခဲ့ခြင်းပင်။ အရှိန်အဟုန်က ကြီးမားလွန်းသည်။
တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် ခြေထောက်များကို တုန်ယင်သွားစေနိုင်ခဲ့၏။ ကျားကို တွေ့လိုက်ရသည့် တိရစ္ဆာန် တစ်ကောင်ကဲ့သို့ပင် ချက်ချင်း ထိတ်လန့်မှုကို ခံစားရ၏။
“ကျုပ်သတ်မယ်၊ သတ်မယ်” ပြီးနောက် မိုးခြိမ်းသံကဲ့သို့သော အသံကြီး ထွက်ပေါ်လာခဲ့၏။ ရှေ့ဆီသို့ ရောက်ရှိလာခဲ့သူသည် သံတုတ်ကြီးကို ကိုင်ဆောင်ထားသော အရူးကြီးဖြစ်၏။ အရူးကြီးသည် ယွမ်မင်ကျယ်၏ ဦးခေါင်းကို တုတ်ဖြင့် လှမ်းကာရိုက်နှက်သည်။
ယွမ်မင်ကျယ်သည် ကျောရိုးမကြီး တစ်ခုလုံး စိမ့်တက်သွားခဲ့၏။ သူသည် ရှိသမျှ အားကုန် အသုံးပြုကာ နောက်သို့ လျင်လျင်မြန်မြန် ဆုတ်လိုက်၏။
တပြိုင်နက်တည်းမှာပဲ ရှမ့်ဆယ့်သုံး၏ အသံက ထွက်ပေါ်လာခဲ့သည်။ “အရူးကြီး ရပ်၊ ရပ်.. ဒါ ငါတို့အထဲက၊ ငါတို့လူ ....။”
အရူးကြီးသည် ကြောင်သွားခဲ့၏။ သူသည် လက်ထဲတွင် ရှိနေသည့် သံတုတ်ကြီးကို ဘေးတစ်ဖက်ဆီသို့ အသာလွှဲလွတ်လိုက်၏။
“ဘန်း”
ခပ်ဝေးဝေးမှ ကျောက်တုံးကြီးသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့သည်။
ယွမ်မင်ကျယ်သည် အရူးကြီးကို လှမ်းကြည့်၏။ အရူးကြီး၏မျက်လုံးများက နီရဲလျက် ရှိနေ၏။ အလုံးစုံ ရူးသွပ်သွားသည့် လူတစ်ယောက်နှင့် ဆင်တူ၏။ မဟုတ်ချေ။ တစ်စုံတစ်ယောက်၏ ဝင်စီးခြင်းကို ခံထားရသည့် မကောင်းဆိုးဝါး တစ်ယောက်ကဲ့သို့ပင်။
အရူးကြီးသည် ပုံမှန်အားဖြင့် ကြင်နာတတ်သည့် လူတစ်ယောက် ဖြစ်လေ၏။ ဤကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း ပြုမူသတ်ဖြတ်နေခြင်းမှာ တစ်စုံတစ်ယောက် ဝင်စီးထားခြင်းကြောင့်သာ ဖြစ်ပေမည်။ အရူးကြီးသည် ခုခံကာကွယ်မှုကိုသာ ပြုလုပ်နိုင်၏။ လူများကို မရိုက်နှက်တတ်ချေ။
ယွမ်မင်ကျယ်သည် နဖူးစပ်ရှိ သွေးများကို သုတ်လိုက်၏။ ကျောက်တုံး ပေါက်ကွဲပြီးနောက် ကျောက်ခဲစတစ်ခုသည် သူ၏ နဖူးသို့ ကျောက်ခဲက လာမှန်၏။ ထို့ကြောင့် သွေးများ ထွက်ပေါ်လာခဲ့၏။ သူသည် သေသေချာချာ သတိတရားဖြင့် ရှေ့ဆီသို့ လှမ်းတက်ပြီး အရူးကြီး၏ပုခုံးကို အသာပုတ်လိုက်၏။ “အရူးကြီး... ပြီးသွားပြီ၊ ပြီးသွားပြီ”
ခဏအကြာမှာတော့ အရူးကြီး၏ မျက်လုံးများက ပြန်လည်ကာ ကြည်လင်ရှင်းလင်းလာခဲ့၏။ ရူးသွပ်သွားသည့် အချိန်အတွင်း သူ၏ အမြင်အာရုံအားလုံးက နီရဲလျက် ရှိ၏။ ဘာတစ်ခုကိုမှ သေသေချာချာ မမြင်ရချေ။ လက်ထဲရှိ သံတုတ်ကြီးကို ကိုင်ဆောင်ပြီး ရူးရူးမူးမူးနှင့် တွေ့သမျှလူအားလုံးကို ရိုက်နှက်ခဲ့၏။ သူ ဘာကို ရိုက်နှက်ခဲ့သနည်း။ မည်သူ့ကို ရိုက်နှက်ခဲ့သနည်း။ သေသေချာချာပင် မသိရှိခဲ့ချေ။
“ပြီးသွားပြီလား”
အရူးကြီး၏ နှလုံးသားတစ်ခုလုံးက ဖြူဖျော့နေခဲ့၏။ “လူဆိုးကောင်တွေ ဘယ်ရောက်သွားပြီလဲ။ လူဆိုးကောင်တွေ ဘယ်ရောက်သွားခဲ့တာလဲ”
ယွမ်မင်ကျယ်သည် အမှတ်မထင် ဆိုသလို မြေပေါ်တွင် ရှိနေသည့် အလောင်းများကို လှမ်းကာ ကြည့်ရှုလိုက်မိ၏။ ထားလိုက်ပါတော့။ ဤအရူးကြီးသည် သူ လူမည်မျှများများ သတ်ခဲ့ကြောင်းကိုပင် သတိပြုမိပုံ မပေါ်ချေ။
“သူတို့ ထွက်ပြေးသွားကြပြီ။ လူဆိုးကောင်တွေ အကုန်လုံးက ကြောက်ပြီးပြေးသွားခဲ့ပြီ”
ယွမ်မင်ကျယ်သည် အရူးကြီး၏ လက်ကို အသာဆွဲကာ ပြောလိုက်၏။ “လာ... အထဲက ဝတုတ်ကို သွားကြည့်ရအောင်။ သူ ဘောင်းဘီထဲ သေးပေါက်ချနေပြီလား မသိဘူး”
အရူးကြီးက ခေါင်းညိတ်လိုက်သည်။ “အင်း... သွားရအောင်။ အထဲမှာ အရူးနံပါတ်သုံးနဲ့ ကလေးလေး ရှိသေးတယ်”
မြေအောက်ခန်း၏ တံခါး ပွင့်သွားခဲ့၏။ ပြီးနောက် အရူးကြီးသည် အထဲသို့ လျှောက်ဝင်သွားခဲ့၏။ ယွမ်မင်ကျယ်နှင့် ရှမ့်ဆယ့်သုံးတို့သည်သာ ခြံဝင်းထဲတွင် ကျန်ရှိခဲ့၏။ “ဆယ့်သုံး ဘာတွေ ဖြစ်ခဲ့တာလဲ”
ရှမ့်ဆယ့်သုံးသည် ထိတ်လန့်တကြားဖြင့် ပြောလိုက်သည်။ “ကျုပ် သေချာမသိဘူး။ စုမိသားစုရဲ့ မွေးစားသား စုကျန့်ရန် ရောက်လာပြီးတော့ မိန်းကလေးပင်းအာနဲ့ ကျင်းမူကုန်းကို သတ်ဖြတ်ဖို့ကြံကြတာလေ။ ဒီကညီအစ်ကိုတွေ အားလုံးတိုက်ခိုက်ခံရတယ်။ ကျုပ်တို့ကိုလည်း ကျွမ်းကျင်သူတစ်ဒါဇင်ကျော်လောက်က ဝိုင်းပိတ်ထားခဲ့တယ်။ ကျုပ်က အသက်သေတဲ့ထိ တိုက်ခိုက်ဖို့ စဉ်းစားထားခဲ့တယ်”
ယွမ်မင်ကျယ်က ခေါင်းညိတ်လိုက်၏။ စုကျန့်ရန် အကြောင်းကို သူသိ၏။ စုကျန့်ရန်၏ သိုင်းပညာသည် အမှန်ပင် အားကောင်းလွန်း၏။ အနည်းဆုံး ရှမ့်ဆယ့်သုံးထက်တော့ ပိုမိုကာ အားကောင်း၏။ သူနှင့် အရူးကြီးတို့ကို စစ်သည်ပေါင်း တစ်ဒါဇင်ကျော်လောက်က ဝိုင်းရံထားခဲ့သည် ဆိုခြင်းမှာ အသက်ရှင်ရန် အခွင့်အရေးရှိမည့် အရာမျိုး မဟုတ်ချေ။
ယွမ်မင်ကျယ်သည် ထို့ကြောင့်ပင်လျှင် တစ်ယောက်တည်း ပြေးလွှားလာခဲ့ခြင်း ဖြစ်၏။ စုနန်၏ လူများ မည်မျှ ရူးသွပ်သည်ဆိုဆို သူ့ကို သတ်ဖြတ်ရဲလိမ့်မည် မဟုတ်ချေ။
“ပြီးတော့ရော”
ရှမ့်ဆယ့်သုံးက ပြောလိုက်၏။ “ကျုပ် ဒီနေရာမှာ သေဖို့အတွက် ဆုံးဖြတ်ပြီးပြီ။ ဒါပေမဲ့ စုကျန့်ရန်က ဆရာ့ရဲ့ ကလေးကို သတ်ချင်တယ်ဆိုပြီး ပြောတဲ့အချိန်မှာ အရူးကြီးက ချက်ချင်းပဲ အော်ဟစ်လိုက်တယ်။ မျက်လုံးတွေ နီရဲသွားခဲ့တယ်။ ပြီးတော့ လက်ထဲမှာရှိတဲ့ သံတုတ်ကြီးကို ကိုင်ပြီး တွေ့သမျှ ရန်သူအားလုံးကိုလိုက်ပြီး ရိုက်နှက်တော့တာပဲ”
ယွမ်မင်ကျယ်သည် သွားဖြီးကာ ရယ်မောလိုက်မိသည်။
မြေပြင်ပေါ်တွင် ရှိနေသည့် အလောင်းများကို သူက ထပ်မံကာ ကြည့်ရှုလိုက်၏။ အလောင်းအားလုံးတို့သည် ရိုက်နှက်ခံရသောကြောင့် ပြားချပ်လို့နေ၏။ အသားပြားကဲ့သို့ပင်။ သို့ပေမည့် သူသည် လူတော်တော်များများ၏ မျက်နှာကို လိုက်လံကာ ကြည့်ရှုမိ၏။
ယွမ်မင်ကျယ်က မေးမြန်းလိုက်သည်။ “ဒါနဲ့ စုကျန့်ရန် ဘယ်ရောက်သွားလဲ”
ရှမ့်ဆယ့်သုံးက ပြောလိုက်၏။ “အရူးကြီး ဘယ်လောက် အားကောင်းလဲဆိုတာ သိတဲ့အချိန်မှာ သူက တကယ် မြန်တဲ့ကောင်ပဲ။ အရူးကြီးကို အနောက်ကနေ လှမ်းပြီး တိုက်ခိုက်သေးတယ်။ သူ့ဓားက အရမ်းကို မြန်တယ်။ သိုင်းပညာ ဘယ်လောက်မြင့်မြင့် ဒါကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် သခင်မလေးတောင်မှ တားဆီးနိုင်မှာ မဟုတ်ဘူး”
သို့ပေမည့် အရူးကြီးသည် ခုခံရာတွင် အားကောင်းသည့် လူတစ်ယောက် ဖြစ်နေ၏။ နှစ်ဝက်အတွင်း မဟာပညာရှင် ကျုံးချူးကဲ့သို့သောသူသည် အရူးကြီးကို သန်းနှင့်ချီကာ တိတ်တဆိတ် အလစ်ချောင်း တိုက်ခိုက်ခဲ့သည်။ အရူးကြီးသည် ဓားတိုက်ခိုက်ချက်အားလုံးကို ရူးရူးမူးမူး ကာကွယ်ခဲ့သူ ဖြစ်၏။ ကျုံးချူးကဲ့၏ ဓားကို မကာကွယ်နိုင်ဘူး ဆိုလျှင်တောင်မှ စုကျန့်ရန်၏ ဓားကို အဘယ်သို့ မကာကွယ်နိုင်ဘဲ နေမည်နည်း။
ရှမ့်ဆယ့်သုံးက ပြောလိုက်သည်။ “အတိုချုပ်ပြောရရင် စုကျန့်ရန်က အရူးကြီးကို အကြိမ်ပေါင်း တစ်ရာကျော်လောက် တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ အရူးကြီးက ဓားချက်ပေါင်း တစ်ရာကျော်လုံးကို ကာကွယ်နိုင်ခဲ့တယ်။ အရူးကြီးက ဓားတွေကို ကာကွယ်ရင်း တစ်ချိန်တည်းမှာပဲ တခြားသော သူတွေကို လိုက်ပြီး ရိုက်နှက်ခဲ့သေးတယ်။
အရူးကြီးက ဘာကိုမှမမြင်ရတော့တဲ့ပုံပဲ။ လက်ထဲမှာ ရှိတဲ့ တုတ်ကိုပဲ ဝှေ့ယမ်းနေတာ။ အနောက်ပိုင်း ကျွမ်းကျင်သူ အကုန်လုံးက သူ့နားကို ကပ်လို့တောင် မရဘူး။ သူ့နားကို ကပ်လာတာနဲ့ တစ်ခါတည်း ရိုက်သတ်ခံရတာပဲ။ ပြားချပ်နေတာပဲ။
စုကျန့်ရန်က အရူးကြီးကို တိုက်ကွက်ပေါင်းရာချီ တိုက်ခိုက်ခဲ့သေးတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူ့လက်ထဲက ဓား ပျက်စီးသွားခဲ့တယ်။ ပြီးတော့ ပါးစပ်ထဲက သွေးတွေအန်ထွက်လာခဲ့တယ်။ နောက်ဆုံး ထွက်ပြေးသွားခဲ့တာပဲ”
“အံ့အားသင့်စရာပဲ။ တကယ်ကို အံ့အားသင့်စရာပဲ” ယွမ်မင်ကျယ်သည် အရူးကြီးကို ချီးကျူးခြင်း မဟုတ်ချေ။ စုကျန့်ရန်ကို ချီးကျူးခဲ့ခြင်း ဖြစ်၏။
စုကလန်၏ မွေးစားသာသည် တကယ်ကို အားကောင်းခဲ့၏။ မျက်နှာပြင်ထက်တွင် အရူးကြီးကို ဒါစဉ်နှင့်ချီ ထိုးနှက် တိုက်ခိုက်ခဲ့ပုံ ပေါ်၏။ သို့ပေမည့် တခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင် အရူးကြီးဆီမှ တိုက်ခိုက်ချက် အားလုံးကို ပြန်လည်ကာ ခံယူခဲ့ရ၏။ ထိုသို့ ဆိုလျှင်တောင်မှ သွေးအန်ရုံသာ ဖြစ်ခဲ့၏။ တကယ်ကို မယုံနိုင်စရာပင်။ နင်ယန်ပင်လျှင် အရူးကြီးကို တိုက်ခိုက်စဉ်က အနောက်သို့ လွင့်စင်သွားခဲ့ဖူးသည်။
ယွမ်မင်ကျယ်က ပြောလိုက်၏။ “အရူးကြီးက သံတုတ်နဲ့ ဘယ်လိုမျိုး တိုက်ခိုက်တာလဲ။ သူ့မှာ ဘာတိုက်ကွက်တွေ ရှိလဲ”
ရှမ့်ဆယ့်သုံးက ပြောလိုက်သည်။ “ဘာတိုက်ကွက်မှ မရှိဘူး။ ဒီလိုပဲ လိုက်ရိုက်နေတာ”
ယွမ်မင်ကျယ်သည် ထပ်မံကာ ရယ်မောလိုက်မိ၏။
ရှမ့်ဆယ့်သုံးက ပြောလိုက်သည်။ “သခင်လေးယွမ်... သိုင်းပညာလေ့ကျင့်တယ်ဆိုတာ ရုတ်တရက် အဓိပ္ပာယ် မရှိသလို ကျုပ် ခံစားမိလိုက်တယ်”
ယွမ်မင်ကျယ်သည် ရုတ်တရက် ရှေ့ဆီသို့ လှမ်းတက်ကာဖြင့် ရှမ့်ဆယ့်သုံး၏ ပခုံးကို ပုတ်လိုက်၏။ “ဒီလို ထင်နေတာ မင်းတစ်ယောက်တည်း မဟုတ်ပါဘူး”
ချီးတဲ့မှ... သိုင်းပညာကို ကြိုးစားပမ်းစားနှင့် လေ့ကျင့်ခဲ့၏။ လျှို့ဝှက်တိုက်ကွက်များကိုလည်း တစိုက်မတ်မတ် လေ့ကျင့်ခဲ့၏။ တိုက်ကွက်များကိုလည်း ထပ်ခါတလဲလဲ လေ့ကျင့်ခဲ့၏။ ဓားနည်းစနစ်များကို အကြိမ်ပေါင်း ထောင်ချီ၊ သောင်းချီ လေ့ကျင့်ခဲ့သည် ဆိုလျှင်တောင်မှ ဘာဖြစ်လာနိုင်မည်နည်း။
နောက်ဆုံး အရူးကြီးနှင့်ရင်ဆိုင်ရမည်ဆိုပါက မည်သည့်သိုင်းပညာကမှ အသုံးဝင်တော့မည် မဟုတ်ချေ။ မည်သည့် လျှို့ဝှက်တိုက်ကွက်ကမှလည်း အဓိပ္ပာယ် ရှိတော့မည် မဟုတ်ချေ။
အရူးကြီးသည် မျက်လုံးကို စုံမှိတ်ပြီး တွေ့ကရာအရာများကို လိုက်လံကာ ရိုက်နှက်ခဲ့၏။ ပြီးနောက် တကယ့် ထိပ်တန်း လေ့ကျင့်ခဲ့ပါသည် ဆိုသော အနောက်ပိုင်းကျွမ်းကျင်သူများ အားလုံးသည် ပြားချပ်နေအောင် ရိုက်နှက် သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ ထို့အပြင် စုကျန့်ရန်ကဲ့သို့သော ကျွမ်းကျင်သူ တစ်ယောက်ပင်လျှင် အဝေးသို့ ထွက်ပြေးသွားခဲ့ရ၏။
တော်ဝင်ရန်နိုင်ငံ၏ သံတမန် ယွမ်မင်ကျယ်သည် လက်ထဲတွင် ရှိနေသည့် ဓားကို အထင်အမြင်သေးသလို ကြည့်ရှုရင်း ခပ်ဝေးဝေးဆီသို့ ပစ်လွှတ်လိုက်၏။
ဘာကိစ္စ လေ့ကျင့်နေရတော့မည်နည်း။ သူ ထပ်မံကာ မလေ့ကျင့်ချင်တော့ချေ။ သူသည် ဘဝတစ်ဝက် နီးပါးခန့် သိုင်းပညာကို လေ့ကျင့်ခဲ့၏။ သို့ပေမည့် တစ်ဖက်လူ မျက်လုံးမှိတ် တိုက်ခိုက်သည်ကိုပင် အနိုင်ယူနိုင်မည် မဟုတ်ချေ။ သောက်ကျိုးနည်း လောကကြီး။ ချီးမှ သိုင်းပညာ ....။
“အင်း... ငါ တကယ်ကို အသုံးမဝင်တာပဲ။ ငါ့ဘဝကြီးက အဓိပ္ပာယ်မဲ့နေပြီ”
ယွမ်မင်ကျယ်သည် မြေပေါ်တွင် အသာ ထိုင်ချပြီး သက်ပြင်းချလိုက်မိ၏။
ရှမ့်ဆယ့်သုံးကလည်း ပြောလိုက်သည်။ “သခင်လေးယွမ်... အနည်းဆုံး ခင်ဗျားက နာမည်ကျော်ကြားသေးတယ်။ အလှပဆုံး မိန်းကလေးတွေနဲ့လည်း အိပ်စက်ခွင့်ရသေးတယ်”
ရှမ့်ဆယ့်သုံးသည် ယွမ်မင်ကျယ်၏ ရှေ့တွင် စကားအနည်းငယ် ပြောနိုင်၏။ သို့ပေမည့် ရှမ့်လန်၏ ရှေ့တွင်တော့ ပါးစပ်ကို တင်းတင်းပိတ်ထားသည့် လူတစ်ယောက် ဖြစ်၏။ သူ၏ ဆရာသည် ဟိတ်ဟန်များလွန်းသည့် လူတစ်ယောက် မဟုတ်ပါလား။ ယွမ်မင်ကျယ်နှင့် မတူချေ။ ယွမ်မင်ကျယ်၏ ခန္ဓာကိုယ်ဆီမှ တော်ဝင်ဆန် လှသည့် အရိပ်အယောင်မျိုး ထွက်ပေါ်မနေချေ။
ယွမ်မင်ကျယ်သည် ရှမ့်ဆယ့်သုံး၏ ပခုံးကို အသာပုတ်ကာ ပြောလိုက်၏။ “အင်း... မင်းကတော့ မဆိုးပါဘူး။ ဘာပဲပြောပြော ဟွမ်ဖန်လိုမျိုး ထူးခြားတဲ့ မိန်းကလေးတစ်ယောက်ကို ရထားသေးတာပဲ။ ဒါနဲ့ မင်း သူနဲ့ အိပ်ပြီးပြီလား”
ရှမ့်ဆယ့်သုံး၏ မျက်နှာ တစ်ခုလုံးက နီမြန်းသွားခဲ့၏။ သူက ခေါင်းကို ခါယမ်းလိုက်၏။
ယွမ်မင်ကျယ်သည် သက်ပြင်းကို ချလိုက်သည်။ “မင်းက မင်းဆရာနဲ့ အတူတူပဲ။ အရမ်း ရိုးသားလွန်းတယ်”
ဤစကားလုံးသည် ရှမ့်ဆယ့်သုံးကို ငိုချင်စိတ်ပင် ပေါက်သွားစေခဲ့၏။ ‘ယွမ်သခင်လေး... ကျုပ်ကို ရိုးသားလွန်း တယ်လို့ ခင်ဗျား ပြောတာကို ကျုပ် ထောက်ခံပါတယ်။ ဒါပေမဲ့ ကျုပ်ဆရာက ဘယ်နေရာမှာ ရိုးသားသွားတာလဲ။’
ယွမ်မင်ကျယ်သည် သက်ပြင်းချလိုက်သည်။ “အရူးကြီးက အရမ်းကို အားကောင်းလွန်းတယ်။ ဒါပေမဲ့ နောက်ထပ် အားကောင်းတဲ့ တစ်ယောက် ရှိသေးတယ်။ မင်း သူ့ကို အရင်တုန်းက မြင်ဖူးတယ်”
ရှမ့်ဆယ့်သုံးက ခေါင်းညိတ်လိုက်၏။ နတ်ဆိုးမ ချောင်ယောင်းအာပင်။ အားအကောင်းဆုံးသော လူတစ်ယောက် ဖြစ်၏။
ယွမ်မင်ကျယ်က ပြောလိုက်သည်။ “ဘယ်လောက်တောင် အားကောင်းလဲ”
ရှမ့်ဆယ့်သုံးက ပြောလိုက်၏။ “ဘယ်လိုမှ ဖော်ညွှန်းလို့ မရနိုင်ဘူး။ လူတစ်ထောင်ကျော်လောက် ကြားထဲကို ဝင်သွားပြီး လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်တယ်။ အကုန်လုံးသေကုန်တယ်” and