အပိုင်း (၃၅၄)
Vol. 26 Ch. 354
ယွမ်မင်ကျယ်က မေးလိုက်၏။ “ပြီးတော့ လှလား”
ရှမ့်ဆယ့်သုံးက ပြောလိုက်သည်။ “လောကမှာ အရမ်း ... အရမ်းကို ပြိုင်စံရှားအောင် လှတာပေါ့”
ယွမ်မင်ကျယ်က မေးမြန်းလိုက်၏။ “အင်း.. ငါ့ညီလေးက အတော်ဆုံးပဲ။ ဒီလို မိန်းမမျိုးနဲ့တောင် အိပ်နိုင်တာပဲ”
ရှမ့်ဆယ့်သုံးသည် သူ၏ဆရာမှာ တစ်ဖက်လူနှင့် အိပ်စက်ခဲ့ခြင်း မဟုတ်ဘဲ တစ်ဖက်လူက သူ၏ ဆရာနှင့် အိပ်စက်ခဲ့ခြင်း ဖြစ်ကြောင်းကို ပြောလိုက်ချင်၏။ အကြောင်းအရင်းတူပေမည့် အဓိပ္ပာယ်မတူချေ။
ဤလောကကြီးထဲတွင် မည်သည့်ယောကျ်ားကမှ ချောင်ယောင်းအာကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ သူမ၏ မျက်လုံးထဲတွင် သူ၏ဆရာရှမ့်လန်မှာ ဘာမှမဟုတ်ချေ။ ဆောင်ကြာမြိုင်မှကောင်လေးကဲ့သို့ပင် ဟိုက ဆက်ဆံသွားခြင်းဖြစ်သည်။ သို့ပေမည့် ရှမ့်ဆယ့်သုံးသည် ထိုအရာကို မည်ကဲ့သို့ ထုတ်ပြောရဲမည်နည်း။
ယွမ်မင်ကျယ်က ပြောလိုက်၏။ “အင်း... မင်းက နတ်ဘုရားမရွှယ်ရင်နဲ့ ချောင်ယောင်းအာတို့ကို မြင်ခဲ့ဖူးတယ်။ ဘယ်သူက ပိုလှတယ် ထင်လဲ”
ရှမ့်ဆယ့်သုံးက ခဏလောက် တွေးတောလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ချောင်ယောင်းအာပေါ့”
ယွမ်မင်ကျယ်က မေးလိုက်၏။ “ဘာလို့လဲ”
ရှမ့်ဆယ့်သုံးက ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ နတ်မိမယ် ရွှယ်ရင်ရဲ့ ခန္ဓာကိုယ်က ကျင့်ကြံလို့ဖြစ်လာတဲ့ အရာမျိုးပဲ။ ချောင်ယောင်းအာကကျတော့ သဘာဝအတိုင်းကို လှပတာ”
ယွမ်မင်ကျယ်က ပြောလိုက်၏။ “အင်း.. ဒီလူနှစ်ယောက်ရဲ့ တိုက်ခိုက်ပုံတွေကို မင်း မြင်ဖူးတာပဲ။ ဘယ်သူက ပိုပြီး အားကောင်းမယ် ထင်လဲ”
ရှမ့်ဆယ့်သုံးက ဖြေလိုက်၏။ “ပြောဖို့ခက်တယ်။ သိုင်းပညာအဆင့်အရဆိုရင် နတ်မိမယ်ရွှယ်ရင်က ပိုပြီး မြင့်မားတယ်။ နှစ်ယောက်လုံးရဲ့ အော်ရာတွေကလည်း ကွာခြားလွန်းတယ်။ ဒါကြောင့် သုံးသပ်ဖို့တော့ ခက်တယ်။ ရွှယ်ရင်ရဲ့ အရှိန်အဝါက မကြာခင် နတ်ဘုရားလေးဆီကနေ ထွက်လာတော့မယ့် မြှားတစ်စင်းလိုပဲ။ ဘယ်လိုရှောင်ရှောင် ဒီအရာက ကျိန်းသေပေါက် ထိမှန်ပြီး သေဆုံးမယ့်အဓိပ္ပာယ်ကို ဖော်ဆောင်တယ်။
ချောင်ယောင်းအာရဲ့ အရှိန်အဝါကျတော့ ဆူနာမီမုန်တိုင်းကြီး တစ်ခုလိုပဲ။ ကြီးမားတဲ့ ငလျင်ကြီး လှုပ်လိုက်သလိုပဲ။ ရှောင်ရှားချင်တယ် ဆိုရင်တောင်မှ မရှောင်ရှားရဲတဲ့ အဖြစ်မျိုးပဲ”
ယွမ်မင်ကျယ်က ပြောလိုက်သည်။ “ငါ နားလည်ပြီ။ တစ်ယောက်က လူတစ်ဦးတစ်ယောက်ကို သတ်ပစ်နိုင်တယ်။ ကျန်တစ်ယောက်က လူပေါင်းများစွာတို့ကို သတ်ဖြတ်ပစ်နိုင်တယ်”
ရှမ့်ဆယ့်သုံးက ပြောလိုက်၏။ “အင်း... ပညာတတ်တွေက တကယ်ကို မတူခြားနားနေတာပဲ”
ယွမ်မင်ကျယ်က ပြောလိုက်သည်။ “လာမယ့်နှစ်အနည်းငယ်အတွင်းမှာ အရူးကြီးက ဒီလိုလူမျိုး ဖြစ်လာလိမ့်မယ်”
...........
အရူးကြီးသည် မြေအောက်ခန်းဆီသို့ ပြန်ရောက်ပြီးနောက် သူရဲကောင်းတစ်ယောက်ကဲ့သို့ ဆက်ဆံခြင်းကို ခံရ၏။
ကျင်းမူကုန်းသည် သဘောတကျ ပြောလိုက်သည်။ “ဒီလိုပဲ ပြီးသွားတာလား။ ကျုပ် ထင်ထားတာနဲ့ အလုံးစုံ ကွဲပြားနေတာပဲ။ အနာဂတ်မှာ ကျုပ် ဒီကိစ္စကို ဘယ်လိုရေးရမလဲ”
ရှောင်ပင်းသည် သူမ၏ ဝမ်းဗိုက်ကို အသာပွတ်သပ်ကာဖြင့် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ “အရူးကြီး.. ရှင်က တကယ်ကို အံ့အားသင့်စရာပဲ”
ချက်ချင်းပဲ အရူးကြီးသည် ရှက်ရွံ့သွားသလိုမျိုး ခံစားမိသည်။
ရှောင်ပင်းက ပြောလိုက်သည်။ “အရူးကြီး ထိုင်လေ။ ဒီမှာ ရေနွေး သောက်အုံး”
ရှောင်ပင်းသည် ရေနွေးတစ်ခွက်ကို အရူးကြီးအတွက် ငှဲ့ပေးလိုက်၏။
အရူးကြီးက ပုံမှန် မဟုတ်သလိုပင် ခံစားမိသည်။ “ပင်းအာ.. ဒီလိုမျိုးတွေ မလုပ်နဲ့။ ကျုပ် ကျုပ် အရမ်း”
အရူးကြီးသည် သူ့၏ လက်ရှိ ခံစားချက်ကို ထုတ်ဖော် ပြောဆိုရန် ကြောင်အအ ဖြစ်လို့နေခဲ့၏။
ပင်းအာသည် ပုံမှန်အားဖြင့် သူ့ကို တစောင်းစေးနှင့် မျက်ချေးကဲ့သို့ပင် အချိန်မရွေး ဆူငေါက်နေသူတစ်ယောက် ဖြစ်၏။ စားလည်း ဆူ၏။ ရေသောက်လျှင်ပင် လာရောက်ကာ ဆူငေါက်တတ်သူ ဖြစ်၏။ သို့ပေမည့် လက်ရှိအချိန်မှာတော့ သူမသည် အလုံးစုံ ကြင်နာတတ်သည့် လူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့သည်။
ပင်းအာက နားလည်သွား၏။ ထို့ကြောင့် လေသံမာမာဖြင့် အော်ဟစ်လိုက်၏။ “ငါ ရေနွေး သောက်လို့ ပြောနေတယ်”
အရူးကြီးသည် ကုပ်တစ်ခုလုံး ပုဝင်သွားခဲ့၏။ အလျင်အမြန်ပဲ ရေနွေးခွက်ကို ကောက်ယူကာဖြင့် တစ်ခါတည်း မော့သောက်လိုက်၏။ ပြီးနောက် ရေနွေးခွက်ကို စားပွဲပေါ်သို့ အသာတင်ကာ ခပ်မတ်မတ် ထိုင်လျက် ရှိနေ၏။ ဒူးနှစ်ဖက်ကြားဆီသို့ လက်ထည့်ပြီး ဆရာမရှေ့သို့ရောက်နေသည့် ကြောက်လန့်တတ်သော မူလတန်း ကျောင်းသားတစ်ယောက် ကဲ့သို့ပင်။ ဤအပြုအမူကမှ အမှန်ပင် ဖြစ်၏။
ပင်းအာက ကြမ်းတမ်းလွန်း၏။ ထိုကဲ့သို့သောအရာမျိုးနှင့်သာ သူ အသားကျ၏။ အရူးကြီးသည် နေသာထိုင်သာ ရှိသလို ခံစားလိုက်မိသည်။
................
ကောင်းကင်ကြီး တစ်ခုလုံး မဲမှောင်နေ၏။ ဘုရင်မင်းမြတ်သည် ရုတ်တရက် ထထိုင်လိုက်၏။ ပြီးနောက် စုဖေး၏ ဦးခေါင်းကို အသ ပွတ်သပ်ကာ ပြောလိုက်လေ၏။ “လွန်ခဲ့တဲ့ ညက မင်း အရမ်းပင်ပန်းခဲ့ပြီ။ ကောင်းကောင်း နားအုံး”
စုဖေးသည် ခေါင်းကို အသာညိတ်ပြလိုက်၏။ လွန်ခဲ့သည့် ညတုန်းက နင်ယွမ်ရှန်းသည် တော်တော်ကို ကြိုးစားခဲ့၏။
တော်ဝင်ဝတ်စုံကိုကောက်ဝတ်ပြီးနောက် နင်ယွမ်ရှန်းသည် စုဖေး၏နန်းဆောင်ထဲမှ အသာထွက်လျှောက်ပြီး မိဖုရားကြီးပျံ့၏ အခန်းဆီသို့ ပြန်သွားခဲ့သည်။
“မိန်းမ... မျက်လုံးကိုပွတ်ပြီး မျက်စဉ်းလေး နည်းနည်း ခပ်ပေးအုံး”
နင်ယွမ်ရှန်းသည် ပျံ့ဖေး၏ ပေါင်ပေါ်တွင် အသာ လဲလျောင်းလိုက်၏။ သူ၏ မျက်နှာသွင်ပြင်က တည်ငြိမ်လျက် ရှိ၏။ မျက်လုံးကို ဖွင့်လိုက်တော့ သူ၏ မျက်လုံးအိမ် တစ်ခုလုံးက နီရဲလျက် ရှိနေ၏။ အဘယ်ကြောင့် ဆိုသော် သူ တစ်ညလုံး မအိပ်ခဲ့ချေ။ ကြီးမားသည့် ကပ်ဘေးကြီးက ရောက်ရှိလာတော့မည် ဖြစ်၏။
စုနန်သည် နန်းမြို့တော် တစ်ခုလုံးကို ပျက်စီးအောင် ပြုလုပ်ခဲ့သည်။
မနေ့ညက မီးကြောင့် အိမ်မည်မျှ မီးလောင်သွားခဲ့သနည်း။ တစ်ထောင်လား။
လူမည်မျှ မီးလောင်ပြီး သေဆုံးသွားခဲ့သနည်း။ တစ်ထောင်လား။
ထိုအရာက အရေးမကြီးချေ။ ရွှဲ့ပြည်နယ် အလွန်မင်း အားနည်းကြောင်း ပေါ်ပေါက်သွားသည့် ကိစ္စကတော့ သေမတတ် အရေးကြီးသည်။ ရွှဲ့ပြည်နယ်၏ နန်းမြို့တော်ကို လူရာဂဏန်းလောက်က ပြောင်းပြန်လှန်သွားခဲ့၏။
တောထဲမှ တောဘုရင်သည် မည်သည့် အရာကို အကြောက်လန့်ဆုံး ဖြစ်မည်နည်း။ တခြားသောသူများ သူ၏ အားနည်းချက်ကို မြင်ရမည်အား ကြောက်လန့်ခြင်းပင်။ ထိုအရာက တကယ်ကို အန္တရာယ်များ၏။ အဘယ်ကြောင့်ဆိုသော် သားရဲဘုရင်ဆိုသည်မှာ တောထဲရှိ ကျား၊ ခြင်္သေ့၊ ဝံပုလွေ၊ ခွေးအများနှင့် ရင်ဆိုင်ရသည်။ ထို့ကြောင့် အားနည်းချက်ကို မြင်သာသွားပါက ကျိန်းသေပေါက် ဒုက္ခတွေ့နိုင်သည် မဟုတ်ပါလား။
စုနန်က လွယ်လွယ်ကူကူ ထွက်ခွာသွားနိုင်၏။ သို့ပေမည့် ရွှဲ့ပြည်နယ်၏ အားနည်းမှု အဆင့်အတန်းကို ထုတ်ဖော် ပြသရင်း ထွက်ပြေးသွားခဲ့၏။ ဝူနိုင်ငံ၊ ချောင်နိုင်ငံနှင့် ချင်နိုင်ငံတို့အနေဖြင့် သူ့ကို တစ်ချိန်တည်း လာရောက် ထိုးနှက်ပေတော့မည်။
ဤကဲ့သို့ အရေးကြီးသည့် အခြေအနေမျိုးတွင် သူ ဒေါသထွက်နေ၍ မရချေ။ ဒေါသထွက်နေရင်လည်း အလကား ဖြစ်၏။ စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် ထိန်းချုပ်ပြီး ကပ်ဘေးကြီးကို ကျော်ဖြတ်ရန် စဉ်းစားရပေလိမ့်မည်။ မည်သည့်အချိန်က ကပ်ဘေးကြီး စတင်သနည်း။ နယ်စပ် အမဲလိုက်ပွဲ စတင်စဉ်တည်းကဟု သတ်မှတ်ရမည်။
လူငယ်ဝူဘုရင်သည် သူ့ကို အနိုင်ရရှိခဲ့ပြီးနောက် ရွှဲ့ပြည်နယ်မှ လူများအား အားနည်းလွန်းသည်ဟူသော ခံစားချက်မျိုးကို ပေးအပ်ခဲ့၏။ ထိုအချိန်မှာပဲ စုနန်သည် နန်းမြို့တော်တစ်ခုလုံးကို မွှေနှောက်သွားခဲ့၏။ အရှုံးသမားတစ်ယောက်ကို ထပ်မံကာ နင်းချေလိုက်ခြင်းပင်။ ပတ်ဝန်းကျင်ရှိ ရန်သူပေါင်းများစွာတို့သည် သတိအပြည့်နှင့် ဖြစ်သွားခဲ့၏။
ချင်နိုင်ငံ၊ သဲကန္တာရက လူရိုင်းများသည် ကျား၊ ခြင်္သေ့၊ ခွေးအများနှင့် ဆင်တူ၏။ သူတို့သည် ကြောက်လန့်မှု မရှိတော့ဘူးဆိုပါက ကျိန်းသေပေါက် ရွှဲ့ပြည်နယ်ကို ဝင်ရောက်ကာ တိုက်ခိုက်ပေတော့မည်။ ရွှဲ့ပြည်နယ် မည်မျှ အားကောင်းသည် ဆိုဆို ကိစ္စမရှိချေ။ တစ်ဖက်လူများသည် အစစ်အမှန် သားရဲတိရစ္ဆာန်ကြီးများကဲ့သို့ပင် အထဲသို့ ဝင်ရောက်ကာ တိုက်ခိုက်ကြပေမည်။
ဤအချိန်မှာတော့ သူသည် ကပ်ဘေးကြီးကို သေသေချာချာ သုံးသပ်ရန် လိုအပ်နေ၏။ ကပ်ဘေးကြီး သည် တဖြည်းဖြည်း ပိုမိုကာ ကြီးမားလာနိုင်၏။ ထိုကဲ့သို့ကြီးမားသည့် အကြောင်းအရာများသည် ဘုရင်မင်းမြတ်၏ စိတ်ဆန္ဒ၊ သတ္တိတရားပေါ်တွင် မူတည်လာ၏။
နင်ယွမ်ရှန်း အတွက် ဤအရာငည် တကယ်ကို စစ်မှန်သည့် စမ်းသပ်မှုတစ်ခုသာ ဖြစ်၏။ သေခြင်းရှင်ခြင်းက ကိစ္စမရှိတော့သော အရေးကြီးသည့် အခိုက်အတန့်က ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဤကပ်ဘေးကြီးသည် ရွှဲ့ပြည်နယ်ကို ပိုမိုကာ အားကောင်းသွားစေနိုင်၏။ ဤကပ်ဘေးကြီးမှ အသက်မရှင် နိုင်ပါက လွန်ခဲ့သည့် နှစ် ၂၀ တုန်းက ဝူနိုင်ငံကဲ့သို့ပင် အဆုံးသတ်သွားနိုင်၏။ သို့ပေမည့် ဤအချိန်မှာတော့ ခရိုင် ကိုးခုသာ ပါသွားသည် မကချေ။ သူတို့၏ ခရိုင် တော်တော်များများက တစ်ဖက်လူများ၏ လက်ထဲသို့ ပါသွားနိုင်၏။
“အရှင်မင်းကြီး.. ဝူဝေမင်းကြီးက လာတွေ့ပါတယ်” မိန်းမစိုးကြီး လီစွမ်းက လျှောက်တင်လိုက်သည်။
ထိုစကားကိုကြားတော့ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက တုန်လှုပ်သွားခဲ့၏။ သူ၏ စာကြည့်ခန်းဆီသို့ တည့်တည့်မတ်မတ်ပင် သွားလိုက်၏။
............
“အရှင်မင်းကြီး... ပျံ့ရှောင်းက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
ရွှဲ့ပြည်နယ်၏ စစ်တပ်ထဲတွင် တစ်ဦးတည်းသော နံပါတ်တစ်လူဖြစ်ပြီး ဘုရင်မင်းမြတ်၏ ယုံကြည်အားထားသည့် ထောက်တိုင်တစ်ယောက် ဖြစ်သော ဝူဝေမင်းကြီး ပျံ့ရှောင်းသည် ဦးခေါင်းကို ညွှတ်ကာဖြင့် ဂါရဝပြုလိုက်သည်။
နင်ယွမ်ရှန်းသည် သူ့ကို တားဆီးသည့် ဟန်ပန်မျိုး ဟန်ဆောင်မနေတော့ချေ။ အကယ်၍ စုနန်သာ ဆိုပါက ရှေ့သို့ ပြေးသွားပြီး ဖေးမမိမှာ သေချာ၏။
ပျံ့ရှောင်းဂါရဝပြုပြီးသည့်အချိန်မှာတော့ နင်ယွမ်ရှန်းသည် လက်သီးကို ဆုပ်ကာ ဦးညွှတ်လိုက်သည်။ “အစ်ကိုကြီး... အလုပ် ကြိုးစားခဲ့တယ်”
ထိုအရာကို ကြားသည့်အချိန်မှာတော့ ပျံ့ရှောင်းက အံ့အားသင့်သွားမိ၏။
“ထိုင်ပါ” နင်ယွမ်ရှန်းက အသာ ထိုင်ချသည်။
ပျံ့ရှောင်းသည် မတ်တပ်ထရပ်ပြီး ဘေးတစ်ဖက်ရှိ ထိုင်ခုံတွင် ထိုင်ချလိုက်၏။ ဝူဘုရင်၏ စစ်သည်ပေါင်း ၃၀၀၀၀ ကျော်တို့သည် တောင်ဘက်ပိုင်းကို ဦးတည်လာခဲ့ကြ၏။ စစ်သည်ပေါင်းများစွာတို့ကို သေချာ စုစည်းပြီးနောက် စစ်ပွဲအတွက် ပြင်ဆင်မှုကို ပြုလုပ်လျက် ရှိ၏။
ထို့ကြောင့် သူသည် ဘုရင်မင်းမြတ် နင်ယွမ်ရှန်းကို လာရောက်ကာ တွေ့ဆုံခြင်း ဖြစ်သည်။
“စီနီယာအစ်ကို... ကျုပ်တို့နိုင်ငံက တကယ်ကို ကြီးမားတဲ့ ဘေးအန္တရာယ်ကို ကြုံနေရပြီ။ စုနန်ကို အထင်မသေးဖို့ ကျုပ် အထပ်ထပ် သတိပေးခဲ့တယ် မဟုတ်လား။ ဒါပေမဲ့ ကျုပ်ကိုယ်တိုင် သူ့ကို အထင်သေးခဲ့ မိတယ်။ ခွေးကောင်လေး ရှမ့်လန် ပြောတာ အမှန်ပဲ။ စုနန်က ကြီးမားတဲ့ တစ်စုံတစ်ခုကို စီစဉ်နေခဲ့တာပဲ။ သူက ဝူနိုင်ငံ၊ ချောင်နိုင်ငံတို့နဲ့တောင် ပူးပေါင်း ဆောင်ရွက်ခဲ့တာပဲ။
ကျုပ် နယ်စပ်အမဲလိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးတော့ ရွှဲ့ပြည်နယ်က အားနည်းတယ်လို့ တစ်လောကလုံးက တွေးထင်သွားခဲ့ကြတယ်။ ဒီလိုအချိန်မှာ စုနန်က ပွင့်ပွင့်လင်းလင်းပဲ နန်းမြို့တော်ကို မီးရှို့သွားခဲ့တယ်။ လူပေါင်း ၁၀၀၀ ကျော်တို့ကို သတ်ဖြတ်ပစ်ခဲ့တယ်။ ဒါက ဝူနိုင်ငံ၊ ချောင်နိုင်ငံ၊ ချင်နိုင်ငံ ... အားလုံးတို့ကို ရွှဲ့ပြည်နယ်က အားနည်းလွန်းတယ်။ တိုက်ခိုက်ဖို့ အားအင် မရှိဘူးလို့ ထုတ်ဖော် ပြသခဲ့တာပဲ။
အခြေအနေက နေ့စဉ် တစ်နေ့ထက်တစ်နေ့ ပိုပြီး ဆိုးလာလိမ့်မယ်။ ကျုပ်တို့က ဒီလို ကိစ္စရပ်မျိုးကို အချိန်ကိုက် မတားဆီးနိုင်ဘူးဆိုရင် ရွှဲ့ပြည်နယ်ကို တစ်လောကလုံးက ဝိုင်းပြီး တိုက်ခိုက်တော့မယ်။ ဝူနိုင်ငံက မြောက်ဘက်ပိုင်းမှာ ရှိတယ်။ ချောင်နိုင်ငံက အနောက်ဘက်ပိုင်းမှာ ရှိတယ်။ ချင်နိုင်ငံနဲ့ စုကလန်ကတော့ အနောက်တောင်ဘက်ပိုင်းမှာ ရှိတယ်။ သဲကန္တာရလူရိုင်းတွေကတော့ တောင်ဘက်ပိုင်းမှာ ရှိတယ်။ တောင်ဘက်နိုင်ငံရဲ့ ဘုရင်ကလည်း ကျုပ်တို့ကို တိုက်ခိုက်နေတယ်။ ဒီတော့ တည်နေရာအနှံ့က ကျုပ်တို့ကို တိုက်ခိုက်နေတယ်လို့ ပြောရမယ်”
“ဒီလို ကိစ္စရပ်မျိုးကို ကျုပ် ဘယ်လိုမှ အဖြစ်ခံမှာ မဟုတ်ပါဘူး” နင်ယွမ်ရှန်း၏ စကားကို ကြားသည့် အချိန်မှာတော့ ပျံ့ရှောင်းက ပြန်လည်ကာ ပြောဆိုလိုက်၏။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ သူသည် ထိုင်ခုံပေါ်သို့ အသာ မှေးမှီကာ ထိုင်ရင်း ပြောလိုက်သည်။ “စီနီယာအစ်ကို.. လူတွေရဲ့ကြားမှာ ကြီးမားတဲ့ ကွာခြားချက် ရှိတယ်ဆိုတဲ့အကြောင်းကို ခင်ဗျား ဘယ်လိုထင်လဲ။ အင်ပါယာကျန်းလီက အသက် ၃၀ အရွယ်မှာ နိုင်ငံပေါင်းများစွာတို့ကို ဖျက်ဆီး သိမ်းပိုက်နိုင်ခဲ့တယ်။ သူ အသက် ၄၀ ရောက်တဲ့ အချိန်မှာ ပြိုင်ဘက်ကင်းပြီး တစ်လောကလုံးကို စုစည်းနိုင်လုနီးပါး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျုပ် အသက် ၅၀ နီးပါး ဖြစ်သွားခဲ့ပြီ။ ဘာတစ်ခုမှ အောင်မြင်မှု မရရှိသေးဘူး”
ပျံ့ရှောင်းက ပြောလိုက်၏။ “အရှင်မင်းကြီးအနေနဲ့ နိုင်ငံကိုကာကွယ်ဖို့ လွယ်ကူခဲ့တာ မဟုတ်ဘူးလေ။ ပြီးတော့ အင်ပါယာကျန်းလီဆိုတာ ပြိုင်ဘက်ကင်း လူတစ်ယောက် မဟုတ်ဘူးလား”
“ဟုတ်ပါတယ်။ အင်ပါယာကျန်းလီက ပြိုင်ဘက်ကင်းပဲ”
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “သူနဲ့ ဘယ်လိုလုပ်ယှဉ်လို့ ရမှာလဲ”
ပြီးနောက် သူသည် တကယ့်ကို ခပ်ပြင်းပြင်း ရေနွေးခွက် တစ်ခွက်ကို ကောက်ယူကာဖြင့် တစ်ခါတည်း မော့သောက်လိုက်၏။ ပုံမှန်အားဖြင့် သူသည် ဤကဲ့သို့ ရေနွေးပြင်းပြင်းများကို သောက်တတ်သည့် သူတစ်ယောက် မဟုတ်ချေ။ ကျန်းမာရေးကို ဂရုစိုက်တတ်သူတစ်ယောက် ဖြစ်သောကြောင့် ခပ်ပျော့ပျော့ ရေနွေးမျိုးများကိုသာ သောက်တတ်၏။ သို့ပေမည့် ယနေ့ အချိန်မှာတော့ သူ သောက်သည့် ရေနွေးက တကယ်ကို ပြင်းလျက် ရှိ၏။ အရက်သောက်သကဲ့သို့ပင် ခါးတူးနေ၏။
သို့ပေမည့် ဝူဝေမင်းကြီး ပျံ့ရှောင်းသည် ဤကဲ့သို့သော ရေနွေးကြမ်းမျိုးကို ကြိုက်နှစ်သက်တတ်သူ တစ်ယောက် ဖြစ်၏။ ရေနွေးအိုးကိုပါ တစ်ခါတည်းယူပြီး ပါးစပ်နှင့်မော့ကာ သောက်လျက် ရှိနေ၏။ နင်ယွမ်ရှန်း၏ ရှေ့တွင် အမှတ်တမဲ့ ပြုလုပ်မိနေခြင်းပင်။
“အစ်ကိုကြီး... စုနန်က ထွက်ပြေးသွားခဲ့ပြီ။ သူ့ကို လိုက်ဖမ်းလို့ မရနိုင်ဘူး” နင်ယွမ်ရှန်းက ပြောလိုက်၏။
“အင်း.. နည်းနည်းလေး အားထုတ်ရုံနဲ့ ကြီးမားတဲ့ အောင်မြင်မှုမျိုးကို သူက ရချင်ခဲ့တာလေ။ သူက ရွှဲ့ပြည်နယ်ရဲ့ ယန်ကျိုးတစ်ခုလုံးကို ကြီးကြီးမားမား ပြောင်းလဲချင်ခဲ့တယ်။ သူက ချင်နိုင်ငံနဲ့ ပူးပေါင်းပြီး လုပ်ချင်တာကို လုပ်နိုင်စွမ်းရှိတဲ့ လူတစ်ယောက် ဖြစ်ချင်ခဲ့တယ်”
ပျံ့ရှောင်း၏ အမူအရာသည် ယန်ကျိုးအကြောင်းကို ပြောသည့်အချိန်တွင် ပြောင်းလဲမှု မရှိခဲ့ချေ။ လူပေါင်းများစွာတို့သည် ယန်ကျိုး၏ ပြောင်းလဲမှုမှာ ပျံ့ရှောင်းကြောင့်ဖြစ်ကြောင်း သိရှိကြသည်။ ယန်ကျိုးကို ပိုင်ဆိုင်ခဲ့ခြင်းသည် ပျံ့ရှောင်းကြောင့်သာ ဖြစ်သည်။
ပျံ့ရှောင်းသည် ထိုအချိန်တုန်းက ဝူနိုင်ငံ၏ တောင်ပိုင်းစစ်တပ်ကြီးကို အုပ်ချုပ်သည့် စစ်သူကြီး တစ်ယောက် ဖြစ်ခဲ့၏။ အဆုံးသတ်မှာတော့ သူသည် ဝူနိုင်ငံကို သစ္စာဖောက်ခဲ့ပြီး စစ်သည်ပေါင်းသောင်းချီနှင့်အတူ ရွှဲ့ပြည်နယ်သို့ လာရောက်ကာ ခိုလှုံခဲ့၏။ ထို့ကြောင့်ပင်လျှင် ဝူနိုင်ငံက ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်၏။
ရွှဲ့ပြည်နယ်၌ သူ၏ ဂုဏ်သိက္ခာတရားက မည်မျှ ကြီးမားသည်မဆို သူသည် ယခင် ဘုရင်ကို သစ္စာဖောက်ခဲ့သည့် လူတစ်ယောက်သာလျှင် ဖြစ်၏။ သို့ပေမည့် ပျံ့ရှောင်းက ဂရုမစိုက်ချေ။ သူ ဝူဘုရင်ကို သစ္စာဖောက်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဝူဘုရင်က မမျှတသောကြောင့်ပင်။ သူ၏အဖေ အဘယ့်ကြောင့် သေရသနည်း။ ထို့အပြင် သူ၏သား အဘယ့်ကြောင့် သေရသနည်း။
ထို့အပြင် သူနှင့် နင်ယွမ်ရှန်းတို့သည် ပညာသင်ဖော်သင်ဖက်များ ဖြစ်၏။ အရေးကြီးဆုံး အခြေအနေတွင် ရွှဲ့ပြည်နယ်၏ အိမ်ရှေ့စံမင်းသား ဖြစ်သော နင်ယွမ်ရှန်းသည် ပျံ့ရှောင်း၏ စစ်စခန်းဆီသို့ ရဲရဲရင့်ရင့် ဝင်ရောက်လာခဲ့၏။ ပျံ့ရှောင်းသည် ထိုမြင်ကွင်းကို ပြန်လည်ကာ မှတ်မိနေတုန်းပင်။ ထိုအချိန်တုန်းက သူတို့သည် တကယ်တမ်း တိုက်ခိုက်ကြရမည့် ရန်သူများ ဖြစ်၏။
ရွှဲ့ဘုရင် နင်ယွမ်ရှမ်းသည် တကယ့်ကို ပညာမဲ့သလို ပြုမူဆောင်ရွက်ခဲ့သည် ဆိုသော်လည်း တကယ်တော့ ဉာဏ်ပညာရှိစွာဖြင့် ပြုမှုဆောင်ရွက်ခဲ့ခြင်းပင်။ အရေးကြီးဆုံး အခြေအနေတွင် စွန့်စားမှုကို ပြုလုပ်ရဲခဲ့သည်။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ဆက်ပြောလိုက်၏။ “စုနန်က သူ့ရဲ့ မြေပိုင်နက်တွေကို အပိုင်သိမ်းနိုင်ဖို့ အချိန် လိုလိမ့်မယ်။ သူ့အနေနဲ့ ဝူနိုင်ငံ၊ ချောင်နိုင်ငံနဲ့ ချင်နိုင်ငံတွေကို စုစည်းဖို့ အချိန် လိုအပ်အုံးမယ်။ ပြီးတော့ တောင်ပိုင်းနိုင်ငံနဲ့ သဲကန္တာရ လူရိုင်းတွေလည်း ပါဝင်သေးတယ်။
ဒါက ကျုပ်တို့အတွက် ရွှေရောင် အခွင့်အရေးပဲ။ ရန်သူရဲ့ စည်းချက်ကို ကျုပ်တို့ ဖျက်ဆီးဖို့ လိုအပ်တယ်။ ဒါဆိုရင် ကျုပ်တို့ ဘာကို စပြီး လုပ်ဖို့ လိုအပ်မလဲ။ ကျုပ်တို့ လူအရေအတွက်နည်းနည်းကို ခေါ်သွားပြီး ကြီးကြီးမားမား တိုက်ပွဲတစ်ခုကို ဖန်တီး တိုက်ခိုက်ရလိမ့်မယ်။
စီနီယာအစ်ကို... ဝူနိုင်ငံကို တိုက်ခိုက်ဖို့ စစ်တပ်ကို ခင်ဗျားကိုယ်တိုင် ဦးဆောင်သွားဖို့ လိုအပ်တယ်။ ပြီးတော့ တကယ့်ကို သွေးခင်းတဲ့ တိုက်ပွဲတစ်ခုကို အောင်မြင်အောင် တိုက်ခိုက်ဖို့ လိုအပ်လိမ့်မယ်။ ဒီတိုက်ပွဲမှာ သေးငယ်တဲ့အားအင်ကို ထုတ်သုံးပြီး ကြီးမားတဲ့ အောင်မြင်မှုကိုရဖို့ လိုအပ်တယ်။ ကျုပ်တို့က လူအများကြီးကို သတ်ပြီးတော့ ဝူနိုင်ငံတစ်ခုလုံး အော်ဟစ် ငိုကြွေးနေတဲ့ထိ လုပ်ရမယ်။ နိုင်ငံတစ်ခုလုံးက ကျုပ်တို့ကို ကြောက်လန့်စေရမယ်”