အပိုင်း (၃၅၅)
Vol. 26 Ch. 355
တစ်ခါတစ်ရံတွင် နောက်ဆုတ်ခြင်း ဆိုသည်မှာလည်း ရှေ့တိုးခြင်း ဖြစ်၏။ တစ်ခါတစ်ရံမှာ ရှေ့တိုးခြင်း ဆိုသည်မှာ နောက်ဆုတ်ခြင်း ဖြစ်၏။ တစ်ခါတစ်ရံတွင် တိုက်ခိုက်ခြင်း ဆိုသည်မှာ တိုက်ခိုက်မှုကို ရှောင်ရှားခြင်း ဖြစ်၏။ သူ့အနေနှင့် နိုင်ငံအတွက် ဤကဲ့သို့ ဉာဏ်ကောင်းလွန်းသည့် ဆုံးဖြတ်ချက်မျိုး ပြုလုပ်ခဲ့သည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ချေ။ အကျိုးသက်ရောက်မှုက ကောင်းမွန်ရပေလိမ့်မည်။
ပျံ့ရှောင်းက ပြောလိုက်၏။ “ဒါဆိုရင် ရုတ်တရက် တိုက်ခိုက်ဖို့ လိုအပ်တယ်။ ကျုပ်တို့ စွန့်စားဖို့လည်း လိုအပ်တယ်”
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ဒီတော့ လူခွဲပြီး ကံကြမ္မာကို ဖန်တီးကြတာပေါ့”
ပျံ့ရှောင်းက ပြောလိုက်၏။ “ဝူဘုရင်က ငယ်ရွယ်တယ် ဆိုပေမဲ့ အားကောင်းတဲ့လူတစ်ယောက်လေ။ သူ့ကို အရူး မလုပ်နိုင်မှာ စိုးရတယ်”
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ကျုပ်ကိုယ်တိုင်ပေါ်လာပြီး အလုပ်လုပ်ပေးမယ်။ ဝူနိုင်ငံကို ခင်ဗျားမွှေနှောက်နိုင်ဖို့ ကျုပ် ကိုယ်တိုင်ကိုယ်ကျ ကူညီမယ်”
ပျံ့ရှောင်းသည် ထိုအရာကို ကြားသည့် အချိန်မှာတော့ တုန်လှုပ်သွားခဲ့၏။ “အရှင်မင်းကြီး.. ကိုယ်တိုင် နယ်စပ်ကို သွားပြီး တိုက်ခိုက်မယ်လို့ ဆိုလိုတာလား”
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ဟုတ်တယ်။ ယန်ကျိုးရဲ့ စစ်သည်တော်တစ်ဝက်လောက်ကို လွှဲပြောင်းပေးမယ်။ ခင်ဗျားက မုန်တိုင်းတိုက်သလို ဝင်ပြီးတိုက်ခိုက်ပေါ့”
ပျံ့ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် ချောင်နိုင်ငံကရော”
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “အင်း... အမြန်နှုန်းက စစ်ပွဲအတွက် သော့ချက် တစ်ခုပဲ။ ချောင်နိုင်ငံက လက်ရှိ လျန်နဲ့ မြောက်ဘက်အနောက်မြောက်ဘက်က နိုင်ငံသစ်တစ်ခုနဲ့ ပဋိပက္ခဖြစ်နေတာ။ သူတို့ လျင်လျင်မြန်မြန်နဲ့ လှုပ်ရှားနိုင်မှာ မဟုတ်ဘူး”
“စုနန်ကလည်း ချင်နိုင်ငံရဲ့ အတွင်းရေးပြဿနာတွေ မပြီးဆုံးမချင်း ပွင့်ပွင့်လင်းလင်း ပုန်ကန်ဖို့ ပြုလုပ်ရဲမှာ မဟုတ်ဘူး။ ဒီတော့ ကျုပ်တို့က လျင်လျင်မြန်မြန် တိုက်ပွဲကို စမယ်။ မြန်မြန်ဆန်ဆန် အဆုံးသတ်ရမယ်။ တိုက်ခိုက်မှုကိုရှောင်ရှားဖို့ တိုက်ခိုက်ရမယ်။ ပြီးတော့ ကျုပ်တို့က ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ တိုက်ခိုက်ခြင်း စွမ်းရည်ကိုလည်း ထုတ်ဖော်ပြသပြီး ရွှဲ့ပြည်နယ်ရဲ့အားအင်ကို ပတ်ဝန်းကျင်က နိုင်ငံတွေကို သိစေရမယ်”
ပျံ့ရှောင်းက ပြောလိုက်၏။ “ဒါက အရေးကြီးတဲ့ အခြေအနေပဲ။ ဘုရင်မင်းမြတ်သာ နန်းမြို့တော်က ထွက်ခွာ သွားမယ်ဆိုရင် နန်းတွင်းတစ်ခုလုံး ရှုပ်ထွေးသွားမှာ မဟုတ်ဘူးလား”
စုနန်သည် ကြားနေအဖွဲ့၏ ခေါင်းဆောင် တစ်ယောက် ဖြစ်ပြီး ညီလာခံထဲတွင် ကြီးမားသည့် လွှမ်းမိုးမှုကို ပိုင်ဆိုင်သည်။
ဘုရင်မင်းမြတ်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “မဟုတ်ဘူး။ ဒီအရာရှိတွေက စုနန် မရှိဘူးဆိုရင် ဘာမှ မဟုတ်ဘူး။ သူတို့ ကြားနေအဖွဲ့ထဲပူးပေါင်းခဲ့တယ်ဆိုတာ နန်းပုလ္လင်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မဟုတ်ဘူး။ အပြင်ဘက်ပိုင်းကကြည့်ရင် အားကောင်းတဲ့ပုံပေါ်တယ် ဆိုပေမဲ့ ခေါင်းဆောင်သာ မရှိရင် ဘာတစ်ခုမှ ဦးဆောင်နိုင်တဲ့သူတွေ မဟုတ်ဘူး။
ပြီးတော့ အိမ်ရှေ့စံ မင်းသားနဲ့ နင်ချီတို့ကလည်း ရှိနေသေးတယ်။ ဒီလူတွေ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ကျုပ်တို့ အနေနဲ့ ဒီကိစ္စကို စိုးရိမ်ဖို့ မလိုဘူး။ အများဆုံး ဒီလူတွေကို ကျုပ်တို့ သတ်ပစ်လိုက်ရုံပဲ။ ဒီဝန်ကြီး ၊ ဝန်ထောက်တွေ အားလုံးက အလကားပဲ”
ဤအရာသည် တကယ့်ကို ရဲတင်းလွန်းသည့် ဆုံးဖြတ်ချက်ပင် ဖြစ်၏။ အချိန်ကိုက် ထိန်းချုပ်နိုင်မှုသာ မရှိပါက ကျိန်းသေပေါက် အရာအားလုံးက ဆိုးဝါးသွားပေလိမ့်မည်။ ပျံ့ရှောင်း၏ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့၏။ ဤလူကသာလျှင် သူ သိရှိသည့် နင်ယွမ်ရှန်းပင် ဖြစ်၏။
အရေးကြီးဆုံး အခြေအနေမျိုးတွင် ရဲရဲတင်းတင်းနှင့် ဆောင်ရွက်ရဲပြီး စွန့်စားရဲသည့် သူတစ်ယောက် ဖြစ်၏။ အားသာချက်၊ အားနည်းချက် ... ထိုအရာ အားလုံးကို ကောင်းကောင်းကောင်း သိရှိနားလည်သည့် သူတစ်ယောက် ဖြစ်၏။ ကြီးမားသည့် အရေးကိစ္စများကို ရင်ဆိုင်သည့်နေရာတွင် ကြောက်လန့် တုန်လှုပ်နေတတ်သည့် ဘုရင်မျိုးထက် ဤကဲ့သို့ ရဲရင့်သည့် ဘုရင်မျိုးကိုသာ သူ နှစ်သက်သည်။
“ကျုပ် အကောင်းဆုံး လုပ်ပါ့မယ်။ ဘုရင်မင်းမြတ်ကို စိတ်ဓာတ်မကျစေရပါဘူး”
ဖြစ်သင့်ဖြစ်ထိုက်သည့်အရာများ ဖြစ်လာခဲ့ပြီဖြစ်သည်။ ဘုရင်မင်းမြတ်သည် ဝူနိုင်ငံကို တိုက်ခိုက်ပေတော့မည်။ သူ .. ပျံ့ရှောင်းသည် ကျိန်းသေပေါက် အသက်ကို စတေးကာ တိုက်ခိုက်ပေးမှာ ဖြစ်၏။
နင်ယွမ်ရှန်းသည် ရုတ်တရက် မတ်တပ် ထရပ်ကာဖြင့် လက်သီးဆုပ်လိုက်သည်။ “ဒါဆိုရင် အစ်ကိုကြီးကိုပဲ အားကိုးပါတော့မယ်”
ပျံ့ရှောင်းသည် ဒူးထောက်ကာ ဂါရဝပြုလိုက်၏။
...........
နောက်တစ်ရက် ညီလာခံထဲမှာတော့ ....
ဘုရင်မင်းမြတ်သည် ကြီးကျယ်မြင့်မြတ်လွန်းသည့် အရှိန်အဝါမျိုးကို ထုတ်ဖော်ကာ အများရှေ့၌ ထွက်ပေါ်လာခဲ့၏။ သူသည် ညီလာခံတက်ရောက်ခဲ့သော်လည်း စုနန်အကြောင်း တစ်လုံးတစ်လေမှ မပြောခဲ့ချေ။
“လုပ်ရဲတယ် ဟုတ်လား။ စစ်သည်တွေကို ဦးဆောင်ပြီး တောင်ဘက်ပိုင်းကို ပို့ဆောင်ရုံသာမကဘူး။ ရွှဲ့ပြည်နယ် ရှန်ယီမြို့ကိုတောင်မှ ဒင်းတို့က ချဉ်းကပ်လာခဲ့တယ် ဟုတ်လား။ ပြီးတော့ ကျုပ်ရဲ့နန်းမြို့တော်ထဲမှာ သူလျှိုတွေ ထားခဲ့တယ်။ တည်နေရာအနှံ့မှာ ဓားပြတွေက ထကြွနေခဲ့ကြတယ်။ ရွှဲ့ပြည်နယ်ရဲ့ အပြစ်ကင်းတဲ့ လူပေါင်း ထောင်ချီတို့ သေဆုံးခဲ့ကြတယ်။ အိမ်ပေါင်းရာချီလည်း မီးရှို့ ဖျက်ဆီးခံရတယ်။
ရွှဲ့ပြည်နယ်ရဲ့ သနားစရာကောင်းတဲ့ လူတွေ၊ သူတို့က ကြင်ကြင်နာနာနဲ့ အလုပ် ကြိုးစားကြတဲ့လူတွေပဲ။ ဒီလို ကပ်ဘေးတွေကို ရင်ဆိုင်ဖို့ ထိုက်တန်တဲ့လူတွေ မဟုတ်ဘူး။ ဘုရင်မင်းမြတ်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ လူတွေကိုတောင် မကာကွယ်နိုင်ဘူးဆိုရင် ဘိုးဘေးတွေကို ကျုပ် ဘယ်လို မျက်နှာပြရမှာလဲ။ ကျုပ်တို့ နန်းမြို့တော်ထဲမှာ ရှိနေတဲ့ ဝူနိုင်ငံရဲ့ သူလျှိုတွေ အားလုံးက ရူးသွားကြပြီ။ ဒီလူတွေ အားလုံးက အဆင်အခြင်မဲ့ ပြုလုပ်ခဲ့ကြတာပဲ။ ရေနက်တပ်ဖွဲ့ အမိန့်နားထောင်”
ရေနက်တပ်ဖွဲ့၏ အုပ်ချုပ်ရေးမှူး ရန်အီသည် ယနေ့အချိန်မှာတော့ ရှားရှားပါးပါး ညီလာခံ တက်ရောက်လာခဲ့၏။ သူသည် ရှေ့ဆီသို့ လှမ်းတက်ပြီး မြေပေါ်၌ ဒူးထောက် ထိုင်ချလိုက်၏။
“အရင်တုန်းက ဝူနိုင်ငံနဲ့ ပူးပေါင်းနေတဲ့ လူတွေ ဒီညီလာခံထဲမှာ ရှိတယ်လို့ ရှမ့်လန် ပြောခဲ့တယ်။ ဒီတော့ သေချာစုံစမ်း။ အဲလူတွေ ဘယ်သူတွေလဲ ဆိုတာ သေချာ စုံစမ်းခဲ့။ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လောက်ကြီးမားတဲ့ ရာထူးနဲ့လူပဲ ဖြစ်ဖြစ် ကိစ္စမရှိဘူး။ အားလုံးကို သတ်ပစ်။ ဓားပြကြီးနာကျည်းမှုဆိုတဲ့သူကို ဖမ်းဆီး”
“ကျုပ်အတွက် ဝူနိုင်ငံနဲ့ ပူးပေါင်းနေတဲ့ လူတွေက ဘယ်သူတွေ ဖြစ်တယ် ဆိုတာကို သေသေချာချာ ရှာခဲ့။ ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဘယ်လောက် ရာထူးကြီးတဲ့ လူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ အားလုံးကို သတ်ပစ်။ ပြီးတော့ ရေနက်တပ်ဖွဲ့ ဓါးပြကြီး နာကျည်းမှုကို ဖမ်းဆီး”
အုပ်ချုပ်ရေးမှူး ရန်အီက ဦးညွှတ်လိုက်သည်။ “ကောင်းပါပြီ အရှင်မင်းကြီး”
ဘုရင်မင်းမြတ်သည် ရူးရူးမူးမူး သတ်ဖြတ်တော့မည် ဖြစ်၏။ သူ့အနေနှင့် ဝူနိုင်ငံနှင့် ပူးပေါင်းသည်ဟူသော အကြောင်းပြချက်ဖြင့် စုနန်၏ နောက်လိုက်အားလုံးကို သတ်ဖြတ်ပစ်တော့မည်။
“ဒါနဲ့ စုနန် ဘယ်ရောက်သွားလဲ။ စုနန် ဘယ်ရောက်သွားလဲ”
ဘုရင်မင်းမြတ်က ရုတ်တရက် အော်ဟစ်လိုက်၏။ “ကျုံးရီ.. စုနန် ဘယ်ရောက်သွားလဲ”
ဒုတိယဝန်ကြီး ကျုံးရီက ပြောလိုက်သည်။ “အရှင်မင်းကြီး... ကျုပ် မသိပါဘူး။ ဒါပေမဲ့ ကျန်းယွမ်နယ်စားကြီးရဲ့ အိမ်က လွန်ခဲ့တဲ့ညက မီးလောင်သွားခဲ့တယ်။ အိမ်တော်တစ်ဝက်ကျော်လောက် မီးလောင်သွားခဲ့တယ်။ နယ်စားကြီး စုနန်က အဘိုးကြီး တစ်ယောက်ပဲ။ သူ ကြောက်ပြီးတော့ သတိလစ်နေလောက်ပါပြီ”
“ဪ”
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “လီစွမ်း... ကျန်းယွမ်နယ်စားကြီးရဲ့ အိမ်တော်ကို သမားတော် တစ်ယောက် ပို့လိုက်၊ စုနန်က အလုပ်ကြိုးစားပေးခဲ့သူပဲ။ သူ ဘာမှ မဖြစ်စေနဲ့”
“ကောင်းပါပြီ အရှင်မင်းကြီး” လီစွမ်းက ပြောလိုက်၏။ ပြီးနောက် သူသည် ချက်ချင်းပဲ သမားတော်ပေါင်း ရာချီကို ခေါ်ဆောင်ပြီး များပြားလွန်းသည့် တန်ဖိုးကြီးဆေးပင်များကို ယူဆောင်ကာ ကျန်းယွမ်နယ်စားအိမ်တော်ဆီသို့ သွားသည်။
တချို့သော ဝန်ကြီးများသည် ကြောင်အသွားခဲ့ကြ၏။ ဘုရင်မင်းမြတ်သည် မည်သည့် ပြပွဲကို ပြုလုပ်ချင်နေသနည်း။ အားလုံး ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။
ထိုအချိန်မှာတော့ ညီလာခံ တစ်ခုလုံးသည် ဘုရင်မင်းမြတ်၏ တစ်ဦးတည်းသော ပြပွဲတစ်ခုကဲ့သို့ပင် ဖြစ်လို့နေခဲ့၏။ ဒေါသတရားများကို ပုံချပြီးနောက် ဘုရင်မင်းမြတ်သည် အနည်းငယ် စိတ်အေးချမ်းသာသွားပုံ ပေါ်၏။ သူသည် မျက်လုံးကို ပွတ်သပ်လိုက်သည်။
မိန်းမစိုး ရှောင်လီသည် မြန်မြန်ဆန်ဆန်နှင့် ရှေ့ဆီသို့ သွားပြီး တဘက် ခပ်နွေးနွေး တစ်ခုကို ကမ်းပေး လိုက်၏။ ဘုရင်မင်းမြတ်က ထိုအရာကို ယူပြီး မျက်နှာပေါ်သို့ အုပ်တင်ထားခဲ့၏။ တစ်မိနစ်ခန့် ကြာပြီးနောက် ထိုအရာကို ဖယ်ရှားလိုက်၏။
“ဝန်ကြီးတို့.. ဝူနိုင်ငံရဲ့ စစ်သည်ပေါင်း ၃၀၀၀၀ ကျော် ချဉ်းကပ်လာခဲ့ကြပြီ။ ဒီကိစ္စကို ဘယ်လို ရင်ဆိုင်ကြမလဲ”
နင်ယွမ်ရှန်းက မေးမြန်းလိုက်သည်။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်တည်းက ကျုပ်တို့ ဒီကိစ္စကို ဆွေးနွေးနေ ခဲ့ကြတာ။ အခု အနှစ်ချုပ်ဖို့ အချိန်ကျပြီနဲ့ တူတယ်”
ဝန်ကြီးပေါင်းများစွာတို့သည် ရှေ့ကို လှမ်းတက်ကာဖြင့် အကောင်းမွန်ဆုံး ဝင်ရောက်ကာ ပြောဆိုခဲ့၏။ သို့ပေမည့် ထူးခြားသည့် အကြံဉာဏ်မျိုးဟူ၍ တစ်ခုမှ မရှိခဲ့ချေ။ စုနန်က ထွက်ပြေးသွားခဲ့ပြီ ဖြစ်၏။ ဝူဘုရင်၏ ကြမ်းတမ်းသည့် တိုက်ခိုက်ချက်မျိုးကို ရင်ဆိုင်သည့်နေရာတွင် ဝန်ကြီးများက ကြောက်လန့်နေခဲ့ကြ၏။ အန္တရာယ်သည် အချိန်နေရာမရွေး ၊ အခါမရွေး ရောက်ရှိလာခဲ့ပြီ။ နိုင်ငံကြီးတစ်ခုလုံး ပျက်စီးလုမတတ်ပင်။ သူတို့ ပျက်စီးသွားတော့မည်ဟု အားလုံးက ခံစားနေမိ၏။
“ဟား ဟား ဟား ဟား”
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “သွားပြီးတော့ ဆွေးနွေးကြအုံး။ သုံးနှစ်၊ ငါးနှစ်လောက် ကြာရင်တောင်မှ အနှစ်ချုပ် ဆွေးနွေးမှုက ပေါ်လာမှာ မဟုတ်ဘူး။ ကျုပ်ကတော့ ကျုပ်ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ။
ဝူဘုရင်က မျက်စိနောက်မှာ နားရှိတယ်ဆိုတာကို ကောင်းကောင်း မသိသေးတဲ့ လူတစ်ယောက်ပဲ။ သူက တောင်ဘက်ပိုင်းကိုတောင် လာပြီး တိုက်ခိုက်ရဲခဲ့တယ်။ ဒါက ကျုပ်ကို လာပြီး ခြိမ်းခြောက်တာနဲ့ တူတူပဲ။ ကျုပ်ကို အိုမင်းသွားပြီလို့ ထင်နေတာ။ ဒီတော့ ကျုပ် ဘယ်လောက် ရဲရင့်ပြီး ပြိုင်ဘက်ကင်းတယ်ဆိုတာ သူ့ကို ပြသရမယ်။ သူက တိုက်ခိုက်ချင်တယ်ဆိုမှတော့ တိုက်ခိုက်ကြတာပေါ့။ အနည်းဆုံး ကျုပ်ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး သွားမယ်”
ထိုစကားကိုကြားသည့်အချိန်မှာတော့ ဝန်ကြီးအားလုံးက ကြောင်အသွားခဲ့ကြ၏။ သူတို့သည် မယုံကြည်နိုင်သလို ဖြစ်နေ၏။ ဘုရင်မင်းမြတ်သည် ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ကာ သွားရောက်တိုက်ခိုက်မည်လား။
ဝန်ကြီးတစ်ယောက်သည် ရှေ့ဆီသို့ လှမ်းတက်ကာ ဦးညွှတ်လိုက်၏။ “အရှင်မင်းကြီး.. ကျေးဇူးပြုပြီး ပြန် စဉ်းစားပေးပါအုံး။ တောင်ဘက်ပိုင်းနိုင်ငံက စစ်ပွဲ ဖြစ်နေတဲ့ နေရာပါ။ နိုင်ငံရဲ့ နယ်မြေတွေက လုံခြုံနေပြီးသားပါ။ မြောက်ဘက်ပိုင်းကသာ စစ်ပွဲ ဖြစ်လာမယ်ဆိုရင် စစ်သည်တွေကို အချိန်ကိုက် ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူး”
ဝန်ကြီးပေါင်းတစ်ဝက်ကျော်တို့သည် ရှေ့ကို လှမ်းတက်ပြီး ဦးညွှတ်ကာဖြင့် ဘုရင်မင်းမြတ်ကို ပြန်လည် စဉ်းစားရန် တောင်းပန်ကြသည်။ “အရှင်မင်းကြီး... အန္တရာယ်များတဲ့ စစ်ပွဲကို မတိုက်ခိုက်ဖို့ စဉ်းစားပါ။ စစ်ပွဲကိုစတင်ခြင်းက အားလုံးကို ဆုံးရှုံးစေပါလိမ့်မယ်”
“အရှင်မင်းကြီး... ရွှဲ့ပြည်နယ် တည်ငြိမ်ဖို့ကိုပဲ ဦးစားပေးပါ။ ကျုပ်တို့ ဒီလို လုပ်လို့ မဖြစ်ပါဘူး”
နင်ယွမ်ရှန်းသည် နှာခေါင်းရှုံ့လိုက်၏။ ဤကဲ့သို့သောလူများသည် ဤကဲ့သို့ပင် ဖြစ်၏။ သူတော်စင်များကဲ့သို့ စကားများကို ဆက်တိုက် ပြောဆိုနေ၏။ အစစ်အမှန်တရားမှာတော့ ကြောက်လန့်ခြင်းသာ ဖြစ်၏။
မည်သည့်စကားမှမဆိုဘဲ နင်ယွမ်ရှန်းက မတ်တပ်ထရပ်လိုက်၏။ သူ၏ တော်ဝင်ဝတ်စုံကို ချွတ်ချလိုက်၏။ ထိုအချိန်မှာပင် ဘုရင်မင်းမြတ်သည် ချပ်ဝတ်ကို ဝတ်ဆင်ထားကြောင်း အားလုံးက မြင်လိုက်ရ၏။ ပြီးနောက် ဘုရင်မင်းမြတ်သည် ဓားကို ဆွဲထုတ်ပြီး သူ၏ ရှေ့တွင် ရှိနေသည့် စားပွဲကြီးကို ခုတ်ပိုင်းလိုက်သည်။
“ချွမ်”
ကျယ်လောင်သည့် အသံနှင့်အတူ စားပွဲကြီးက နှစ်ပိုင်း ပျက်သွားခဲ့၏။ နင်ယွမ်ရှန်းသည် အားလုံးသော သူတို့ကို သတိပေးခဲ့ခြင်းဖြစ်၏။ ဘုရင်မင်းမြတ်သည် သိုင်းပညာကို သင်ယူထားခဲ့သူ တစ်ယောက် ဖြစ်ပြီး ထိုအရာ၌လည်း ကျွမ်းကျင်လွန်းသူ တစ်ယောက်ဖြစ်ကြောင်း သူတို့ သိရှိပြီးသား ဖြစ်၏။
“ဝူနိုင်ငံနဲ့ တိုက်ခိုက်ဖို့ကိစ္စကို ကျုပ်ကိုယ်တိုင် စစ်သည်တွေ ဦးဆောင်ပြီး တိုက်ခိုက်မယ်လို့ ဆုံးဖြတ်ပြီးသွားပြီ။ ဒီကိစ္စကို တားတဲ့လူမှန်သမျှ ဒီလို အဆုံးသတ်ရမယ်။ ပိုက်ဆံမရှိဘူးလား။ ချေးလို့ရတယ်။ ယင်ယွမ်အဖွဲ့အစည်းက ကျုပ်တို့ကို ပိုက်ဆံချေးမှာ မဟုတ်ဘူးလား”
ထိုအချိန်မှာတော့ ဘုရင်မင်းမြတ်နင်ယွမ်ရှန်းသည် ချပ်ဝတ်နှင့်အတူ ညီလာခံဆီမှ ထွက်ခွာသွားခဲ့၏။ ဝန်ကြီး အားလုံးတို့သည် ကြောက်လန့်တကြားဖြင့် တုန်ယင်လျက်ရှိနေပြီး သူတို့သည် ဆက်လက်ဖြစ်ပျက်မည့် ကိစ္စများကို ဆက်လက် ဆွေးနွေးနေကြသည်။
ထိုအချိန်မှာပဲ ဘယ်ဘက်ခြမ်းတွင် ရှိနေသည့် ဝန်ကြီးချုပ် ကျူးဟောင်ကျူသည် ခေါင်းကို အသာမော့ကာ ပြောလိုက်၏။ “ဘာတွေ ဆူညံဆူညံ လုပ်နေတာလဲ။ ဘုရင်မင်းမြတ်က ဆုံးဖြတ်ပြီးပြီဆိုမှတော့ ဝန်ကြီးတွေ အားလုံးလည်း ကိုယ့်အလုပ်ကို လုပ်ကြတော့လေ”
ရုတ်တရက် ဝန်ကြီးအားလုံးက တိတ်ဆိတ် ငြိမ်သက်သွားခဲ့၏။ ဤလူသည် အိမ်ရှေ့စံ၏ဆရာ ကျူဟောင်ကျူ ဖြစ်သည်။ ဘုရင်မင်းမြတ်၏ ယောက္ခထီး ကျူးလင်း၏ အဖေပင် ဖြစ်၏။ ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ ဆရာသည် ရွှဲ့ပြည်နယ်၏ နောက်ထပ် ထောက်တိုင်တစ်ခု ဖြစ်၏။ ယခုနှစ်တွင် သူသည် ၇၃ နှစ် ရှိပြီဖြစ်ပြီး အိမ်တွင်သာ အများဆုံး နေထိုင်တတ်ကာ ညီလာခံကို ရှားရှားပါးပါးမှ တစ်ခါဆိုသလို တက်ရောက်၏။
ယနေ့ အချိန်မှာတော့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ သူ၏ အိုမင်းရင့်ရော်နေသည့် ခန္ဓာကိုယ်ကြီးနှင့်အတူ ညီလာခံကို တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
ကျန်းချုံးသည် မည်သို့မှ မနေနိုင်ဘဲ ထိုအဘိုးကြီးကို လှမ်းကာ ကြည့်ရှု၏။ ထို့အပြင် ချီးကျူးလည်း ချီးကျူးလိုက်မိ၏။ ဤအရာသည် သူ .. ကျန်းချုံး၏ ရည်မှန်းချက် ပန်းတိုင်ပင် ဖြစ်၏။
စာကြည့်ခန်းထဲမှာတော့ ဘုရင်မင်းမြတ်နှင့် ရှမ့်လန်တို့သည် စစ်တုရင် ကစားလျက် ရှိနေသည်။ “ရှမ့်လန်.. မင်းအိမ် မီးလောင်သွားခဲ့တယ်။ အကုန်နီးပါး မီးလောင်သွားခဲ့တာ မဟုတ်လား”
ချက်ချင်းပဲ ရှမ့်လန်၏ မျက်နှာနှင့် လက်များက တုန်ယင်သွားခဲ့၏။
“စစ်သည်တော် တစ်ဒါဇင်ကျော်လောက် ဝင်ပြီး သတ်ဖြတ်ခဲ့တယ်ဆို။ မိသားစုအားလုံး အဆင်ပြေသေးတယ် မဟုတ်လား” ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက မေးမြန်းလိုက်သည်။
“အရူးကြီးက အံ့အားသင့်စရာပဲ” ရှမ့်လန်၏ လက်က တည်ငြိမ်သွားခဲ့ပြန်၏။
ဘုရင်မင်းမြတ်က ထပ်မံကာ ပြောလိုက်သည် “မင်းက အပြစ်သား တစ်ယောက်ပဲ။ အရူးကြီးကတော့ သိုင်းပညာအရာမှာ ထိပ်တန်းသိုင်းပညာရှင် ဖြစ်လာလိမ့်မယ်။ သူက ရွှဲ့ပြည်နယ်ရဲ့ မျှော်လင့်ချက်ကို ကိုယ်စားပြုလိမ့်မယ်။ သူ မင်းနဲ့ ခပ်ဝေးဝေးနေတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ မဟုတ်ရင် ပစ်မှတ် ထားခံရလိမ့်မယ်။ ဒါတင်မကသေးဘူး။ အကျင့်ဆိုးတွေ ကူးကုန်နိုင်တယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်လည်း မထားချင်ပါဘူး”
ပြီးနောက် နှစ်ယောက်သား ကစားပွဲကို ဆက်လက်ကာ ကစားနေသည်။
“မင်း ပြောတာ အမှန်ပဲ။ စုနန်က ရည်မှန်းချက် ကြီးမားတယ်။ ယန်ကျိုးမှာ ပြောင်းလဲမှု ကြီးကြီးမားမားကို ဖန်တီးချင်ရုံသာမကဘူး။ သူက ဘုရင်တစ်ယောက်လို နယ်မြေတည်ထောင်ချင်နေတာပဲ။ သူက စုနဲ့ချင်နိုင်ငံကို ပူးပေါင်းချင်ခဲ့တာပဲ”
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ခွေးကောင်လေး... လူတွေရဲ့ စိတ်ကို ဖတ်တဲ့နေရာမှာ တကယ် တော်တာပဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်က စုနန်ကို သတ်ပြီး လက်စားချေချင်ခဲ့တာ။ ဒါကြောင့် သူ့ရဲ့ စိတ်ကို နေ့စဉ်နေ့တိုင်း ဖတ်နေတာပေါ့။ ပုံမှန်အားဖြင့် တခြားသူတွေထက် ကျုပ်က သူ့အကြောင်း ပိုသိတယ်”
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ဒါဆိုရင် မင်း နေ့စဉ်နေ့တိုင်း ငါ့ရဲ့ စိတ်ကိုရော ဖတ်နေရသေးလား”
ရှမ့်လန်က ပြောလိုက်သည်။ “ဘုရင်မင်းမြတ်က ကျုပ်ရဲ့ ယောက္ခထီး ဖြစ်မလာနိုင်ဘူးလေ။ ဒီတော့ လိုက်ဖတ်နေလို့လည်း အလကားပါပဲ”
ဘုရင်မင်းမြတ်သည် ချက်ချင်း ဆိုသလိုပဲ လက်ထဲမှ စစ်တုရင်ရုပ်နှင့် ရှမ့်လန်၏ မျက်နှာကို ပိတ်ပေါက်ချင်စိတ် ပေါက်သွား၏။ ဘုရင်မင်းမြတ်က ပြောလိုက်၏။ “စုနန် ထွက်ခွာမသွားခင်မှာ မြို့ကို မီးရှို့ပြီး ဗာမေလီယန် ဂိတ်တံခါးက အစောင့်တွေကို သတ်ပစ်ခဲ့တယ်။ ပြီးတော့ နန်းမြို့တော်ထဲမှာ ရှိတဲ့ မင်းရဲ့ မိသားစုကိုလည်း သတ်ဖြတ်လုနီးပါး လုပ်ခဲ့တယ်။ ဒီလောက် အားကောင်းလိမ့်မယ်လို့ မင်း မထင်မှတ်ခဲ့ဘူးလား”
ရှမ့်လန်က ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “မထင်ခဲ့ဘူး။ ကျုပ် ဒီကိစ္စ တစ်ချက် လိုသွားတယ်”
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ငါလည်း မထင်ခဲ့ဘူး။ ဒီမြေခွေးအိုကြီးက သရုပ်ဆောင်တဲ့ နေရာမှာ ကောင်းတာပဲ”
ပြီးနောက် ဘုရင်မင်းမြတ်က မျက်မှောင် ကုတ်ကာ ပြောလိုက်သည်။ “မင်းရဲ့စဉ်းစားပုံနည်းလမ်းတွေက မဆိုးဘူး။ စုနန်နဲ့ ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ။”
ရှမ့်လန်က ပြောလိုက်၏။ “အင်း... သေသေချာချာ မသိပါဘူး”
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “သူ သေတော့မှာ မဟုတ်ဘူးလား။ မင်းက ခြေတစ်လှမ်းလှမ်းပြီဆို နောက်ထပ် ခြေလေးလှမ်းကို ကြိုပြီး ကြည့်ထားတတ်တဲ့ လူတစ်ယောက်ဆို”
ရှမ့်လန်က ပြောလိုက်၏။ “စစ်တုရင်ကစားရတာ ပျင်းစရာကောင်းတယ်။ ကျုပ် ဦးနှောက်ကို ထပ်ပြီး အသုံးမပြုချင်တော့ဘူး”
ဘုရင်မင်းမြတ်က ရုတ်တရက် စစ်တုရင်ခုံကို လှန်ပစ်ချင်စိတ် ပေါက်သွား၏။ သူ နိုင်ရတော့မည် ဖြစ်၏။ သို့ပေမည့် ပျင်းရိနေသောကြောင့် ရှုံးနိမ့်သည်ဟူ၍ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေလေသည်။ ဤခွေးကောင်သည် သူ၏သမီးနှင့် အိပ်စက်ခဲ့ရုံသာမက သူ့ရှေ့တွင် လာရောက် ဟိတ်ဟန်ထုတ်လျက် ရှိနေ၏။ ဤအရာက လွန်လွန်းသည်ဟု သူ ခံစားမိသည်။