← Chapters

အပိုင်း (၃၅၆)

Vol. 26 Ch. 356

အပိုင်း (၃၅၆)

Vol. 26 Ch. 356

သို့ပေမည့် ဘုရင်မင်းမြတ်က အသာပင် ပြောလိုက်၏။ “ရှမ့်လန်.. မင်း စုနန်ကို သတ်ပစ်ပြီး စုကလန် တစ်ခုလုံးကို သုတ်သင် ရှင်းလင်းချင်တယ်လို့ ပြောခဲ့တယ်နော်။ ဒီကိစ္စက အခုထိ တရားဝင်သေးလား”

ရှမ့်လန် လက်က လေထဲ၌ တန့်သွားခဲ့၏။ ပြီးနောက် ပြောလိုက်သည်။ “ဒါ ... တရားဝင်သေးတာပေါ့။ ဟုတ်တယ်”

.......

လျန်ခရိုင်၏ အနောက်ဘက် မိုင် ၁၅၀ အဝေး ...။

မကြာခင်မှာပဲ စုနန်သည် သူ၏ ပိုင်နက်ထဲသို့ ဝင်ရောက်ပေတော့မည်။ သူ၏ စိတ်တစ်ခုလုံးသည် တကယ့်ကို တက်ကြွလျက်ရှိ၏။ စုကလန်၏နယ်မြေသည် စတုရန်းကီလိုမီတာ ၃၀၀၀ နီးပါးခန့် ရှိ၏။ သို့ပေမည့် သူသည် ကျန်းရှစ်စီရင်စု၏ တစ်ဝက်နီးပါးခန့်ကို သိမ်းပိုက်ရန် စီစဉ်ထားသည်။ သူ၏ နယ်မြေထဲသို့ ဝင်ရောက်ပြီးသည်နှင့် သူသည် ပင်လယ်ထဲသို့ ရောက်ရှိသွားသည့် ရေနဂါးကဲ့သို့ပင် ပြောင်းလဲသွားပေလိမ့်မည်။

ကောင်းမွန်သည့် မြင်းပေါင်း ၁၀၀ ကျော်တို့သည် တည်နေရာရွှေ့ပြောင်းရန်အတွက် အသင့် ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ စုနန်နှင့် စစ်သည်တော် ၁၀၀ ကျော်တို့သည် ထိုနေရာဆီသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် မြင်းများကို လဲလှယ်ကာဖြင့် မိသားစု၏ ပိုင်နက်ဆီနေရာဆီသို့ ဆက်လက်ကာ ခရီးဆက်၏။

“မြန်မြန်၊ မြန်မြန်... မြက်တွေခုတ်ပြီး မြင်းတွေကို အစာကျွေးကြ။ မနှေးစေနဲ့။ နောက်ကျရင် ပြဿနာရှိနိုင်တယ်။”

......

အဝေးတစ်နေရာမှာတော့ ....

အဘိုးအိုတစ်ယောက်သည် မြက်ပင်များကို ခုတ်ပိုင်းလျက် ရှိနေ၏။

‘အင်း... ရှမ့်လန်၊ ဒီအဘိုးကြီးက မင်းအပေါ် အကြွေးတင်ခဲ့တယ်။ တကယ်ကို ပေးဆပ်ရတာ ခက်ခဲတာပဲ။

စုနန်ကို သတ်ပစ်ဖို့ ယုံကြည်ချက် သေသေချာချာ မရှိဘူး။ ငါက နိမ့်နိမ့်ကျကျနဲ့ မွေးဖွားလာခဲ့တဲ့ လူတစ်ယောက် ဖြစ်ပြီး မျိုးရိုးအဆက်ဆက်က လယ်သမားတွေ ဖြစ်ခဲ့တယ်။ တော်ဝင်မျိုးနွယ်တွေကို မြင်တိုင်း နှလုံးခုန်ရင်တုန် ဖြစ်တတ်တယ်။

စုနန်ကို သတ်ဖြတ်ပေးဖို့ မင်းက ပြောခဲ့တယ်။ ငါလုပ်နိုင်ပါ့မလား မသိဘူး’

ဓားဘုရင် လီချင်းချိုးသည် စိတ်ဓာတ်တကျ အမူအရာမျိုးနှင့် မြက်များကို ခုတ်ပိုင်းလျက် ရှိနေ၏။ သူသည် စုနန် ရောက်ရှိလာမည်ကို သေသေချာချာ စောင့်ဆိုင်းလျက် ရှိနေခြင်းပင်။

……

စစ်တုရင် ကစားပွဲကို ဘုရင်မင်းမြတ်က လွယ်လွယ်ကူကူ အနိုင်ယူလျက် ရှိ၏။ သူသည် ကစားရသည်ကို ပျင်း၍လာခဲ့၏။ ဘုရင်မင်းမြတ်သည် ထိပ်တန်းကစားသမားတစ်ယောက် မဟုတ်လျှင်တောင်မှ အဆင့်မြင့် ကစားသမားတစ်ယောက် ဖြစ်၏။

ရှမ့်လန်သည် သူ၏ AI ကို အသုံးပြုပြီး နင်ယွမ်ရှန်းကို လွယ်လွယ်ကူကူ အနိုင်ရယူနိုင်စွမ်း ရှိနေ၏။ သို့ပေမည့် သူ၏ ကိုယ်ပိုင်စွမ်းရည်နှင့်တော့ ကျိန်းသေပေါက် ရှုံးနိမ့်သည်။

“ရှမ့်လန်.. ဝူဘုရင်က ငါ့ကို အနိုင်ယူလိမ့်မယ်လို့ မင်းဘယ်လိုတွေးခဲ့တာလဲ” နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။

ရှမ့်လန်က ပြန်လည်ကာ ဖြေဆိုလိုက်သည်။ “အရှင်မင်းကြီးရဲ့ ကစားတဲ့ပုံစံကို သူက တောက်လျှောက် လေ့လာခဲ့တာကိုး။ ပြီးတော့ သူက အရှင်မင်းကြီးအတွက်တော့ ဘာမှန်းမသိတဲ့ ပြိုင်ဘက်တစ်ယောက်ပဲလေ”

နင်ယွမ်ရှန်းက ခေါင်းညိတ်လိုက်၏။ “အင်း... အဲဒါတော့ အဟုတ်ပဲ”

ရှမ့်လန် စစ်တုရင်ရုပ်များကို ပြန်စီနေကြောင်း မြင်ချိန်မှာတော့ သူသည် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ “တော်ပြီ။ မင်းက အရမ်းကို အားနည်းလွန်းတယ်”

“အင်း.. ဝူဘုရင်ကို မင်းဘယ်လိုထင်လဲ” နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။

ရှမ့်လန်က ဖြေဆိုလိုက်သည်။ “ငယ်ရွယ်တယ်၊ ထက်မြက်တယ်၊ ယုံကြည်ချက် ရှိတယ်၊ စွန့်စားရတာကို ကြိုက်တယ်၊ စည်းမျဉ်းစည်းကမ်းအရ နေထိုင်ရတာမျိုးကို ကြိုက်နှစ်သက်တဲ့ လူတစ်ယောက် မဟုတ်ဘူး”

ဘုရင်မင်းမြတ်က ပြောလိုက်၏။ “အင်း... အဓိကအချက်တွေပဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမဲ့ သူ့ဆီမှာ အားနည်းချက် ရှိတယ်လို့ ထင်တယ်။ သူက နည်းနည်းလေး စိတ်မရှည်တတ်ဘူး”

“ဟမ်”

ရှမ့်လန်က ပြောလိုက်၏။ “သူက ကျုပ်ရဲ့ ယောက္ခထီးကို အကြိမ်ပေါင်းများစွာ ဆွဲဆောင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်တဲ့အချိန်မှာ ချက်ချင်းပဲ စွန့်စားမှုကို ပြုလုပ်ခဲ့တယ်။ ကျင်းမိသားစုကို ရွှဲ့ပြည်နယ် ကနေပြီးတော့ ဖယ်ထုတ်နိုင်မယ့် နည်းလမ်းကို သူက အသုံးပြုခဲ့တယ်”

ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “စွန့်စားမှု ပြုလုပ်တယ်ဆိုတာ မကောင်းဘူးလား”

ရှမ့်လန်က ပြောလိုက်၏။ “ဒါက အခြေအနေပေါ် မူတည်ပါတယ်။ ကြီးမားတဲ့ ဘေးအန္တရာယ်ကြီး ကြုံဆုံနေတဲ့ အချိန်မှာ သေဆုံးဖို့ထိုင်ပြီး စောင့်နေတာထက်စာရင် အားကုန်ထုတ်ပြီး တိုက်ခိုက်လိုက်တာ အကောင်းဆုံး စွန့်စားမှုပဲ။ ဒါပေမဲ့ သူ့အနေနဲ့ ဒီလိုလုပ်ဖို့ မလိုအပ်သေးဘူး”

ဘုရင်မင်းမြတ်က ခေါင်းညိတ်လိုက်သည်။ “အင်း ဆက်ပြောအုံး”

ရှမ့်လန်က ပြောလိုက်၏။ “ဒီလူက အားနည်းချက် ရှိတယ်လို့ ကျုပ်ထင်တယ်။ သူ့ရဲ့မျက်လုံးတွေက တည်နေရာ တစ်ခုတည်းကိုပဲ ကြည့်တတ်တယ်။ ဖြစ်စဉ်တစ်ခုလုံးကို လျစ်လျူရှုထားခဲ့တယ်။ တည်နေရ တစ်ခုတည်းကို အာရုံစိုက်လွန်းတဲ့အချိန်မှာ တခြားသောသူတွေက သူ့ကို လွယ်လွယ်ကူကူနဲ့ ချိုးဖျက်ဖို့ အရမ်း လွယ်သွားခဲ့ပြီ”

ဘုရင်မင်းမြတ်သည် မျက်ခုံးကို ပင့်ကာဖြင့် ဆူငေါက်လိုက်သည်။ “အင်း... ရေတွင်းရဲ့ အောက်ခြေကနေပြီးတော့ ကောင်းကင်ကို လှမ်းကြည့်ပြီး မြင့်လိုက်တာလို့ ပြောနေတာပဲ”

‘ချီးတဲ့မှ..’

သူကလည်းမေးသေး၏။ ဖြေဆိုသည့် အချိန်မှာတော့ ဤကဲ့သို့ မှတ်ချက်ပေးပြန်သည်။ သို့ပေမည့် ဘုရင်မင်းမြတ်သည် ရှမ့်လန်ကို ထိုကဲ့သို့သော နှိမ့်ချရန် ခေါ်ခဲ့ခြင်း မဟုတ်ချေ။ အလေးအနက် ဆွေးနွေးရန် ခေါ်ခဲ့ခြင်းသာ ဖြစ်၏။ “ရှမ့်လန်... မူဝါဒသစ်ကို မင်းဘယ်လိုထင်လဲ”

ရှမ့်လန်က ကြောင်အသွားခဲ့သည်။ “အမှန်ကို ပြောရမှာလား”

ဘုရင်မင်းမြတ်သည် နေရာမှထကာဖြင့် ခပ်ဝေးဝေး သူ၏ ပလ္လင်ပေါ်သို့ သွားရောက်ကာ ထိုင်လိုက်၏။ ဤနည်းအားဖြင့် ရှမ့်လန်နှင့် ခပ်ဝေးဝေးဆီသို့ ရောက်ရှိသွားစေ၏။ မဟုတ်ပါက ရှမ့်လန်၏ လေသံများသည် သာမန်လူတစ်ယောက်နှင့် ပြောဆိုဆက်ဆံသလိုပင် သူ့ကို ပြောဆိုမှာ သေချာ၏။

ရှမ့်လန်က အသာပင် ကျိန်ဆဲလိုက်မိသည်။ ‘ဒီဘုရင်မင်းမြတ်က အလုပ်ကျွေးပြုရတာ တကယ့်ကို ခက်တာပဲ။ ကျုပ်ဆီမှာ ထိုင်ခုံလည်း မရှိဘူးလေ။ စစ်တုရင် ကစားတုန်းကလည်း ဆောင့်ကြောင့်ကြီး ထိုင်ပြီး ဆော့နေခဲ့ရတယ်။ အခု ကျုပ်ပင်ပန်းနေပြီ။ ဒါကိုတောင်မှ ရိုသေလေးစားမှု မရှိသေးဘူးလို့ ထင်နေသေးတာလား’

ရှမ့်လန်က ပြောလိုက်၏။ “တကယ် အမှန်ဆိုရင် အစိုးရသစ်ရဲ့မူဝါဒဓား ကျုပ်တို့ရဲ့ ခေါင်းပေါ်ကို ကျဆင်းလာတဲ့ အချိန်တုန်းက ကျုပ်တို့ မိသားစုက အားရှိသလောက် ခုခံနိုင်ဖို့ကိုပဲ စဉ်းစားခဲ့ကြတယ်။ ဘာလို့လဲ ဆိုတော့ ဒါတွေအကုန်လုံးက ကျင်းကလန်ရဲ့ဘိုးဘေးကြီးတွေ တိုက်ခိုက်ရယူခဲ့တဲ့ အခြေခံတစ်ခု ဖြစ်လို့ပဲ။ နောက်ဆုံးဘုရင်တွေအနေနဲ့ ဒါကို လေးစားသင့်တယ် မဟုတ်လား”

ဤစကားလုံးက တကယ့်ကို မနှစ်မျို့စရာပင်။ ဘုရင်မင်းမြတ်၏ မျက်ခုံးများက တဆတ်ဆတ်နှင့် တုန်ယင် သွားခဲ့၏။ သို့ပေမည့် သူက လက်ရှိအချိန်၌ လက်လွှတ်ပေးထား၏။ ပွင့်ပွင့်လင်းလင်း မကြိုက်ကြောင်း ပြောဆိုသည့် လူထက် ကြိတ်ကာ ဆန့်ကျင်ဘက် ပြုလုပ်သညလူက ပို၍ကြောက်မက်ဖွယ်ရာ ကောင်းသည်။

ကျင်းမိသားစုက တစ်ဆိုရင် တစ်ပဲဖြစ်၏။ တခြားသောအရာမျိုး မရှိချေ။ သို့ပေမည့် စုမိသားစုမှာတော့ လောဘကြီးလွန်းပြီး အပြင်ဘက်တွင် ခေါင်းငုံ့ထားသည် ဆိုလျှင်တောင် စိတ်ထဲတွင်တော့ ကောက်ကျစ်ခဲ့ကြ၏။

ရှမ့်လန်က ဆက်လက်ကာ ပြောဆိုလိုက်သည်။ “တကယ်လို့ မူဝါဒသစ်ကသာ ကျုပ်တို့ခေါင်းပေါ်ကို ကျဆင်း မလာဘူးဆိုရင် ကျုပ်က ကျိန်းသေပေါက် သဘောတူညီမိမှာပဲ။ မူဝါဒသစ်က ကောင်းတဲ့အရာတစ်ခုပဲ။ ပြောရမယ်ဆိုရင် ရှိရှိသမျှ အမှိုက်သရိုက်တွေ အားလုံးကို ဖယ်ရှားပြီး အာဏာ(ဗဟိုပြုမှု) အခြေအနေတစ်ခုကို ဖန်တီးနိုင်တဲ့ အရာတစ်ခုပဲ။ အင်း.. ဒီနည်းလမ်းနဲ့ နိုင်ငံတော်က ငွေကြေးတွေ ပိုပြီးရလာလိမ့်မယ်။ ပြီးတော့ စစ်သည်တွေကိုလည်း များများစားစား စုဆောင်းနိုင်လိမ့်မယ်။ ဒါဆိုရင် တောင်ပိုင်းနိုင်ငံမှာ ဖြစ်နေတဲ့ စစ်ပွဲကို လွယ်လွယ်ကူကူနဲ့ အနိုင်ယူနိုင်ခဲ့မှာပဲ။ ရွှဲ့ပြည်နယ်တစ်ခုလုံး တိုးတက်လာလိမ့်မယ်”

“အင်း.. ဒါမျိုးတော့ သိသေးတာပဲ”

ဘုရင်မင်းမြတ်က လှောင်ပြောင်လိုက်၏။ နိုင်ငံအတွက်၊ လူတွေအတွက် ကောင်းမွန်သည့် အရာဖြစ်ကြောင်း ရှင်းလင်း၏။ သို့ပေမည့် သူတကယ်တမ်း ထိုအရာကို ပြုလုပ်သည့်အချိန်၌ တစ်ဖက်လူသည် မူဝါဒအသစ်ကို ဖျက်ဆီးခဲ့၏။

ဘုရင်မင်းမြတ်က ဆက်ပြောလိုက်သည်။ “ဒါဆိုရင် မင်းကို မူဝါဒအသစ်ကို သယ်ပိုးထမ်းဆောင်ဖို့ ခိုင်းစေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဘာဆက်လုပ်မလဲ”

ရှမ့်လန်က ပြောလိုက်၏။ “တခြား ဘာစကားမှ ပြောစရာမလိုပါဘူး ကျုပ်က ရှိရှိသမျှ တော်ဝင်မျိုးနွယ်ဟောင်း တွေရဲ့ အရင်းအမြစ်တွေ အကုန်လုံးကို မြက်ပင်တွေလိုမျိုး ခုတ်ပိုင်း သိမ်းပိုက်ပစ်မှာပေါ့”

‘ဟမ်... မင်းတို့မိသားစုကလည်း တော်ဝင်မျိုးနွယ်ဟောင်းပဲ မဟုတ်ဘူးလား’

မိမိ၏ အမျိုးအပေါ် သစ္စာဖောက်ခြင်းသည် စုနန်ထက်ပင် ပိုမိုကာ ကြမ်းတမ်းလွန်းလို့နေသည်။

ဘုရင်မင်းမြတ်က ပြောလိုက်၏။ “အခု နိုင်ငံထဲမှာ ရှိနေတဲ့ တော်ဝင်မျိုးနွယ်ဟောင်းတွေက ကျင်းမိသားစုကို ခေါင်းဆောင်အသစ်တင်ပြီး တော်ဝင်မျိုးနွယ်ဟောင်းတွေရဲ့ မဟာမိတ်အဖွဲ့အစည်းဖွဲ့ဖို့ စဉ်းစားနေကြတယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါက လုံးဝ နေ့ခင်းဘက် အိပ်မက်မက်သလိုပါပဲ။ ကျင်းမိသားစု အန္တရာယ် ကျရောက်နေတဲ့အချိန်မှာ အဲဒီခွေးကောင်တွေ တစ်ယောက်မှ လာပြီး ကူညီခဲ့တာ မဟုတ်ဘူး။ အားလုံးက အနာကို လာပြီး ဆားသိပ်ခဲ့တာပဲ ရှိတယ်။ အကြွေးပြန်ပေးဖို့ ကျုပ်ရဲ့ ယောက္ခမကြီးက မိသားစု ၁၀ ခုတိတိကို သွားပြီး ပိုက်ဆံတွေ ချေးငှားခဲ့တယ်။ ဒါပေမဲ့ ရွှေဒင်္ဂါး ၁၀၀၀ ပဲ ချေးငှားနိုင်ခဲ့တယ်။ အဲဒီ ရန်ငြိုးကို ကျုပ် သေသေချာချာ မှတ်ထားတယ်။

တကယ်လို့ ဘုရင်မင်းမြတ်သာ မူဝါဒသစ်ကို ကျုပ် လက်ထဲကို ထည့်ပေးလိုက်မယ်ဆိုရင် ကျုပ် ကျိန်းသေပေါက် ဒီအရာကို ထောက်ပံ့ပေးမယ်။ မူဝါဒသစ်ရဲ့ဓားကို ကောက်ကိုင်ပြီးတော့ ရှိရှိသမျှ လူတွေအားလုံးကို လက်စားချေဖို့ လှီးဖြတ်ပစ်မယ်”

ဘုရင်မင်းမြတ်သည် ခပ်ဝေးဝေးကို သွားထိုင်ချင်၏။ သို့ပေမည့် ပလ္လင်ပေါ်သို့ ရောက်နေပြီ ဖြစ်၏။ နောက်သို့ ထပ်ဆုတ်၍ မရနိုင်တော့ချေ။ နိုင်ငံရေးရာကိစ္စနှင့် ပတ်သက်သည့် ကိစ္စဖြစ်၏။ သို့ပေမည့် ရှမ့်လန်၏ ပါးစပ်ထဲမှ ထွက်လာသည့် စကားလုံးများသည် ဒေါသတရားနှင့် လက်စားချေရန်များသာ ဖြစ်၏။ ဤကဲ့သို့သော လူမျိုးနှင့် ဆွေးနွေးပြောဆိုနေရသည်မှာ တကယ်ပင် ရှက်ရွံ့စရာကောင်း၏။ သို့ပေမည့် မတတ်နိုင်ချေ။ ဤအကောင်က ဉာဏ်ကောင်းလွန်း၏၊

ဘုရင်မင်းမြတ်၏ မျက်နှာသည် တဖြည်းဖြည်းနှင့် လေးနက်သွားခဲ့သည်။ “ရှမ့်လန်.. တကယ်လို့ မူဝါဒသစ်ကို ထမ်းဆောင်ခိုင်းမယ်ဆိုရင် မင်းတကယ်လုပ်မှာလား”

ရှမ့်လန်က ပြောလိုက်၏။ “မူဝါဒသစ်ကို ထမ်းဆောင်ရုံပဲဆိုရင်တော့ မေ့လိုက်ပါတော့။ ကျုပ် မူဝါဒသစ်ရဲ့ စည်းမျဉ်းတွေအကြောင်း မြင်တောင် မြင်ခဲ့ဖူးတာ မဟုတ်ဘူး။ ဒါပေမဲ့ မူဝါဒသစ်ရဲ့နာမည်အောက်မှာ ရှိတဲ့ လူတွေကို ထိခိုက်နာကျင်အောင် ပြုလုပ်ရမယ်ဆိုရင်တော့ ကျိန်းသေပေါက် လုပ်မယ်”

ရုတ်တရက် ဘုရင်မင်းမြတ်သည် မည်သို့မှ သည်းမခံနိုင်ဘဲ ဖြစ်သွားသည်။ “လီစွမ်း.. ဒီကောင့်ကို အပြင် ဆွဲထုတ်လိုက်တော့”

မိန်းမစိုးကြီးလီစွမ်းသည် အထဲသို့ဝင်လာပြီး မိန်းမစိုးနှစ်ယောက်တို့အား ရှမ့်လန်ကို ဆွဲထုတ်စေ၏။

ဘုရင်မင်းမြတ်က ထပ်မံကာ အမိန့်ပေးလိုက်သည်။ “ဒီကောင့်ကို အထဲပြန်ထည့်လိုက်”

ခဏလောက် ကြာပြီးနောက် မိန်းမစိုးနှစ်ယောက်သည် ရှမ့်လန်ကို အထဲသို့ ပြန်လည်ကာ ပို့ပေး၏။ ‘နင်ယွမ်ရှန်း.. ခင်ဗျားက တကယ့်ကို လှည့်ကွက်တွေ ရှိနေတာပဲ’

ဘုရင်မင်းမြတ်က ထပ်မံကာ ပြောလိုက်သည်။ “ရှမ့်လန်.. မင်း ကျန်းယွမ်မြို့ကို သွားရဲလား”

“ကျန်းယွမ်မြို့ ဟုတ်လား”

ဤအရာက စုနန်၏ အဓိက နယ်မြေတစ်ခု ဖြစ်၏။ ဟုတ်ပေ၏။ ရွှမ်ဝူမြို့သည် ကျင်းမိသားစု ပိုင်ဆိုင်သည့် မြို့တစ်ခု မဟုတ်သလို ကျန်းယွမ်မြို့ကလည်း စုမိသားစု ပိုင်ဆိုင်သည့် အရာတစ်ခု မဟုတ်ချေ။ စုမိသားစု၏ မြေပိုင်နက်သည် စတုရန်းမိုင်ပေါင်း ၃၀၀၀ နီးပါးခန့် ဖြစ်ပြီး ထိုအရာက ကျန်းယွမ်မြို့၏ တစ်ဝက် နီးပါးသာရှိ၏။

သို့ပေမည့် စုနန်နှင့် ကျင်းကျိုးတို့က ခြားနားကြ၏။ ကျင်းကျိုးသည် ခေါင်းမာလွန်းသည့် လူတစ်ယောက် ဖြစ်၏။ ဘုရင်မင်းမြတ်၏ အနီးနားသို့ ကပ်ချင်စိတ် မရှိချေ။ ယခင်ဘုရင်က ကျင်းမိသားစုကို ရွှမ်ဝူမြို့၏ ခပ်ဝေးဝေးဆီသို့ ရွှေ့ပေးရန် တောင်းဆိုသည့်အချိန်၌ ကျင်းမိသားစုသည် မည်သည့် စကားကိုမှ မဆိုချေ။ လွယ်လွယ်ကူကူပင် အနောက်သို့ ဆုတ်ခွာပေးခဲ့၏။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီးခဲ့သည်ဆိုသော်လည်း ရွှမ်ဝူမြို့၏ မည်သည့် အရာရှိအရာခံ တစ်ယောက်ကိုမှ ကျင်းမိသားစု ပိုင်ဆိုင်ခဲ့ခြင်း မရှိချေ။

သို့ပေမည့် စုမိသားစုမှာတော့ ခြားနားလွန်း၏။ တခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင် သူတို့သည် ဘုရင်မင်းမြတ်ကို မြှောက်ပင့်မျက်နှာလုပ်ရန် ညီလာခံထဲဝင်ပြီး လွယ်လွယ်ကူကူနှင့် ဒူးထောက်ခဲ့ကြ၏။ ပြီးနောက် ဘုရင်မင်းမြတ်သည် အလွန်တရာကို ဉာဏ်ပညာကြီးမားပြီး ကြီးကျယ် ခမ်းနားသည့် လူတစ်ယောက် ဖြစ်သောကြောင့် ဘုရင်မင်းမြတ်၏ ဦးဆောင်မှုအောက်ကို လိုက်ပါမည့် လူ ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့၏။

သို့ပေမည့် တကယ့်မြေပြင်မှာတော့ သူတို့သည် ကျင်းယွမ်မြို့နှင့် ပိုင်ရီခရိုင်တစ်ခုလုံးကို တဖြည်းဖြည်း ထိန်းချုပ်ထားခဲ့ကြပြီး ကျန်းရှစ်စီရင်စု၏ တောင်ဘက်ပိုင်းတခွင်လုံးကို သိမ်းဆည်းရန် ကြံစည်ထားသည်။

ကျန်းယွမ်မြို့၌ မြို့တော်ဝန်သုံးယောက်ခန့်ထားဖူးပြီး နှစ်ယောက်သည် ဘာမှန်းမသိဘဲ သေဆုံးခဲ့သည်။ ကျန်တစ်ယောက်ဖြစ်သော ချန်ချိလုံမှာတော့ အကျင့်ပျက်ချစားမှုကြောင့် ဖမ်းဆီးခံထားရသည်။ ထိုအရာက စုကလန်လက်ချက်ပင်။

ကျန်းယွမ်မြို့တစ်ခုလုံးသည် စုမိသားစု၏ လောကကြီးတစ်ခုပင်သို့ပင် ပြောင်းလဲနေခဲ့ပြီ ဖြစ်၏။ ကျန်းယွမ် မြို့တော်ဝန်နေရာသည် နှစ်ဝက်နီးပါးခန့် လွတ်ဟင်းနေပြီး မည်သူမှ ထိုအရာကို မထိန်းချုပ်ရဲချေ။

လက်ရှိ ကျန်းယွမ်မြို့တော်ဝန်နေရာသည် လွတ်လပ်လျက်ရှိပြီး မည်သူမှ တာဝန်မယူရဲချေ။ မင်းမှုထမ်းများအတွက် ကြောက်စရာအကောင်းဆုံး ရာထူးနှင့်တည်နေရာပင်ဖြစ်လေသည်။

ဤတည်နေရာနှစ်ခုတွင် အရာရှိအဖြစ် တာဝန်ထမ်းဆောင်ချင်သည်ဆိုပါက စုမိသားစုကို မျက်နှာလုပ်ရပေမည်။ ထိုသို့ဆိုလျှင် ဘုရင်မင်းမြတ်က ဒေါသထွက်ပေလိမ့်မည်။ ပဲလှော်ကြား ဆားညှပ်နေသည့် နေရာမျိုးပင်။

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် သွားရဲပါတယ်”

ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ဒါက စုနန်ရဲ့ အခြေစိုက်နေရာနော်။ မင်း သေမှာ မကြောက်ဘူးလား။ မင်းသွားရဲတယ် ဟုတ်လား”

ရှမ့်လန်က ပြောလိုက်၏။ “ကျိန်းသေပေါက် သွားရဲပါတယ်။ ဒီနိမ့်ကျတဲ့ အရာရှိက စုမိသားစုတစ်ခုလုံးကို သတ်ပစ်မယ်လို့ ပြောခဲ့တယ်။ ဒီတော့ သူတို့မိသားစု တစ်ခုလုံးကို သေသေချာချာ အပြတ်ရှင်းပစ်ရမယ်။ ဒီမိသားစုထဲမှာ ကောင်းတဲ့လူ ဆိုတာ မရှိဘူး။ အားလုံးက တိရစ္ဆာန်တွေလိုပဲ”

“ကြွားဝါနေတာပဲ။ ကိုယ့်ကိုကိုယ် ကြွားဝါနေတာပဲ”

ဘုရင်မင်းမြတ်က အထင်အမြင်သေးသလို ပြောလိုက်သည်။ “စုမိသားစုကို မင်းတစ်ယောက်တည်း ဖျက်ဆီးနိုင် လိမ့်မယ်လို့ ငါမထင်ဘူး။ ငါ မင်းကို တာဝန်တစ်ခုပဲ ပေးလိုက်မယ်။ စုမိသားစုကို သေသေချာချာ စောင့်ကြည့်ပြီး ထိန်းသိမ်းထားဖို့ပဲ။ မင်းဘာနည်းလမ်းကိုပဲ သုံးသုံး ငါဂရုမစိုက်ဘူး။ ဘာကိုပဲ လုပ်လုပ် ဂရုမစိုက်ဘူး။ နောက်နှစ်လအတွင်း စုမိသားစု ပွင့်ပွင့်လင်းလင်း မပုန်ကန်ရင် ရပြီ”

ရှမ့်လန်က စိတ်ထဲတွင် အသာနှာခေါင်းရှုံ့လိုက်၏။ စုမိသားစုကို သွားရောက် စောင့်ကြည့်ခိုင်းချင်နေသည်လား သို့မဟုတ် စုမိသားစုကို ထိန်းသိမ်းထားချင်သည်လား။

သူ့ကဲ့သိုသော လူမျိုးကို ထိုသို့ချုပ်နှောင်ထား၍ဖြစ်ပါမည်လား။

နှစ်လအတွင်း စုမိသားစုကိုသာ မသတ်ဖြတ်နိုင်သည် ဆိုပါက သူ၏ မိန်းမအပေါ် ပေးထားသည့် ကတိကို ဖောက်ဖျက်သလို ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် အနာဂတ်၌ သူ၏ တန်ဖိုးရှိလှသည့်မူလန်၏ အရှေ့တွင် ခေါင်းမော်နိုင်တော့မည် မဟုတ်ချေ။

ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ကိုယ့်ကိုကိုယ် ပြင်ဆင်ထားတော့။ မင်း မကြာခင်မှာ ကျန်းယွမ်မြို့ကို သွား။ မင်းရဲ့ တစ်ခုတည်းသောတာဝန်က သူတို့ကို ထိန်းသိမ်းပြီး စောင့်ကြည့်ထားဖို့ပဲ။ တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ထိန်းချုပ်ထားနိုင်ရင် ရပြီ။ သူတို့ နှစ်လအတွင်း မပုန်ကန်အောင် တားဆီးနိုင်တာနဲ့ မင်းအောင်မြင်ပြီ။ ဒါဆိုရင် ပြန်လာတာနဲ့ တစ်ပြိုင်နက် ငါ မင်းကို ဂုဏ်ပြုမယ်”

ရှမ့်လန်က မေးလိုက်သည်။ “အဲအချိန်ကျရင် ဘာဆုလာဘ်တွေ ပေးမှာလဲ”

ဟမ့်.. တာဝန်ပင် ပြီးအောင် မလုပ်ရသေးချေ။ ဆုလာဘ်ကို တောင်းဆိုနေလေသည်လား။ ဘုရင်မင်းမြတ်က အေးစက်စက် ပြောလိုက်၏။ “အင်း.. မင်းလိုချင်တဲ့ အရာပေါ့”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် တစ်ခုတည်းပဲ လိုချင်ပါတယ်။ ဘုရင်မင်းမြတ်အနေနဲ့ ပဉ္စမမင်းသား နင်ကျန်းကို မျှမျှတတ ဆက်ဆံပေးဖို့ပဲ။ တခြားအရွယ်ရောက် မင်းသားတွေလိုပဲ မင်းကြီး ဒါမှမဟုတ် နယ်စားဘွဲ့ တစ်ခုခုကို ပေးအပ်ပေးဖို့။ ပဉ္စမမင်းသားက အခုထိ ဘာတစ်ခုမှ မရသေးဘူးလေ”

ထိုစကားကိုကြားရချိန်မှာတော့ နင်ယွမ်ရှန်းသည် အလုံးစုံ ဒေါသထွက်သွား၏။ “မင်းပြောရဲတယ် ဟုတ်လား။ ရှမ့်လန်... မင်းက ဘာကောင်လဲ။ မင်းက ငါတို့မိသားစုကိစ္စရပ်ကို ဝင်ပြီး ပြောနေစရာ ဘာကိစ္စရှိလို့လဲ။ မင်းကို မသတ်ဖြတ်နိုင်ဘူးလို့ ထင်နေတာလား”

All Chapters