← Chapters

အပိုင်း (၃၅၇)

Vol. 26 Ch. 357

အပိုင်း (၃၅၇)

Vol. 26 Ch. 357

အကြိမ်ပေါင်းများစွာ ထိုစကားကို ပြောဆိုခဲ့ပြီးပြီဖြစ်ကြောင်း သူ မသိဘဲ မနေချေ။ သူ၏ ဓားသွားသာ တကယ်တမ်း သတ်ဖြတ်နိုင်သည် ဆိုပါက ရှမ့်လန်ဆိုသည်မှာ သေဆုံးနှင့်နေပြီ ဖြစ်၏။ တကယ်တမ်း တစ်စုံတစ်ယောက်ကို သတ်ဖြတ်ချင်သည် ဆိုပါက ဘုရင်မင်းမြတ်က ထိုကဲ့သို့သော စကားများကို ပြောလိမ့်မည် မဟုတ်ချေ။ အမိန့်တစ်ချက် ပေးလိုက်ရုံနှင့် လူတစ်ယောက်ကို ကြက်သွန်လှီးသလို လှီးဖြတ်၍ သတ်နိုင်သည် မဟုတ်ပါလား။

“သူ့ကို အပြင်ကို ဆွဲထုတ်သွားတော့”

ပြီးနောက် ရှမ့်လန်သည် အပြင်ဘက်သို့ ထပ်မံကာ ဆွဲထုတ်ခြင်းကို ခံရပြန်၏။

“ခွေးကောင်လေး.. မင်းဆီမှာ အသိစိတ်ရှိသေးရဲ့လား” လီစွမ်းသည် တီးတိုးရေရွတ်ပြီး ရှမ့်လန်ကို အပြင်ဘက်သို့ ဆွဲထုတ်လိုက်သည်။

နန်းတော်၏အပြင် မြေပြင်တွင် မတ်မတ်ရပ်နေသော ရှမ့်လန်သည် အနောက်ဘက်ဒေသဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုမိ၏။ “စီနီယာဓားဘုရင်... ခင်ဗျားဘက်က အောင်မြင်သွားခဲ့ပြီလား။ ခင်ဗျားရဲ့ နှလုံးသားကို မလှုပ်ရှားစေနဲ့။ လက်ကိုပဲ လှုပ်ရှား။”

စုနန်သည် တစ်နေ့နှင့်တစ်ညတိတိ အနားမယူဘဲ ခရီးနှင်လျက် ရှိပြီး သူ၏ခရီးစဉ်ကို မြန်မြန် အဆုံးသတ်ချင်မိ၏။ စစ်သည်ပေါင်း ၁၀၀ ကျော်တို့၏ မြင်းများကလည်း မောပန်းလို့ နေခဲ့၏။ သူတို့သည် စီစဉ်ထားသည့် နောက်ထပ် နားနေရာ တည်နေရာဆီသို့ ရောက်သည့်အချိန်မှာတော့ မြင်းများကို ထပ်မံ လဲလှယ်လိုက်ကြသည်။

သူတို့သည် ညသန်းခေါင်အချိန်မှာတောင် အသော့နှင်လျက် ရှိနေတုန်းပင်။ ကောင်းကင်ကြီးက မဲမှောင်လျက် ရှိနေ၏။ သို့ပေမည့် လက်ရှိအခြေအနေတွင် လုံခြုံပြီ ဖြစ်၏။ အနောက်ဘက်ဆီသို့ ဆက်လက်ကာ သွားသည် ဆိုပါက သူ၏ ပိုင်ဆိုင်ရာ သီးသန့်နယ်မြေထဲသို့ ရောက်ပြီ ဖြစ်၏။ ထိုထဲတွင် ရှိနေသည့် အစိုးရ၏ စစ်သည်များသည် သူ့ကို ဘယ်တော့မှ ပုန်ကန်ရဲကြသည့် လူများ မဟုတ်ချေ။ ထိုသူတို့ အားလုံးကို သူက ရွှေများ၊ ငွေကြေးများဖြင့် စားပိုးနင့်အောင် သွတ်သွင်းထားပြီး ဖြစ်သောကြောင့်ပင်။

မျက်စိသုံးလုံးမိစ္ဆာ၏ မြင်းသည်တော်အားလုံးကလည်း အနောက်ဘက် ကီလိုမီတာ ၂၀၀ ဆီမှ သူ့ကို လာရောက်ကာ ကြိုဆိုလိမ့်မည်။ ထိုအချိန်၌ ရွှဲ့ပြည်နယ်၏ စစ်သည်ပေါင်း တစ်သောင်းကျော်တို့ သူ့နောက်မှာ လိုက်ပါလာသည် ဆိုလျှင်တောင် စုနန်သည် လုံးဝ ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။

စုရုံက ပြောလိုက်၏။ “သခင်ကြီး ပိုင်ရီခရိုင် ဝမ်ရှန်အရာရှိနားနေဆောင်က ကျုပ်တို့ရဲ့နေရာပဲ။ အဲမှာ ခဏလောက် အနားယူချင်လား”

စုနန်က ပြောလိုက်သည်။ “အင်း ... ငါတို့ ရေကို ကျိုပြီးသောက်မယ်။ မှတ်ထား.. ယူလာတဲ့ အသားခြောက်တွေကိုပဲ စားမယ်။ တခြားဘာကိုမှ မစားဘူး”

“ကောင်းပါပြီ”

မြင်းသည်တော်များကို တိုက်ခိုက်အနိုင်ယူပြီးနောက် သူတို့သည် ဖြစ်နိုင်သမျှ အမြန်ဆုံးနှုန်းဖြင့် ဝမ်ရှန် အရာရှိတည်းခိုဆောင်ဆီသို့ ဦးတည်လျက် ရှိနေ၏။ သူတို့သည် နှစ်ရက်နှင့် နှစ်ညတိတိ အိပ်စက်ခဲ့ခြင်း မရှိချေ။ သို့ပေမည့် စုနန်သည် စိတ်အားတက်ကြွမှု အပြည့်နှင့် ဖြစ်နေ၏။

နှလုံးသားထဲတွင် မကျေနပ်လျှင်တောင်မှ ခွေးကောင်လေးရှမ့်လန်၏ ဒုက္ခပေးမှုကြောင့် သူ၏ စီစဉ်ထားသမျှ အရာတော်တော်များများ ပျက်စီးခဲ့ကြောင်းကိုတော့ ဝန်ခံရပ လိမ့်မည်။ သို့ပေမည့် အလုံးစုံသော အခြေအနေကို ပြန်လည်ကာ ကြည့်ရှုရမည် ဆိုလျှင် ယခင်ရလဒ် အတိုင်းပင် ဖြစ်သည်။

ရွှဲ့ပြည်နယ်သည် အားလုံးသောသူတို့၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရတော့မည် အခြေအနေဆီသို့ ရောက်ရှိ နေ၏။ ချင်နိုင်ငံအတွင်း၌ ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေသည်ဆိုလျှင်တောင် မကြာခင် တည်ငြိမ် အေးဆေးသွား ပေလိမ့်မည်။ ပြီးနောက် သူတို့သည် ကျန်းရှစ်စီရင်စုကို လွှမ်းမိုးနိုင်ပေလိမ့်မည်။

ဝူဘုရင်လူငယ်သည် ကျိန်းသေပေါက် သူ၏ ပထမဦးဆုံးသော မဟာဗျူဟာကြီး၏ ရည်မှန်းချက်ကို အောင်မြင်အောင် ပြုလုပ်နိုင်ရန် ဆုံးဖြတ်ချက်ထားခဲ့၏။ ထိုသို့ဆိုလျှင် ချောင်ပြည်နယ်ကရော။ ချောင်ပြည်နယ် ကလည်း တစ်သက်မှာ တစ်ခါသာလျှင် ရရှိနိုင်မည့် အခွင့်အရေးကို ကျိန်းသေပေါက် လက်လွှတ် ပေးလိမ့်မည် မဟုတ်ချေ။

ချင်နိုင်ငံနှင့် စုကလန်တို့၏ ပေါင်းစည်းမှုက အစောကြီးကတည်းက ဖြစ်တည်နေခဲ့ပြီးသား ဖြစ်၏။ သို့ပေမည့် ရှမ့်လန်၏ ဒုက္ခပေးခဲ့မှုကြောင့် စုကလန်သည် ချောင်ပြည်နယ်နှင့် ညှိနှိုင်းသည့် နေရာတွင် အလျှော့ပေးခဲ့ရပြီး တချို့သော အကျိုးအမြတ်များကို လက်လွှတ်ပေးခဲ့ရ၏။ စုကလန် အနေနှင့် ကျိန်းသေပေါက် ထိုအရာကို စဉ်းစားကာ ပြုလုပ်ထားပြီး ဖြစ်၏။ ဤကဲ့သို့သော တုန်လှုပ်စရာ အခြေအနေမျိုးတွင် ပထမဦးဆုံး ပြုတ်ကျမည့် အရာသည် ကျင်းမိသားစု ဖြစ်သည် မဟုတ်ပါလား။

နင်ယွမ်ရှန်း လက်ရှိအချိန်တွင် ဘာလုပ်နေမည်နည်း။ ဒေါသတကြီးနှင့် ခုန်ဆွခုန်ဆွ လုပ်နေမည်လား။ သို့မဟုတ် ဟန်ထုတ်နေလေမည်လား။ ချင်နိုင်ငံမှ စစ်သည်တော်များ ဝင်ရောက်တိုက်ခိုက်သည့် အချိန်တွင် နင်ယွမ်ရှန်းသည် ရှမ့်လန်၏ ဦးခေါင်းကို သူ့ဆီသို့ မနှေးမမြန် လာရောက်ကာ ပေးပို့ရပေလိမ့်မည်။

မကြာခင်မှာပဲ စုနန်နှင့် မြင်းသည်တော် ၁၀၀ ကျော်တို့သည် ဝမ်ရှန်အရာရှိ တည်းခိုဆောင်ထဲသို့ ဝင်ရောက်လာခဲ့ကြ၏။ သူတို့သည် နာရီဝက်လောက် အနားယူခဲ့ကြပြီး ရေပူများကိုသာလျှင် သောက်သုံး ခဲ့ကြ၏။ တခြားမည်သည့် အစားအစာကိုမှ မစားသောက်ခဲ့ကြချေ။

စုနန်သည် မြင်းပေါ်မှာထိုင်၍ ကောင်းကင်ယံပေါ်သို့ မော့ကြည့်လိုက်၏။ လကြီးက ထိန်ထိန်သာလျက် ရှိနေ၏။ သို့ပေမည့် ဘာကြောင့် လက ရုတ်တရက် မိုက်သွားရသနည်း။ တိမ်မည်းများသည် လကို ဖုံးကွယ်သွားခဲ့ခြင်းကြောင့်သာ ဖြစ်၏။

သူ၏ အနားတစ်ဝိုက်တွင် ရှိနေသည့် မြင်းသည်တော် ၁၀၀ ကျော်တို့သည် အဆုံးစွန်အထိ မောပန်းလျက် ရှိနေ၏။ တစ်ယောက်ချင်းစီတိုင်းသည် မြင်းပေါ်မှ အသာဆင်းသက်ပြီး ရေပူများကိုသောက်၊ မုန့်ခြောက်များ စားသုံးလျက် ရှိနေကြသည်။

အရာရှိရိပ်သာ၏ ဝန်ထမ်းများသည် စစ်သည်တော်များအတွက် စစ်မြင်းများကို လဲလှယ်ပေးလျက် ရှိနေ၏။ ဒါဇင်နှင့်ရှိသည့် အလုပ်သမားအားလုံးတို့သည် မြက်များကို ခုတ်လျက် ရှိနေကြ၏။

ရွှက် ... ရွှက် ..။

သူတို့သည် မြက်များကို ခုတ်ပြီး မြင်းများကို အစာကျွေးလျက် ရှိနေ၏။ အရာအားလုံးက ပုံမှန်သာဖြစ်၏။ သို့ပေမည့် ဘာကြောင့်မှန်းမသိ စုနန်၏ နှလုံးခုန်နှုန်းများက မြန်ဆန်လာခဲ့သည်။

သူ၏အကြည့်သည် လျှပ်စီးကဲ့သို့ မြန်ဆန်စွာဖြင့် နားနေရိပ်သာထဲတွင် ရှိနေသည့် စစ်သည်တော်များကို လှမ်းကြည့်လိုက်၏။ ပြီးနောက် မြက်ခုတ်လျက် ရှိနေသည့် လယ်သမားအိုကြီးကို လှမ်းကြည့်၏။ ဘာမှ မှားယွင်းသည်ကို မတွေ့ရချေ။ သို့ပေမည့် သူ၏ မျက်ခမ်းများက တုန်ယင်လျက် ရှိနေ၏။

ရုတ်တရက် စစ်မြင်းတော်တော်များများသည် မြက်စားနေရာမှ ရပ်တန့်ပြီး ဟီလျက် ရှိနေ၏။ တည်နေရာ တစ်ခုလုံးတွင် ရှိနေသည့် တိရစ္ဆာန် ပိုးကောင်များ၏ မြည်တွန်တောက်တီးသံအားလုံးက ငြိမ်သက် သွားခဲ့ကြ၏။ ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဝါတစ်ခုကို အာရုံခံမိပုံပင်။

စုနန်သည် ချက်ချင်းဆိုသလိုပဲ လယ်သမားအိုကြီး တစ်ယောက်ဆီသို့ အကြည့်ရောက်သွားခဲ့၏။ ဘာမှ ထူးခြားသည်တော့ မဟုတ်ချေ။ သာမန် လယ်သမားအိုကြီးထက်ပင် သာမန်ကျလွန်း၏။ သူ မြက်ခုတ်နေသည့် လှုပ်ရှားမှုများသည် အလွန်ကျွမ်းကျင်ပြီး တိကျ၏။

သို့ပေမည့် အနားရှိစစ်မြင်းများသည် ခပ်ဝေးဝေးဆီသို့ ရွှေ့သွားခဲ့ကြပြီး အနီးတစ်ဝိုက်တွင် ရှိနေသည့် ပုစဉ်းများ၊ ပုရစ်များပင်လျှင် အော်ဟစ်ခြင်းမှ ရပ်တန့်သွားခဲ့ကြ၏။ အနီးတစ်ဝိုက်မှ ခြင်များ၊ ယင်များသည် ခပ်ဝေးဝေးဆီသို့ ပျံသန်းသွားခဲ့ကြသည်။

“သူ့ကို တားလိုက်စမ်း” စုနန်က လှမ်းကာ အော်ဟစ်လိုက်၏။ ရုတ်တရက် သူသည် သူ၏မြင်းကို အသာလှည့်ကာဖြင့် ခပ်ဝေးဝေးဆီသို့ မောင်းသွား၏။ စစ်သည်တော် ၁၀၀ ကျော်တို့သည် ကြောင် သွားခဲ့ကြ၏။ သူတို့သည် ချက်ချင်းပဲ ဓားများကို ဆွဲထုတ်ကာဖြင့် ဓားဘုရင် လီချင်းချိုးဆီသို့ လှမ်းဝင်သွား၏။

ဤစုနန်က တကယ့်ကို ကြမ်းတမ်းလွန်း၏။ လီချင်းချိုးသည် မည်သည့် ပြစ်ချက်ကိုမှ ထုတ်ဖော် မပြသခဲ့ချေ။ သူတို့နှစ်ယောက်သည် ၁၀ မီတာ နီးပါးခန့် ဝေးကွာလျက်ရှိနေလျှင်တောင်မှ လီချင်းချိုးဆီမှ အန္တရာယ်ရှိသော အရှိန်အဝါကို အာရုံခံမိသည်။

“သတ်စမ်း၊ သတ်ကြစမ်း”

စုကလန်မှ ရာနှင့်ချီသည့် ကျွမ်းကျင်သူများသည် လီချင်းချိုးဆီသို့ တိုးဝင်သွားခဲ့ကြ၏။

လီချင်းချိုးသည် ဓားကို ဆွဲမထုတ်ချေ။ ထိုအစား သူ၏ ဝတ်စုံကြီးကို ဆွဲဖြဲလိုက်သည်။

ဗြိ.. ဝတ်စုံကြီးပြဲသွားပြီးနောက် မူရင်း လီချင်းချိုး ထွက်ပေါ်လာခဲ့၏။ သွေးများသည် ကောင်းကင်ယံဆီ၌ ပျံ့နှံ့သွား၏။ ကောင်းကင်ယံထက်ဆီမှာ အလောင်း ၁၀ လောင်း ပြုတ်ကျလာခဲ့၏။ လီချင်းချိုးသည် သူ့အား ဝိုင်းပတ်ထားခဲ့သည့် လူများအားလုံးကို နည်းလမ်းတစ်ခုအတိုင်း သတ်ဖြတ်ခဲ့၏။ ပြီးနောက် သူသည် အမဲရောင်အရိပ်တစ်ခုကဲ့သို့ပင် စုနန်၏ အနောက်သို့ လိုက်၏။ သူသည် ပြေးလွှားသွားခဲ့သည့် မြင်းထက်ပင် ပိုမိုကာ မြန်ဆန်နေ၏။

စုနန်သည် သူ၏ မြင်းကို အရှေ့ဆီသို့ အသော့နှင်ရန် ခပ်ပြင်းပြင်း ရိုက်နှက်ကာ စေခိုင်းလိုက်၏။ သို့ပေမည့် မဟာပညာရှင် လီချင်းချိုး၏ အမြန်နှုန်းက ပိုမိုကာ မြန်ဆန်၏။ စုနန်သည် မီတာ ၁၀၀ ကျော်အထိ ပြေးထွက်သွားခဲ့ပြီး ဖြစ်လျှင်တောင်မှ လီချင်းချိုးက အမီလိုက်နိုင်သည်။

“ဟမ်.. အား အား အား”

ကောင်းကင်ပေါ်တွင် ရှိနေသည့် တိမ်မည်းများက ပျောက်ကွယ်သွားခဲ့၏။ တောက်ပသည့် လ၏ အလင်းရောင်က မြေပေါ်သို့ ကျဆင်းလာခဲ့၏။ လီချင်းချိုး၏ အသံသည် ကြိမ်ဝါးသံကြီးအဖြစ်နှင့် ပျံ့နှံ့သွားခဲ့၏။ သူ၏ လက်ထဲတွင် ရှိနေသည့် တံစဉ်ကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများကို ထုတ်ဖော်နေ၏။ သူက တဖြည်းဖြည်းနှင့် စုနန်၏ အနီးနားသို့ ကပ်လာ၏။ နောက်ဆုံး ၁၀ မီတာ အနီးဆီသို့ ရောက်ရှိ၏။

ထိုအချိန်မှာတော့ စုနန်က မပြေးရုံသာမက မြင်းကို အသာလှည့်ကာဖြင့် လီချင်းချိုးဆီသို့ တည့်တည့်ပင် ပြေးဝင်လာခဲ့၏။ မယုံကြည်နိုင်စရာ အမြန်နှုန်းနှင့်ပင်။

"လီချင်းချိုး သေချင်နေတာလား” စုနန်၏ အသံက မိုးခြိမ်းသံကဲ့သို့ပင် ကျယ်လောင်၏။ ပြီးနောက် သူသည် အနောက်ဘက်တွင် ရှိနေသည့် လှံမဲကြီးကို ထုတ်ယူကာ လီချင်းချိုးကို ပစ်လိုက်၏။

လူနှစ်ယောက်၊ တစ်ယောက်နှင့် တစ်ယောက် ချက်ချင်းပဲ ရိပ်ခနဲ ဖြတ်သန်းသွားခဲ့သည်။

ဘုန်း...

ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာခဲ့ပြီး အလွန်အားကောင်းသည့် အားအင်နှစ်ခုကြောင့် လူနှစ်ယောက် လွင့်စင်သွားခဲ့၏။ ကီလိုဂရမ်ထောင်ချီ လေးလံသည့် စစ်မြင်းနှင့်အတူ စုနန်၏ ခန္ဓာကိုယ်က အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။ မြေပေါ်သို့ပြုတ်ကျပြီးသည့်နောက် မြေပြင်တစ်ခုလုံးက ပွင့်ထွက်သွားခဲ့၏။

စုနန်သည် သူ၏ လက်ထဲတွင် ရှိနေသည့် အမဲရောင်လှံကြီးကို ကိုင်ဆောင်ကာ အော်ဟစ်လိုက်သည်။ “လီချင်းချိုး.. မင်းသေချင်နေတာလား”

ပြီးနောက် မိုးခြိမ်းသံကဲ့သို့ ကြိမ်းဝါးပြီး အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ လက်ထဲတွင် ရှိနေသည့် အမဲရောင် လှံကြီးသည် မြွေကြီးတစ်ကောင်ကဲ့သို့ပင် လှုပ်ရှားလျက် ရှိနေ၏။ သူသည် လီချင်းချိုးဆီသို့ တည့်တည့် တိုးဝင်သွားခဲ့၏။

ဒင် ဒင် ဒင်....။

လီချင်းချိုး၏ လက်ထဲတွင်ရှိနေသည့် တံစဉ်သည် သာမန်သံဖြင့် ပြုလုပ်ထားသည့် အရာ ဖြစ်၏။ ထို့ကြောင့် အစိတ်စိတ်အပိုင်းပိုင်း ပျက်စီးသွားခဲ့၏။ မကြာခင်မှာပဲ ကျိုးပြတ်လျက် ရှိနေသည့် ဓားကျိုးဓားပဲ့များကဲ့သို့ပင် လွင့်စင်သွားခဲ့၏။ ထိုအရာအားလုံးသည် အနီးပတ်ဝန်းကျင်တွင် ရှိနေသည့် အပင်များထဲသို့ စိုက်ဝင်ကုန်၏။ ပတ်ဝန်းကျင်တွင် ရှိနေသည့် သစ်ပင်၊ မြက်ပင်အားလုံးတို့သည် ခုတ်ပိုင်းလှီးဖြတ်ခြင်းကို ခံရသည်။

ဒုတိယတိုက်ကွက်ကို တိုက်ခိုက်ပြီးနောက် စုနန်သည် သူ၏လှံကို ထပ်မံမြှောက်၍ လီချင်းချိုးဆီသို့ တိုးဝင်သွားပြန်၏။ “လီချင်းချိုး.. သေချင်နေတာလား”

လီချင်းချိုးသည် လက်ထဲတွင် ဓားမရှိတော့ချေ။ သူသည် သစ်ကိုင်းတစ်ခုကို ချိုးယူပြီး စုနန်ဆီသို့ တတိယအကြိမ် ဝင်ရောက်ကာ တိုက်ခိုက်သည်။

ဘန်း....

စုနန်၏လှံသည် လီချင်းချိုး၏ ခေါင်းဆီသို့ ရောက်ရှိလာ၏။ ချက်ချင်းပဲ ဆံပင်စများ လွင့်စင်သွားခဲ့၏။ လီချင်းချိုး၏ သစ်ကိုင်းမှာတော့ စုနန်၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်ကို ထိုးဖောက်သွားခဲ့၏။

“အရှင့်ကို ကာကွယ်ကြ၊ အရှင့်ကို ကာကွယ်ကြ” ကျွမ်းကျင်သူ ၁၀၀ ကျော်တို့ ရောက်ရှိလာခဲ့၏။ သူတို့သည် စုနန်ကို အလယ်မှာ ထား၍ ကာကွယ်၏။ ပထမဦးဆုံး အင်အားပြည့် တိုက်ခိုက်၏။ ဒုတိယ ရှောင်ရှားခဲ့၏။ တတိယမှာတော့ မောပန်းလုနီးပါး ဖြစ်ကုန်ကြသည်။

လီချင်းချိုးသည် သူ၏ လက်ဗလာကို လှမ်းကြည့်ပြီး တွေဝေငေးငိုင်နေ၏။ ထို့နောက် သူက အသာလေထဲသို့ ခုန်တက်ကာ ပြေးလွှား ထွက်ခွာသွား၏။

စုနန်သည် လီချင်းချိုး ထွက်ခွာသွားသည့် တည်နေရာဘက်သို့ လှမ်းကာ ကြည့်ရှု၏။ အနောက်မှလိုက်ရန်တော့ အမိန့်မပေးခဲ့ချေ။

“မြင်းတွေ”

တခြားသောမြင်းများ ရောက်ရှိလာခဲ့၏။ စုနန်သည် မြင်းတစ်ကောင်ဆီသို့ အသာလမ်းတက်ကာ ပြောလိုက်၏။ “ရေပူတွေ အဆင်သင့်ပဲလား။ ရေတွေဖြည့်၊ ပြီးရင်ယူခဲ့ကြ”

ခဏလောက်ကြာပြီးနောက် စုနန်သည် မြင်းသည်တော် ၁၀၀ ကျော်ကို ဦးဆောင်ကာဖြင့် အနောက်ဘက်ပိုင်း ဆီသို့ ဆက်လက်ကာ ချီတက်၏။ မြင်း၏ အနောက်ဘက်တွင်တော့ သူသည် ရေပုံးတစ်ခုကို ဆွဲတင်ထားခဲ့၏။ သို့ပေမည့် ရေသောက်ရန် မဟုတ်ချေ။ ထိုအစား သွေးအန်ရန် ဖြစ်၏။ ထိုရေပုံးထဲသို့ သွေးများ အန်ထုတ်သည်။

သူ၏ ဘယ်ဘက်ရင်အုံသည် လီချင်းချိုး၏ သစ်ကိုင်းနှင့် ထိုးခြင်းကို ခံခဲ့ရ၏။ သို့ပေမည့် သူသည် အတွင်းအားများကို အသုံးပြုပြီး ဒဏ်ရာကို ဖိနှိပ်ထားခဲ့၏။ ထို့ကြောင့် သွေးထွက်ခြင်းကို တားဆီးနိုင်ခဲ့၏။ သူ၏ တပ်ဖွဲ့သည် ဆက်လက်ကာ ခရီးနှင်နေသည်။ တစ်ချက်ကလေးမှ မပြောင်းလဲခဲ့ချေ။ အားလုံးသောသူတို့သည် သူ့ကို ချီးကျူးသလို ကြည့်ရှုနေခဲ့၏။ အရှင်သည် ဤမျှ အားကောင်းသည်လား။ လီချင်းချိုးနှင့်ပင် တိုက်ခိုက်နိုင်စွမ်း ရှိနေ၏။

……

လီချင်းချိုးသည် ရေကန်၏ဘေးတွင် သုံမှုန်စွာဖြင့် ထိုင်လျက် ရှိနေ၏။ သူသည် တကယ့်ကို အသုံးမဝင်သူ တစ်ယောက် ဖြစ်နေသည်လား။ လယ်သမားတစ်ယောက် ဖြစ်သောကြောင့် အဆင့်အတန်း နိမ့်ပါးနေသည်လား။ သူသည် ဟိတ်ဟန် ကြီးမားသည့် စုနန်ကို ပြန်လည်ကာ မြင်ယောင်မိ၏။ စိတ်ထဲတွင်လည်း သဘောမတွေ့သလို ခံစားမိသည်။

စုနန်သည် ထွက်ပြေးရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။ ထွက်ပြေး၍မရတော့သည့်အချိန်တွင် ချက်ချင်းလှည့်ကာဖြင့် လီချင်းချိုးကို ဝင်ရောက်တိုက်ခိုက်ခဲ့၏။ ပြီးနောက် အော်ခဲ့သေးသည်။ “လီချင်းချိုး... မင်းသေချင်နေတာလား”

ဤစကားစုသည် လီချင်းချိုး၏ ငယ်ဘဝကို ပြန်လည်ကာ သတိရစေ၏။ သူသည် နိမ့်ကျသည့် လယ်သမားမျိုးရိုး မှ မွေးဖွားလာခဲ့သူဖြစ်ပြီး သူတို့မိသားစုသည် နန်းတွင်းအရာရှိကြီးများ၏ နှိပ်စက်ခြင်းကို ခံခဲ့ရသည်။

အစိုးရအမှုထမ်းနှင့် သူ၏ နောက်လိုက်နောက်ပါအားလုံးတို့သည် သူ၏အဖေ၊ အမေနှင့် ကျန်သည့် မိသားစုဝင်များကို တုတ်များနှင့် ရိုက်နှက်ခဲ့ဖူးသည်။ ထိုစဉ်က တစ်ယောက်မှ မခုခံရဲကြချေ။ အားလုံးတို့က ငြိမ်ငြိမ်သက်သက်ဖြင့် ရိုက်နှက်ခြင်းကို ခံခဲ့ကြသည်။ ထိုအချိန်တည်းက အစိုးရအရာရှိများ၊ နန်းတွင်းဝန်ကြီးများ၊ တော်ဝင်မျိုးနွယ်များနှင့် ပတ်သက်၍ သူ၏ နှလုံးသားထဲတွင် အရိပ်မဲကြီးဖြစ်တည်ခဲ့၏။

မြို့တော်ဝန် မဟုတ်ဘဲ တခြားသော အရာရှိများမြင်လျှင်ပင် သူက စိတ်လှုပ်ရှားမှုကို ခံစားရ၏။ ငယ်ရွယ် သေးသည့်အရွယ်တွင် ဓားကျွန်းဆီသို့ ယခင်ဓားဘုရင်၏ ခေါ်ဆောင်သွားခြင်းကိုခံရပြီး ဓားဘုရင်၏ တပည့် ဖြစ်လာခဲ့သည်။

ဤနှစ်ပိုင်းအတွင်း သူသည် သိုင်းပညာကို မရပ်မနား လေ့ကျင့်ခဲ့၏။ သူ ပိုပိုပြီး အားကောင်းလာခဲ့၏။ သို့ပေမည့် သူတွေ့ဆုံခဲ့ရသည့် လူအရေအတွက်မှာတော့ နည်းပါးလွန်း၏။ သူ့ကို လာရောက်ကာ စိန်ခေါ်ကြသည့် လူများမှလွဲ၍ သူသည် လူများများနှင့် စကားပြောဖူးသူမဟုတ်ပေ။ ထို့အပြင် သူ့ကို လာရောက်ကာ စိန်ခေါ်ခဲ့သည့် လူအားလုံးကလည်း သိုင်းပညာရှင်များ ဖြစ်၏။ ထို့ကြောင့် မည်သည့် နန်းတွင်းအရာရှိကြီးမှ မဟုတ်ခဲ့ချေ။

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် သူ၏ သားကို ဓားကျွန်းဆီသို့ပို့ပြီး လီချင်းချိုးအား တပည့်အဖြစ် လက်ခံပေးရန် တောင်းဆိုခဲ့၏။ အစတုန်းက လီချင်းချိုးသည် ထန်ယင်ကို လက်မခံချင်ခဲ့ချေ။ တော်ဝင်မျိုးနွယ်များနှင့် မပတ်သက် မဆက်ဆံချင်သောကြောင့်ပင်။ သို့ပေမည့် ထန်ယင်သည် အရူး တစ်ယောက် ဖြစ်၏။ တော်ဝင်မိသားစု၏ အော်ရာများ သူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်မနေချေ။ ထို့ကြောင့် သူ တပည့်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်သည်။

ပြီးနောက်မှာတော့ သူသည် ရှမ့်လန်နှင့် အချိန်အတော်ကြာ နေခဲ့ဖူး၏။ သေသေသေချာချာ စကားပြောဆို ပြီးနောက် ရှမ့်လန်၌လည်း မည်သည့် တော်ဝင်မျိုးဆက်၏ အော်ရာမျိုးကိုမှ မရရှိခဲ့ချေ။ထို့ကြောင့် မသက်မသာ ခံစားရခြင်းမျိုး မရှိချေ။

သို့ပေမည့် ယနေ့ စုနန်နှင့် တွေ့ဆုံပြီး အလွန်မောက်မာလွန်းသည့် အပြုအမူ၊ စူးရှလွန်းသည့် အကြည့်၊ အရာအားလုံးကို မြက်ပင်ကဲ့သို့ ကြည့်ရှုသည့် စိတ်ဓာတ်ပိုင်းဆိုင်ရာကို မြင်ခဲ့ရသည့်အချိန်မှာတော့ လီချင်းချိုးသည် တကယ့်ကို မခံမရပ်နိုင်အောင် ခံစားမိ၏။ သူသည် သူ့ကိုယ်သူ မကြောက်လန့်ရန် ထပ်တလဲလဲ အားပေးခဲ့၏။ သို့ပေမည့် သူ ကြောက်လန့်မိခဲ့၏။

လူနှစ်ယောက် ကျဉ်းမြောင်းသည့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မည် ဆိုပါက သတ္တိကောင်းသူကသာ အနိုင်ရရှိပေမည်။ ကျွမ်းကျင်သူနှစ်ယောက်၏ ကြားတိုက်ပွဲတွင် အရှိန်အဟုန်က အလွန် အရေးကြီး၏။ လီချင်းချိုး၏ အရှိန်အဟုန်သည် ဖိနှိပ်ခြင်း ခံခဲ့ရ၏။ ထို့ကြောင့် သူသည် ရေပြင်ကို စိုက်ကြည့်ပြီး သူ့ကိုယ်သူ အားမလိုအားမရ ဖြစ်လို့နေသည်။

လီချင်းချိုးသည် သက်ပြင်းချလိုက်မိ၏။ “ငါ တကယ်ကို အသုံးမဝင်ဘူးပဲ။ ဒီလိုပုံစံမျိုးနဲ့ ဘာဖြစ်လာနိုင်မှာလဲ။”

.......

All Chapters