အပိုင်း (၃၅၈)
Vol. 26 Ch. 358
စုနန်သည် အောင်အောင်မြင်မြင်ဖြင့် သူ၏ ကလန်ထဲသို့ ရောက်ရှိခဲ့ပြီ ဖြစ်၏။ စုကလန်၏ သံတမန်များသည် စုနန်ကို လာရောက်ကြိုဆို၏။
“ဒီအရာရှိက အိုမင်းပြီး ရင့်ရော်နေခဲ့ပါပြီ။ ဒါကြောင့် အိမ်ကို ပြန်ဖို့ စိတ်ဆန္ဒ ရှိနေပါတယ်။ ရှိရှိသမျှ အရာအားလုံး ရာထူးတွေ အကုန်လုံးကို ဖယ်ရှားပြီးတော့ ဒီနေရာမှာပဲ လွတ်လွတ်လပ်လပ် နေပါရစေ”
ထိုစာသည် စုနန်အစား ရေးသားထားခြင်းဖြစ်ပြီး ဘုရင်မင်းမြတ်ဆီသို့ ပေးပို့မည့် စာဖြစ်၏။ သူသည် ထိုအရာကို သုံးကြိမ်တိတိ ပေးပို့ခဲ့ပြီးဖြစ်သည်။ သုံးကြိမ်လုံးလုံး ဘုရင်မင်းမြတ်က ငြင်းဆန်ခဲ့သည်။
စုနန်၏ သံတမန်များသည် စုနန် ရာထူးမှ နှုတ်ထွက်မည့်အကြောင်း ကိုယ်စား သွားရောက် တောင်းဆိုခဲ့ကြသေး၏။
ဘုရင်မင်းမြတ်သည် ညိုးငယ်စွာဖြင့် ပြောလိုက်သည်။ “ဘာကြောင့် ကျုပ်ကို စွန့်ခွာရတာလဲ”
ပြီးနောက် ဘုရင်မင်းမြတ်သည် စုနန် ရာထူးမှနှုတ်ထွက်ခြင်းကို လက်ခံခဲ့၏။ ထိုအချိန်မှာတော့ စုနန်သည် သူ၏ ရာထူးအားလုံးဆီမှ နှုတ်ထွက်သွားခဲ့ပြီဖြစ်သည်။ သို့ပေမည့် သူသည် အိမ်ရှေ့စံမင်းသား၏ အငယ်တန်း ဆရာဟူသော ဂုဏ်ထူးတော့ ပိုင်ဆိုင်သေး၏။
စုကလန်၏ ကိုယ်စားလှယ်များသည် ဦးညွတ်ကာ ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့လေ၏။ စုကလန်အနေနှင့် မျိုးဆက်အဆက်ဆက် ဘုရင်မင်းမြတ်ကို သစ္စာရှိမည့် အကြောင်းကိုပင် အာမခံ ပြောဆိုခဲ့သေးသည်။
စုနန် နှုတ်ထွက်ပြီး လေးနာရီကြာပြီးနောက် လူပေါင်း ၁၀၀ ကျော်တို့သည် မြေပေါ်တွင် ဒူးထောက်ကာ ကွပ်မျက်ခြင်းကို ခံခဲ့ရ၏။ ဤလူတော်တော်များများတို့သည် စုနန်၏ တိုက်ရိုက်မျိုးဆက် မိသားစုများပင် ဖြစ်၏။
ရေနက်တပ်ဖွဲ့မှ လူများသည် လျင်လျင်မြန်မြန် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သုံးရက်မကြာခင်မှာဘဲ ထိုလူအားလုံးကို ဖမ်းဆီးနိုင်ခဲ့သည်။
ဘုရင်မင်းမြတ်သည် ထိုသူတို့ကို ထိန်းသိမ်းထားရန် အမိန့်ထုတ်ခဲ့ခြင်း ဖြစ်၏။ ဘုရင်မင်းမြတ်၏ လစာငွေနှင့် အသက်ရှင်နေထိုင်ခဲ့သည့်လူများ ဖြစ်သောကြောင့် ထိုလူများသည် ရွဲ့ပြည်နယ်ပေါ် ကျေးဇူးကြွေး၊ ကျေးဇူးခံ ရှိ၏။ ယခု ဝူပြည်နယ်နှင့် ပူးပေါင်းပြီး ရွဲ့ပြည်နယ်မှ လူများကို ထိခိုက်နာကျင်အောင် ပြုလုပ်ရဲသည် ဖြစ်သောကြောင့် ကျိန်းသေပေါက် သေဆုံးရန် ထိုက်တန်၏။ အားလုံးသောသူတို့ကို ခေါင်းဖြတ်သတ် ရပေလိမ့်မည်။
“သတ်တော့”
လက်ကို မြှောက်လိုက်သည်နှင့် အာဏာပါးကွက်သား၏ ဓားက ကျဆင်းလာခဲ့၏။ ခေါင်းပေါင်း ၁၀၀ ကျော်တို့သည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ နန်းမြို့တော်တစ်ခုလုံး ကြောက်လန့်တကြား ဖြစ်ပြီး ကောင်းကင်ယံသို့ပင် သွေးညှီနံ့များ လှိုင်ထသွား၏။
............
ဘုရင်မင်းမြတ်သည် ရှမ့်လန်ကို ထပ်မံကာ ဆင့်ခေါ်ခဲ့၏။ ဤတစ်ကြိမ်မှာတော့ ကျန်းချုံးလည်း ပါဝင်လာခဲ့သည်။
“ဝူဘုရင်နဲ့တိုက်ပွဲကို ငါကိုယ်တိုင် ဦးဆောင်မယ်” ဤစကားကို အင်အားအပြည့်နှင့် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အသံထဲတွင်လည်း သတ်ဖြတ်လိုခြင်း ဆန္ဒများက အပြည့်အဝ ပါဝင်နေခဲ့၏။
ရှမ့်လန်သည် အနည်းငယ် တုန်ယင်သွားခဲ့၏။ ဘုရင်မင်းမြတ်သည် အရေးကြီးသော အခြေအနေမျိုးတွင် သတ်ဖြတ်ရန် ဆုံးဖြတ်ချက် ချခဲ့၏။ ငြိမ်ငြိမ်သက်သက်နှင့် ထိုင်ပြီး အရေးကိစ္စကို ကျော်ဖြတ်ရန် စဉ်းစားခဲ့ခြင်း မရှိချေ။ ထိုအစား စဦးတိုက်ခိုက်ရန်သာ စဉ်းစားခဲ့သည်။
သတ်ဖြတ်ခြင်းကို တားဆီးရန် သတ်ဖြတ်ခြင်း။
တောင်ပိုင်းနိုင်ငံစစ်သည် အလှည့်အပြောင်းများ ရှိနေ၏။ သို့ပေမည့် ဘုရင်မင်းမြတ်သည် မြောက်ပိုင်း၌ စစ်ကို စတင်ရန် ကြိုးစားရဲလျက် ရှိနေ၏။ မည်သည့် အစီအစဉ်ပဲ ဖြစ်ဖြစ်၊ မည်ကဲ့သို့သော အရာမျိုးပဲ ဖြစ်ဖြစ် ကျိန်းသေပေါက် ကြီးမားသည့် စွန့်စားခန်းကြီး ဖြစ်၏။ ကျရှုံးခဲ့သည် ဆိုပါက အကျိုးဆက်က ခန့်မှန်း၍ မရနိုင်အောင် ကြီးမားပေလိမ့်မည်။
ဤအရာက နိုင်ငံတစ်ခု၏ ကံကြမ္မာကို အလောင်းအစားပြုလုပ်ခြင်း မဟုတ်သော်လည်း ကြောက်မက်ဖွယ်ရာ ကောင်းသည့် လောင်းကစားပွဲတစ်ခု ကဲ့သို့ပင်။ သို့ပေမည့် ဘုရင်မင်းမြတ်၏ သတ္တိကို ချီးကျူးရမှာ အမှန်ပင်။
ဘုရင်မင်းမြတ် တော်တော်များများတို့သည် ဤကဲ့သို့သော အရေးကြောင်းမျိုးကို ရင်ဆိုင်ရသည့် အခြေအနေမျိုးတွင် သူတို့၏ ပိုင်နက်၊ သူတို့၏ အသက်ကိုသာလျှင် ကာကွယ်ခဲ့ကြပြီး အခြေအနေ တစ်ခုလုံးကို လိုက်ရောညီထွေစွာဖြင့် စွန့်လွှတ် စတေးတတ်သည့် လူများ ဖြစ်၏။
သို့ပေမည့် ဤဘုရင်မင်းမြတ်မှာတော့ ကြီးမားသည့် စွန့်စားခန်းကို ပြုလုပ်ကာဖြင့် စဦးတိုက်ခိုက်ရန် စဉ်းစားခဲ့၏။ ခံစစ်မှသည် တိုက်စစ်ဆီသို့ ကူးပြောင်းရန် အဆင်သင့်ဖြစ်လို့နေခဲ့၏။ သတ္တိတရားမှာတော့ တကယ့်ကို အထင်ကြီးဖွယ်ရာပင်။
သို့ပေမည့် ဤနည်းလမ်းကြောင့် လအနည်းငယ်ကြာပြီးနောက် ရွဲ့ပြည်နယ်တစ်ခုလုံး ရုန့်ယင်းဆန်ခတ် ဖြစ်မည် ဖြစ်ပြီး ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးအား တုန်ယင်စေပေလိမ့်မည်။
တောင်ပိုင်းနှင့် မြောက်ပိုင်း မည်သည့်နေရာပဲ ဖြစ်ဖြစ် ကျရှုံးသည်ဆိုသည်နှင့် အကျိုးဆက်က ခန့်မှန်း၍ မရနိုင်အောင် ဆိုးဝါးပြီး ရွဲ့ပြည်နယ်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေမျိုးဆီသို့ တစ်ခါတည်း ရောက်ရှိသွားပေမည်။
နင်ယွမ်ရှန်းသည် စစ်သည်ဝတ်စုံကို ဝတ်ဆင်ပြီး ဟောခန်း၏ အလယ်တည့်တည့်တွင် မတ်တပ်ရပ်ကာဖြင့် အောက်ရှိ ရှမ့်လန်နှင့် ကျန်းချုံးတို့ကို လှမ်းကာ ကြည့်ရှုလိုက်၏။
“မြောက်ဘက်ပိုင်းကို ငါသေသေချာချာ တိုက်ခိုက်မယ်။ ဒီတော့ အနောက်ဘက် စီရင်စုတစ်ခုလုံးကို မင်းတို့နှစ်ယောက် လက်ထဲမှာ ထားခဲ့မယ်။ ကျန်းချုံး၊ ရှမ့်လန်... ဒီကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းပိုးထားနိုင်ပါ့မလား”
ကျန်းချုံးက ဦးညွှတ်ကာ ပြောလိုက်၏။ “အကောင်းဆုံး လုပ်ပါ့မယ်”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ပြဿနာ မရှိပါဘူး”
ဘုရင်မင်းမြတ်၏ အကြည့်က စူးရှသွားခဲ့၏။ ရှမ့်လန်၏ အမူအကျင့်က ဤကဲ့သို့ပင်။ တစ်ခါတရံ သူ့အား သူငယ်ချင်းလိုပင် လှမ်းကာ ပြောဆိုတတ်၏။
သို့ပေမည့် ကျန်းချုံး ရှိနေသည်။ ကျန်းချုံးက အတွေ့အကြုံ ကြီးမားပြီး လေးစားသမှု ဂါရဝတရားရှိသူ တစ်ယောက်ပင်။
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ကျန်းချုံး.. မင်းအတွက် ငါတာဝန်တစ်ခုပဲ ပေးမယ်။ စုကလန်ကို ထိန်းသိမ်းထားဖို့ပဲ။ အနည်းဆုံး မြောက်ဘက်ပိုင်းက အခြေအနေတစ်ခုလုံး ရှင်းလင်းသွားသည်အထိ သူ ပွင့်ပွင့်လင်းလင်း မပုန်ကန်အောင် လုပ်ထားရမယ်။ ဘယ်လိုနည်းလမ်းပဲ သုံးသုံး ... သုံးလို့ရတယ်။ သူ့ကို ထိန်းသိမ်းထားနိုင်ရင် ရပြီ”
ကျန်းချုံးက ပြောလိုက်၏။ “အကောင်းဆုံး လုပ်ပေးပါ့မယ်”
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “စုကလန် ပွင့်ပွင့်လင်းလင်း ပုန်ကန်လာပြီဆိုတာနဲ့ မင်းတို့ ပိုင်ရီခရိုင်ကနေ သူ့ကို တားဆီးထားရမယ်။ အဲကနေပြီးတော့ အရှေ့ဘက်ပိုင်းဆီကို ခြေတစ်လှမ်းတောင် မလှမ်းစေနဲ့။ တကယ်လို့ စုနန်က ပိုင်ရီခရိုင်ဆီကို ကျော်ဖြတ်လာခဲ့ပြီဆိုတာနဲ့ မင်းရဲ့ခေါင်း ရှိနေဖို့ မလိုတော့ဘူး”
ကျန်းချုံးသည် ဦးညွှတ်ကာ ပြောလိုက်၏။ “စုနန်က ပိုင်ရီခရိုင်ကိုလာပြီး တိုက်ခိုက်မယ်ဆိုရင် အသေခံပြီး ခုခံပါ့မယ်။ တာဝန်ကျရှုံးတာနဲ့ ကျုပ်ရဲ့ခေါင်းကို အရှင်မင်းကြီးဆီ ဆက်သပါ့မယ်”
“ရှမ့်လန်” ဘုရင်မင်းမြတ်က ရုတ်တရက် အော်လိုက်သည်။
ရှမ့်လန်သည် ချက်ချင်းပဲ သူ၏ ကျောကို မတ်လိုက်၏။
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “မောက်မာမနေနဲ့။ အဆင်ခြင်မဲ့ မလုပ်နဲ့။ တည်တည်ငြိမ်ငြိမ်နဲ့နေ။ ကျန်းချုံးရဲ့ အမိန့်ကို လိုက်နာ ... ကြားလား”
ရှမ့်လန်က ပြောလိုက်၏။ “ကြားပါတယ်”
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “မင်းမှာ စုကလန်နဲ့ ကြီးမားတဲ့ရန်ကြွေးတွေ ရှိတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ အရင်ဆုံး လအနည်းငယ်လောက် စုကလန်ကို ထိန်းသိမ်းထားလိုက်အုံး။ မြောက်ဘက်ပိုင်းက ကိစ္စတစ်ခုလုံး ရှင်းပြီးသွားတာနဲ့ ငါ စုကလန်ကို မင်းအစား လက်စားချေပြီး ဖျက်ဆီးပစ်မယ်။ စကားတစ်ခုကို မှတ်ထား .... တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ထိန်းချုပ်ထားဖို့ပဲ။ စကားနှစ်ခုကို မှတ်ထား။ သူတို့ကို ဘာတစ်ခုမှ မလုပ်စေနဲ့။ ပြီးတော့ မကြောက်နဲ့”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် နာခံပါ့မယ်”
ကျန်းချုံးက ပြောလိုက်သည်။ “အရှင်မင်းကြီး..... ကျုပ် စစ်သည် ဘယ်လောက်များများကို ခေါ်သွားလို့ရလဲ”
“သုံးထောင်” ဘုရင်မင်းမြတ်က ပြန်လည်ကာ ဖြေဆို၏။
ရှမ့်လန်က ကြောင်သွားခဲ့သည်။ “သုံးထောင် ဟုတ်လား”
ဘုရင်မင်းမြတ်က အေးစက်စက် ပြောလိုက်၏။ “ဘာလဲ နည်းလို့လား။ သုံးထောင်ဆိုတာ ငါ့ထဲက မနည်း ဖျစ်ညှစ်ပြီး ပေးလိုက်ရတာပဲ”
ဤစကားစုက အမှန်ပင် ဖြစ်၏။ ကျန်းချုံးကို စစ်သည်တော် သုံးထောင် ပေးလိုက်ရခြင်း ဆိုသည်မှာ ဘုရင်မင်းမြတ်သည် သူလုပ်နိုင်သမျှ အရာအားလုံးကို ညှစ်ဖျစ်ကာ လုပ်ခဲ့ခြင်း ဖြစ်၏။ တောင်ဘက်ပိုင်းတွင် ကြီးမားသည့် တိုက်ပွဲတစ်ခု ဖြစ်နေ၏။ သူ ဘုရင်မင်းမြတ်ကိုယ်တိုင်သည် မြောက်ဘက်ပိုင်းဆီသို့ ဦးတည်ကာဖြင့် ကြီးမားသည့် တိုက်ပွဲကြီးတစ်ခုကို ဖန်တီးကာ ဝူနှင့် ရွဲ့ပြည်နယ်တို့ကြား စစ်တလင်း၌ စစ်ခင်းရတော့မည်။ ထို့အပြင် ပျံ့ရှောင်း၏ ရုတ်တရက် တိုက်ခိုက်မှုကိုလည်း ထောက်ပံ့ပေးရဦးမည်။
သို့ပေမည့် စစ်သည်တော် သုံးထောင်ဆိုသည်မှာ တကယ့်ကို နည်းပါးလွန်း၏။ စုကလန်တွင် သီးသန့် စစ်သည်ပင် ထောင်ချီ ရှိ၏။ ထို့အပြင် မျက်စိသုံးလုံး မိစ္ဆာ၏ မြင်းသည်တော် ဓားပြများလည်း ရှိသေး၏။ အနည်းဆုံး လူဦးရေ တစ်သောင်းလောက်ပင် ရှိ၏။
အနောက်ဘက်ပိုင်းရှိ အစိုးရအရာရှိအားလုံးတို့သည် အကျင့်ပျက်ခြစားသူများဖြစ်ပြီး စုကလန်၏ အောက်ဆွဲများပင် ဖြစ်၏။ ချင်နိုင်ငံနှင့် စစ်တိုက်ရမည် ဆိုပါက ချင်နိုင်ငံသည် တစ်နိုင်ငံလုံး စစ်သားများဖြစ်သည်။ ထို့ကြောင့် စစ်သည် မည်မျှထွက်လာမည်နည်း မသိနိုင်ချေ။
ဤအချိန်မှာတော့ ကျန်းချုံးနှင့် ရှမ့်လန်တို့သည် စုနန်၏ မွေးရပ်မြေဆီသို့ ရောက်ရှိပါက မည်မျှ များပြားသည့် စစ်သည်များကို ရင်ဆိုင်ရမည်နည်း။ နှစ်သောင်းလား၊ သုံးသောင်းလား၊ လေးသောင်းလား ထိုထက်ပင် ပိုနိုင်၏။ စုနန်နှင့် ချင်နိုင်ငံတို့ အောင်မြင်စွာ ပူးပေါင်းနိုင်ခဲ့သည်ဆိုပါက ကြီးမားလွန်းသည့် စစ်တပ်ကြီးတစ်ခု ဖြစ်လာမှာ သေချာ၏။
“အရှင်မင်းကြီး”
ဘုရင်မင်းမြတ်သည် ကြည်လင်ရှင်းလင်းနေသည့် အသံဖြင့် ပြောဆိုလိုက်သည်။ “ကျန်းချုံး၊ ရှမ့်လန်.. မင်းတို့ နှစ်ယောက်က ဝမ်ရီခရိုင်ကို တည်ငြိမ်အောင် ထိန်းချုပ်ထားနိုင်မယ် ဆိုရင် အကောင်းဆုံးဖြစ်လိမ့်မယ်။ စုကလန် ပုန်ကန်လာခဲ့ပြီဆိုရင် တားဆီးရမယ်။ သူတို့လက်ထဲကို ဝမ်ရီခရိုင်မပါသွားစေနဲ့”
မြောက်ဘက်ပိုင်း စစ်ပွဲကို ငါ အနိုင်ယူပြီးရင် မင်းတို့ကို ကြီးမားတဲ့ ဆုလာဘ်တွေ ပေးမယ်။ ကျန်းချုံး... မင်းကြီး ပျံ့ရှောင်းက မင်းအတွက် အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့တယ်။ တကယ်လို့ မင်းသာ ဒီတစ်ကြိမ် တာဝန်အောင်မြင်ခဲ့ရင် ယန်ကျိုး အုပ်ချုပ်ရေးမှူး နေရာက မင်းအတွက်ပဲ”
ကျန်းချုံးသည် ထပ်မံကာ ဦးညွှတ်ပြီး ပြောလိုက်၏။ “ကျုပ်အကောင်းဆုံး ကြိုးစားပါ့မယ်”
ဘုရင်မင်းမြတ်၏ မျက်လုံးသည် ရှမ့်လန်၏ မျက်နှာပေါ်သို့ ကျဆင်းလာခဲ့၏။ သို့ပေမည့် ဘာပြောရမှန်းမသိချေ။ ဤကောင်လေးသည် ရာထူးရာခံများကို စိတ်ဝင်စားသည့် လူတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် ဘာပေးရမှန်း မသိချေ။ သူ့သမီးကိုလည်း ပေး၍မဖြစ်ချေ။
“ကဲ... အမိန့်ကို အတည်ပြုမယ်”
လီစွမ်းသည် ရှင်းလင်းသည့် အသံဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီးက အမိန့်တော် ချမှတ်လိုက်ပြီ။ ကျန်းချုံးကို ကျန်းရှစ်စီရင်စုရဲ့ အုပ်ချုပ်ရေးတပ်မှုးနေရာ ပေးအပ်လိုက်သည်။ ရှမ့်လန်ကိုတော့ ကျန်းယွမ်မြို့ မြို့တော်ဝန်အဖြစ် ခန့်အပ်လိုက်သည်”
“ကောင်းပါပြီ”
ကျန်းချုံးနှင့် ရှမ့်လန်တို့က ဦးညွှတ်လိုက်၏။ “အမိန့်တော်ကို လက်ခံပါတယ်။ ကျေးဇူးတင်ပါတယ်”
အမိန့်တော်ကို လက်ခံရရှိပြီးနောက် သူတို့သည် နန်းတွင်းမှ ထွက်ခွာသွားခဲ့သည်။
ရှမ့်လန်သည် ကျန်းချုံးကို လှမ်းကြည့်ကာ ပြောလိုက်၏။ “အဘိုးကျန်း... ကျုပ်မှာ ပြောသင့်လား မသိတဲ့ အကြောင်းအရာ တစ်ခု ရှိတယ်”
ကျန်းချုံးက ပြောလိုက်သည်။ “ရှမ့်.. ပြောစရာ ရှိတာသာ ပြောပါ”
ရှမ့်လန်က ပြောလိုက်၏။ “တိုက်ပွဲထဲရောက်ရင် စစ်သူကြီးတစ်ယောက်က ဘုရင့်အမိန့် မလိုက်နာတာ သဘာဝပ မဟုတ်လား။ အရှင်မင်းကြီးက ပိုင်ရီစီရင်စုကို စောင့်ကြပ်စေချင်တယ်။ ပြီးတော့ စုနန် ပုန်ကန်လာမယ့် စစ်တပ်ကြီးကို တားဆီးချင်တယ်။ စုကလန် ပုန်ကန်တာကို တားဆီးပေးရမယ့် တာဝန်ပဲ။ ပုန်ကန်တာကို တားဆီးဖို့ဆိုရင် သတ်လိုက်လည်းရတယ်လေ။ ဒီတော့ ဆိုလိုတာ တစ်လ၊ နှစ်လအတွင်း ကျုပ်တို့ စုကလန်ကို သတ်ပစ်ရမှာပေါ့”
“ဟမ်” ကျန်းချုံး။
ရှမ့်လန်က ပြောလိုက်၏။ “ပြောရမယ်ဆိုရင် ကျုပ်က ကျန်းယွမ်မြို့ကို ရောက်တာနဲ့ စုကလန်ကို ပိုးစိုးပက်စက် သတ်တော့မှာ။ ကျုပ်က လူတော်တော်များများကို သတ်မယ်။ အဲအချိန်ကျရင် ခင်ဗျား ကျုပ်ကို ကူညီပေးဖို့ မျှော်လင့်မိတယ်”
ကျန်းချုံးက ပြောလိုက်သည်။ “အင်း... ကျန်းယွမ်မြို့ကို ရောက်ရင် သတ်ချင် သတ်နိုင်ပါတယ်”
ရှမ့်လန်က ဦးညွှတ်လိုက်၏။ “တော်တော်များတယ်နော်”
ကျန်းချုံးသည် ကျောရိုးမကြီးများပင် စိမ့်တက်သွားခဲ့သည်။ “လူဘယ်လောက်များများ သတ်အုံးမှာလဲ။ အနည်းဆုံး အရေအတွက်ကို ခန့်မှန်းပေးအုံး။ ဒါမှ ကျုပ် ဘယ်လောက်ထိ အပြစ်တင်ခံရမလဲ ဆိုတာ သိမှာပေါ့”
ရှမ့်လန်သည် လက်ချောင်းများကို ဆန့်တန်းလိုက်၏။
“တစ်ရာလား”
ရှမ့်လန်က ခေါင်းကို ခါယမ်းလိုက်သည်။
ကျန်းချုံးက မေးလိုက်၏။ “နှစ်ရာလား”
ရှမ့်လန်သည် ခေါင်းကို ထပ်မံကာ ခါယမ်းလိုက်ပြန်သည်။ “အားလုံးကို သတ်မှာ”
ကျန်းချုံးသည် အသာ ရယ်မောလိုက်၏။ သူ၏ မျက်နှာပေါ်တွင် ရှိနေသည့် အရေးအကြောင်းများပင် ထင်ပေါ်လာ၏။
သုံးရက်ကြာမြင့်ပြီးနောက် ကျန်းချုံးနှင့် ရှမ့်လန်တို့သည် စစ်သည်ပေါင်း ၃၀၀၀ ကျော်ကို ဦးစီးကာဖြင့် ကျန်းရှစ်စီရင်စုဆီသို့ ဦးတည်သွားခဲ့ကြသည်။
..........
ကျင်းမိသားစု၏ ခြံဝန်းသည် အကုန်လုံး ပျက်စီးလုမတတ် မီးလောင်ကျွမ်းလျက် ရှိ၏။ ကျင်းမူကုန်းနှင့် ပင်းအာတို့သည် ပဉ္စမမင်းသား၏ အိမ်တော်တွင် သွားရောက်နေထိုင်လျက် ရှိနေ၏။
မထွက်ခွာခင် ရှမ့်လန်သည် ကျင်းမိသားစု ခြံဝန်းထဲ၌ အသုဘ အခမ်းအနားတစ်ခုကို ကျင်းပခဲ့သည်။
ထိုညတုန်းက စုကျန့်ရန်သည် ကျင်းမိသားစု၏ ခြံဝန်းထဲသို့ ဝင်ရောက်ပြီး တိုက်ခိုက်ခဲ့၏။ ပြီးနောက် စစ်သည်တော် တစ်ဒါဇင်ကျော်ကို သတ်ဖြတ်ပစ်ခဲ့၏။ တစ်ဝက်လောက်က ကျင်းမိသားစု၏ စစ်သည်များဖြစ်ပြီး တခြားသောတစ်ဝက်မှာမူ ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ဖြစ်၏။
ရှမ့်လန်သည် ထိုသူတို့အား မီးသင်္ဂြိုဟ်ပြီး ထိုသူတို့၏ ပြာများကို အိုးထဲသို့ ထည့်ကာ သိမ်းဆည်းထားခဲ့၏။ ထို့အပြင် အထိမ်းအမှတ်ကျောက်တိုင်များကိုလည်း ပြုလုပ်ပေးထား၏။ ဤအထိမ်းအမှတ် ကျောက်တိုင်များနှင့် ပြာများကို နန်းမြို့တော်တွင် အရင်ဆုံး ထားရပေလိမ့်မည်။ ရွှမ်ဝူမြို့သို့ ပြန်သည်ဆိုပါက ကျိန်းသေပေါက် ထိုအရာများကို ယူဆောင်သွားခဲ့ပြီး သေသေချာချာ မြေမြှုပ်ပေးရန် စဉ်းစားထားသည်။
“ညီအစ်ကိုတို့... ကျုပ် ခင်ဗျားတို့အတွက် လက်စားချေမယ်” ရှမ့်လန်က သုံးကြိမ်တိုင်တိုင် ဦးညွှတ်ပြီး ကျမ်းသစ္စာကို ကျိန်ဆိုခဲ့၏။
ထိုအချိန်မှာတော့ ရှမ့်လန်နှင့် စုမိသားစုတို့ကြားတွင် ရှိနေသည့် အမုန်းသည် သမုဒ္ဒရာထက်ပင် နက်ရှိုင်းသွားခဲ့သည်။
အစပိုင်းတုန်းက စုမိသားစုသည် အနောက်ပိုင်းဒေသမှ ကျွမ်းကျင်သူများကို ခေါ်ဆောင်ပြီး ကျင်းမိသားစု၏ ပိုင်နက်ထဲ ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ အပြစ်မဲ့လူများကို သတ်ဖြတ်ခဲ့ပြီး မူလန်ကိုပင် ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့၏။ ဓားမြကြီး နာကျည်းမှု၏ ကူညီမှုကြောင့်သာမဟုတ်ပါက မူလန်သည် ပြင်းပြင်းထန်ထန်နှင့် ဆိုးဆိုးရွားရွား ဒဏ်ရာရရှိနေမှာ သေချာ၏။
ပြီးနောက် စုကျန့်ထင်သည် ရွှမ်ဝူအိမ်တော်ဆီသို့ ရောက်ရှိလာခဲ့ပြီး အပြစ်ကင်းစင်သည့် လူတစ်ဒါဇင်ကျော်တို့ကို သတ်ဖြတ်ကာဖြင့် သူ၏ ယောက္ခမကြီး စုဖေ့ဖေ့၏ နောက်ကျောကို ဓားဖြင့် ခုတ်ပိုင်းခဲ့သည်။
ယခု စုကျန့်ရန်၏ လက်ထဲတွင် ညီအစ်ကိုပေါင်းတစ်ဒါဇင်ကျော် သေဆုံးသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် ဤတစ်ကြိမ်တွင် စုမိသားစုကို အလုံးစုံ သုတ်သင် မရှင်းလင်းပစ်နိုင်ပါက ရှမ့်လန်အနေနှင့် အိမ်သို့မပြန်ရန်ပင် စဉ်းစားထား၏။