အပိုင်း (၃၆၀)
Vol. 26 Ch. 360
ရှမ့်လန်သည် ရထားလုံးထဲမှ အပြင်သို့ထွက်ပြီး ကြီးမားဝင့်ထည်လွန်းသည့် မြင်းသည်တော် အမျိုးသမီးများကို လှမ်းကာ ကြည့်ရှု၏။ မင်းသမီးနင်ယန်၏မျက်နှာက သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့၏။ သူမသည် ပါးစပ်ကြမ်းသော်လည်း နှလုံးသားထဲတွင် ခံစားမှုအပြည့်နှင့် ဖြစ်၏။ သူ့အနေနှင့် နင်ယန်၏ ကြင်နာမှုကို မည်ကဲ့သို့ ပြန်လည်ကာ ပေးဆပ်ရမှန်းပင် မသိခဲ့ချေ။
“အစ်မကြီးတို့”
ရှမ့်လန်သည် အမြင့်တစ်နေရာတွင် မတ်မတ်ရပ်ပြီးသည့်နောက် အောက်တွင် ရှိနေသည့် နင်ယန်၏ အမျိုးသမီးစစ်သည်တော် ၂၀၀ ကျော်တို့ကို လှမ်းကာ ကြည့်ရှုလိုက်၏။ “ကျုပ်တို့က စုနန်ရဲ့ အသိုက်ထဲကို သွားကြမှာ။ အဲဒါက တကယ့်ကို အစစ်အမှန် နဂါးတွင်း၊ ကျားတွင်းပဲ။ အရမ်းကြီး အန္တရာယ်များတယ် မဟုတ်ဘူးဆိုပေမဲ့ အန္တရာယ်တွေနဲ့ ပြည့်နှက်နေခဲ့တာ။ ခင်ဗျားတို့က တကယ့်ကို အကျိုးဆောင်ပေးမယ်ဆိုရင် ရာထူးတိုးခံရဖို့ သေချာတယ်။ ကျုပ်နဲ့အတူ သွားချင်တယ် ဆိုတာ သေချာလား”
အမျိုးသမီးခေါင်းဆောင် ဝူလဲ့က ပြောလိုက်သည်။ “အရှင်မင်းသမီးအတွက်ဆိုရင် ကျွန်မတို့က သေရင် သေပလေ့စေ။ တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ပါပဲ”
အမျိုးသမီးစစ်သည်တော် ရှမ့်နုက ပြောလိုက်၏။ “ကျွန်မက အရင်တုန်းက အမျိုးသမီး နပန်းကျေးကျွန် တစ်ယောက် ဖြစ်ခဲ့တာပါ။ အဲအချိန်တုန်းက ကျွန်မက ဘောင်းဘီတိုလေးနဲ့ နပန်းသတ်ခဲ့ရတယ်။ ပြောရမယ်ဆိုရင် ဘောင်းဘီတောင် သေသေချာချာ ဝတ်နိုင်စွမ်း မရှိအောင် ဆင်းရဲခဲ့တယ်။
ပြောစကား နားမထောင်ဘူးဆိုရင် ရေအချုပ်ထောင်ထဲ ခေါ်ဆောင်ပြီး နည်းလမ်းပေါင်းများစွာနဲ့ နှိပ်စက်ခဲ့တယ်။ မျော့တွေလည်း ကျွေးတယ်။ အဆိပ်ပြင်းမြွေတွေနဲ့လည်း ကိုက်ခံခိုင်းတယ်။ လူလိုလို သရဲလိုလို ဘဝမျိုးမှာ ကျွန်မ နေထိုင်ခဲ့ရတာပါ။ အရှင်မင်းသမီးကြောင့်သာ မဟုတ်ဘူးဆိုရင် သေဆုံးခဲ့တာ ကြာပြီ။ ဘာကို ကြောက်ရမှာလဲ။ အရှင်မင်းသမီးအတွက် ကျိန်းသေပေါက် တာဝန်ထမ်းဆောင်ပါ့မယ်”
ပြောပြီးပြီးချင်းမှာပဲ အမျိုးသမီးစစ်သည်တော် ၁၀၀ ကျော်တို့၏ မျက်လုံးများက နီရဲသွားခဲ့၏။ သူတို့၏ အတွေ့အကြုံများက တူညီစွာပင်။ ဤအမျိုးသမီးစစ်သည်တော် ၂၀၀ တို့သည် တစ်ဝက်လောက်မှာ ရာထူးရာခံရှိသည့် အရာရှိများ၏ မျိုးဆက်ဖြစ်ပြီး တခြားသော တစ်ဝက်မှာတော့ တိုက်ခိုက်ရေးသမားများ၊ နပန်းကျေးကျွန်များပင် ဖြစ်သည်။
သူတို့သည် အိမ်မရှိဘဲ နေထိုင်ခဲ့ရသည့် သနားစရာ မိန်းမများဖြစ်ပြီး တစ်ဝက်လောက်က သားရဲတိရစ္ဆာန်များ ကဲ့သို့ပင် နေထိုင်အသက်ရှင်ခဲ့ရ၏။ လွတ်မြောက်မှုကို မပြောနှင့် လူသားတစ်ယောက်၏ ဂုဏ်သိက္ခာမျိုးကိုပင် ရရှိခဲ့သည့်လူမျိုး မဟုတ်ချေ။
ထိုအချိန်တုန်းက နင်ယန်သည် သူတို့အား အပျော်အပျက်အနေနှင့် ပူလောင်လွန်းသည့် မီးတွင်းထဲမှ ကယ်တင်ခဲ့၏။ သူသည် အမျိုးသမီး စစ်တပ်ကြီးတစ်ခုကို တည်ဆောက်ရန်ဟူသည့် အကြောင်းပြချက်နှင့်ပင်။ ပြီးနောက် သူမသည် ထိုသူတို့အား ကောင်းမွန်စွာ ထားရှိခဲ့၏။
ဤအရာက ချောင်ယောင်းအာနှင့် ဆင်တူ၏။ သို့ပေမည့် ချောင်ယောင်းအာ ပိုမိုကာ ကျယ်ပြန့်၏။ သူမက ရှိရှိသမျှ မိန်းမအားလုံး၊ အားနည်းသည့် မိန်းမပေါင်းများစွာတို့ကို ကယ်တင်ခဲ့၏။ မင်းသမီးနင်ယန်မှာတော့ အားကောင်းသည့်မိန်းမ၊ ရဲရင့်သည့် အမျိုးသမီးစစ်သည်များကိုသာ ရွေးချယ်ကာ ကယ်တင်ခဲ့၏။ သူမကို သူမ ပိုမိုအားကောင်းလာစေရန်ပင်။
ချောင်ယောင်းအာသည် သနားစရာ မိန်းမများစွာတို့၏ ကိုးကွယ်ခြင်းကိုခံရသည့် နတ်မိမယ်တစ်ပါးနှင့် ဆင်တူပြီး သူမ၏ အနားသို့ မည်သူမှ ကပ်နိုင်ခြင်း မရှိချေ။ သူမသည် တခြားသောသူများဆီမှ အကူအညီကို မလိုအပ်ချေ။ သူမကသာလျှင် ပြိုင်ဘက်ကင်းဖြစ်၏။
သို့ပေမည့် မင်းသမီးနင်ယန်မှာတော့ အားကောင်းသည့်အမျိုးသမီးတို့ကိုသာ ကယ်တင်ခဲ့ပြီး ထိုသူတို့ အပေါ်တွင်လည်း သစ္စာတရားထားသည်။ သူမသည် ထိုအမျိုးသမီးစစ်သည်တော်အားလုံးကို ညီအစ်ကိုဟုပင် ခေါ်ဆိုသည်။
ဟုတ်ပေ၏။ သူမ၏သူရဲကောင်းစိတ်ဓာတ်က အတုအယောင်ပင် ဖြစ်၏။ ဤသို့ပင်ဆိုစေကာမူ သူမသည် အပြစ်ကင်းစင်သည့် သန့်ရှင်းစင်ကြယ်သော မိန်းကလေးတစ်ယောက်သာ ဖြစ်၏။ မဟုတ်ပါက ရှမ့်လန်ကဲ့သို့ သူ့အား အစ်ကိုကြီး၊ အစ်ကိုကြီး ခေါ်ဆိုသည့်လူနှင့် တစ်အိပ်ရာထဲ အတူအိပ်စက်လိမ့်မည် မဟုတ်ချေ။ ရှမ့်လန်နှင့် အိပ်စက်ပြီးနောက် နင်ယန်၏ စိတ်နှလုံးတစ်ခုလုံးက ပျော့ပြောင်းသွားခဲ့ပုံပင်။
“အင်း... ဓားတောင်ပဲဖြစ်ဖြစ်၊ မီးပင်လယ်ပဲဖြစ်ဖြစ် ဖြတ်သန်းမယ်” အမျိုးသမီးစစ်သည်တော်များက အော်ဟစ် လိုက်၏။
အမျိုးသမီးစစ်သည်တော် ၂၀၀ ကျော်တို့သည် သံပြိုင်ဆိုသလို အော်ဟစ်လိုက်ကြပြီး ထိုအရာသည် အမျိုးသားလက်ရွေးစင် စစ်သည်တော် ၃၀၀၀ ကျော်တို့ကိုပင် ကြက်သီးမွှေးညှင်း ထသွားစေခဲ့သည်။
ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ အစ်မကြီးတို့... ဒါဆိုရင် သေခြင်းရှင်ခြင်းကို ဂရုမစိုက်ဘဲ ကျုပ်နောက်ကို လိုက်ခဲ့ကြတော့။ ကျုပ် ပေးနိုင်တာ ဘာမှမရှိဘူး။ ဒါပေမဲ့ အနွေးထွေးဆုံးနဲ့ တကယ့်ကို ကြီးမားမြင့်မြတ်လွန်းတဲ့ လက်ဆောင်တွေကိုတော့ ပေးနိုင်တယ်။ ဆယ့်သုံး... ထုတ်လိုက်တော့”
ရှမ့်လန်က အမိန့်ပေးလိုက်သည်။
ရှမ့်ဆယ့်သုံးနှင့် စစ်သည်တော် တစ်ဒါဇင်ကျော်တို့သည် လက်ဆောင်သေတ္တာများ တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်၏။
“အစ်မကြီးတို့.. ခင်ဗျားတို့အားလုံးက တကယ့်ကို ရဲရင့်ပြီး ကြမ်းတမ်းတဲ့ လူတွေလေ။ ယောက်ျားတွေနဲ့တောင်မှ နှိုင်းယှဉ်လို့ရတဲ့ လူတွေပဲ။ ဒါပေမဲ့ လစဉ်လတိုင်း ဆိုသလို ခင်ဗျားတို့ စိတ်ပျက်စရာ ကောင်းတဲ့ နာကျင် ခက်ခဲမှုတွေကို ခံစားခဲ့ရတယ်။ ဒီတော့ ကျုပ် ခင်ဗျားတို့ကို လက်ဆောင်ပေးလိုက်မယ်”
“လရဲ့ ရက်အနည်းငယ်အတွင်းမှာ ခင်ဗျားတို့ ဒီကိစ္စကို ဒုက္ခခံစရာ မလိုဘူး။ ကျုပ်ရဲ့ လက်ဆောင်ကို နတ်သမီး အတောင်ပံတွေလို့ ခေါ်တယ်။ တစ်ယောက်ကို သုံးခုစီ ယူကြ”
ရှမ့်ဆယ့်သုံးသည် ရှက်ရွံ့နီမြန်းလျက်ရှိနေသည့် မျက်နှာနှင့် လက်ဆောင်များကို လိုက်လံပေးလျက်ရှိ၏။ ဘာကို နတ်သမီးအတောင်ပံနည်း။ ဤအရာက သွေးခံသည့် ဂွမ်းထုပ်များသာ ဖြစ်၏။ အမျိုးသမီးစစ်သည်တော် များသည် မည်မျှအားကောင်းသည်ဆိုဆို မိန်းမက မိန်းမသာလျှင် ဖြစ်၏။ ထို့ကြောင့် ဤရက်များကို ရှောင်ရှားရန် ဆိုသည်မှာ အလွန်ခက်ခဲ၏။ ထို့ကြောင့် ရှမ့်လန်၏ လက်ဆောင်သည် တကယ့်ကို တွေးတွေးဆဆနှင့် ဖန်တီးထားသည့် လက်ဆောင်ဟု ပြောဆိုရပေမည်။
ထင်မှတ်ထားသည့်အတိုင်းပင် ထိုလက်ဆောင်ကိုရရှိခဲ့သည့် အမျိုးသမီးစစ်သည်တော်များသည် ပထမဦးဆုံး ကြောင်အသွားခဲ့ကြ၏။ ပြီးနောက် သူတို့၏ မျက်နှာသွင်ပြင်များက နီရဲသွားခဲ့၏။ နောက်ဆုံးမှာတော့ အလွန် ပျော်ရွှင်သွားခဲ့၏။
သခင်လေးသည် မင်းသမီးသိမ်းယူထားခဲ့သည့် ယောက်ျားငယ်အဖြစ် ထိုက်တန်သည့် လူတစ်ယောက်ဖြစ်၏။ တကယ့်ကို ဦးနှောက်နှင့် စဉ်းစားတတ်သည့် လူတစ်ယောက်ဖြစ်ပြီး သူတို့အပေါ်တွင် ကောင်းမွန်ခဲ့၏။ အမျိုးသမီးစစ်သည်တော်အားလုံးတို့၏ ရှမ့်လန်အပေါ်ရှိ အထင်အမြင်ကြီးသည့် စိတ်များသည် ပိုမိုကာ တိုးတက်သွားသည်။
“ဒါဆိုရင် ရှေ့ကိုတက်ကြမယ်” အမျိုးသမီးစစ်သည်တော်များသည် စစ်မြင်းများကိုစီးပြီး စစ်တပ်နှင့် ပူးပေါင်းလိုက်ပြီ ဖြစ်၏။ ထို့အပြင် သူတို့သည် လူတစ်ယောက်လျှင် မြင်းနှစ်ကောင်စီ ယူဆောင်လာခဲ့၏။ ထိုအရာသည် ခြေလျင် လမ်းလျှောက်နေသည့် စစ်သည်များကိုပင် မနာလိုဖြစ်စေခဲ့၏။
..........
နှစ်ရက်ကြာပြီးနောက်မှာတော့ ကျန်းချုံးနှင့် ရှမ့်လန်တို့သည် လျန်စီရင်စုဆီမှ အပြင်ဘက်သို့ ထွက်လာခဲ့ပြီ ဖြစ်၏။ သူတို့၏ ရှေ့တွင် တရားဝင်လမ်းမကြီးရှိပြီး ထိုလမ်းမပေါ်တွင် ရထားလုံးတစ်စင်း ပေါ်ပေါက်လာခဲ့၏။ ခါးကုန်းကုန်းနှင့် လယ်သမားတစ်ယောက်ကဲ့သို့ အဘိုးအိုတစ်ယောက်က ရထားလုံးပေါ်တွင် ရှိနေ၏။ ရှမ့်လန်သည် ထိုသူ့ကို မြင်တော့ ပျော်ရွှင်သွားမိ၏။ ယခုအချိန်ကစပြီး သူ လုံခြုံစိတ်ချစွာ နေထိုင်ရတော့မည်။
သူသည် သေခြင်းတရားကို အလွန်ကြောက်လန့်တတ်သည့် လူတစ်ယောက်ဖြစ်၏။ စုကလန်၏ တည်နေရာထဲသို့ ရောက်ရှိပြီး စုကလန်တစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်ရန် ကြံစည်နေသည်ဆိုလျှင်တောင်မှ သူ၏ လုံခြုံရေးကိုတော့ အထူးဂရုစိုက်၏။ ထို့ကြောင့် အရူးကြီးကဲ့သို့သော သက်တော်စောင့် တစ်ယောက်သည် သူ့အတွက် မလုံလောက်ချေ။ ထို့ကြောင့် ပိုမိုကာ အံ့အားသင့်စရာကောင်းသည့် လူများကို လိုအပ်၏။ ထိုသူကတော့ ဓားဘုရင် လီချင်းချိုးပင် ဖြစ်၏။
“လူကြီးမင်းကျန်း... ခင်ဗျားရဲ့ အမြန်နှုန်းက နှေးတယ်။ ဒီတော့ ဒီနေရာမှာပဲ လမ်းခွဲရအောင်” ရှမ့်လန်က ပြောလိုက်သည်။
ကျန်းချုံးက ပြောလိုက်၏။ “ရှမ့်.... နှုတ်ဆက်ပါတယ်”
ရှမ့်လန်က ရုတ်တရက် မတ်တပ်ထရပ်ပြီး ကျန်းချုံးကို လေးလေးစားစားဖြင့် ဦးညွှတ်လိုက်၏။ သူနှင့် ကျန်းချုံးတို့ လမ်းခွဲပြီးနောက် သူတို့သည် မကြာခင်တွင် ပြန်လည်ကာ ဆုံရမှာ ဖြစ်၏။ သူတို့သည် ကြမ်းတမ်းလွန်းသည့် တိုက်ပွဲတစ်ခုကို အတူတူ ရင်ဆိုင်ရပေမည်။
ရှမ့်လန်က ပြောလိုက်သည်။ “လူကြီးမင်းကျန်း... ဒီပိုင်ရီခရိုင်ကို ခင်ဗျားကာကွယ်ဖို့ ကျုပ်ထားခဲ့လိုက်မယ်။ ကျုပ်ကတော့ စုနန်ရဲ့ စစ်တပ်ကြီးကို တားဆီးဖို့ ခင်ဗျားအတွက် လူသွားရှာလိုက်မယ်”
ဤတာဝန်သည် ကောင်းကင်ကို တက်လှမ်းသည်ထက်ပင် ပိုမိုကာ ခက်ခဲလှ၏။
ကျန်းချုံးက ပြောလိုက်သည်။ “ကျုပ် အကောင်းဆုံး လုပ်ပါ့မယ်။ ဒါပေမဲ့ မင်းရဲ့ဘက်မှာ ကျုပ်ထက် ပိုပြီး အန္တရာယ် များတယ်။ ကျုပ်ဆီမှာ လူ ၃၀၀၀ လောက် ရှိသေးတယ်။ မင်းဆီမှာတော့ လူ ၂၀၀ ပဲ ရှိတာ။ စစ်သည်ပေါင်း ၁၀၀၀၀ ကျော်တို့ကို ဘယ်လို ရင်ဆိုင်မှာလဲ”
ရှမ့်လန်က ပြုံးပြီး ပြောလိုက်၏။ “မဟုတ်ဘူး။ အရာအားလုံးက အဆင်ပြေသွားလိမ့်မယ်။ ကျုပ်ဘက်မှာ အန္တရာယ်များတယ်ဆိုပေမဲ့ ပိုပြီးတော့ လွယ်ကူတဲ့ကိစ္စမျိုးတွေ ရှိတယ်။ ကြည့်လိုက်ရင် အန္တရာယ်ကြီးတဲ့ အရာတစ်ခုဆိုပေမဲ့ လွယ်ကူပါတယ်ဆိုတဲ့အရာထက်တောင် ပိုပြီးလွယ်ကူသေးတယ်။ ခင်ဗျားရဲ့ဘက်ကမှ တကယ့်ကို အန္တရာယ်များတာ။ စုနန်က သူ့ရဲ့အင်အားအကုန်ကို အသုံးပြုပြီး ခင်ဗျားကို ရူးရူးမူးမူး တိုက်ခိုက်လိမ့်မယ်။ ဒါပေမဲ့ ဒါကလည်း သတင်းကောင်းတစ်ခုရှိတယ်။ သူ ဒဏ်ရာ ရထားတယ်”
ကျန်းချုံးက ပြောလိုက်သည်။ “ဒါက သတင်းကောင်းတစ်ခုလား။ ကျုပ် သူ့ကို နည်းနည်း စိုးရွံ့မိတယ်”
ရှမ့်လန်က မေးမြန်းလိုက်၏။ “သူ့ရဲ့ သိုင်းပညာက ဘယ်အဆင့်လောက်ရှိလဲ အဘိုးကျန်း”
ကျန်းချုံးက ပြောလိုက်သည်။ “မဆိုးပါဘူး”
“အဘိုးကျန်းရဲ့ သိုင်းပညာရော ဘယ်လိုအခြေအနေရှိလဲ”
ကျန်းချုံးက ပြောလိုက်၏။ “မဆိုးပါဘူး”
မဆိုးဘူးဟု ပြောခြင်းမှာ အတော်အတန် ကောင်းမွန်သည်ဟု ပြောဆိုရပေလိမ့်မည်။ ဤအရာကို သူက သတိအပြည့်ရှိ၏။ ရှမ့်လန်သည် ကျန်းချုံး တိုက်ခိုက်သည်ကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။
ရှမ့်လန်က ပြောလိုက်သည်။ “တောင်တွေက တစ်တောင်ထက်တစ်တောင် ပိုပြီးမြင့်ကြတယ်။ ကျုပ်တို့ တစ်လလောက်ကြာရင် ပြန်တွေ့ကြရမယ်။ ပြီးတော့ တိုက်ခိုက်ရေး တည်နေရာမှာ ဖြစ်လိမ့်မယ်”
“အင်း.. တိုက်ခိုက်ရေး တည်နေရာမှာပေါ့”
ကျန်းချုံးက ပြောလိုက်၏။ “ရှမ့်.. အရာအားလုံး အဆင်ပြေသွားပြီ ဆိုရင် စုနန် ပုန်ကန်မဲ့ စစ်တပ်ကြီးကို ကျုပ်တို့အတူတူ သုတ်သင်ရှင်းလင်းပစ်နိုင်ဖို့ မျှော်လင့်မိတယ်”
ရှမ့်လန်က ပြောလိုက်သည်။ “တကယ့်ကို ကြီးမားတဲ့တိုက်ပွဲကြီးတစ်ခု တိုက်ခိုက်မဲ့နေ့မှာ ကျုပ် ကျိန်းသေပေါက် လာခဲ့မယ်။ လူကြီးမင်းကျန်းကို တစ်ယောက်တည်း တိုက်ခိုက်စေမှာ မဟုတ်ပါဘူး”
ဤလူနှစ်ယောက် နန်းမြို့တော်မှ မထွက်ခွာခင်ကပင် ကျိန်းသေပေါက် မိမိနှင့် သက်ဆိုင်သည့် မဟာဗျူဟာ များကို ဖန်တီးတည်ဆောက်ထားပြီးသား ဖြစ်၏။ မိမိ၏ မဟာဗျူဟာကို သေချာဆောင်ရွက်ရန်သာ လိုတော့၏။
.......
ရှမ့်လန်သည် ရှေ့ရှိ လယ်သမားအိုကြီး၏ ရထားလုံးပေါ်သို့ တက်ကာ ထိုင်လိုက်၏။ ဤလူသည် ဓားဘုရင် လီချင်းချိုးပင် ဖြစ်သည်။
“ရှမ့်... ငါ မအောင်မြင်ခဲ့ဘူး” လီချင်းချိုးက သက်ပြင်းချလိုက်၏။ သူ၏မျက်မှောင်က ကုတ်လျက် ရှိနေပြီး သူ၏အသံသည် ခြင်တစ်ကောင်၏ အသံကဲ့သို့ပင် တိုးညှင်း၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်သိပါတယ်”
ဓားဘုရင်၏ သိုင်းပညာက အလွန်မြင့်မား၏။ ကျုံးချူးကဲ့ထက်ပင် သာလွန်သလို နတ်မိမယ် ရွှယ်ရင်ထက်လည်း သာလွန်၏။ သို့ပေမည့် သူ့၌ အတွင်းစိတ်မိစ္ဆာဆိုး ရှိ၏။ ငယ်ရွယ်စဉ်က အလွန်ဆင်းရဲနွမ်းပါးသည့် လယ်သမားမိသားစု၏ သားတစ်ယောက် ဖြစ်၏။ အရွယ်ရောက်ရှိလာခဲ့ပြီးနောက် နေ့စဉ်နေ့တိုင်း သိုင်းပညာကို ကျင့်ကြံခဲ့သည်ဆိုလျှင်တောင်မှ ဤဓားဘုရင်သည် ဓားကျွန်းမှာသာ နေထိုင်ပြီး လူ့အသိုင်းအဝိုင်းဆီသို့ ဆင်းသက်လာသည့် လူမျိုးမဟုတ်ပေ။
တောင်ပင်လယ် ဓားဘုရင်၊ ဓားကျွန်း၏ ပိုင်ရှင်ဆိုသည်မှာ တကယ့်ကို အထင်ကြီးလောက်စရာ ဘွဲ့ထူးပင် ဖြစ်၏။ သို့ပေမည့် ဓားကျွန်းတစ်ခုလုံးတွင် လူ ၄ ယောက်ထက်မပိုချေ။ ထို့ကြောင့် သူ့၌ ဩဇာအာဏာဟူ၍ မရှိချေ။ အဆင့်မြင့်ရာထူးရာခံနှင့် အရာရှိများ၊ တော်ဝင်မျိုးနွယ်များကို မြင်လျှင် သူ ကြောက်လန့်တုန်လှုပ်၏။
ယခင်တုန်းက ရွှမ်ဝူမြို့ဆီသို့ သွားသည့်အချိန်တွင် သူသည် မြို့စားအိမ်တော်ထဲသို့ပင် တစ်ခါမှ မဝင်ခဲ့ချေ။ နောက်ပိုင်း မြို့စားလေး ကျူးလန်ထင်နှင့် ရင်ဆိုင်ရသည့်အချိန်တွင်လည်း သူကိုယ်တိုင် သတ်ဖြတ်ခြင်းကို မပြုလုပ်ခဲ့ချေ။ ရှမ့်လန်ကိုသာ သတ်ဖြတ်စေခဲ့သည်။
စုနန်ဆိုသည်မှာ မည်ကဲ့သို့သော လူမျိုးဖြစ်သနည်း။ နှစ်ပေါင်းရာချီ သက်တမ်းရှိ တော်ဝင်မျိုးနွယ်မှ ဆင်းသက်လာခဲ့သည့် ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ရွဲ့ပြည်နယ်၏ ထိပ်တန်းဆရာကြီးတစ်ယောက်ဖြစ်ကာ ရည်မှန်းချက် ကြီးမားသည့် လူတစ်ယောက်လည်း ဖြစ်၏။ မည်ကဲ့သို့သော စိတ်ဆန္ဒကို ပိုင်ဆိုင်သည့် လူတစ်ယောက် ဖြစ်မည်နည်း။ ထို့အပြင် မည်မျှကြီးမားသည့် အရှိန်အဝါကို ပိုင်ဆိုင်မည်နည်း။
ကျိန်းသေပေါက် ဓားဘုရင်လီချင်းချိုးသည် ထိုသူ့ကို မြင်သည်နှင့် ကြောက်လန့်တကြား တုန်ယင်နေမှာ သေချာ၏။ သိုင်းပညာ မည်မျှမြင့်မြင့် စိတ်ပိုင်းဆိုင်ရာ အရှိန်အဝါအရ ဖိနှိပ်ခြင်းကို ခံထားရမှာ သေချာ၏။
ရှမ့်လန်က မေးမြန်းလိုက်သည်။ “စီနီယာဓားဘုရင်... စုနန်ရဲ့ သိုင်းပညာက တကယ့်ကို မြင့်မားတာလား”
လီချင်းချိုးက ပြန်ဖြေလိုက်၏။ “အရမ်း အရမ်းမြင့်တယ်။ ပိုပြီးအရေးကြီးတာက သူ့ရဲ့ အရှိန်အဝါက ကြောက်ဖို့ ကောင်းတယ်”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ခင်ဗျားမိန်းမရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့အဆိပ်ကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကျုပ် အကြမ်းထည် အကြံအစည်တော့ ရနေပြီ။ ဒါပေမဲ့ ဒါက နည်းနည်းတော့ စွန့်စားရမယ်လေ။ ကျုပ်အနေနဲ့ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အဆိပ်ကို စုပ်ထုတ်ဖို့လိုအပ်လိမ့်မယ်။ ပြီးတော့ စမ်းသပ်မှုတွေ အများကြီး လုပ်ပြီး အသားကျအောင် ဖန်တီးဖို့ စဉ်းစားရမယ်”
လီချင်းချိုးက ပြောလိုက်၏။ “ကျုပ်အရင်ထဲက ပြောခဲ့ပြီးသားပဲ။ ကျုပ်ရဲ့မိန်းမကိုသာ မင်းကယ်နိုင်မယ် ဆိုရင် ကျုပ် ဘာမဆိုလုပ်ပေးမယ်”
ပြီးနောက် သူက သက်ပြင်းချကာ ပြောလိုက်သည်။ “ကျုပ်က အသုံးမဝင်တဲ့ လူတစ်ယောက်ပဲ။ လုပ်နိုင်တဲ့အရာတစ်ခုကိုတောင် သေချာမလုပ်နိုင်ဘူး။ ဒီတစ်ကြိမ်မှာလည်း ကျရှုံးခဲ့တယ်”
ရှမ့်လန်က ပြောလိုက်၏။ “အင်း အတွင်းစိတ်မိစ္ဆာဆိုးကို ဖြေရှင်းဖို့ဆိုတာ ခက်ခဲတဲ့အရာတစ်ခုပဲ။ စွန်းရူဟန် ရှိရင်တော့ မဆိုးဘူး။ သူက အတွင်းစိတ်မိစ္ဆာဆိုးကို ကြော်စားတတ်တယ်”
လီချင်းချိုးက မေးမြန်းလိုက်သည်။ “စွန်းရူဟန် ဆိုတာ ဘယ်သူလဲ။”
“အင်း ... ထားလိုက်ပါတော့”
ပြီးနောက် ရှမ့်လန်က ဆက်လက်ကာ ပြောဆိုလိုက်၏။ “ခင်ဗျားမိန်းမရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်က စေတီတောင်အဆိပ် မဟုတ်လား”
လီချင်းချိုးက ပြန်ဖြေလိုက်သည်။ “ကျုပ် မသိဘူး။ ဒါပေမဲ့ ဒီလို ကြောက်မက်ဖွယ်ရာကောင်းတဲ့အဆိပ်မျိုးကို စေတီတောင်ကပဲ ဖန်တီးနိုင်တာ”
ရှမ့်လန်က ပြောလိုက်၏။ “နတ်မိမယ်ရွှယ်ရင်က စေတီတောင်အဆိပ် မိခဲ့တယ်။ ဆရာကြီး ကျုံးချူးကဲ့က စေတီတောင်ကို သွားပြီး အဆိပ်ဖြေဆေး သွားတောင်းတယ်။ ဒါပေမဲ့ သူပြန်မလာခဲ့ဘူး။ ရွှယ်ရင်ကိုတော့ ကယ်တင်ဖို့ဆိုပြီးတော့ ကျုပ်ဆီ ထားခဲ့တယ်။ ဆရာကြီးကျုံးချူးကဲ့ ပြန်မလာခင်မှာ အရူးကြီးရဲ့ သိုင်းပညာကို လမ်းညွှန်ပြသပေးဖို့ ခင်ဗျားကို လိုလိမ့်မယ် ထင်တယ်”
လီချင်းချိုးက ပြန်ပြောလိုက်သည်။ “ကိစ္စမရှိဘူး။ ကျုပ် အစောကြီးတည်းက စာနှစ်စောင်ကို လက်ခံရရှိပြီးပြီ”
တစ်ခုသည် ရှမ့်လန်ဆီမှ ဖြစ်ပြီး တခြားသော တစ်ခုမှာတော့ ကျုံးချူးကဲ့ဆီမှ ဖြစ်၏။ “ကျုံးချူးကဲ့က တကယ့်ကို အထင်ကြီးစရာ ကောင်းနေတယ်။ ငါ သူ့ရဲ့ နည်းလမ်းအတိုင်း အရူးကြီးကို သိုင်းပညာ သင်ကြား ပေးနိုင်တယ်”
ပြီးနောက် ရှမ့်ဆယ့်သုံးသည် ရှမ့်လန်၏ မြင်းလှည်းသမား ဖြစ်လာခဲ့၏။ အရူးကြီး၏ ဆိုးရွားသည့် နေ့ရက်များက စတင်လာခဲ့ပြီဖြစ်၏။ တကယ့်ကို ဆိုးရွားလွန်းလှ၏။ နင်ယန်၏ အစောင့်အရှောက် အမျိုးသမီးများပင်လျှင် ဆက်ကာ မကြည့်ရဲချေ။ တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းသည်။
အရူးကြီးသည် နေ့စဉ်နေ့တိုင်းဆိုသလို ရိုက်နှက်ခြင်းကို ခံနေရ၏။
ဓားဘုရင်လီချင်းချိုးသည် အရူးကြီးကို လစ်ရင်လစ်သလို တိုက်ခိုက်၏။ တစ်ခါတလေ ပိတ်ကန်၏။ တစ်ခါတလေ ထိုးနှက်၏။ တစ်ခါတလေ ဓားဖြင့် ခုတ်၏။ အရူးကြီးသည် ဆက်တိုက်ဆိုသလိုပင် ဓားများ၊ တုတ်များ၊ လက်သီးများ၊ ခြေထောက်များကို တားဆီး ကာကွယ်ရ၏။ သူ့ကို ကြည့်ရှုရသည်မှာ လေ့ကျင့်ရုံထဲမှ လက်ဝှေ့အိတ်ကဲ့သို့ပင် ဖြစ်သည်။
ယခင်တုန်းက ကျုံးချူးကဲ့သည် အရူးကြီးကို တစ်နေ့လျှင် အကြိမ်အရေအတွက် ၃၀၀၀၀ နီးပါးလောက် တိုက်ခိုက်ခဲ့၏။ သို့ပေမည့် ဓားဘုရင်လီချင်းချိုးမှာတော့ တစ်နေ့လျှင် ၅၀၀၀၀ နီးပါးခန့်ပင် တိုက်ခိုက်တတ်၏။
မမှားပေ။ ကျိန်းသေပေါက် ၅၀၀၀၀ ပင် ဖြစ်၏။ တစ်စက္ကန့်လျှင် နှစ်ချက်လောက် တိုက်ခိုက်လျက် ရှိနေခြင်းပင်။ တစ်ရက်ကို ၇ နာရီ၊ ၈ နာရီခန့် တိုက်ခိုက်၏။ နေရာအနှံ့ဆီမှ တိုက်ခိုက်ခြင်းဖြစ်ပြီး ကြောက်မက်ဖွယ်ရာလည်း ကောင်းသည်။
ကျုံးချူးကဲ့၏ ဓားပညာသည် တကယ့်ကို မြင့်မားလွန်း၏။ အရူးကြီးသည် တစ်ချက်တလေကိုမှ ကာကွယ်နိုင်ခြင်း မရှိချေ။ လီချင်းချိုး၏ဓားပညာက ပိုမိုကာ မြင့်မား၏။ ထို့ကြောင့် အရူးကြီးသည် တစ်ချက်တလေကိုမှ မကာကွယ်နိုင်ခဲ့ချေ။
ထို့အပြင် သူတို့နှစ်ယောက်သည် ခရီးသွားလာနေရင်း သိုင်းပညာကို သင်ယူလျက် ရှိနေ၏။ တစ်ခါတရံ ဆိုသလို လေ့ကျင့်နေရင်းနှင့်လည်း ပျောက်ကွယ်သွားခဲ့၏။