အပိုင်း (၃၆၂)
Vol. 26 Ch. 362
ပြီးနောက် ထိပ်တန်းဘုန်းကြီးထုဟိုင်၏ ကာကွယ်ပေးမှုအောက်မှာပဲ စုလင်းသည် နောက်လိုက် တစ်ဒါဇင်ကျော်၊ စစ်သည်ပေါင်း ၁၀၀ ကျော်တို့နှင့်အတူ သုံးမိုင်အကွာအဝေးတွင်ရှိနေသည့် အမှုထမ်း အိမ်တော်ဆီသို့ ပြောင်းရွေ့သွား၏။ ကျန်းယွမ်မြို့တော်ဝန်အိမ်တော်သည် အိမ်ရာတစ်ခုလုံး ရုတ်တရက် လွတ်လပ်သွားခဲ့သည်။
“အိမ်တော်ထဲဝင်မယ်” ရှမ့်လန်က အမိန့်ပေးလိုက်၏။
အမျိုးသမီးစစ်သည်တော် ၂၀၀ ကျော်နှင့် စစ်သည်တော် တစ်ဒါဇင်ကျော်တို့သည် ကျန်းယွမ်မြို့တော်ဝန် အိမ်တော်ဆီသို့ ဝင်လိုက်ကြ၏။ ရှမ့်လန်၏လူများသည် ကျန်းယွမ်မြို့တော်ဝန်အိမ်တော်ထဲသို့ ဝင်ချိန်မှာတော့ သန်မာအားကောင်းသူများ ဖြစ်ကြောင်း ထုတ်ဖော်ကာ ပြသ ဝင်ရောက်ခဲ့ကြသည်။
“ဆရာ... ကျန်းယွမ်မြို့ရဲ့ အိမ်တော်ထဲမှာ အစားအစာတွေရှိတယ်။ ဒါပေမဲ့ အားလုံးက ပုပ်သိုးနေကြတယ်။ ပြီးတော့ တည်နေရာအနှံ့မှာ ချီးတွေ၊ သေးတွေကြီးပဲ။ ညစ်ပတ်နေတာပဲ။ ပြီးတော့ ကျန်းယွမ်မြို့တော်ဝန် အိမ်တော်ထဲမှာ ရေကန်သုံးကန်ရှိတယ်။ နှစ်ကန်မှာ ချီးတွေ၊ သေးတွေကြီးပဲ။ ပြီးတော့ ပုပ်သိုးနေတဲ့ အလောင်းတွေလည်းရှိတယ်။ အနံ့တွေက ထောင်းထောင်းထပြီး ရေတွေက သောက်လို့မရဘူး။ ရေတွင်း တစ်တွင်းကပဲ သန့်ရှင်းတယ်”
ရှမ့်လန်က ပြောလိုက်၏။ “အင်း... ဒီသန့်ရှင်းနေတဲ့ ရေတွင်းကိုလည်း မြေကြီးတွေထည့်ပြီး ပိတ်ပစ် လိုက်တော့။ ပြီးတော့ ရေတွင်းတစ်ခု ထပ်တူး”
ရှမ့်ဆယ့်သုံးက ပြောလိုက်သည်။ “ရေတွင်းတစ်ခု တူးရမယ် ဟုတ်လား။ ဒီနေရာက ရေကြောနဲ့ အရမ်း ဝေးတယ်။ ပြီးတော့ တော်တော်ကြီးကို အေးတဲ့တည်နေရာပဲ။ နှင်းတောင်ကြီးကလည်း မနီးမဝေးမှာ ရှိနေတယ်ဆိုတော့ ရေကြောရှိရင်တောင် မြေအောက်ရေက နည်းပါးမှာပဲ။ ရှာဖွေပြီး ရေတွင်းတူးမယ်ဆိုရင်တောင် ရက်အနည်းငယ်ကြာလိမ့်မယ်နဲ့ တူတယ်။ ဒီရက်ပိုင်းအတွင်း သောက်ရေအတွက် ဘယ်လိုလုပ်ကြမလဲ”
ရှမ့်လန်က မေးမြန်းလိုက်၏။ “ဝူလဲ့ ဘယ်လိုလဲ”
ခဏလောက်ကြာပြီးနောက် ဝူလဲ့ ဝင်လာသည်။ “သခင်လေးရှမ့်... မြို့တော်ထဲက လူတွေက ကျွန်မတို့ အပေါ် ဖော်ရွှေမှုမရှိကြဘူး။”
ဝူလဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုခြင်းဆန္ဒများ ပြည့်နှက်လျက်ရှိနေသည်ကို ရှမ့်လန်က ခံစားမိ၏။ တိုက်ခိုက်ရေးကျေးကျွန် တစ်ယောက်အဖြစ်နှင့် ၁၀ နှစ်နီးပါး နေထိုင်ခဲ့သောကြောင့် သူမ၏ ခန္ဓာကိုယ်ဆီမှ တိရိစ္ဆာန်သားရိုင်းကဲ့သို့ ကြမ်းတမ်းရက်စက်လွန်းသည့် အရှိန်အဝါမျိုး ထွက်ပေါ်နေ၏။ ဤအချိန်မှာတော့ သူမသည် အန္တရာယ်များသည့် တောတွင်းသို့ ဝင်ရောက်လှမ်းလျှောက်သွားသည့် ဝံပုလွေတစ်ကောင်နှင့် ဆင်တူနေ၏။ သူမသည် ပတ်ဝန်းကျင်တွင်ရှိနေသည့် လူပေါင်းများစွာတို့ကို သတ်ဖြတ်ပစ်မည်ဟူသော အရှိန်အဝါများကို အစဉ်အမြဲ ထုတ်ဖော်ထားသူ ဖြစ်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ညီအစ်မ အနည်းငယ်ကို ခေါ်သွား။ အနီးအနားမှာရှိတဲ့ ဆိုင်တွေဆီ သွားပြီး ရေ၊ အစာအစာ၊ ဟင်းသီးဟင်းရွက်နဲ့ အသားတွေ လိုက်ဝယ်တော့”
ဝူလဲ့က ပြောလိုက်၏။ “ဒီဆိုင်တွေအကုန်လုံးက စုကလန် ပိုင်ဆိုင်တဲ့အရာတွေ။ သူတို့က ကျွန်မတို့ကို ဘာမှ မရောင်းချင်ဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမဲ့ ကြိုးစားရမှာပေါ့”
ဝူလဲ့က ပြောလိုက်၏။ “တကယ်လို့ ကြိုးစားလို့ မရဘူးဆိုရင်ရော”
ရှမ့်လန်က ပြောလိုက်သည်။ “ဒီက တာဝန်ရှိသူတွေက လိုအပ်တာကို ပိုက်ဆံပေးဝယ်တယ်။ တကယ်လို့ သူတို့သာ မရောင်းဘူးဆိုရင် သူတို့ရဲ့ အပြစ် ဖြစ်သွားမှာပေါ့”
ဝူလဲ့က ပြောလိုက်၏။ “ဒါဆိုရင်”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ဟုတ်လား။ ဒါဆိုရင်ဆိုတာ မရှိဘူးလေ”
“ကျွန်မ နားလည်ပါပြီ” ဝူလဲ့သည် အမျိုးသမီးစစ်သည် တစ်ဒါဇင်ကျော်တို့ကို ခေါ်ဆောင်ကာဖြင့် လိုအပ်သည်များ ဝယ်ယူရန် ဆိုင်များဆီသို့ ထွက်ခွာသွား၏။
မြို့တော်ဝန်၏ အိမ်တော်အတွင်းမှာတော့ ဓားဘုရင်လီချင်းချိုးသည် အရူးကြီးအား သိုင်းပညာများကို လေ့ကျင့်ပေးလျက် ရှိနေတုန်းပင်။ အရူးကြီး၏ ဆိုးဝါးသည့် ဘဝက အခုမှ ရောက်ရှိလာစသာ ရှိသေး၏။ လမ်းတစ်လျှောက်တွင် တစ်နေ့လျှင် ၈ နာရီ၊ ၇ နာရီလောက်လေ့ကျင့်ခဲ့ရ၏။
လက်ရှိအချိန်တွင် ကျန်းယွမ်မြို့သို့ ရောက်ရှိလာခဲ့သော်လည်း သူ၏အဖြစ်က ပိုမိုကာ ဆိုးဝါးလာခဲ့၏။ တစ်ရက်လျှင် ၁၄ နာရီနီးပါးခန့် လေ့ကျင့်ပေးခြင်း ခံရ၏။ ဓားဘုရင် စီနီယာလီချင်းချိုးသည် အရူးကြီးကို တစ်နေ့လျှင် အကြိမ်ပေါင်း တစ်သိန်းခန့် အနောက်မှထိုးလိုက်၊ ဘေးကထိုးလိုက် နေရာအနှံ့မှ လိုက်လံကာ ထိုးနှက်လိက် လုပ်နေသည်။
ရှမ့်လန်သည် ဤအရေအတွက်ကို ကြားရသည့်အချိန်မှာတော့ ကျောရိုးမကြီးများပင် စိမ့်တက်သွား၏။ ကံကောင်း၍ သူ သိုင်းပညာကို မလေ့ကျင့်ခဲ့ရချေ။ မိန်းမတစ်ယောက်၏အနားတွင် သက်တောင့် သက်သာနှင့် နေထိုင်ရသည်က ပို၍ကောင်း၏။ ယခုဆိုလျှင် သူ့တွင် မိန်းမပင် တော်တော်များလာပြီ ဖြစ်၏။
ရှမ့်လန်သည် မြို့တော်ဝန်အိမ်ရာ၏ အမြင့်ဆုံး တည်နေရာဆီသို့ တက်သွားပြီး အဝေးတစ်နေရာကို လှမ်းကာ ကြည့်ရှု၏။ ကျန်းယွမ်နယ်စားအိမ်တော်သည် ဤနေရာနှင့် ၃၅ မိုင် အကွာအဝေးတွင်ရှိ၏။ ထို့ကြောင့် ဤနေရာဆီမှ လှမ်းကာ မြင်နေရ၏။ တကယ့်ကို အန္တရာယ်များသည့် နေရာဖြစ်သလို ခမ်းနားထည်ဝါလွန်းသည့် နေရာလည်းဖြစ်သည်။
ကျင်းမိသားစုသည် နှစ် ၁၀၀ ကျော်ခန့် တည်ရှိခဲ့သည့် ချမ်းသာသော မိသားစုတစ်ခုဖြစ်၏။ ထို့အတူ စုမိသားစုကလည်း ဤကဲ့သို့ပင် ဖြစ်၏။
ကျင်းမိသားစု၏ အိမ်တော်ကြီးသည် တောင်ပေါ်တွင် တည်ဆောက် ထား၏။ စုမိသားစုကလည်း ထိုကဲ့သို့ပင် ဖြစ်သည်။
သို့ပေမည့် စုနန် ကွန်းခိုရာတောင်၏ အမြင့်က ပိုမို၍ပင် မြင့်မား၏။ ထို့အပြင် ကျန်းယွမ်နယ်စားအိမ်တော်သည် ကျင်းမိသားစု၏ အိမ်တော်ထက်ပင် ပိုမိုကာ ခုခံကာကွယ်ရန် လွယ်ကူသည့် အရာမျိုးဖြစ်၏။
ရှမ့်လန်က စုမိသားစု၏ ရဲတိုက်ကြီးကို လှမ်းကာ ကြည့်ရှုနေရင်းမှာပဲ အံ့အားသင့်မိသွား၏။ ဤအရာကို မည်ကဲ့သို့ တည်ဆောက်ထားသနည်း။ တောင်၏ထိပ် တည်နေရာ၌ ကျန်းယွမ်နယ်စားအိမ်တော်၏ အိမ်ကြီးက တည်ရှိနေပြီး ထိုအရာက ပင်လယ်ရေမျက်နှာပြင်၏ မီတာ ၃၀၀၀ အမြင့်လောက်၌ ရှိသည်။ ထို့အပြင် တောင်ကြီးကလည်း မတ်စောက်လွန်းလှသည်။
စုကလန်၏ ရဲတိုက်ကြီးသည် ကျင်းမိသားစု၏ ရဲတိုက်ကြီးထက် နှစ်ဆပိုမိုကာ ကြီးမားပြီး မြေတည်နေရာ ပိုင်ဆိုင်မှုကလည်း နှစ်ဆနီးပါးခန့်ရှိ၏။ မြို့ရိုးနံရံများ၏ ထူထဲမှုနှင့် မြို့ရိုး၏ အမြင့်သည် နုရှောင့်မြို့ ရဲတိုက်ကြီးထက်ပင် ပိုမိုကာ သာလွန်လျက် ရှိနေ၏။ တကယ့်ကို မထင်မှတ်ထားလောက်သည့် အနုပညာ လက်ရာမျိုးနှင့် တည်ဆောက်ထားခဲ့ခြင်းပင်။
ကျန်းယွမ်နယ်စားအိမ်တော်၏ အဆက်ဆက်သော မျိုးဆက်သစ်အားလုံးသည် ထိုအရာကို ဆက်တိုက် ဆိုသလို အားစိုက်ကြီး တည်ဆောက်ခဲ့ကြ၏။ နှစ်ပေါင်းရာချီကုန်လွန်ပြီးနောက် ကျန်းယွမ် နယ်စားအိမ်တော်သည် ဤကဲ့သို့အခြေအနေမျိုးသို့ ရောက်ရှိလာခဲ့၏။ ဤအရာက လူတစ်ယောက်တည်း နှင့် ရန်သူပေါင်း တစ်သောင်းကျော်တို့ကို ရင်ဆိုင်ခုခံနိုင်သည့် အရာဖြစ်၏။
ထို့အပြင် ဤရဲတိုက်ကြီးသည် အနောက်တိုင်းယဉ်ကျေးမှုလက်ရာအတိုင်း တည်ဆောက်ထားသည့် ပုံစံမျိုး ပေါ်၏။ သစ်သားအနည်းငယ်ကိုသာ အသုံးပြုထား၏။ အသုံးပြုထားသည့် ပစ္စည်းတော်တော်များများသည် ကျောက်တုံး၊ ကျောက်သားများပင် ဖြစ်သည်။
ရဲတိုက်ဆီသို့ လှမ်းကာ ကြည့်ရှုပြီးနောက် ရှမ့်လန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ယနေ့ ကုန်သည်များကို သတ်ဖြတ်ပစ်ရပေမည်။ အရာရှိများကို သတ်ဖြတ်ပစ်ရပေမည်။ ကျန်းယွမ်မြို့၏ အစောင့် အကြပ်အားလုံးကိုလည်း သတ်ဖြတ်ပစ်ရပေလိမ့်မည်။
ယနေ့ လူ ၁၀၀ ကျော်ကို သတ်ဖြတ်ပစ်ပြီး မနက်ဖြန် လူ ၁၀၀၀ ကျော်ကို သတ်ဖြတ်မည်။ သဘက်ခါတွင် အားလုံးကို သတ်ဖြတ်ရပေလိမ့်မည်။ တစ်လကြာပြီးနောက် သူသည် စုကလန်တစ်ခုလုံးကို သတ်ဖြတ်ပြီး ဖြစ်ပေလိမ့်မည်။
......................
ကျန်းယွမ်နယ်စားအိမ်တော်၏ အိမ်တော်အတွင်းမှာတော့ စုနန်သည် ရှည်လျားလွန်းသည့် ရဲတိုက်ကြီး၏ ပြတင်းပေါက်ရှေ့တွင် မတ်မတ်ရပ်လျက်ရှိနေပြီး ကျန်းယွမ်နယ်စားအိမ်တော်မှ မိုင်ဒါဇင်ချီအဝေး၌ ရှိနေသော ကျန်းယွမ်မြို့တော်ဝန်အိမ်တော်ဆီသို့ လှမ်းကာ ကြည့်ရှုနေ၏။
ဟုတ်ပေ၏။ သူသည် အလွန်ဝေးကွာသည့် တည်နေရာတွင် ရှိနေသောကြောင့် ရှမ့်လန်ကို ကောင်းကောင်း မမြင်ရချေ။ သို့ပေမည့် စုကလန်၏ ရဲတိုက်ကြီးက အလွန်မြင့်မားသောကြောင့် ကျန်းယွမ်မြို့၏ အရာအားလုံးကို ငုံ့မိုးကာ ကြည့်ရှုနေသကဲ့သို့ပင် ခံစားရစေသည်။
“ဦးရီးတော်” စုလင်းသည် အထဲသို့ ဝင်ရောက်လာခဲ့ပြီး မြေပေါ်တွင် ဒူးထောက်ထိုင်ချလိုက်၏။
စုနန်က ပြောလိုက်သည်။ “ရှမ့်လန်က ကျန်းယွမ်မြို့တော်ဝန်အိမ်တော်ထဲမှာ နေထိုင်နေပြီလား”
စုလင်းက ပြောလိုက်၏။ “ဟုတ်ပါတယ်”
“ဒါဆိုရင် ကျန်းချုံးကရော”
“ကျန်းချုံးက ပိုင်ရီစီရင်စုထဲကို သဘက်ခါလောက်ရောက်လိမ့်မယ်နဲ့ တူတယ်”
စုနန်က ခေါင်းညိတ်လိုက်၏။ ဤအချိန်မှာတော့ နောက်ထပ်အဘိုးအိုတစ်ယောက် ဝင်ရောက်လာ၏။ ထိုသူသည် စုနန်၏ အစ်ကိုကြီး စုရွှင်ပင် ဖြစ်၏။ “အရှင်... စစ်သည်တွေအားလုံး အဆင့်သင့် ပြင်ဆင်ထားခဲ့ပြီးပါပြီ”
စုရွှင်က ဆက်ပြောလိုက်သည်။ “မိသားစုရဲ့ သီးသန့်စစ်တပ်က လူဦးရေ ၈၀၀၀ လောက်ရှိတယ်။ မျက်စိသုံးလုံးမိစ္ဆာရဲ့ ဓားပြတွေက လူဦးရေ ၆၀၀၀ လောက်ရှိတယ်။ အနောက်ပိုင်းဒေသ ကုန်သည်တွေရဲ့ ပူးပေါင်းမှုကလည်း လူဦးရေ ၅၀၀၀ လောက်ရှိသေးတယ်။ ပြီးတော့ တော်ဝင်ကပ်ဘေး ဘုရားကျောင်းကလည်း ဘုန်းကြီးစစ်သား ၂၀၀၀ ကျော်ကို စေလွှတ်လိုက်သေးတယ်။ စုစုပေါင်း လူဦးရေ နှစ်သောင်းကျော်ရှိပါတယ်”
“လူဦးရေ နှစ်သောင်းကျော်”
စုနန်သည် ထိုအရေအတွက်ကို ကြားရသော်လည်း တုံ့ပြန်မှု မရှိခဲ့ချေ။ စုနန်က မေးမြန်းလိုက်၏။ “ဒါဆိုရင် ကျန်းရှစ်စီရင်စုရဲ့ အစောင့်တပ် အခြေအနေ ဘယ်လိုရှိလဲ။”
စုရွှင်က ပြောလိုက်၏။ “ကျန်းရှစ်စီရင်စုရဲ့ အုပ်ချုပ်ရေးမှူးအိမ်တော်က တိကျရှင်းလင်းတဲ့ အချက်အလက် မရှိပါဘူး။ တစ်ဖက်က ကြည့်မယ်ဆိုရင် အဲဒီလူက ဘုရင်မင်းမြတ်ကို သစ္စာခံတဲ့ လူတစ်ယောက်ပဲ။ ဒါပေမဲ့ တခြားတစ်ဖက်က ကြည့်ရမယ်ဆိုရင် သူက အရှင်နဲ့ ပတ်သက်ပြီး ခင်မင်ရင်းနှီးမှုကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးလို့လည်း ဆိုတယ်”
စုနန်က အထင်အမြင်သေးစွာ ပြောလိုက်၏။ “ဒီကောင်က ခြံစည်းရိုးနှစ်ဖက် ခွထိုင်တဲ့ကောင်ပဲ”
စုရွှင်က ပြောလိုက်သည်။ “ကျန်းရှစ်စီရင်စုရဲ့ အစောင့်တပ် တစ်သောင်းကျော်က ကျုပ်တို့ လက်အောက်ထဲကို ရောက်နေတာလေ။ အဲဒီမှာ ရှိနေတဲ့ အရာရှိအရာခံတော်တော်များများတို့ကလည်း ကျုပ်တို့ရဲ့ ငွေတွေကို လက်ခံရယူထားခဲ့တာ”
စုနန်သည် ကြီးမားသည့် မြေပုံကြီးရှေ့ဆီသို့ သွားလိုက်၏။ သူ၏အကြည့်က ကျန်းယွမ်မြို့တွင် မရှိချေ။ ထို့အပြင် ပိုင်ရီစီရင်စုတွင်လည်း မရှိချေ။ ထိုအစား ချင်နှင့် ရွဲ့ပြည်နယ်ကြား နယ်စပ်တည်နေရာရှိ ချင်နိုင်ငံဘက်တွင်းသို့ ရောက်ရှိနေ၏။
သူသည် စစ်သည်ပေါင်းနှစ်သောင်းကျော်ကို အသုံးပြုပြီး အဆင်သင့် ပြင်ဆင်ထား၏။ ကျန်းရှစ်စီရင်စု၏ တစ်ဝက်ကျော်လောက်ကို သိမ်းပိုက်နိုင်ရန် သူ ဗျူဟာဆွဲထားသည်။ သို့ပေမည့် မည်သည့်အချိန်တွင် ပြုလုပ်ရမည်နည်း။ ထိုအရာက ချင်နိုင်ငံနှင့် ချူပြည်နယ်တို့ အပေါ်တွင် မူတည်နေသည်။
ချင်နိုင်ငံ၏ ပြည်တွင်းရှုပ်ထွေးမှုများ ပြီးဆုံးသွားသည်နှင့် ကျန့်ထော်၏ စစ်သည်ပေါင်း တစ်သောင်းကျော်ကို ဝင်ရောက် တိုက်ခိုက်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကျန်းရှစ်စီရင်စုတစ်ခုလုံးတွင် စုကလန်ကို တားဆီးနိုင်စွမ်းရှိမည်လူ မည်သူမှ ရှိတော့မည် မဟုတ်ချေ။
တစ်လအတွင်းမှာပဲ စုနန်သည် ကျန်းရှစ်စီရင်စု၏ တစ်ဝက်လောက်ကို သိမ်းပိုက်အနိုင်ယူ ရရှိလိမ့်မည်ဟု ယုံကြည်ချက် ရှိနေ၏။ ထိုအချိန်မှာပဲ စုကလန်နှင့် ချင်နိုင်ငံတို့သည် တစ်သားတည်းဖြစ်တည်နေပေလိမ့်မည်။ ဤအရာက ပေါင်းဖက်နိုင်ငံတစ်ခု မဟုတ်ဘူးဆိုလျှင်တောင်မှ ကျိန်းသေပေါက် ကြီးမားသည့် အားအင်မျိုးကို ထုတ်ဖော်နိုင်သည့် အရာမျိုးပင်။
တော်ဝင်ရန်အင်ပါယာသည် ငြိမ်ငြိမ်သက်သက် ထိုင်နေလိမ့်မည်လား။ ထို့အပြင် ရွှဲ့ပြည်နယ် တစ်စစီ ဖြစ်သွားမည်ကို ကြည့်ရှုနေလိမ့်မည်လား။ ကျိန်းသေပေါက် ထိုအရာကို ကြည့်ရှုနေမှာဖြစ်၏။ ချောင်နှင့် ရွှဲ့ပြည်နယ် အကြားတွင်ရှိနေသည့် နိုင်ငံရေးအရအားပြိုင်မှုသည် များပြားသည့် နိုင်ငံအသီးသီးတို့၏ ပဋိပက္ခများကြားတွင် တည်ရှိနေသည့် အကြောင်းအရာနှင့် ဘာမှမထူးချေ။ ထိုအရာအားလုံးကို ရန်အင်ပါယာက အဘယ်သို့ လိုက်လံကာ ကြည့်ရှုဖြေရှင်းပေးနေမည်နည်း။
ထို့ကြောင့် သူသည် ပတ်ဝန်းကျင်ရှိနေသည့် နိုင်ငံအသီးသီးတို့၏ ပူးပေါင်းမှုနှင့် ရွှဲ့ပြည်နယ်ကို သိမ်းပိုက်ရန် ပြင်ဆင်နေခြင်းပင်။ တော်ဝင်ရန်အင်ပါယာ၏ မူဝါဒအသစ်ကလည်း ကျိန်းသေပေါက် ပြည့်စုံလု နီးပါးဖြစ်သွားပေမည်။
ပထမဦးဆုံးအနေနှင့် တော်ဝင်ရန်အင်ပါယာသည် မူလလက်ဟောင်း တော်ဝင်မျိုးနွယ်အားလုံးကို သုတ်သင်ရှင်းလင်းခဲ့သည်။။ ပြီးသည့်နောက် နန်းတွင်းအမှုထမ်းများနှင့် စစ်သည်တပ်ဖွဲ့များကို သီးခြားစီ ပိုင်းခြားခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် အင်ပါယာ၏ လက်ထဲတွင် ဗဟိုချုပ်ကိုင်မှုအာဏာ ရှိလာပေလိမ့်မည်။ ဆွေးမြေ့နေသည့် တော်ဝင်မျိုးနွယ်များအစား စာမေးပွဲဖြေဆိုအောင်မြင်ပြီးသော ပညာတတ် အမှုထမ်းများနှင့် အစားထိုးနိုင်သောကြောင့် အင်ပါယာက ပိုမိုတိုးတက်လာပေလိမ့်မည်။
စုနန်၏ စားချင်သောက်ချင်စိတ်က ထိုအချိန်တုန်းက မကြီးမားခဲ့ချေ။ သူ့အနေနှင့် ကျန်းရှစ်စီရင်စု၏ သုံးပုံတစ်ပုံအတွင်းရှိ ခရိုင်ကြီး ခြောက်ခု နှင့် မြို့ပေါင်း ၃၀ လောက်ကို သိမ်းစည်းထားချင်စိတ်သာ ရှိခဲ့၏။ စုစုပေါင်းအားဖြင့် စတုရန်းကီလိုမီတာ ခြောက်သောင်းနီးပါးခန့်ပင် ဖြစ်၏။ ချင်နိုင်ငံအပါအဝင် စတုရန်းမီတာ နှစ်သိန်းနီးပါးခန့် ရှိလာပေလိမ့်မည်။ ထိုအရာသည် လိုသည်ထက်ပင် ပိုလျက်ရှိ၏။
‘အင်း... နင်ယွမ်ရှန်းက ပါရမီနည်းပါးပေမဲ့ ရည်မှန်းချက် ကြီးမားခဲ့တယ်။ ကျန်းချုံးကတော့ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ အရာရှိတစ်ယောက်။ ရှမ့်လန်ကတော့ စဉ်းစားသုံးသပ်တတ်တဲ့ လူတစ်ယောက်။ တစ်မျိုးစီတော်ကြတယ်ဆိုပေမဲ့ မင်းတို့အားလုံးက ဘာကိုယုံကြည်ပြီး ငါ့ကို တားဆီးကြမှာလဲ။ ဟာသပဲ’
“ဒါနဲ့ ချင်နိုင်ငံ ဘယ်လိုလဲ။ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။ အာယုထိုင်က အခုထိ စကားနားမထောင်တဲ့ ညီအစ်ကိုတွေကို မရှင်းပစ်နိုင်သေးဘူးလား”
စုရွှင်က ပြန်လည်ကာ ဖြေလိုက်၏။ “မကြာခင်မှာ မိဖုရားတွေက ချင်နိုင်ငံရဲ့ မင်းသားတွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ နှင်းထောင်ထိပ်ကို ထွက်ခွာသွားပါလိမ့်မယ်”
စုလင်းက ပြောလိုက်သည်။ “ဦးရီးတော်... ကျုပ်ရဲ့ အိမ်တော်မှာ စားပွဲကျင်းပပြီး ရှမ့်လန်ကို ဖိတ်ကြားထား ခဲ့တယ်။ သူကလည်း လာဖို့ သဘောတူညီခဲ့တယ်”
စုနန်က ပြောလိုက်၏။ “သူလာလိမ့်မယ်။ ပြီးတော့ သူက လီချင်းချိုးရဲ့ ကာကွယ်ပေးမှုအောက်မှာ ရှိနေတာဆိုတော့ စိုးရိမ်ပူပန်မှုကင်းကင်းနဲ့ ဝါကြွားပြီး လာလိမ့်မယ်။ မင်းကို ဖုတ်လေတဲ့ငပိ ရှိတယ် မထင်တဲ့ အပြုအမူမျိုး လုပ်ပြလိမ့်မယ်”
စုလင်းက ပြောလိုက်သည်။ “ဒါဆိုရင် မနက်ဖြန် ကျုပ် သူ့ကို သတ်ပစ်လိုက်မယ်”
စုနန်က ပြောလိုက်၏။ “သူ့ကို သတ်မယ်ဟုတ်လား။ သူ့တင်မဟုတ်ဘူး။ အနားပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအကုန်လုံးကို သတ်။ အထူးသဖြင့် အရူးကြီးကိုလည်း သတ်။ အစိတ်စိတ် အပိုင်းပိုင်း တစ်ထောင်လောက် ခုတ်ပိုင်းပြီး ငါ့ဆီပို့လိုက်”
“ကောင်းပါပြီ”
စုနန်အတွက် ရှမ့်လန်ဆိုသည်မှာ ယင်ကောင်တစ်ကောင် ကဲ့သို့ပင် ဖြစ်၏။ အလုံးစုံသော အခြေအနေကို သက်ရောက်အောင် ပြုလုပ်နိုင်စွမ်း မရှိသလို တဝီဝီနှင့် နားငြီးလွန်းသည့် သတ္တဝါ တစ်ကောင်ဖြစ်ကာ ရွံစရာလည်း ကောင်းသည်။
“သူ့ကို သတ်။ ပြီးရင် အရေခွံခွာ။ ပြီးတော့ သူ့ရဲ့ ခေါင်းကို ငါ့ဆီပို့လိုက်” စုနန်က မှာကြားလိုက်၏။
စုလင်းက ပြန်လည်ကာ ပြောဆိုလိုက်သည်။ “ကောင်းပါပြီ”
ပြီးနောက် သူက ထွက်ခွာသွားခဲ့၏။
“ရှမ့်လန်... မင်းက တကယ့်ကို ဆိုးယုတ်တဲ့ လူတစ်ယောက်ပဲ။ ကျန်းယွမ်မြို့က ငါတို့ စုကလန်ရဲ့ မြေတည်နေရာ ကျားခံတွင်းပဲ။ ဘယ်လိုဖြစ်ပြီး လာရဲရတာလဲ။ မင်းကိုယ်မင်း အရူးကြီးနဲ့ လီချင်းချိုးတို့ စောင့်ရှောက်ခံထားရတယ်ဆိုပြီး လုံခြုံတယ် ထင်နေတာလား။ ကလေးဆန်လွန်းတယ်။
ဒါက ဖောက်ထွက်လို့ မရနိုင်တဲ့ ပိုက်ကွန်ထဲကို ဝင်လာတာနဲ့တူတယ်။ ကလေးဆန်တဲ့ လူတစ်ယောက် အနေနဲ့ မင်းမသေဘူး ဆိုရင် ဘယ်သူ သေမှာလဲ။ မနက်ဖြန်စားပွဲမှာ မင်းက ကျိန်းသေပေါက် သေခြင်းတရားရဲ့ ထောင်ချောက်ထဲ ရောက်လာလိမ့်မယ်။ ရှမ့်လန်... မင်းလာရဲတယ် မဟုတ်လား”
..........
ရှမ့်လန် ကျန်းယွမ်မြို့ထဲသို့ ဝင်ပြီး မကြာခင်မှာပဲ ပထမဦးဆုံး ပဋိပက္ခဖြစ်သွားခဲ့လေ၏။ အမျိုးသမီး စစ်သူကြီး ဝူလဲ့သည် အမျိုးသမီးစစ်သည်တော် အနည်းငယ်ကို ခေါ်ဆောင်ကာဖြင့် ဆန်များ ဝယ်ယူရန် ထွက်ခွာသွားသည်။
ရှောင်နုက အမျိုးသမီး အနည်းငယ်တို့နှင့်အတူ ရေဝယ်ယူရန် ထွက်ခွာ သွားခဲ့၏။
ခြွင်းချက် မရှိချေ။ အားလုံးသောသူတို့သည် ငြင်းပယ်ခြင်း ခံရ၏။ အလွန်လျင်မြန်စွာပဲ ပဋိပက္ခများ ဖြစ်ပွားခဲ့၏။ ပါးစပ်ဖြင့် ရန်ဖြစ်ခြင်းသာမက ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းများပင် ဖြစ်ခဲ့သေးသည်။
ကျန်းယွမ်မြို့၏ မြို့တော်ဝန် တစ်ယောက်အနေနှင့် ရှမ့်လန်က ဆိုင်ထဲသို့ ဝင်ရောက်လာခဲ့၏။
ဆိုင်ရှင်သည် အနောက်ဘက်နိုင်ငံမှ လူတစ်ယောက်ဖြစ်ပြီး ဒေသခံစကားကိုလည်း အလွန်သွက်လက်စွာ ပြောဆိုနိုင်စွမ်း ရှိ၏။ ဆိုင်အထဲတွင် လက်နက်ပြည့် ကိုင်ဆောင်ထားသည့် အစောင့်တစ်ဒါဇင်ကျော်ရှိပြီး ဝူလဲ့နှင့် တခြားသောသူများကို ပိတ်ဆို့ထားခဲ့၏။ အစောင့်အရှောက်များကြားထဲတွင် ရွှဲ့ပြည်နယ်မှ လူများလည်း တည်ရှိပြီး ချင်နိုင်ငံမှ လူများလည်း ရှိသည်။
ရှမ့်လန်က ကြီးမားလွန်းသည့် ဆိုင်ကြီးထဲသို့ လှမ်းဝင်ပြီး ပြုံးကာ ပြောလိုက်၏။ “ဆိုင်ရှင်... ခင်ဗျားတို့က တကယ့်ကို ချမ်းသာတာပဲ။ ကျန်းယွမ်မြို့ရဲ့ မြို့တော်ဝန်တစ်ယောက်အနေနဲ့ ကျုပ် ခင်ဗျားကို ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်”
နှစ်သစ်ရောက်ရန် နှစ်ဝက်နီးပါးခန့် လိုအပ်သေး၏။ အနောက်ပိုင်း ကုန်သည်သည် လက်သီးကို ဆုပ်ကာဖြင့် ပြန်လည်ကာ ဂါရဝပြုလိုက်သည်။
“ခင်ဗျားဆီမှာ အစားအစာနဲ့ အသားတွေ ရှိတယ်လို့ ကြားတယ်။ ဘာလို့ ကျုပ်တို့ကို မရောင်းတာလဲ” ရှမ့်လန်က မေးမြန်းလိုက်၏။
ကုန်သည်က ပြန်လည်ကာ ဖြေဆိုလိုက်သည်။ “ရွှဲ့ပြည်နယ်ဆီက ရွှေဒင်္ဂါးတွေကို ကျုပ်တို့ လက်မခံပါဘူး”
ချီးတဲ့မှ... ပုံမှန်အားဖြင့် ဤဆိုင်များသည် ရွှေဒင်္ဂါးမျိုးစုံ လက်ခံသည်။ အဘယ်ကြောင့် လက်မခံဟု ပြောဆို နေရသနည်း။
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ချောင်ပြည်နယ်ရဲ့ ရွှေဒင်္ဂါးကိုရော လက်ခံလား။ ကျုပ်တို့က ခင်ဗျားတို့ရဲ့ အစားအစာတွေကို ဝယ်ယူဖို့ ဈေးနှစ်ဆပေးဖို့ အစီအစဉ် ရှိတယ်”
ကုန်သည်က မေးမြန်းလိုက်သည်။ “ဒါနဲ့ ခင်ဗျား ဘယ်သူလဲ ကျုပ်မေးချင်ပါတယ်”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်က ရှမ့်လန်ပဲ။ ကျန်းယွမ်မြို့ရဲ့ မြို့တော်ဝန်အသစ်ပါ”
ကုန်သည်က ပြောလိုက်သည်။ “ရှမ့်က သမက်တော်တစ်ယောက်လို့ ကြားတယ်။ ဟုတ်ပါသလား”
ရှမ့်လန်က ပြောလိုက်၏။ “သိပ်မှန်တာပေါ့”
ကုန်သည်က ပြောလိုက်သည်။ “ဒါဆိုရင် အားနာပါတယ်။ သမက်တော်ဆိုတာ ကျုပ်တို့နိုင်ငံမှာ အဆင့်အနိမ့်ဆုံး လူတစ်ယောက်ပဲ။ ကျေးကျွန်ထက်တောင် အဆင့်နိမ့်သေးတယ်။ ဒီတော့ သမက်တော် တစ်ယောက်နဲ့ ကျုပ် စီးပွားရေးလုပ်မှာ မဟုတ်ပါဘူး”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်က ကျန်းယွမ်မြို့ရဲ့ မြို့တော်ဝန်ပါ။ ဒီမြို့ရဲ့ အခွင့်အာဏာအကြီးဆုံးသော လူတစ်ယောက်ပဲ”
အနောက်ပိုင်းဒေသမှ ကုန်သည်သည် ရုတ်တရက်ထကာ အော်ဟစ်လိုက်သည်။ “ကောင်းကင်ဘုံ... သမက်တော်တစ်ယောက်တောင်မှ ခင်ဗျားတို့နိုင်ငံမှာ ရာထူးရာခံရှိတဲ့ လူတစ်ယောက် ဖြစ်နိုင်တယ် ဟုတ်လား။ ကျုပ်တို့နိုင်ငံမှာဆိုရင် သမက်တော်တစ်ယောက်ကို ဖမ်းမိပြီဆိုတာနဲ့ ကျိန်းသေပေါက် မျက်နှာပေါ်မှာ ကျေးကျွန်ဆိုတဲ့ စာတန်းကိုတောင် မင်နဲ့ ဆွဲပေးလိုက်တာ။ အဲလောက်ထိတောင်မှ အဆင့်အတန်းနိမ့်ကျတဲ့ လူတွေလေ။ အခုဒီနေရာမှာတော့ သမက်တော်တစ်ယောက်တောင်မှ မြို့တော်ဝန် ဖြစ်လာနိုင်တယ်။ သောက်ကျိုးနည်း .. ဒီလောကကြီးက တကယ်ကို ထူးဆန်းတာတွေ များပြားတာပဲ”
ပြီးနောက် ကုန်သည်က ပြောလိုက်၏။ “ကိုယ့်လူတို့... ငါတို့ရဲ့ ဆိုင်အပြင်ဘက်မှာ စာတန်းတစ်ခု ရေးလိုက်စမ်း။ ဘာသာစကားစုံနဲ့ ရေး .... ခွေးနဲ့ သမက်တော်တွေ ဝင်ခွင့်မပြုလို့”
........
(ဘာသာပြန်သူ ခရီးထွက်နေလို့ စာစဉ် [၂၇] ကို ၆ ရက်နေ့ ကြာသပတေးနေမှ ထွက်ပါမယ်ခင်ဗျာ။ အားပေးဖတ်ရှုကြသူတိုင်း တန်ဆောင်တိုင် အချိန်ခါမယမှာ ကိုယ်စိတ်ကျန်းမာ၊ ချမ်းသာကြပါစေ ခင်ဗျာ။)