[ခ]ထူးခြားပြည့်စုံသော ပင်ကိုအရည်အချင်း
Vol. 1 Ch. 20
ခေါင်းဆောင်ရုန်ကို အစီအရင် ခံပြီးနောက် ကျန်းရီသည် သူ့အိမ်လေးရှိရာ ခြံဝန်းလေးဆီ ပြန်ခဲ့ပြီး ရှောင်နူကို ချွန်းယာဆီ သွားခိုင်းကာ သတင်းအချို့ စုံစမ်းခိုင်းခဲ့သည်။ တစ်နာရီမျှ ကြာပြီးနောက် ကျန်းရှောင်နူသည် ကျန်းရုဟူနှင့် နောက်လိုက်တစ်သိုက် အကြောင်းကို စုံစမ်းပြီး ပြန်ရောက်လာခဲ့သည်။
ရန်ပွဲပြီးနောက် အိမ်ကို သယ်ပြီးပြန်လာရသော ကျန်းရုဟူ၏ အခြေအနေသည် ကျန်းဂိုဏ်း၏ ကျန်အဖွဲ့ဝင်များကို အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သည်။ သို့သော် ထိခိုက်ဒဏ်ရာများသည် မာမိသားစု ဝင်များ၏ လက်ချက်ဟု ကြားသိရသောအခါ ကျန်းဂိုဏ်းသားများသည် အများကြီး တွေးမနေကြတော့ချေ။ ကျန်းရုဟူနှင့် အဖွဲ့သည်ကား အဖြစ်မရှိခြင်း၊ ကျန်းဂိုဏ်းကို မျက်နှာပျက်အောင် လုပ်ခြင်းအတွက် ဆူပူကြိမ်းမောင်း ခြင်းကိုတောင် ခံခဲ့ရသည်ဟု ဆိုသည်။
ကောင်းကင်တောင်ပံမြို့တွင် ကျိမိသားစုသည် ထိပ်ဆုံးတွင် ရှိပြီး သူ့အောက်တွင် လျှိုမိသားစု၊ မာမိသားစု၊ ကျန်းဂိုဏ်းနှင့် လမ်မိသားစုဟူ၍ မိသားစုဂိုဏ်းကြီး လေးခုရှိကြသည်။ ကျန်သည်များကား ရီလင်းရွှယ်၏ ရီမိသားစုနှင့် ယန်မိသားစုတို့ ဖြစ်ကြသည်။ မည်သို့ပင်ဆိုစေ ဂိုဏ်းငယ်လေးများသည် ဂိုဏ်းကြီး ငါးခုနှင့် လုံးဝမယှဉ်နိုင်ပေ။
ရှန်ဝူနိုင်ငံတော်၏ ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းသည် သိုင်းပညာ ပေါ်တွင်သာ အခြေခံထားသည်။ မြို့အနှံ့ရှိ အုပ်ချုပ်သူများသည် စွမ်းအားမြင့် သိုင်းပညာရှင်များသာ ဖြစ်သည်။ စစ်သူကြီး များသည်လည်း ထူးခြား ပြောင်မြောက်သော စွမ်းပကားကို ပိုင်ဆိုင်ထားကြပြီး မြို့ငယ်များကို နယ်မြေများခွဲ၍ အုပ်ချုပ်ကြသည်။ ထျန်းယွီမြို့စား(ကောင်းကင် တောင်ပံမြို့စား) ကျီထျန်းသည် လွန်ခဲ့သည့် ဆယ့်လေးနှစ်က ခြောက်နိုင်ငံ စစ်ပွဲတွင် ပျောင်ပင်းကို အနိုင်ယူခဲ့၍ ယွီလင်လက်ထောက် စစ်သူကြီးဘွဲ့နှင့် ကောင်းကင်တောင်ပံ မြို့စားအဖြစ် ချီးမြှင့်ခံခဲ့ရသည်။
ကောင်းကင် တောင်ပံမြို့တွင် ကျိမိသားစုသည် တော်ဝင်မိသားစု သဖွယ်ပင်ဖြစ်သည်။ မည်သည့်ဂိုဏ်းမှ ကျိမိသားစုကို အပြစ်မပြုရဲကြပေ။ ကျိမိသားစု၏ လူငယ်များသည်လည်း အလွန်ကို စည်းရှိကြပြီး အခြားဂိုဏ်းသားများကို အနိုင်ကျင့်သည် ဆိုသည်မှာလည်း အလွန့်ကို ရှားပါးပေသည်။ ကျန်ဂိုဏ်းများသည်ကား တခြားစီပင် ဖြစ်သည်။ ဂိုဏ်းများသည် ပုံမှန်အားဖြင့် တစ်ခုနှင့်တစ်ခု ပွင့်လင်းစွာပင် တိုက်ခိုက်နေကြပြီး အခြားဂိုဏ်း၏ ဆုံးရှုံးမှုကို အခွင့်အရေး ယူရန်သာ ကြိုးစားနေကြသည်။ ဂိုဏ်းကြီးလေးခု သည်လည်း ရာစုနှစ်ပေါင်းများစွာ ပဋိပက္ခများ ဖြစ်လာခဲ့ရာ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း နက်နက်ရှိုင်းရှိုင်း မုန်းတီးနေခဲ့ကြသည်။ လူငယ်မျိုးဆက်များ အကြားမှ ရန်ပွဲများသည် ဖြစ်နေကျဖြစ်ရာ မထူးဆန်းတော့ချေ။
ကောင်းကင်ကြယ်တာရာ နယ်မြေတွင် သိုင်းပညာသည် လူသိများ ကျော်ကြားသည်။ ဂိုဏ်းတွင်း တိုက်ခိုက်မှုများ မဆိုထားနှင့် ဂိုဏ်းအချင်းချင်း တိုက်ခိုက်ရင်တောင် တစ်ယောက်ယောက် မသေသရွေ့ အပြစ်ယူ မယူခဲ့ကြပေ။ ပို၍ ကောင်းမွန်သော အရာတစ်ခုကား ဂိုဏ်းတွင်း တိုက်ပွဲများတွင် အနိုင်ရရှိသူသည်ကား ဆုတောင် ချီးမြှင့်ခံရနိုင်သည်။
မာမိသားစုဝင်များသည် ကျန်းရုဟူကို ရိုက်လိုက်သည်ကို ကြားသောအခါ ကျန်းဂိုဏ်းသည် အနည်းငယ်မျှသာ အာရုံစိုက်ပေသည်။ အုပ်ချုပ်ရေးမှူး ကျန်းယွင်ရှဲသည်ကား ဒေါသတကြီး ပေါက်ကွဲနေခဲ့သည်။ ကျန်းရုဟူသည် ရန်ပွဲတွင် မျက်နှာကိုပင် မမှတ်မိရလောက်အောင် ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာ ရထားသော်လည်း ကျန်းယွင်ရှဲသည် ကျန်းရုဟူကို ရက်ရက်စက်စက် ဆူပူကြိမ်းမောင်း နေခဲ့သည်။ ကျန်းဂိုဏ်းရှိ လူငယ်များကိုလည်း အိမ်တော်တွင်သာ နေရန် အမိန့်ထုတ်ပြန်လိုက်သည်။ သူသည် ပြစ်ဒဏ်တစ်ခုတောင် သတ်မှတ်လိုက်သေးသည် ... ကျန်းအိမ်တော်မှ အပြင်ထွက်သွားသော လူတိုင်းသည် ဂိုဏ်းကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေပါက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည် ... ဟူ၍ ...
ထိုသတင်းများကို ကြားသောအခါ ကျန်းရီသည် အတော်လေး စိတ်ချမ်းသာ သွားခဲ့သည်။ သူသည် အနည်းဆုံးတော့ ကျန်းရုလုံ သိုင်းခန်းမမှ ပြန်မလာခင် အချိန်ထိ ဘေးကင်းပေသည်။ သူသည် ကျင့်ကြံဆင့် မြင့်ရန် အလျင်စလို မလေ့ကျင့်ဘဲ ချိတ်ပိတ် သင်္ကေတကိုသာ ဆက်လက်ချိုးဖျက် နေခဲ့သည်။ ဤနည်းအားဖြင့် သူသည် အချိန်အနည်းငယ် အတွင်းတွင် ကျင့်ကြံဆင့်များ မြန်ဆန်စွာ တိုးတက်လာနိုင် ပေသည်။
အနက်ရောင် အတွင်းအားသည် သူ၏ စွမ်းအားကို နှစ်ဆခန့် တိုးတက်သွားစေသည်။ သူ၏ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့် စွမ်းအားသည် အနက်ရောင် အတွင်းအားနှင့် ပေါင်းစပ်လိုက်ရင် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့် စွမ်းအားအထိ မြင့်တက်သွားနိုင်သည်။ သူ၏ အမြင်အာရုံနှင့် သိုင်းပညာ ကျွန်းကျင်မှုတို့ကို ပေါင်းစပ်လိုက်ရင် သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်ရှိ သိုင်းပညာရှင်နှင့်မဆို ရင်ဆိုင်နိုင်ပေသည်။
ကျန်းရုလုံသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့်တွင် ရှိသည်။ ကျန်းရုလုံ သိုင်းခန်းမမှ ထွက်ခွာ မလာခင်တွင် သူသာ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယအဆင့်သို့ စတုတ္ထအဆင့်ကို ရောက်ရင် ကျန်းရုလုံနှင့် တိုက်ခိုက်ရန် မဖြစ်နိုင်ဘူးဟု မရှိပေ …
"ငါက ကျင့်စဉ်ကို ဆက်ကျင့်ပြီး ချိတ်ပိတ် သင်္ကေတကို ဆက်ပြီး ဖျက်ဆီးရမယ် ... မနက်ဖြန် ဆေးစိုက်ခင်းက ဆေးပင်တွေကို သိမ်းဆည်းပြီးရင် အကြွေးပြန်ဆပ်ဖို့ ပိုက်ဆံရမယ့် အလုပ်တွေ ရှာကြည့်ဦးမယ်"
ကျန်းရီသည် တီးတိုးရေရွတ် လိုက်ပြီးနောက် အတွေးမလွန်စေရန် ကိုယ့်ကိုယ်ကိုယ် သတိပေးကာ ချိတ်ပိတ် သင်္ကေတကို ချိုးဖျက်ရန် အနက်ရောင် အတွင်းအားများကို စတင် ထုတ်လုပ် နေလိုက်သည်။ လက်ရှိတွင် သူသည် ရှေးဟောင်း အက္ခရာ ဆယ်လုံးကို နေ့စဉ် ဖယ်ရှားနေခဲ့ပြီး ကျန်အချိန်များကို ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးနေခဲ့သည်။ သူ၏ ကျင့်ကြံနှုန်းသည် မူလ အမြန်နှုန်းထက် ခုနှစ်ဆ၊ ရှစ်ဆခန့်အထိ ဖြည်းဖြည်းချင်း မြန်ဆန်လာခဲ့ပြီ ဖြစ်သည်။ ထိုကျင့်ကြံနှုန်းသည် အလွန်နှေးသည်ဟု ပြော၍ ရသော်လည်း ကျန်းရီသည် ရလဒ်ကို အလွန်ကျေနပ် နေခဲ့သည်။
နောက်တစ်နေ့တွင် ကျန်းရီသည် အာရုဏ် မတက်ခင်တွင် နိုးလာခဲ့ပြီး အနောက်ဘက် တောင်ကုန်းသို့ ဦးတည်ခဲ့လိုက်သည်။ သို့သော် ကျန်းရှောင်နူသည် သူ့ကို အပြင်တွင် အလုပ်ထွက် လုပ်ချင်ကြောင်း ပြောလာခဲ့ပြန်သည်။ သူသည် သူမ နောက်ထပ် စကားတစ်ခွန်းမှ ထပ်မတောင်းဆို လာစေရန် တင်းတင်းကြပ်ကြပ် ဆူပူလိုက်သည်။
အနောက်ဘက် တောင်ကုန်းမှ ပြန်လာကာ ခေါင်းဆောင်ရုန်ကို အစီအရင် ခံပြီးနောက် ကျန်းရီသည် မြို့တော်အတွင်း အလုပ်ရှာရန် ကျန်းအိမ်တော် ပင်မခြံဝန်းဆီမှ တိတ်တဆိတ် ထွက်လာခဲ့လိုက်သည်။
တစ်မနက်ခင်းလုံး ကုန်ဆုံးအောင် လှည့်လည် သွားလာပြီးနောက် ကျန်းရီသည် မြို့တော် ဈေးအလယ်ရှိ ကျောက်တုံး တစ်ခုပေါ်တွင် စိတ်ပျက်စွာ ထိုင်ချခဲ့လိုက်သည်။ အလုပ်မရရင် သူ့တွင် ပိုက်ဆံရစရာ နည်းလမ်းမရှိပေ။ ဖန်းယွီဆောင်ကြာမြိုင်နှင့် သဘောတူထားသော သတ်မှက်ရက် ပြည့်ရန်မှာ ဆယ့်ရှစ်ရက်သာ လိုတော့သည်။ ယခုတွင် ကျန်းရီ၌ ငွေတစ်ဆယ်တေးလ်သာ ရှိသည်။ သူသည် နည်းလမ်းပေါင်းများစွာ စဉ်းစားကြည့်သော်လည်း နောက်ဆုံးတွင် ကျန်းဂိုဏ်းက ပိုက်ဆံနှင့် ဖြေရှင်းပေးမှသာ ရနိုင်မည်ဟု သိရှိသွားခဲ့သည်။ သူ့တွင် ကျီထင်ယွီကို ရှာ၍ သူမဆီမှ ပိုက်ဆံချေးရုံမှ တစ်ပါး ပို၍ ကောင်းသော အကြံဉာဏ် မရှိပေ။
ဤနှစ်များအတွင်း ကျန်းဂိုဏ်းသည် သူ့ကို အနည်းငယ်မျပင် အကောင်း မမြင်ခဲ့ပေ။ သူ့တွင်လည်း အရိုးထဲမှပင် စွဲနေသော ကိုယ်ပိုင်မာနရှိရာ ကျန်းဂိုဏ်းကို မှီခိုရမည့် အခြေအနေကို ပယ်လိုက်သည်။ ထို့ပြင် အကြီးအကဲလျှို၏ ကိစ္စကြောင့် သူ့တွင် အနက်ရောင် အတွင်းအား ပိုင်ဆိုင်ကြောင်းကို ဂိုဏ်းအား ဖုံးမထားနိုင်တော့သည့် အချိန်ထိ သိစေလိုခြင်း မရှိချေ။
ကျီထင်ယွီကို ရှာဖို့ …
အသက်ရှူ မှားလောက်အောင် လှပသော အဝါရောင် ဝတ်စုံဝတ် မိန်းကလေးသည် သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။ သို့သော် သူသည် ခေါင်းကို အမြန်ယမ်းလိုက်ပြီး ကျီထင်ယွီက သည်လည်း သူ့ဆွေမျိုး ကျန်းဟန်ရွှေ နည်းတူ သိုင်းခန်းမတွင် လေ့ကျင့်နေသည်ကို သတိရသွားခဲ့သည်။ သူမသည် နောင်လပိုင်း လောက်အထိ အပြင်ထွက်လာမည် မဟုတ်ချေ။
"ဟုတ်သားပဲ ... သိုင်းခန်းမ ... ငါသိုင်းခန်းမကို သွားပြီး သိုင်းလေ့ကျင့်ဖက် လုပ်သင့်တယ် ... ဒါဆို ... ငါပိုက်ဆံရရုံတင် မဟုတ်ဘူး ... သခင်မလေး ကျီကိုပါ တွေ့နိုင်မယ် …"
ကျန်းရီသည် စိတ်လှုပ်ရှားသွားခဲ့ပြီး ချက်ချင်းထကာ သိုင်းခန်းမဆီ ဦးတည်လိုက်သည်။ သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့် ရောက်ရှိခဲ့ပြီ ဖြစ်သည့်အတွက် အနက်ရောင် အတွင်းအားသည် ပို၍ သိပ်သည်းလာခဲ့သည်။ အမြင်အာရုံတွင် အနက်ရောင် အတွင်းအား ဆယ်မျှင်ကို သုံးရင် နှစ်နာရီခန့် ကြာရှည်ခံနိုင်သည်။ ထို့ပြင် သူသည် သိုင်းလေ့ကျင့်ဖက် ဖြစ်သည့်အတွက် တစ်နေ့လုံး တိုက်ခိုက်နေရန် မလိုချေ။ သူ့အတွက် တစ်နေ့ရင် ပွဲအနည်းငယ်သာ ရှိမည် ဖြစ်သည်။
ထို့ပြင် ကျန်းဟန်ရွှေနှင့် ကျန်းရုဟူတို့သည် သိုင်းခန်းမကို ကျင့်ကြံရန် ဝင်ရောက်ခဲ့ကြသည်။ သူသည် မျက်နှာဖုံး တပ်ထားရသည် ဖြစ်သောကြောင့် နှစ်ယောက်လုံး သူ့ကို မှတ်မိစရာ အကြောင်းမရှိပေ။ သူတို့၏ စွမ်းအားသည်လည်း မြင့်မားသောကြောင့် သိုင်းလေ့ကျင့်ဖက် လိုရင်တောင် သူ့လို သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့် ရှိသူကို ရွေးမည် မဟုတ်ချေ။
ကျန်းရီသည် သူလုပ်မည်ဆိုရင် လုပ်ကိုလုပ်မည့် လူစားမျိုးပင်။
သူသည် နေ့လယ်စာပင် စားမနေတော့ဘဲ ဝတ်ရုံနက်ကြီး ခြုံကာ သိုင်းခန်းမဆီ ထွက်လာခဲ့လိုက်သည်။
ကျန်းရီသည် ဘေးဘက်တံခါးဆီ တည့်တည့်လျှောက်သွား ခဲ့လိုက်သည်။ အရပ်မြင့်မြင့်နှင့် အနက်ရောင် သံချပ်ဝတ် အစောင့်သည် သူ့ကို မြင်သည်နှင့် ချက်ချင်းခေါ်ကာ ဖော်ရွေစွာ ပြောလာခဲ့သည် ...
"ဟေး ... ကောင်လေး ... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ ... ကြီးကြပ်သူယန်က မင်းကို မေးနေတာ အခေါက်ပေါင်းများစွာ ရှိပြီ ..."
ကျန်းရီသည် ရှက်ရွံ့စွာ ရယ်မောလိုက်သည်။ အစောင့်သသည် သူ့ကို လိုက်ပို့နေစရာ မလိုတော့ဘဲ ကိုယ်တိုင်ပင် သိုင်းလေ့ကျင့်ခန်းများ ရှိရာ လျှောက်လာလိုက်သည်။
ကျန်းရီသည် ခန်းမကြီးထဲ ဝင်သွားလိုက်သည်နှင့် ကြီးကြပ်သူယန်၏ မျက်နှာသည် ဝင်းလက်သွားခဲ့ပြီး အဝေးမှပင် လှမ်းခေါ်ကာ ပြောလာခဲ့သည် ...
"အထီးကျန်ဝံပုလွေ ... နောက်ဆုံးတော့ မင်းရောက်လာပြီပဲ ... ဘယ်လိုလဲ ... မင်းဒီမှာ တစ်နေ့လုံး အလုပ်လုပ်မယ်ဆိုရင် ငါမင်းကို ငွေတစ်ဆယ်တေးလ် ပေးမယ် ဆိုရင်ရော"
"ကောင်းပြီ …"
ကျန်းရီသည် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
ကြီးကြပ်သူယန်သည် သူအရင်က ဝတ်ဆင်ခဲ့သော ဝံပုလွေ မျက်နှာဖုံးကို ကမ်းပေးလာခဲ့ပြီး သူ့ဘေးတွင် ရပ်နေသော အစေခံမိန်းကလေးကို အကြည့်ဖြင့် အချက်ပြလိုက်သည်။ မိန်းကလေးသည် အလျင်အမြန်ပင် ထွက်ခွာသွားခဲ့သည်။
ရှပ် ... ရှပ် ... ရှပ် …
ကျန်းရီသည် ခန်းမကြီးထဲတွင် တင်ပျဉ်ချိတ် ထိုင်လိုက်စဉ်မှာပင် စင်္ကြံလမ်း တစ်လျှောက်မှ အလျင်စလို ခြေသံများ ပျံ့လွင့်လာခဲ့သည်။ အနီရဲရဲပုံရိပ်လေး တစ်ခုသည် ပေါ်ထွက်လာခဲ့သည်။ သူမ၏ မျက်လုံးရွဲကြီး များသည် ကျန်းရီကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး ပြောလာခဲ့သည် ....
"ကြီးကြပ်သူယန် ... အထီးကျန်ဝံပုလွေကို ကျွန်မနဲ့အတူ သိုင်းလေ့ကျင့် စေချင်တယ်"
ကျန်းရီသည် ခေါင်းကိုမော့ကာ မိန်းကလေးကို အံ့သြတကြီး ကြည့်လိုက်သည်။ မိန်းကလေးသည် အနိုင်ကျင့် ခံရသည်ကို သဘောကျပုံပေါ်သည်။ ထိုနေ့က သူမသည် သူ့ကို အချိန်အကြာကြီး တိုက်ခိုက်ခဲ့သော်လည်း သူ့အင်္ကျီစကိုပင် မထိခဲ့ပေ .... သိုင်းလေ့ကျင့်ဖက်ဆိုတာကြီးက ဒီလိုမျိုးလား …
"အထီးကျန်ဝံပုလွေ .... တိုက်ခိုက်ဖို့ သွားတော့ …"
ကြီးကြပ်သူ ယန်သည် ကျန်းရီကို အားပါးတရ ပြုံးပြကာ လက်ဝှေ့ယမ်း ပြလာခဲ့သည်။ သူသည် ရီလင်းရွှယ်ကို သတင်းပေးခဲ့သူသာ ဖြစ်သည်။ မဟုတ်ရင် ဒီလောက် အချိန်တိုအတွင်း သူမမည်သို့ ရောက်လာ ပါမည်နည်း …
ကျန်းရီသည် ခါးသီးစွာ ပြုံးလိုက်ပြီး တိုက်ခိုက်ရန် ထွက်လာခဲ့လိုက်သည်။ ရီလင်းရွှယ်နောက်မှ လိုက်လာကာ သူသည် သိုင်းလေ့ကျင့် ခန်းအတွင်း ဝင်ခဲ့လိုက်သည်။ ဝင်ပြီးသည်နှင့် အခန်းတံခါး ပိတ်သွားကာ နံရံများမှ အလင်းများ တောက်ပလာပြီး အတွင်းအားများလည်း ပိတ်ဆို့ ခံလိုက်ရသည်။
ကျန်းရီကို ဆွံ့အ သွားစေသည်ကား ရီလင်းရွှယ်သည် ချက်ချင်း မတိုက်ခိုက်ရုံသ မက သူ့ကို ပြုံးပြလာခဲ့သည်။ သူသည် လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်ရင်း ပြောလာခဲ့သည် ...
"အထီးကျန်ဝံပုလွေက ရှင့် နာမည်လား ... ဒီနေ့ ကျွန်မနဲ့ လေ့ကျင့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ... ဒီနေ့ရှင် အစွမ်းကုန် တိုက်ခိုက်မယ်လို့ မျှော်လင့်ပါတယ်"
အရိုအသေ ပေးခံရခြင်းသည် နှစ်လိုဖွယ် ကောင်းပေသည် ... အထူးသဖြင့် ထိုအရာသည် လှပသော မိန်းကလေးထံမှ လာသည့်အခါ ... ကျန်းရီသည် ကျန်းဂိုဏ်းတွင် တစ်ခါမှ ဤသို့ ဆက်ဆံ မခံရဖူးပေ ... တစ်ဖက်တွင် ဒီလိုမျိုး အလေးပေး ဆက်ဆံခြင်းကို ကျီမိသားစု၏ သခင်မလေးနှင့် သခင်မလေးရီ ထံမှ ရသောအခါတွင် သူ့စိတ်အခြေအနေသည် အများကြီး ကောင်းမွန်သွားခဲ့သည်။ သူသည် လက်ကို ဝှေ့ယမ်းကာ ပြန်ပြောလိုက်သည် ...
"သခင်မလေးက နှိမ့်ချလွန်းနေပါပြီ ... ကျွန်တော် အစွမ်ကုန် ကြိုးစားမှာပါ"
ရီလင်းရွှယ်သည် စတင်တိုက်ခိုက်သည်နှင့် ကျန်းရီသည် အခန်းတွင်းတွင် စက်ဝိုင်းပုံ ရွေ့လျားကာ ရှောင်ရှားလိုက်သည်။ သခင်မလေးရီသည် ကျန်းရီကို ရိုက်ရန် ကြိုးစားလိုက်တိုင်း ကျန်းရီသည် အကြားအမြင် ရနေသကဲ့သို့ ရှောင်ရှားနေနိုင်မြဲပင်။ ရီလင်းရွှယ်သည် သူ့ဝတ်ရုံ အစွန်းကိုတောင် ထိအောင် မရိုက်နိုင်ခဲ့ပေ။
"ငါ့ရဲ့ သဘာဝလွန်အဆင့် လျှပ်စီးမုန်တိုင်း လက်သီးပဲ ... အထီးကျန်ဝံပုလွေ ... မင်းကြည့်နေ"
ငါးမိနစ်မျှ တိုက်ခိုက်ပြီးနောက် ရီလင်းရွှယ်သည် ချွေးများဖြင့် ရွှဲနစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူမသည် ဂရုမစိုက်ခဲ့ပေ။ နူးညံ့သော အော်ဟစ်သံ တစ်ခုနှင့်အတူ သူမ၏ လျှပ်စီးမုန်တိုင်း လက်သီးသည် စက္ကန့်ဝက် အတွင်းမှာပင် ပုံရိပ်ဆယ်ခုလောက် ခွဲထွက်သွားခဲ့သည်။
အာ ... ဒီကောင်မလေး တော်တော် တိုးတက်လာတာပဲ ... သူမရဲ့ လျှပ်စီးမုန်တိုင်း လက်သီးက အဲ့နေ့ကထက် သိသိသာသာ အားပြင်းလာတယ် ...
ကျန်းရီသည် ဝမ်းနည်းစွာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သို့သော် သူသည် လက်သီး အစစ်အမှန်ကို ရှင်းရှင်းလင်းလင်း မြင်နေရသဖြင့် ပထမ ပုံရိပ်များသည် သူ့ကို သက်ရောက်မှု မရှိပေ။ သူမသည် ပုံရိပ်ယောင် အခုတစ်ရာလောက် ထုတ်လည်း ထိုအတိုင်းပင် ...
ကျန်းဂိုဏ်းတွင်လည်း လျှပ်စီးမုန်တိုင်း လက်သီးနှင့် သိပ်မကွာသော ပုံရိပ်ယောင်လက်သီး သိုင်းပညာရှိသည်။ သူ၏ ပုံရိပ်ယောင် လက်သီးသာ သဘာဝလွန်အဆင့်ကို ရောက်ရင် ရီလင်းရွှယ်ထက်ပို၍ အစစ်အမှန် ဆန်လာမည်ဟု ထင်ရသည်။ ကျန်းရီသည် ပုံရိပ်ယောင် ခြေလှမ်းကို သုံးကာ ရီလင်းရွှယ်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေခဲ့သည်။
"ဟောဟဲ ... ဟောဟဲ ... ကျွန်မဆက်ပြီး မတိုက်နိုင်တော့ဘူး ... ရှင်က အရမ်းအားကောင်း လွန်းတယ် ...."
ကျန်းရီသည် အပြုံးတစ်ခုနှင့် ပြန်ပြောလိုက်သည် ...
"မင်းကလည်း အရမ်းအားကောင်းပါတယ် ... ဒီလောက် ငယ်ငယ်လေးနဲ့တောင် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်ကို ရောက်နေတာ .... အတွင်းအားသာ ပိတ်ဆို့ ခံမထားရဘူးဆိုရင် ကျွန်တော်က သိုင်းတစ်ကွက်လောက်နဲ့ သခင်မလေး ရိုက်တာ ခံရပြီး ရှုံးသွားမှာပါ"
ရီလင်းရွှယ်၏ ဝတ်ရုံသည် လုံးဝကို စိုစွတ် နေခဲ့ပြီဖြစ်သည်။ သူမသည် အပြုံးတစ်ခုနှင့် ပြောလာခဲ့သည်
"ရှင်က ဘယ်လို စကားပြောရမလဲဆိုတာ ကောင်းကောင်းသိတာပဲ ... ကောင်းပြီလေ ... မနက်ဖြန် ကျွန်မရှင့်ကို လာရှာမယ် ... မနက်ဖြန် လေ့ကျင့်တဲ့ အချိန်မှာ အနည်းဆုံးတော့ ရှင် ကျွန်မကို ပြန်တိုက်မယ် ... အမြဲတမ်းရှောင် တိမ်းနေရတာ လုံးဝ ပျော်ဖို့ မကောင်းဘူး"
ကျန်းရီသည် ရှက်ရွံစွာ ခေါင်းငြိမ့်လိုက်သည်။ လက်ခံရုံမှ တစ်ပါး သူတခြား ဘာများ ပြောနိုင်ဦးမည်နည်း …
"ကောင်းပြီလေ …"
သခင်မလေးရီသည် အခန်းတွင်းမှ အရင်ထွက်ခွာ သွားခဲ့သည်။ ကျန်းရီသည်လည်း သူမနောက်မှ ထွက်လာလိုက်ရင်း ခန်းမအတွင်းသို့ ဝေ့ကြည့်လိုက်သည်။ သို့သော် သူသည် ကြီးကြပ်သူယန်ကို မတွေ့ခဲ့ပေ။ အများကြီး တွေးမနေတော့ဘဲ သူသည် သုံးစွဲလိုက်သော အနက်ရောင် အတွင်းအားများကို ပြန်လည် ထုတ်လုပ်နေလိုက်သည်။
ကြီးကြပ်သူယန်သည် အနီးရှိ အခန်းငယ် တစ်ခုအတွင်းတွင် ဖြစ်သည်။ သူတစ်ယောက်တည်းတော့ မဟုတ်ပေ။ အခန်းထဲတွင် ထည်ဝါသော ဝတ်စုံနှင့် ဆံပင်ဖြူဖြူများနှင့် လူကြီးတစ်ယောက်လည်း ရှိနေခဲ့သည်။ သူတို့နှစ်ယောက်သည် နံရံပေါ်ရှိ ကားချပ်တစ်ခုကို စိုက်ကြည့်နေခဲ့သည်။
ကားချပ်အတွင်းရှိ ပုံရိပ်များသည် ရွေ့လျား နေခဲ့ကြသည်။ ကျန်းရီနှင့် ရီလင်းရွှယ်သာ ကားချပ်ကို မြင်လျှင် လုံးဝဆွံ့အ သွားမည်ဖြစ်သည်။ ပုံရိပ်များသည်ကား သူတို့နှစ်ယောက်၏ တိုက်ပွဲကို ပြသနေခြင်းပင် ... သို့သော် ပုံရိပ်များသည် အနည်းဝါးနေခဲ့သည်။ ကားချပ်ကို အစီအရင် တစ်ခုဖြင့် ပြုလုပ်ထားသည်ဟု ထင်ရသည်။
"ဒါက အဓိပ္ပာယ် မရှိလိုက်တာ ... ကောင်လေးကို ကြည့်ရရင် သူ့ရဲ့ စွမ်းအားက တကယ်ကို သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့် မှာပဲရှိသေးတာ .... ဘယ်လိုလုပ်ပြီး ဒီလို တုံ့ပြန်နိုင်တာလဲ …"
ကြီးကြပ်သူယန်၏ မျက်နှာသည် နားမလည်မှုများ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နေခဲ့သည်။ သူသည် ပုံရိပ်များ တော်တော်ကြာအောင် ကြည့်နေပါသော်လည်း လုံးဝ နားမလည်လာခဲ့ပေ ... နောက်ဆုံးတွင် သူသည် ဆံပင်ဖြူနှင့် လူကြီးကို ကြည့်ကာ မေးလာခဲ့သည် ...
"အကြီးအကဲဖေး ... ဒါကို ဘယ်လိုလုပ်မှာလဲ …"
အကြီးအကဲသည် သူ့မုတ်ဆိတ်ကို ပွတ်ကာ ပြောလာခဲ့သည် ...
"ထပ်ကြည့်နေစရာ မလိုတော့ဘူး ... ဒီကလေးက တကယ်ကို သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်မှာပဲ ... ဒါပေမဲ့ ဒီလိုမျိုး တိုက်ခိုက်နိုင်ဖို့ သူ့မှာ ကောင်းကင်က ချီးမြှင့်ပေးထားတဲ့ ပင်ကိုအရည်အချင်းတွေ ရှိနေတယ် ... ကြီးကြပ်သူယန် ... သူ့ကို ကောင်းကောင်းမွန်မွန် ထိန်းကျောင်းပြီး လေ့ကျင့်ပေး ... သူ့ကို သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယအဆင့် ဒါမှမဟုတ် စတုတ္ထအဆင့်ကို ရောက်အောင် ကူညီပေးလိုက် .... သူက သိုင်းခန်းမရဲ့ ထူးခြားထက်မြက်တဲ့ ရွှေအဆင့် သိုင်းလေ့ကျင့်ဖက် ဖြစ်လာမယ့် အလားအလာ သေချာပေါက်ရှိတယ် ..."
*****