အခန်း (၅၇)
Vol. 7 Ch. 57
မီတာတစ်ရာအကွာမှ ဖေးယီကျန့် လှည့်ကြည့်လိုက်သည်။
သူ့အား ခေါ်လိုက်သူမှာ နန်ယု ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ သူ သိသိသာသာ အံ့အားသင့်သွားသည်။
သူ မသေဆုံးမီ ထိုလူနှစ်ဦးအား မြင်တွေ့ရခြင်းမှာ ဖေးယီကျန့်အတွက် ဟာသဖြစ်နေသည်။
သူ၏ မကြာမီ ဖြစ်လာတော့မည့် ဘေးဆိုးအားသိ၍ ကံကြမ္မာက သနားနေခြင်းများဖြစ်လေမလား?
ထိုသို့ သနားရန်မလိုအပ်ပေ။
ဖေးယီကျန့် ဤအခိုက်အတန့်အား အလွန်ကြာမြင့်စွာစောင့် ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ သူ တစ်နေ့နေ့တွင် လေယာဉ်ပျက်ကျ၍ သေဆုံးရမည်ကို ကြာမြင့်စွာကတည်းက သိရှိထား သည်။
မသေချာသည်မှာ မည်သည့်နှစ်၊ မည်သည့်နေ့ ဖြစ်သည်သာ ဖြစ်သည်။
သို့သော်လည်း ကံကြမ္မာသည် ထိုမျှအထိ တင်းကြပ်မှုမရှိပေ။
သူ့ခေါင်းပေါ်တွင် "ဖေးယီကျန့် လေယာဉ်ပျက်ကျ၍ အသက်တိုခဲ့သည်" ဟူသော စာအား မြင်နေရသည်။ ထိုသို့ဆိုလျှင် "အသက်တိုသည်" ဆိုသည်မှာ အသက် မည်မျှအထိ ဖြစ်နိုင်မည်နည်း?
သုံးနှစ်အရွယ်သည်လည်း အသက်တိုခြင်း ဖြစ်သလို ခုနစ်နှစ်အရွယ်သည်လည်း သေချာပေါက် အသက်တိုခြင်းပင် ဖြစ် သည်။ ထိုအသက်အပိုင်းအခြားအတွင်း လေယာဉ်ပျက်ကျမှုဖြင့် သေဆုံးလျှင် ပြဿနာမရှိပေ။
ဖေးယီကျန့် သူ့မိဘများ ကွယ်လွန်ပြီးနောက် ဖေးမိသားစု မသိအောင် အန္တရာယ်များသည့် ပရောဂျက်များစွာတွင် လျှို့ဝှက်ပါဝင်ခဲ့သည်၊ မိမိကိုယ်ကို သတ်သေရန်ပင် ကြိုးစားခဲ့ဖူး သည်။ သို့သော် ကံမကောင်းသည်မှာ ထိုစဥ်က ဖေးယွင်ကျင်းသည် မွေးဖွားခြင်းမရှိသေးပေ။ ထို့ကြောင့် သူ (ဖေးယီကျန့်) မည်သို့ သေဆုံးနိုင်မည်နည်း?
သူ မသေနိုင်သော်လည်း ဒဏ်ရာရကာ နာကျင်မှုတော့ခံစားရမည် ဖြစ်သည်။
တစ်ကြိမ်တွင် ဖေးယီကျန့် သုံးလကျော်ကြာအောင် ခုတင်ပေါ်တွင် လဲလျောင်းနေခဲ့ရပြီးမှသာလှုပ်ရှားနိုင်ခဲ့သည်။ ကံကောင်း ထောက်မစွာပင် ဖေးမိသားစုသည် သူ့ရည်ရွယ်ချက်များအား သတိမထားမိဘဲ မတော်တဆမှုဟုသာယုံကြည်ခဲ့ကြသည်။
ဖေးယီကျန့် နာကျင်အောင်ခံစားလိုသူ မဟုတ်သောကြောင့် ထိုကြိုးပမ်းမှုအား လက်လျှော့ခဲ့သည်။
အကယ်၍ မိန်းမတစ်ယောက်ကို မထိဘဲနေရင်ရော ?
ထို့ကြောင့် ဖေးယီကျန့် မိန်းမများအားရှောင်ကြဥ်သော စိတ် ထားဖြူစင်သူဟူသည့် ပုံရိပ်သည် ဖေးမိသားစုခေါင်းဆောင် ၏ပြင်ပ ပုံရိပ်ဖြစ်လာခဲ့သည်။
သို့သော် ကံကြမ္မာသည် ရက်စက်ကြောင်းသက်သေပြခဲ့သည်။ ပေထန်ရှောင်ဝမ် ရောက်လာသည့်အခါမှသာ သူ၏ "သား" မွေးဖွားလာသည်ကို သူ သိခဲ့ရသည်။ နောက်ဆုံးတွင် ဖေးယွင်ကျင်း မွေးဖွားလာခဲ့သည်။
ဖေးယွင်ကျင်း ငယ်ရွယ်စဥ်ကပင် ဖခင်အားဆုံးရှုံးခဲ့ရသဖြင့် ကြာမြင့်သော နှစ်များမရှိခဲ့ပေ။
ဖေးယီကျန့်သည် ဖေးယွင်ကျင်း မွေးဖွားစဥ်က သူ မည်သို့ ခံစားခဲ့ရသည်အား မမှတ်မိနိုင်ပေ။ ပျော်ရွှင်မှု ဖြစ်ကောင်းဖြစ်နိုင်သည်။
ဤမျှနှစ်ကြာပြီးနောက် နောက်ဆုံးတွင် သူ သေမည့်နေ့မှာ နီးကပ်လာပြီဖြစ်သည်။
သို့မဟုတ် ဖေးယီကျန့်၏ စိတ်ထဲတွင် ပျင်းရိငြီးငွေ့မှုအနည်း ငယ် ရှိနေနိုင်သည်။ အရာရာတိုင်းအား ကြိုတင်စီစဥ်ထားပြီးဖြစ်၍ တကယ်ပျင်းစရာကောင်းလှသည်။
ပေထန်ရှောင်းဝမ်၏ ကြိုးပမ်းအားထုတ်မှုများသည်ပင် အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
ကလေးမွေးဖွားစဉ်တွင် သူမ ဖြစ်လာနိုင်သည့် အခြေအနေတိုင်းအား ကြိုတင်မျှော်မှန်းပြီး သေချာသည်ဟု ထင်ရသော ပြင်ဆင်မှုများကိုပြုလုပ်ခဲ့သော်လည်းပြင်းထန်သော သွေးလွန် တုပ်ကွေးမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူမ၏ ကံကြမ္မာမှာ ကလေးမွေးဖွားစဉ် သေဆုံးရန်ဖြစ်သောကြောင့်၊ ဖေးယီကျန့်ကဲ့သို့ ကြမ်းတမ်း သော ရက်စွဲဖြင့်မဟုတ်ဘဲ ထိုအချိန်၌ သေဆုံးရမည်ဖြစ် သည်။
သူမ သေဆုံးပြီးနောက် ပေ့ထန်မိသားစုသည် ပေ့ထန်ရှောင်ဝမ်၏ ရုပ်အလောင်းအား လာရောက်ယူဆောင်ရန် ငြင်းဆန်ခဲ့သဖြင့် ဖေးယီကျန့် သူမ အရိုးပြာများကိုတိတ်ဆိတ်သောနေရာတစ်ခုတွင် ကြဲချခဲ့သည်။
နောက်ဘဝတွင် ပိုမိုကံကောင်းပါစေ၊ သက်တမ်းစေ့ နေထိုင်ရပါစေဟု မျှော်လင့်ခဲ့သည်။
ထိုကာလအတွင်း ဖေးယီကျန့်၏ စီးပွားရေးခရီးစဉ်များမှာ မကြာခဏ ဖြစ်လာခဲ့သည်။ ခရီးစဉ်များ အလွန်များပြားလွန်းသဖြင့် ဖေးရှင်းလင်သည်ပင် ကျန်းမာရေးအား ဂရုစိုက်ရန် သွယ်ဝိုက်သောအားဖြင့် သတိပေးခဲ့ရသည်။
ဖေးရှင်းလင်း ဖေးယီကျန့် မည်သည်အား မျှော်လင့်နေသည်ကို လုံးဝမသိခဲ့ပေ။ ဖေးရှင်းလင်မှာ ဖေးယီကျန့် မကြာသေးမီက ကျရှုံးခဲ့သော ဖေးမိသားစု၏ပရောဂျက်များအတွက် အပြစ်ရှိသည်ဟု ခံစားနေရသည်ဟု ထင်ခဲ့သည်။ ထိုအရာများမှာ "မတော်တဆမှုများ" သာဖြစ်ပြီး ဖေးယီကျန့်အား အပြစ်တင် ၍ မရပေ။
ဖေးယီကျန့် အပြင်ပန်းတွင် တည်ငြိမ်အေးချမ်းဟန်ပြသခဲ့ပြီး စိတ်မလှုပ်ရှားဘဲ ရှိနေခဲ့သည်။
သို့သော်လည်း အရာရာတိုင်းသည် ကံကြမ္မာ၏အစီအစဉ်အတိုင်း ဖြစ်ပေါ်လာခဲ့သည်။ နန်ယု ဖေးယွင်ကျင်း၏ မိထွေးဖြစ်လာခဲ့ပြီး၊ ပေ့ထန်မိသားစု၏အစီအစဉ်များသည်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ဖြစ်ပေါ်လာခဲ့သည်။
ဖေးယီကျန့် ကြိုတင်သိရှိထားသည့် အချက်များကြောင့် ပေ့ထန်မိသားစု၏ မျှော်လင့်ချက်ထက် ပိုမိုနားလည်ခဲ့ပြီး၊ သူတို့ အစီအစဉ်များမှတစ်ဆင့် သူ့သေဆုံးမှုမှာ သာမန်လေယာဉ်ပျက်ကျခြင်းထက် ပိုသည်ကို တဖြည်းဖြည်း ခန့်မှန်းမိခဲ့သည်။
သို့သော် ထိုအရာသည် အရေးမကြီးပေ။ မတော်တဆ သေဆုံးခြင်းသည် ကြံစည်ခံရ၍ သေဆုံးခြင်းနှင့် သိပ်မကွာခြားပေ။
နန်ယုအသစ်တစ်ယောက် ပေါ်လာသည်အထိပင်။
ဖေးယီကျန့် နန်ယုအား ဖော်ပြရန် ခက်ခဲသည်ကို တွေ့ရှိခဲ့ရသည်။ သူမသည် ရိုးရိုးသာမန်ဖြစ်ဟန်တူပြီး အစားအသောက်၊ အချိုရည်၊ ပျော်ရွှင်မှုနှင့် လှပသောရှုခင်းများကိုနှစ်သက်သော် လည်း တစ်ခါတစ်ရံတွင် မမျှော်လင့်ဘဲ အားကိုးရသည်၊ ထို့ထက်ပို၍ စိတ်ဓာတ်ခွန်အားကောင်းသည်။
ဖေးယီကျန့် နန်ယု၏လူမှုကွန်ရက်ပေါ်တွင် ကံကြမ္မာနှင့်ပတ် သက်သော နောက်ဆုံးရေးသားချက်အား သတိရလိုက်သည်။ ထို့နောက် သူ့ တုံ့ပြန်မှုနှင့် သူမ၏ပြန်လည်ဖြေကြားမှုများကိုပါ ပြန်သတိရသွားသည်။ နန်ယု သူ့အား လုံးဝဂရုစိုက်ချင်စိတ်မရှိသည်ကို ဖေးယီကျန့် ခံစားမိသည်။ ထိုအရာသည် နားလည်နိုင်စရာပင်။
မည်သို့ဆိုစေကာမူ အရူးတစ်ယောက်အနီးတွင် မည်သူကမှ ရှိချင်မည်မဟုတ်ပေ။
ဖေးယီကျန့် သူ့အခြေအနေအား ပွင့်ပွင့်လင်းလင်းမပြောခဲ့သည့်တိုင် နန်ယု သူ့အား စိတ်ရောဂါသည်တစ်ဦးအဖြစ်သတ် မှတ်ပြီးသား ဖြစ်လိမ့်မည်။
ယခုလို နောက်ဆုံးအချိန်တွင် ဖေးယီကျန့် နှုတ်ဆက်ခြင်း သို့မဟုတ် စကားများစွာ ပြောခြင်းတို့ကို မလိုလားခဲ့သော် လည်း နန်ယုနှင့် ဖေးယွင်ကျင်းတို့အား ရုတ်တရက် တွေ့ဆုံရခြင်းမှာ သူ လုံးဝ မျှော်လင့်မထားသောအရာဖြစ်သည်။
သူ ပုံမှန်အတိုင်း ပြုံးပြလိုက်သည်။
"မင်း..."
သူ့စကားမဆုံးသေးခင်မှာပင် နန်ယု ဖေးယွင်ကျင်းအား ပွေ့ချီလျက်ပြေးလာခဲ့သည်။
"ရှင် ဒီမှာ ဘာလုပ်နေတာလဲ ?!"
မေးခွန်းမှာ ရိုးရှင်းသော်လည်း နန်ယု အဘယ်ကြောင့် ဤမျှ မသာမယာ အမူအရာဖြင့် ကြည့်နေသည်ကို ဖေးယီကျန့် နားမလည်ပေ။ သို့သော် သူ အပြုံးအားဆက်လက်ထိန်းထားသည်။
"ကျွန်တော် Moss ကို စီးပွားရေးခရီးသွားမလို့ပါ"
သူ ပြန်လာတော့မည် မဟုတ်ပေ။
ပေ့ထန်မိသားစုသည် သူနှင့် လေယာဉ်တစ်စီးတည်းတွင်လိုက် ပါမည့်သူများအားစီစဥ်ထားသည်။ သူတို့သည် သူ့အား သတ်ရန်အတွက် လူများစွာကိုဆွဲခေါ်လာသည်မှာ အမှန်ပင်ရက် စက်ကြမ်းကြုတ်သည်။
ဖေးယီကျန့် သူတို့၏ ခေါင်းပေါ်တွင် "လေယာဉ်ပျက်ကျ၍ သေဆုံးခြင်း" ဟု သေဆုံးရခြင်း အကြောင်းရင်း ရေးထားသည့် လူအချို့အား မြင်လိုက်ရသည်။ မမျှော်လင့်ဘဲ တစ်စုံ တစ်ရာမဖြစ်ခဲ့လျှင် ၎င်းတို့သည် သူ့လေယာဉ်ပေါ်တွင် ပါလာမည့်သူများ ဖြစ်ရမည်။
ဦးတည်ရာတူသည်။
လီရီပိုင်နှင့် လီယွမ်မိုတို့၏ဦးတည်ရာနှင့်အတူတူဖြစ်သည်။
"မနက် ၁၀ နာရီ ၇ မိနစ် လေယာဉ်လား?"
နန်ယု ထပ်မေးလိုက်သည်။
ဖေးယီကျန့်နှင့် လီယွမ်မိုတို့သည် လေယာဉ်တစ်စီးတည်းတွင် ပါလာရန် ဖြစ်နိုင်ခြေ ဘယ်လောက်ရှိမည်နည်း?
နန်ယု မူရင်းနန်ယုကြောင့် ဖေးယီကျန့် မတော်တဆမှု ဖြစ်ခဲ့သည့် အချိန်နှင့် လေယာဉ်နံပါတ်အား အလွန်ကောင်းစွာ မှတ်မိနေသည်။
သေချာပေါက် ဒီနေ့တော့ မဟုတ်ဘူး!
ဒီနှစ်တောင် မဟုတ်ဘူး!
သို့သော်လည်း စာအုပ်ထဲမှအဖြစ်အပျက်များအားလုံးသည် အချိန်ကြာမြင့်စွာကတည်းက ပြောင်းလဲကုန်ပြီ ဖြစ်သည်။ ဖေးယီကျန့်၏ မတော်တဆမှုသည် မတော်တဆမှုသက်သက် မဟုတ်ဘဲ ကြံစည်မှု ဖြစ်လာဖို့ အလွန် ဖြစ်နိုင်ချေရှိသည်။ အကယ်၍ မတော်တဆမှု မဟုတ်လျှင်...
စောစီးစွာထွက်ခွာခြင်းသည် ပုံမှန်မဟုတ်ပါလား?
အတွင်းထဲရှိ ခရီးသည်ဆောင်သို့ ရောက်နေပြီဖြစ်သော လီယွမ်မိုနှင့် လီရီပိုင်တို့အား စဥ်းစားမိသည့်အခါ နန်ယု ယခင်ကထက် ပိုမို စိတ်ကြည်လင်ပြတ်သားပြီး တည်ငြိမ်အေးချမ်းနေသည်ဟု ခံစားရသည်။
"အချိန် ရှိပါသေးတယ်၊ လေယာဉ်မတက်ခင် နာရီဝက်လောက် အချိန်ရသေးတယ်"
"ငါ လုပ်နိုင်တယ်!"
ဖေးယီကျန့် အပြုံးမှာ ရုတ်တရက်ပျက်ယွင်းသွားသည်။
တစ်ခုခု မှားနေသည်။ နန်ယု၏ တုံ့ပြန်ပုံမှာ မှားယွင်းနေသည်။
သူ ဤလေဆိပ်သို့ လာမည်ကို မသိခဲ့ပါ၊ သို့ဆိုလျှင် နန်ယု မည်သူ့အား လိုက်ပို့နေခြင်းဖြစ်သနည်း ?
ဖေးယီကျန့် သူ ယခင်ကမြင်တွေ့ခဲ့သော လီယွမ်မိုနှင့် သူ့ညီငယ် လီရီပိုင်တို့အား အလျင်အမြန်စဥ်းစားလိုက်မိသည်။
သူ၏အလွန်ကောင်းမွန်သော မှတ်ဉာဏ်ဖြင့် မိုပိုင်ကုမ္ပဏီ ဥက္ကဋ္ဌလီယွမ်မို၏အချက်အလက်များအား ဖေးယီကျန့် သတိ ရလိုက်သည်- လီယွမ်မိုသည် Moss တွင် ကြီးပြင်းခဲ့သူပင်!
ထိုအချက်သည် လီယွမ်မိုနှင့် လီရီပိုင်တို့ သူနှင့် လေယာဉ်တစ်စီးတည်းတွင်ပါလာမည်ဖြစ်ပြီး၊ သူတို့ သေဆုံးစေခဲ့သော လေယာဉ်ပျက်ကျမှုမှာ ဤလေယာဉ်ပင်ဖြစ်သည်ကိုဆိုလို သည်။
ဖေးယီကျန့်အမူအရာမှာ ထိုင်းမှိုင်းသွားသည်၊ သို့တည်းမဟုတ် ခံစားချက်ကင်းမဲ့နေသည်။
သူ ထိုကဲ့သို့ ဖြစ်နေခြင်းမှာ ကြောက်မက်ဖွယ်ကောင်းသည်။ သူ အမျက်ဒေါသမထွက်သော်လည်း သူ့မျက်လုံးများမှာ အချည်းနှီး ဖြစ်နေသည်။ ဘာမှ အရေးမကြီးသလို၊ ဘာမှ ဂရုမစိုက်သလိုမျိုး ဖြစ်နေသည်။
ထိုမျက်လုံးများမှာ အသက်ကင်းမဲ့နေသည်။
"မင်း... သိနေတာလား?"
နန်ယု လီယွမ်မိုနှင့် သူငယ်ချင်းများ လေယာဉ်တစ်စီးတည်းတွင် ပါဝင်နေရုံဖြင့် ထိုကဲ့သို့ တုံ့ပြန်မည် မဟုတ်ပေ။ အကယ် ၍... သူမသည် လီယွမ်မိုနှင့် သူ့ညီတို့ မိမိနှင့် လေယာဉ်တစ်စီးတည်းတွင် သေဆုံးရမည်ကို သိရှိနေခဲ့လျှင်သာ ထိုသို့တုံ့ပြန်မည် ဖြစ်သည်။
သို့သော် နန်ယု၏ တုံ့ပြန်ပုံကို ကြည့်ခြင်းအားဖြင့် သူမ ဤလေဆိပ်သို့ ရောက်လာမည်အား ကြိုတင်မသိခဲ့ပေ။ ထို့ ကြောင့် ပေ့ထန်မိသားစု၏အစီအစဉ်ကို ကြိုတင်သိထားခြင်း မရှိပေ။
ထို့အပြင် သူမ၏ စိတ်နေသဘောထားအရ ဖေးယီကျန့်အား မနှစ်သက်စေကာမူ သူ အချည်းနှီး သေဆုံးသွားသည်ကို ငြိမ်ခံကြည့်နေမည်မဟုတ်ပေ။
ထို့ကြောင့် အခြားဖြစ်နိုင်ခြေအားလုံးကို ပယ်ဖျက်လိုက်လျှင် အဖြေတစ်ခုတည်းသာ ကျန်တော့သည်။
လီယွမ်မို ညီအစ်ကိုနှစ်ဦးနှင့် ဖေးယီကျန့်တို့ လေယာဉ်တစ်စီးတည်းတွင် ပါသွားပါက တစ်ခုခု ဖြစ်မည်အား နန်ယု သိရှိနေခြင်းပင်!
"—ကျွန်မ ဘာ သိနေတာလဲ ?"
ဖေးယီကျန့် လျင်မြန်စွာတုံ့ပြန်လိုက်သော်လည်း နန်ယုသည်လည်း အလျင်အမြန် စဥ်းစားဆုံးဖြတ်နိုင်စွမ်းရှိသူဖြစ်သည်။
ဒါက ပုံမှန်လူတစ်ယောက်မေးရမယ့် မေးခွန်းလား?!
နန်ယု နန်ကျီနှင့် နောက်ဆုံး စကားပြောခဲ့ဖူးသော ပေ့ထန်မိသားစုကို ပြိုလဲလုနီးပါးအထိ တွန်းပို့ခြင်းရှိ၊မရှိနှင့် ပတ် သက်သည့် အကြောင်းအရာအား ချက်ချင်းပြန်သတိရလိုက်သည်။ နန်ကျိ မိမိကိုယ် မိမိ ဘေးအန္တရာယ်မပြုလုပ်ကြောင်း သေချာပေါက် ကတိပြုခဲ့သည်။
ဖေးယီကျန့်ရော ဘယ်လိုလဲ?
ဒီလူ သေချင်နေတာကြာပြီလား?!
"ဒီလေယာဉ် ပျက်ကျမယ်ဆိုတာ ရှင် သိနေတာလား?"
နန်ယု ဖေးယွင်ကျင်းအား အောက်ချပြီး သူ့ ညာလက်ဖြင့် ဖေးယီကျန့် ကော်လာကိုဆွဲကိုင်လိုက်သည်။ ထိုအားသည် ပုံမှန်လူကြီးတစ်ဦးအား အသက်ရှူကျပ်သွားစေနိုင်သော အားဖြစ် သည်။
ဖေးယီကျန့်၏ တုံ့ပြန်မှုမှာ သူ့မျက်လုံးများကဲ့သို့ပင် တည်ငြိမ်နေသည်။
နန်ယု ထိုအချက်အလက်အား မည်သည့်နေရာမှ ရခဲ့သည်ကို လိုက်လံစုံစမ်းရန် သူ အချိန်မဖြုန်းတော့ပေ။ သူ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"မင်း လီယွမ်မိုနဲ့ တခြားသူတွေကို နောက်လေယာဉ်နဲ့ သွားဖို့ ပြောလို့ရတယ်၊ ဆင်ခြေတစ်ခုခုရှာလိုက်ပါ"
ဤတစ်ကြိမ် ရှောင်လွှဲနိုင်ခဲ့သည့်တိုင် နောက်ထပ်ဖြစ်ပွားမှုကိုတော့ ဖေးယီကျန့် ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ၊ ထိုအချိန်ရောက်လျှင် သူ သေဆုံးပြီးသား ဖြစ်နေတော့မည်။
"F*ck!"
နန်ယု ဒေါသတကြီးဖြင့် မထိန်းနိုင်ဘဲ ကျိန်ဆဲလိုက်သည်။
"အဲဒီ လေယာဉ်ပေါ်မှာလီယွမ်မိုနဲ့ သူ့သူငယ်ချင်းတွေပဲ ပါတာ မဟုတ်ဘူး၊ ကျန်တဲ့သူတွေက ဘယ်လိုလုပ်မလဲ ?"
လီယွမ်မိုနှင့် လီရီပိုင်တို့ ပထမတန်းစားတွင် နေရာယူထားသော်လည်း သူတို့နောက်တွင် သာမန်တန်းစား ခရီးသည်များစွာ ရှိနေသေးသည်။ ၎င်းမှာ သီးသန့်လေယာဉ် မဟုတ်သော ကြောင့် ဖေးယီကျန့်နှင့် ထိုနှစ်ယောက်တည်း ပါဝင်မည်မဟုတ်သည်မှာ ထင်ရှားသည်။
အနည်းဆုံးတော့ အသက်ပေါင်းများစွာ ဆုံးရှုံးရမည့် အခြေ အနေဖြစ်သည်။
ဖေးယီကျန့် တည်ငြိမ်စွာပင် "ဒါက သူတို့ရဲ့ ကံကြမ္မာပဲ" ဟု ပြောလိုက်သည်။
သူ သီးသန့်လေယာဉ်ဖြင့် ထာဝရပျံသန်းနိုင်ပြီး၊ ထိုသို့ဆိုလျှင် လူနည်းစု သေဆုံးမည် ဖြစ်သည်။
သို့သော် သူ၏ မူရင်းလေယာဉ်ပေါ်မှ လူများမှာ အချိန်ကာလတစ်ခု ပြောင်းသွားစေကာမူ ဒုက္ခရောက်နေဦးမည်သာဖြစ် သည်။
ကံကြမ္မာ၏ အလိုအရ သူတို့သည် နောက်ဆုံးတွင် လေယာဉ်တစ်စီးတည်းတွင် ပါဝင်ရဦးမည်။ သို့သော် ထိုအချိန်ရောက်လျှင် ၎င်းမှာ စစ်မှန်သော မတော်တဆမှု ဖြစ်ကောင်းဖြစ်နိုင် သည်။ အတူတကွ ရှိနေခြင်းမှာ ပိုကောင်းသည်။ ပေ့ထန်မိသားစု၏ ရာဇဝတ်မှုများ ပေါ်ပေါက်လာပါက လူထုအား ဒေါသထွက်စေပြီး သူတို့၏ အခြေအနေကိုပြန်လည်ပြင်ဆင် ၍မရအောင် လုပ်ဆောင်နိုင်လိမ့်မည်။
ဘုန်း!
ဆူညံနေသော ခန်းမတစ်ခုလုံးသည် ထိုအသံကြောင့် ခဏတာ တိတ်ဆိတ်သွားဟန်တူသည်။
ဖေးယီကျန့် မြေပြင်ပေါ်သို့လဲကျသွားသော်လည်း ထူပူနေဆဲ ဖြစ်သည်။ သူ အထိုးခံလိုက်ရတာလား ?
ဟုတ်သည်။ သူ့မျက်နှာပေါ်မှ ပြင်းထန်သောနာကျင်မှုက ၎င်းမှာ ထင်ယောင်ထင်မှားမဟုတ်ကြောင်း ဖော်ပြနေသည်။
သူသည် နန်ယုလက်သီးဖြင့် တကယ်အထိုးခံလိုက်ရသည်။
နန်ယု မိမိကိုယ်ကို အမြဲတမ်း ငြိမ်းချမ်းသောသူဟု ယူဆခဲ့သော်လည်း ဖေးယီကျန့်၏ စကားများမှာ သူမအား စိတ်ထိ ခိုက်စေခဲ့သည်။ သူမ အားကုန်သုံး၍ သူ့မျက်နှာအား ရက်ရက် စက်စက် ထိုးချလိုက်သည်။
ဖေးယီကျန့် မြေပြင်ပေါ်သို့ လဲကျသည့်အခိုက်အတန့်တွင် သူ့မျက်နှာ ရောင်ရမ်းလာပြီး ပါးစပ်ထောင့်မှ သွေးများ ထိန်းမနိုင်ဘဲ စီးကျလာသည်။ ကံကောင်းထောက်မစွာဖြင့် သူ သွားတစ်ချောင်းမှ မကျိုးခဲ့ပေ။
ထိုးပြီးနောက် နန်ယု သူမ၏လက်အား ခံစားချက်ကင်းမဲ့စွာ ရုပ်သိမ်းလိုက်သည်။ လူအများရှေ့တွင် ဖေးယီကျန့်အား ထိုးမိသည့်အတွက် သူမ နောင်တမရပေ။ ထိုအစား၊ သူ့အား အမှိုက် သရိုက်ပမာ စိုက်ကြည့်လိုက်သည်။
"ဒါဆိုရင်၊ ရှင်ရဲ့ သနားစရာကံကြမ္မာကိုလက်ခံပြီး သေလိုက်"
"ကျွန်မ ကျန်တဲ့သူတွေကို ကယ်မယ်!"
ထိုအော်ဟစ်သံမှာ ပတ်ဝန်းကျင်မှ ခရီးသွားများ၏အာရုံအား ချက်ချင်း ဖမ်းစားလိုက်သည်။ အော်ဟစ်သံအနည်းငယ်နှင့် လေဆိပ်ဝန်ထမ်းများပြေးလာကြသည်။
"ဆရာ၊ ဆရာ အဆင်ပြေရဲ့လား?"
"မစ် ဘာဖြစ်တာလဲ ?"
...
နန်ယု သူတို့အား လျစ်လျူရှုလိုက်သည်။ ဖေးယွင်ကျင်း၏ လက်ကို ဆုပ်ကိုင်ထားပြီး ဖုန်းထုတ်ကာ အရင်ဆုံး နန်ကျီအား ခေါ်လိုက်သည်။
"ဟဲလို ညီမလေး၊ ဘာကိစ္စလဲ ?"
"ဒီနေ့ မနက် ၁၀ နာရီ ၇ မိနစ် Mossကို ထွက်မယ့် လေယာဉ်မှာ ပြဿနာရှိတယ်၊ ခရီးသည်တွေ ဒါမှမဟုတ် လေယာဉ်ကိုတစ် ခုခု လုပ်ထားတာဖြစ်နိုင်တယ်၊ အစ်ကို၊ တားလိုက်ပါ!"
"ဘယ်လိုအခြေအနေမျိုးနဲ့ မဆို တားဆီးလိုက်ပါ!"
နန်ကျီ နန်ယုစကားများအား လုံးဝ မေးခွန်းထုတ်ခြင်းမပြုဘဲ ယုံကြည်လိုက်သည်။ သူ "ဟုတ်ပြီ" ဟုသာ ပြောပြီး လျင်မြန်စွာ ဖုန်းချလိုက်သည်။
လေယာဉ်မထွက်ခွာမီ နှစ်ဆယ့်ငါးမိနစ်သာကျန်တော့သည်။
နန်ယု နန်ကျိအား စောင့်မနေတော့ပေ။ သူ့ ခေါ်ဆိုမှုကိုရှင်းရှင်း လင်းလင်းကြားခဲ့ရမည်ဟု ယူဆရသော သူမနှင့် အနီးဆုံးရှိ ဝန်ထမ်းအား ကြည့်လိုက်သည်။
"ကျွန်မ နန်ယုပါ၊ ရှင်တို့ လေဆိပ်မှာ တာဝန်ရှိသူတဲ့ဆီကို ကျွန်မကို ခေါ်သွားပါ"
ထိုဝန်ထမ်း၏ထူပူနေသော အမူအရာမှာ နောက်ဆုံးတွင် အသိပြန်ဝင်လာဟန်တူသည်။ သူမ ကြားလိုက်ရသည့်အရာကို အနည်းငယ် သံသယဝင်သော်လည်း နန်ယု၏ကိုယ်ပိုင်အချက် အလက်က သူမအား ယုံကြည်စေခဲ့သည်။
ငယ်ရွယ်သူတစ်ဦးအနေဖြင့် သူမလည်း အွန်လိုင်းပေါ်တွင် ရှိသည်! မကြာသေးမီက နာမည်ကြီးနေသော နန်မိသားစု၏ သမီးအား သူ စိမ်းသက်မနေပေ!
ဒါဆို နန်ယုပြောတာ တကယ် အမှန်ပဲလား?
အိုး၊ ဘုရားရေ!
"မစ်နန်၊ ကျေးဇူးပြုပြီး ကျွန်မနဲ့ လိုက်ခဲ့ပါ!"
ဝန်ထမ်းမှာ သူ၏ ဝေါ်ကီတော်ကီအားထုတ်လိုက်သည်။
"ဟဲလို၊ ကျွန်မ..."
နန်ယု ဖေးယွင်ကျင်းအား ချီမကာ ရှေ့မှလူများနောက်သို့ အလျင်အမြန် လိုက်သွားသည်။ တစ်ချိန်တည်းမှာပင် နောက် ထပ် ဖုန်းခေါ်ဆိုမှုကို လီယွမ်မိုထံသို့ခေါ်လိုက်သည်။ ခရီးသည်တွင် ပြဿနာရှိပါက လီယွမ်မို သူမအား ကူညီနိုင်မည်ဟု သူမ ယူဆသည်။
ထိုအချိန်တွင် နန်ယု ဖေးယီကျန့်အား လုံးဝ မေ့လျော့သွားခဲ့ပြီ ဖြစ်သည်။
သူမ မှတ်ထားဖို့ မလိုပေ။
ဒီလူက ကြောက်တတ်သူပဲ၊ သေချင်ရင် တိတ်ဆိတ်တဲ့နေရာ ရှာပြီး ကိုယ့်ဘာသာသေလိုက်ပါ၊ တခြား အပြစ်မဲ့သူတွေကိုမထိခိုက်စေနဲ့!
ဖေးယီကျန့် နန်ယု၏ဝေးကွာသွားသောကျောပြင်ကို ကြည့်ပြီး၊ သူ့အခြေအနေအား မေးမြန်းနေသော အခြားသူများ၏ အသံများကို နားထောင်ရင်း ရုတ်တရက် လှဲချလိုက်သည်။
လေဆိပ်ကြမ်းပြင်မှာ မည်မျှပင် ညစ်ပတ်နေပါစေ၊ လူမည်မျှပင် ကြည့်နေပါစေ၊ သူ မြေပြင်ပေါ်တွင်လဲလျောင်းနေလိုက်သည်။
သူ့မျက်လုံးများမှာ သူ့ခေါင်းပေါ်မှ တောက်ပနေသော မီးရောင်များအား တည့်တည့် စိုက်ကြည့်နေပြီး၊ ညာလက်အား မြှောက်ကာ ပါးစပ်ထောင့်မှ သွေးများကိုသုတ်လိုက်သည်။
"ဟင်း~ မင်း တကယ်သန်တာပဲ"