အခန်း (၅၈)
Vol. 7 Ch. 58
"Moss သို့ သွားမည့် ခရီးသည်များဂရုပြုပါ၊ ရာသီဥတုအခြေ အနေကြောင့် လေယာဉ် A521 သည် ခေတ္တနှောင့်နှေးသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။ တစ်နာရီမှ နှစ်နာရီအထိ ကြန့်ကြာမည်ဟုမျှော်လင့်ရပါသည်။ ထို့အတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်..."
လေဆိပ်အတွင်း ခရီးစဥ်အားစောင့်ဆိုင်းနေကြသူ အချို့မှာ ထိုကြေညာချက်ကြောင့် မျက်မှောင်ကြုတ်မိသော်လည်း ဘာမှ လုပ်နိုင်စွမ်းမရှိပေ။
အချို့က မွန်းတည့်ချိန်နီးလာပြီး လေယာဉ်ပေါ်ပါ အစားအစာအား မီနိုင်မည်မဟုတ်ဟုယူဆကာ လေဆိပ်မှစီစဥ်ပေးမှုလည်း မတွေ့ရသောကြောင့် ကျောပိုးအိတ်များနှင့် ခရီးဆောင်အိတ်များကိုထုပ်ပိုး၍ နေ့လယ်စာစားရန်နှင့် ဟိုကြည့်ဒီကြည့်လှည့် ပတ်ကြည့်ရှုရန် စီစဥ်လိုက်ကြသည်။
"ဒီနေ့ ကံမကောင်းလိုက်တာ! ငါ အရင်တစ်ခါတုန်းကလည်း ကြန့်ကြာခဲ့ဖူးတယ်"
"ထားလိုက်ပါတော့၊ ကြန့်ကြာတာက ပုံမှန်ပဲ၊ ဘေးကင်းဖို့က အဓိကလေ"
"မကြာခင် ထွက်ခွာနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ငါ..."
လူအုပ်စုများ ထွက်ခွာသွားသဖြင့် ထိုဧရိယာတွင် လူပါးသွားသည်။
ထိုနေရာတွင် ရိုးရိုးသာမန်၊ အနည်းငယ် ပေါ့ဆသော အသွင်ရှိသည့် အသက်လတ်ပိုင်းအမျိုးသားတစ်ဦးရှိသည်။ ဘေ့စ်ဘောဦးထုပ် ဆောင်းထားပြီး နားကြပ်တပ်ထားကာ ဖုန်းအား ငုံ့ကြည့်နေသော ဟစ်ဟော့ဖက်ရှင် ဆယ်ကျော်သက်တစ်ဦးလည်းရှိသည်။
ထို့အပြင် အဖေနှင့်သား သို့မဟုတ် ညီအစ်ကိုများ ကဲ့သို့ ထင်ရသော လူငယ်တစ်ဦးနှင့် ကလေးတစ်ဦးလည်းရှိသည်။
"ကော၊ လေယာဉ် ရွှေ့ဆိုင်းလိုက်တာလား ?"
"ဟုတ်တယ်၊ ဗိုက်ဆာနေပြီလား ?"
"မဆာပါဘူး၊ ရှောင်ပိုင် ဗိုက်ပြည့်နေပြီ"
သူ့အစ်ကို ဖြစ်သည်ဟူသော အချက်အလက်မှာ အသက်လတ်ပိုင်း အမျိုးသား၏စိတ်ထဲတွင် လျင်မြန်စွာပေါ်လာသော်လည်း မျက်လုံးများက ဘာကိုမှမမြင်ဘဲ တွေဝေနေသလိုလစ်ဟာနေ သည်။
သူ လေဆိပ်ထဲဝင်လာသည့် အချိန်မှစ၍ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ပတ်သက်မှုမရှိ၊ အရာအားလုံးကို သူ့ဘာသာ မှီခိုနေရသူ ဖြစ်သည်။
ကျိုးကျန့်ကျွင်းသည် အသက် ၄၂ နှစ် ရှိပြီဖြစ်ပြီး ဇနီးသည်နှင့် စောစောကပင်ကွာရှင်းခဲ့သည်။ တစ်ဦးတည်းသော သမီးကို ဇနီးသည်အားအပ်နှင်းခဲ့ရသည်။ သူ့မိဘများမှာ ငယ်စဥ်က တည်းက ကွယ်လွန်သွားခဲ့ပြီး အခြားနီးစပ်သော ဆွေမျိုးများလည်း မရှိပေ။
သူသည် ပျင်းရိငြီးငွေ့သောလူ ဖြစ်ပြီး သူငယ်ချင်းမရှိပေ။ ကုမ္ပဏီမှအလုပ်ထုတ်ခံထားရပြီး ထိုနေရာတွင် အလုပ်လုပ်နေသော ဝေးကွာသည့် ဆွေမျိုးတစ်ဦးနှင့် သွားရောက်နေထိုင်ရန် Mossသို့ ခရီးသွားနေခြင်းဖြစ်သည်။
သူသည် ဆင်းရဲဒုက္ခရောက်နေဟန်တူသော်လည်း အဆိုးဆုံး မဟုတ်သေးပေ။ ထိုကဲ့သို့သော အတွေ့အကြုံရှိသူများစွာရှိသည်။
ကျိုးကျန့်ကျွင်း ဖုန်းအား တင်းတင်းဆုပ်ကိုင်ထားပြီး သူ့အမူ အရာ အလွန်ထူးဆန်းမနေစေရန် အိပ်ပျော်ရန်ရွေးချယ်လိုက်သည်။ အစားအသောက်အတွက်မူ ယခုအချိန်တွင် ဘာမှမစားနိုင်သေးကြောင်း စိတ်ထဲမှတောင်းပန်လိုက်သည်။
လီယွမ်မို တစ်ခါတစ်ရံ လီရီပိုင်နှင့် စကားပြောနေဟန်တူသော် လည်း တကယ်တမ်းတွင် ဖုန်းဖြင့် နန်ယုနှင့်အဆက်မပြတ်မက်ဆေ့ခ်ျပို့နေခြင်းဖြစ်သည်။
သူနှင့် လီရီပိုင်တို့ VIP ခန်းမတွင် အနားယူကာ လေယာဉ်တက်ရန်ပြင်ဆင်နေစဥ် နန်ယု၏ ရုတ်တရက် ခေါ်ဆိုမှုမှာ လီယွမ်မိုအား ထိုနေရာသို့ သွားရန်ဆွဲဆောင်နိုင်ခဲ့သည်။
သူ လီရီပိုင်အား VIP ခန်းမတွင် ထားခဲ့ရန်စဥ်းစားခဲ့သည်။ ထိုနေရာမှာ ပိုဘေးကင်းသည်။
သို့သော် ထိုကလေးငယ်မှာ အလွန် လိမ္မာပါးနပ်သည်။ အရာများစွာအား နားလည်သော်လည်း သူ့ဘေးတွင်သာ ရှိနေလိုကြောင်း အတင်းအကြပ် တောင်းဆိုခဲ့သဖြင့် ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
နန်ယု (မက်ဆေ့ချ်) : လေယာဉ်ကို သေချာ စစ်ဆေးပြီးပါပြီ၊ ရှင်းတယ်။ ရဲတွေက ခရီးသည်ဖိုင်တွေကို အခု ပြန်စစ်နေတယ်"
လေယာဉ်တစ်စင်းတွင် "မတော်တဆမှု" ဖြစ်နိုင်သော နည်းလမ်းနှစ်ခုသာ ရှိသည်။
တစ်စုံတစ်ယောက်၏ အမှားကြောင့် သို့မဟုတ် လေယာဉ်ကြောင့် ဖြစ်သည်။
လေယာဉ်အား စစ်ဆေးပြီး ရှင်းလင်းနေပြီဖြစ်သောကြောင့် လူများသာ ကျန်တော့သည်။
ဤခရီးသည်များသည် လုံခြုံရေး စစ်ဆေးရေးဂိတ်အား ပုံမှန်အတိုင်း ဖြတ်သန်းခဲ့ကြပြီး ပုံမှန်အခြေအနေတွင် အန္တရာယ်ရှိသော ပစ္စည်းများ သယ်ဆောင်လာနိုင်ခြင်းမရှိပေ။
သို့သော် တစ်စုံတစ်ယောက်မှ လေယာဉ်အား ဖျက်ဆီးရန်စိတ်ပိုင်းဖြတ်ထားပါက နည်းလမ်းများရှိပြီး သူတို့ကိုယ်တိုင်ပင် အန္တရာယ်အရှိဆုံးပစ္စည်း ဖြစ်နေနိုင်သည်!
သို့သော် ထိုသို့ဖြစ်ပါက သက်သေအထောက်အထားမရှိပေ!
ရာဇဝတ်သားသည် အဆိုပါပေါက်ကွဲမှုမဖြစ်ပွားမီတွင် သာမန်လူတစ်ဦးသာဖြစ်၍ ရှာဖွေရန်အလွန် ခက်ခဲသည်။
နန်ယု သူမသာ နန်မိသားစုဝင်တစ်ဦးမဟုတ်ခဲ့လျှင်၊ ပြီးတော့ သူမ၌ သက်သေအထောက်အထားမရှိပါက လေဆိပ်နှင့် ရဲများမှာ သူမအား ယုံကြည်မည်မဟုတ်ဟုပင် ခံစားခဲ့ရသည်။ လုံခြုံရေးအတွက် သေချာစွာစစ်ဆေးခဲ့ကြသည်ဆိုလျှင်ပင် ယခုကဲ့သို့ သတိထားမိမည်မဟုတ်ပေ။ ၎င်းမှာ ရိုးရှင်းသော အမှန်တရားဖြစ်သည်။
နန်မိသားစု၏သမီးဖြစ်သူ နန်ယု လိမ်ညာရန်မလိုအပ်ပေ၊ မှန်ပါသလား ?
လီယွမ်မို (မက်ဆေ့ချ်): "တခြားသူတွေ အကုန်ထသွားပြီး၊ ကျွန်တော်နဲ့မှ လူနှစ်ယောက်ပဲ ကျန်တော့တယ်"
ထို့နောက် သူသည် ထိုလူနှစ်ဦး၏ဝိသေသလက္ခဏာများအား ဖော်ပြခဲ့သည်။ ရဲများကလည်း စောင့်ကြည့်ကင်မရာများမှတစ်ဆင့် ထိုဧရိယာအားစောင့်ကြည့်နေကြသည်။
၎င်းတို့အကဲဖြတ်ချက်အရ ထိုကဲ့သို့သော လူတစ်ဦးတကယ် ရှိပါက တစ်ဦးတည်းရှိနေနိုင်သည့် အခွင့်အရေးပိုများသည်။
ဤလေယာဉ်ပေါ်တွင် တစ်ကိုယ်တော် ခရီးသည် သုံးဦးရှိသည်။
နှစ်ဦးမှာ ယခုအချိန်တွင် ထိုင်နေကြဆဲဖြစ်ပြီး၊ တစ်ဦးက စောင့်ကြည့်ကင်မရာ မှတ်တမ်းများအရ အိမ်သာသို့သွားနေသည်။
ဟုတ်သည်၊ ၎င်းမှာ မှန်းဆချက်သက်သက်ပင်။ တကယ်လို့ ရဲရင့်တဲ့ လူနှစ်ယောက် ပါလာခဲ့ရင်ရော ? သူတို့လည်း သေချာ မသိနိုင်ပေ။
သူတို့သည် ခရီးသည်များမဟုတ်ဘဲ လေယာဉ်အမှုထမ်းများမှ အရေးယူဆောင်ရွက်ပါက အောင်မြင်ရန် အခွင့်အလမ်း ပိုများမည် မဟုတ်လား ?
"မစ်နန်၊ တခြား သဲလွန်စရှိသေးလား ?"
ဤလေယာဉ်သည် စီစဥ်ထားသည့်အတိုင်း ထွက်ခွာခဲ့ပါက လေယာဉ်အမှုထမ်း အပါအဝင် လူ သုံးဆယ့်ခြောက်ဦး လေယာဉ်ပေါ်တွင် ပါဝင်မည်ဖြစ်သည်။
လူတစ်ဦးချင်းစီအား သေသေချာချာ စုံစမ်းစစ်ဆေးခြင်းမှာ အချိန်ယူရမည်ဖြစ်ပြီး သံသယရှိသူအား သတိပေးမိသွားနိုင်ဖွယ်ရှိသည်။
ထိုအချက်အား ရှာဖွေတွေ့ရှိသူ နန်ယုသည် အခြားအရာများကိုပါ သိနေနိုင်သည် မဟုတ်လော?
နန်ယုသည်လည်း ထိုအချက်အား ဂရုတစိုက်စဥ်းစားနေသည်။ ဤဖြစ်ရပ်မှာ ပေ့ထန်မိသားစုနှင့် ၉၉% ဆက်စပ်နေသော် လည်း သူမတွင် သက်သေအထောက်အထားမရှိသဖြင့် လက် ရှိအခြေအနေတွင် ပြောဆိုခြင်းသည် အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ပေ။
မူရင်းဝတ္ထုနှင့် နန်ယု၏ ကိုယ်ပိုင် အမှတ်ရစရာများကို ပေါင်း စပ်ကြည့်လျှင် လေယာဉ်သည်ပင်လယ်ထဲသို့ပျက်ကျခဲ့သည်။
အရေးအကြီးဆုံး အနက်ရောင်သေတ္တာ (Black Box) အားမတွေ့ရှိခဲ့ဘဲ ပျက်ကျရခြင်း၏အကြောင်းရင်းကိုလည်း မသိရပေ။
ဝတ္ထုတွင်လည်း ဖေးယီကျန့်အကြောင်းအား အတိုချုပ်သာ ဖော်ပြထားသည်။ မည်သို့ဆိုစေ ဖေးယီကျန့်သည် နန်ယု၏ စိတ်မမှန်မှုနှင့် ဖေးယွင်ကျင်းအား အလွဲသုံးစားပြုမှုအတွက် နှိုးဆွပေးသည့် အကြောင်းရင်း သက်သက်သာဖြစ်သည်။
သူ့အပေါ် အချိန်ကုန်ခံနေရန် မလိုအပ်၊ သေဆုံးသွားလျှင် ပြီးဆုံးသည်ဟု ယူဆသည်။
သဲလွန်စ ? တခြား ဘာသဲလွန်စတွေ ရှိသေးလဲ?!
ဖေးယီကျန့် ယခုအချိန်တွင် သဲလွန်စများ ပိုမိုသိရှိနေရမည်ကို နန်ယု သိသည်။ သူမသည် ဒေါသထွက်တတ်သူ အမျိုးအစား မဟုတ်ပေ။ လူ့အသက်နှင့်ပတ်သက်လာလျှင် မည်သည့်အာ ဃာတကိုမဆို ဘေးဖယ်ထားနိုင်သည်။ ဤသည်မှာ သူမ သင် ယူခဲ့သည့် နည်းလမ်းဖြစ်သည်။
ရိုးရိုးသားသားပြောရလျှင် သူမနှင့် ဖေးယီကျန့်တို့သည် ကြီးမားသော ရန်ငြိုးမရှိခဲ့ပေ၊ မဟုတ်ပါလား ?
အများဆုံးဆိုလျှင် လက်သီးတစ်ချက်လောက်သာ ဖြစ်မည်။
အဆိုးဆုံးမှ သူမအား ပြန်ထိုးခြင်းဖြစ်သည်။
သို့သော် ယခု ဖေးယီကျန့် ဘယ်ရောက်သွားပြီမှန်း ? နန်ယု လုံးဝမသိတော့ပေ။
"အန်တီ"
နန်ယုအား မနှောင့်ယှက်ဘဲ တိတ်ဆိတ်စွာ နေခဲ့သော ဖေးယွင်ကျင်း ရုတ်တရက် သူမ အင်္ကျီကိုဆွဲလိုက်သည်။
"အန်တီက လူဆိုးတွေကို ဖမ်းနေတာလား?"
နန်ယု ကိုယ်ကိုကိုင်းလိုက်သည်။
"ဟုတ်တယ်၊ ရှောင်ကျင်း၊ သား ပင်ပန်းရင် ဟိုဘက်မှာခဏ ထိုင်နေလေ၊ ဗိုက်ဆာရင် အန်တီ စားဖို့ တစ်ခုခုယူလာခိုင်း လိုက်မယ်၊ တောင်းပန်ပါတယ်၊ အန်တီ အခု သားကိုဂရုစိုက်ဖို့ အချိန်မရှိသေးဘူး"
ဖေးယွင်ကျင်း မျက်တောင်ခတ်လိုက်သည်။
"မလိုပါဘူး အန်တီ၊ ဒါပေမဲ့..."
သူ တစ်စက္ကန့်မျှ ရပ်နားလိုက်ပြီး "အဲဒီ ဦးလေးက ထူးဆန်းတယ်လို့ ထင်တယ်"
ဖေးယွင်ကျင်း စောင့်ကြည့်ကင်မရာဖန်သားပြင်ပေါ်ရှိ မျက် လုံးမှိတ်ထားသော အသက်လတ်ပိုင်းအမျိုးသားအားရည်ညွှန်း နေခြင်း ဖြစ်သည်။
နန်ယု အံ့အားသင့်သွားသည်။ သူမ ဖေးယွင်ကျင်းစကားအား ကလေးစကားအဖြစ် ပယ်ချခြင်း မရှိပေ။ ထိုအစား သူမ အလေးအနက်ထား၍ မေးသည်။
"ဘာဖြစ်လို့လဲ? ရှောင်ကျင်း၊ အန်တီ့ကို ပြောပြလို့ရမလား?"
ဖေးယွင်ကျင်း ရှင်းရှင်းလင်းလင်း ပြောသည်။
"ကြေညာချက်ထုတ်တုန်းက အဲဒီဦးလေးက စိတ်သက်သာရာရသွားတဲ့ပုံပဲ"
ဘာ?!
"စောင့်ကြည့်ကင်မရာကို နောက်ပြန်ရွှေ့!"
အနီးနားရှိ ရဲအရာရှိများလည်း ဖေးယွင်ကျင်း စကားအား ကြားလိုက်ကြသည်။ သူတို့ ကြေညာချက်ထုတ်စဥ် လူတိုင်း၏ တုံ့ပြန်မှုများအား စောင့်ကြည့်ခဲ့ကြသော်လည်း ကံမကောင်းစွာဖြင့် ဘာကိုမျှ သတိမထားမိခဲ့ပေ။
ယခု ဖေးယွင်ကျင်း စကားကြောင့် ထိုအဖွဲ့သည် အသက်လတ်ပိုင်း အမျိုးသား၏ တုံ့ပြန်မှုအပေါ် အာရုံစိုက်ကာ ဗီဒီယိုအား ချဲ့ကြည့်လိုက်ကြသည်။
သူ့မျက်နှာကို ကြည့်ခြင်းအားဖြင့် သူသည် ပုံမှန်အတိုင်းပင်ဖြစ်ပြီး လူတိုင်းကဲ့သို့ မျက်မှောင်ကြုတ်နေသဖြင့် လျစ်လျူရှုခံခဲ့ရဖွယ်ရှိသည်။
သို့သော် ဂရုတစိုက်ကြည့်ပါက ဖုန်းအား ဆုပ်ကိုင်ထားသော သူ့လက်ချောင်းများ အနည်းငယ်လျော့ရဲသွားသည်ကို မြင်နိုင်ပြီး သူ့ပခုံးများလည်း အနည်းငယ်တွဲကျသွားသည်ကို တွေ့နိုင်သည်။
ဒါက တကယ် စိတ်သက်သာရာရသွားခြင်းရဲ့လက္ခဏာပဲ!
ပုံမှန်လူတစ်ယောက်သည် လေယာဉ်နှောင့်နှေးကြောင်းကြားရသည့်အခါ စိတ်သက်သာရာရပါ့မလား?
သေဆုံးရန်စိတ်ပိုင်းဖြတ်ထားသော လူသတ်သမားသာ ထိုသို့ လုပ်လိမ့်မည်။ ဘဝနှင့် ရင်ဆိုင်ရသည့်အခါ ရုန်းကန်ခြင်းမှာ လူသားတို့၏ ပင်ကိုဗီဇဖြစ်သည်။
မည်မျှပင်စဥ်းစားနေစေကာမူ တစ်ခါတစ်ရံတွင် သင်၏ပင်ကို တုံ့ပြန်မှုအား ထိန်းချုပ်၍မရနိုင်ပေ!
"ရှောင်ကျင်း! တော်လိုက်တာ!"
သဲလွန်စရခဲ့သည်နှင့် ရဲများမှ ထို "ကျိုးကျန့်ကျွင်း" ၏အသေး စိတ်အချက်အလက်များအား ချက်ချင်း စုံစမ်းရန် သွားကြသည်။ နန်ယု ဖေးယွင်ကျင်းအားပွေ့ချီကာ သူ့မျက်နှာကို အကြီးကြီးနမ်းလိုက်သည်။ လူအများကြီးရှိသည့်အနက် ဂရုတစိုက်စောင့်ကြည့်သူမှာ ကလေးတစ်ယောက်လောက်တောင်မှအဖြစ်မရှိသည်မှာ ပြောရခက်သည်။
ဖေးယွင်ကျင်း ရှက်ရွံ့စွာပြုံးပြသည်။
"ဘာဖြစ်လို့လဲတော့ မသိဘူး၊ သား အဲ့ဒီလူကိုပဲ ဂရုစိုက်နေမိတာ၊ ဒါ ရှောင်ပိုင်ပြောတဲ့ ဆဌမအာရုံပဲ"
နန်ယု ထိုစကားကြောင့် ရယ်မောလိုက်မိသည်။
ဆဌမအာရုံ ? ဒါက အဓိကဇာတ်ဆောင်ကလေးရဲ့ထိုးထွင်းဉာဏ်များ ဖြစ်နေမလား ?
သို့သော် မည်သို့ပင်ဖြစ်စေကာမူ သဲလွန်စရခြင်းသည် ကောင်းသည်။
နန်ယု ထိုသို့သော လုပ်ရပ်မျိုးကို ကြိုးစားမည့်သူသည် ပုံမှန်အတိုင်းစားသောက်နိုင်ဦးမည်လား စမ်းသပ်ရန် ရည်ရွယ်၍ နေ့လယ်စာပေးရန်ကိစ္စကို လေဆိပ်အား တိတ်ဆိတ်စွာထားစေခဲ့သည်။ ယခု ပစ်မှတ်တစ်ခုရပြီဖြစ်သောကြောင့်...
ရုတ်တရက် နန်ယုနှင့်အတူရှိသော စောင့်ကြည့်ခန်းမှ ရဲအရာရှိမှာ ဖုန်းခေါ်ဆိုမှုအားလက်ခံရရှိသည်။ သူ အကြိမ်အနည်းငယ် "ဟင်" ဟု ရေရွတ်ပြီးမှ ဖုန်းချလိုက်သည်။
"မစ်နန်၊ ရုံးချုပ်က သတင်းရထားပါတယ်၊ သူတို့မှာ သက်သေအထောက်အထား ရှိတယ်"
ထိုစကားပြောပြီးသည်နှင့် စောင့်ကြည့်ကင်မရာ ဖန်သားပြင်တွင် ရဲအရာရှိနှစ်ဦးမှာ အသက်လတ်ပိုင်း အမျိုးသားအားခေါ်ဆောင်သွားသည်ကို ပြသနေသည်။
သူ ဘာကြောင့် ရုန်းကန်နေသည်ကို ဘယ်သူကဂရုစိုက်နေမှာလဲ ?
သဲလွန်စရ၍ ဝမ်းသာနေသော နန်ယု "..."
အခြေအနေကို ဆက်လက်သုံးသပ်နေပြီး ပုံမှန်အတိုင်း ပြုမူနေရန် ကြိုးစားနေသော လီယွမ်မိုသည် ရဲများမှ လူတစ်ဦးအား ဖမ်းဆီးသည်ကို ကြည့်ပြီး "..."
အခြေအနေအား ဖော်ပြရမည်ဆိုလျှင် အစကောင်းသော် လည်း အဆုံးမသတ်နိုင်သော၊ ညည်းတွားသံကဲ့သို့သော အရာတစ်ခုဖြစ်နိုင်သည်။
လူသတ်သမားကို စောစောစီးစီး ဖမ်းမိခြင်းမှာ ကောင်းသောအရာ ဖြစ်သော်လည်း ထူးဆန်းသောစိတ်မချမ်းမြေ့မှုအား ခံစားခဲ့ရသည်။
ထိုစိတ်မချမ်းမြေ့မှုမှာ အလွန်ရင်းနှီးသည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင်...
ဖေးယီကျန့်ကြောင့်များ ဖြစ်နေမလား?
လေဆိပ်နှင့် အနီးဆုံးရဲစခန်းတွင် နံနက် ၁၁ နာရီ ၃၀ မိနစ် ရှိနေပြီ။
နန်ယု၊ နန်ကျီ၊ လီယွမ်မိုနှင့် ဖေးယီကျန့်တို့ အတူတကွထိုင်နေကြသည်။
အနီးနားရှိ ရဲအရာရှိငယ်တစ်ဦးမှာ ဤမြင်ကွင်းအတွက် ဇာတ် လမ်းအား စိတ်ထဲတွင် ကြိုတင်ရေးဆွဲပြီးသားဖြစ်သည်။
"ဒီလေးယောက်ပေါင်းလိုက်ရင် ကမ္ဘာ့စီးပွားရေးကို လှုပ်ခါနိုင်လောက်တယ်"
ကလေးနှစ်ဦးကိုမူ နန်ကျီ၏လက်ထောက်မှ ဂို သင်တန်းသို့ ခေါ်သွားခဲ့ပြီးဖြစ်သည်။
သူတို့ ကြောက်လန့်နေခြင်း မဟုတ်ဘဲ စိတ်လှုပ်ရှားနေသည်။ သို့သော် ဖြစ်ပျက်မည့်အရာသည် ကလေးနှစ်ဦးအတွက်မသင့် လျော်ပေ။ နောက်ထပ်သတင်းအား စောင့်ဆိုင်းရန် ဗီလာသို့ ပြန်မည့်အစား ဂို သင်တန်းတက်ခြင်းကို ပိုနှစ်သက်ကြသည်။
မည်သို့ပင်ဆိုစေ လီယွမ်မိုနှင့် လီရီပိုင်တို့ ယနေ့ Moss သို့ ပြန်ရန် အစီအစဥ်မရှိတော့ပေ။
"မစ္စတာဖေး၊ ခင်ဗျား ပေးခဲ့တဲ့ သက်သေအထောက်အထားအတွက် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ မေးချင်တာက ဒီသတင်းအချက်အလက်ကိုရပြီးတဲ့နောက် ရဲကိုမခေါ်ဘဲ ခင်ဗျားရဲ့ လေယာဉ်ပေါ်ကို ပုံမှန်အတိုင်း ဘာကြောင့်တက်ဖို့ ရွေးချယ်ခဲ့တာလဲ?"
အဖွဲ့ခေါင်းဆောင် ရဲအရာရှိ၏အမူအရာမှာ လေးနက်သော် လည်း သူ့လေသံမှာ သိပ်မပြင်းထန်ပေ။ ရိုးရိုးသားသားပြောရလျှင် ပိုက်ဆံသည် တစ်ခါတစ်ရံတွင် လူတစ်ဦးအလိုရှိရာကို လုပ်ဆောင်စေနိုင်သည်။
သူ့ရှေ့မှ လူလေးဦးအနက် တစ်ဦးမှာ ဖေးမိသားစုမှ၊ နှစ်ဦးမှာ နန်မိသားစုမှဖြစ်ပြီး၊ ပုံမှန်ဟုထင်ရသော လီယွမ်မိုသည်ပင် ယူနီကွန်ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်သည်။
အတိုချုပ်ပြောရလျှင် သူတို့အားလုံးမှာ ချမ်းသာကြွယ်ဝသူ များ ဖြစ်ကြသည်။
ဖေးယီကျန့် ပြုံးရန်ကြိုးစားဟန်ဖြင့် အနည်းငယ် ရှေ့သို့ကိုင်းညွှတ်လိုက်သော်လည်း ဒဏ်ရာရထားသော သူ့ ညာဘက်ပါးက ခွင့်မပြုပေ။
သူ့မျက်နှာမှ ဒဏ်ရာအား အရေးပေါ် ကုသထားသောကြောင့် အစပိုင်းကဲ့သို့ ထိတ်လန့်စရာ ရောင်ရမ်းခြင်း မရှိတော့ပေ။ ၎င်းမှာ ဖေးယီကျန့် လူအများရှေ့တွင် ဤမျှ အရှက်ရဖွယ် ပေါ်လာခြင်း ပထမဆုံးအကြိမ်ဖြစ်နိုင်သည်။
တစ်ချိန်က ခန့်ညားခဲ့သော မျက်နှာနှင့် ကြော့ရှင်းသော ဟန်ပန်မှာ လက်သီးတစ်ချက်တည်းဖြင့် လုံးဝပျက်စီးသွားခဲ့သည်။ ပြန်လည်ကောင်းမွန်ရန် အနည်းဆုံးတစ်လခန့် ကြာနိုင်ဖွယ်ရှိသည်။
မပြုံးနိုင်တော့သောကြောင့် ဖေးယီကျန့် မိမိကိုယ်ကို အတင်း အကျပ် မလုပ်တော့ပေ။
"တောင်းပန်ပါတယ်၊ ကျွန်တော် တရားခံကို ထွက်လာအောင် ဆွဲဆောင်ဖို့ကြိုးစားနေတာပါ၊ လေယာဉ်မတက်ခင် သူ့ကို ဖမ်းဆီးဖို့ ကျွန်တော်ကြိုးစားခဲ့ပေမယ့် ဇနီးသည်နဲ့ နားလည်မှုလွဲပြီး အဆင်မပြေမှုဖြစ်ခဲ့ရတယ်"
ရဲအရာရှိ ပြန်ဖြေလိုက်သည်။
"ဟာ၊ တကယ်လား ? ကျွန်တော် နားလည်ပါပြီ"
နန်ယု ဖေးယီကျန့်အား တိုက်ခိုက်သည်အထိ ဖြစ်စေခဲ့သော နားလည်မှုလွဲမှားမှုနှင့် ပတ်သက်၍ သူသည် ထိုကဲ့သို့ ချမ်းသာသူများ၏အတင်းအဖျင်းများကို စိတ်မဝင်စားပေ။
မိသားစုနှစ်ခုလုံးမှ ဂရုမစိုက်ကြသည့်အတွက် ရဲအရာရှိ ၎င်းအား ဝင်ရောက်စွက်ဖက်ပြီး အိမ်တွင်းအကြမ်းဖက်မှုဟု ပြောဆိုရန် စိတ်ကူးမရှိတော့ပေ။
၎င်းမှာ ဆန္ဒရှိခြင်းကိစ္စဖြစ်ပြီး ရဲကမူ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
မစ်နန် တော်တော် သန်မာတာပဲ၊ ဟားဟား။
ဖေးယီကျန့်၏ အဖြေမှာ ရဲများ မှန်းဆခဲ့သည့်အတိုင်းပင် ဖြစ်သည်။ သူသည် တရားခံအား ထွက်လာအောင် ဆွဲဆောင်နေခဲ့ခြင်းကြောင့် ရဲကို မခေါ်ခဲ့ခြင်းဖြစ်သည်။
ထိုအရာမှာ ပုံမှန်လူတစ်ဦး၏တွေးခေါ်မှုပင်။
မည်သူကမှ ဖေးယီကျန့် သေခြင်းဆီသို့ တမင်တကာ အလျင် စလိုသွားနေသည်ဟု မထင်ကြပေ။ ၎င်းမှာ မဖြစ်နိုင်သော အရာဖြစ်သည်။
သူ ကိုယ်တိုင် ပြောခဲ့လျှင်ပင် နောက်ပြောင်သည်ဟု ယူဆခံရဖွယ်ရှိသည်။
ထို့ကြောင့် အပြစ်ကင်းစင်ဟန်တူသော ဖေးယီကျန့်အား ကြည့်နေသော နန်ယု၏ မျက်လုံးနှစ်လုံးမှာ "လူလိမ်!" ဟူ၍ တိုက် ရိုက်ဖော်ပြနေသည်။
သို့သော် သူမ သူ့အား ယခု ထုတ်ဖော်မည်မဟုတ်ပေ။ ၎င်းမှာ သူတို့ သီးသန့်ဆွေးနွေးရမည့်ကိစ္စဖြစ်သည်။
နန်ကျီ၏တိုက်တွန်းချက်များနှင့် လီယွမ်မို၏ မေးမြန်းမှုများအပါအဝင် မေးခွန်းများဆက်လက်မေးမြန်းခဲ့ကြသည်။ နန်ယု ဗီလာသို့ ပြန်ရောက်သောအခါ နေ့လယ် ၄ နာရီ ရှိနေပြီဖြစ် သည်။
ကံကောင်းစွာဖြင့် ရဲစခန်းမှ ထမင်းဘူးပေးခဲ့သောကြောင့်မစားရဘဲ မူးမေ့လဲကျမသွားပေ။
သို့သော် တိုက်ပွဲမှာ မပြီးဆုံးသေးပေ။
နန်ယု ဦးလေးကျိုးအားကြည့်လိုက်သည်။ သူ၏အံ့သြနေသော အမူအရာမှာ ဖေးယီကျန့် မျက်နှာမှ ဒဏ်ရာများကြောင့် ကြောက်ရွံ့နေဖွယ်ရှိသည်။
"ဦးလေးကျိုး၊ ကျွန်မတို့ ဆွေးနွေးစရာတွေ ရှိတယ်၊ ညစာအတွက် ကျွန်မတို့ကို မခေါ်ပါနဲ့ဦး၊ ရှောင်ကျင်း ပြန်လာရင် ဂရုစိုက်ပေးပါဦးနော်၊ ကျွန်မတို့ ဘယ်လောက်ကြာကြာ စကားပြောရမလဲ မသိဘူး"
ဦးလေးကျိုး ချက်ချင်းအလေးအနက်ထားလိုက်သည်။
"ဟုတ်ကဲ့ပါ၊ သခင်မလေး"
ဖေးယီကျန့် နန်ယု၏စာကြည့်ခန်းနှင့် စိမ်းသူမဟုတ်ပေ၊ သူ ယခင်က ရောက်ဖူးသည်။
"ကောင်းပြီ"
နန်ယု ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ သူမ၏ ထိုင်ပုံမှာ ပေါ့ပေါ့ပါးပါးဖြစ်သော်လည်း ပျင်းရိခြင်း သို့မဟုတ် မသင့်တော်ခြင်း မရှိပေ။
"စကားပြောကြစို့"
"ဘာအကြောင်းလဲ ?"
ဖေးယီကျန့် နန်ယု၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။
သူ့ကိုယ်ဟန်အနေအထားမှာ ပို၍ စနစ်ကျသည်။ သူသည် စာသင်ခန်းထဲမှ မူလတန်းကျောင်းသားတစ်ဦးကဲ့သို့ ဖြောင့်ဖြောင့်မတ်မတ်ထိုင်နေသည်။
"ဘာအကြောင်းလဲ ?"
နန်ယု ထိုစကားသုံးလုံးအား တိုးတိုးလေးရေရွတ်လိုက်သည်။
"ဒါဆိုရင်၊ ရှင် ဘာဖြစ်လို့ လူတွေရဲ့ခေါင်းပေါ်ကိုကြည့်ရတာ ကြိုက်ရတာလဲ ဆိုတဲ့အကြောင်း ပြောကြစို့လေ"