← Chapters

အခန်း (၆၀)

Vol. 7 Ch. 60

အခန်း (၆၀)

Vol. 7 Ch. 60

ကွာရှင်းပြတ်စဲခြင်းဆိုသည်မှာ အလွယ်တကူ သဘောတူညီမှု ရယူပြီး တံဆိပ်တုံးတစ်ခုရိုက်၊ စာရင်းအသစ်တစ်ခုဖွင့်လိုက်ရုံဖြင့် ပြီးနိုင်သည့် ရိုးရှင်းသောကိစ္စဖြစ်သည်။

သို့သော် နန်ယုနှင့် ဖေးယီကျန့်တို့ကဲ့သို့ အခြေအနေမျိုးတွင်မူ အလွန်ရှုပ်ထွေးနိုင်သည်။ ၎င်းတို့နှစ်ဦးပိုင်ဆိုင်သည့် ပစ္စည်းစာရင်းများအား ပုံနှိပ်ထုတ်ယူရန်ပင် စာရွက်ပေါင်းမြောက်မြားစွာလိုအပ်နေသည်။

သူတို့ လက်မထပ်မီကပင် အတွေ့အကြုံရှိ ရှေ့နေလေးဦးသည် ၎င်းတို့၏ပိုင်ဆိုင်မှုများကို အပြီးသတ် စာရင်းပြုစုရန်အတူတ ကွလုပ်ဆောင်ခဲ့ရသည်။

သို့သော် အံ့အားသင့်စရာကောင်းသည်မှာ ခြောက်လကျော်အကြာတွင် ထိုရှေ့နေလေးဦး ပြန်လည်ဆုံစည်းခဲ့ကြပြီး တစ်ဦးကိုတစ်ဦး အံ့အားသင့်စွာကြည့်နေကြသည်။

နန်ယု: "ကျွန်မ လက်ထပ်ပြီးနောက် တိုးပွားလာတဲ့ ပိုင်ဆိုင်မှုတွေအားလုံးက ဒီမှာပါ၊ ကျွန်မတို့ ကိုယ်စီကိုယ်ပိုင်ပစ္စည်းတွေ ရှိပြီးသားဆိုတော့ အလွယ်တကူရှင်းလင်းလို့ရတယ်"

နန်ယု ဖေးယီကျန့်ထံမှ အခွင့်ကောင်းယူရန် စိတ်ကူးလုံးဝမရှိပါ။ သူ့ ပစ္စည်းကိုသာယူပြီး သူနှင့် မပတ်သက်သောပစ္စည်းအား တစ်ပြားတစ်ချပ်မျှပင် ယူမည်မဟုတ်ပေ။

"ခင်ဗျားတို့ရဲ့ ကြိုးပမ်းအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်"

ဖေးယီကျန့် မျက်နှာတွင် ဒဏ်ရာဒဏ်ချက်များဖြင့်ပင် မည်သို့မျှ မဖြစ်ပျက်ခဲ့သည့်အလားတည်ငြိမ်အေးဆေးစွာ သူ စာရွက် စာတမ်းများအား လွှဲပြောင်းပေးအပ်လိုက်သည်။

ရှေ့နေလေးဦးသည်လည်း မျက်နှာများကိုတည်တည်တံ့တံ့၊ စူးစမ်းလိုစိတ် အရိပ်အယောင်မရှိဘဲ ခေါင်းညိတ်ပြကြသည်။

သူတို့၏အလုပ်အကိုင်အရ စပ်စုလိုစိတ်ဆိုသည်မှာ လုံးဝမရှိသင့်သည့်အရာဖြစ်သည်။

သို့သော်လည်း ဥက္ကဌဖေး၏မျက်နှာပေါ်မှ ဒဏ်ရာဒဏ်ချက်နှင့် အမူအရာအား မြင်လိုက်ရသည့်အခါ...

မော့သို စဥ်းစားနေမိသည်။ ရှေ့နေလေးဦးသည် အခန်း၏ အခြားတစ်ဖက်သို့သွားကာ တွက်ချက်မှုများ စတင်ပြုလုပ်ကြသည်။ နန်မိသားစုဘက်မှ နှစ်ဦးနှင့် ဖေးမိသားစုဘက်မှ နှစ်ဦး ပါဝင်ခြင်းဖြစ်၍ တရားမျှတသည်။

"တခြား ဖေးမိသားစုဝင်တွေကို မပြောထားဘူးလား ?"

မပြောပြလျှင် ဘာကြောင့် ဒီတစ်ကြိမ်မှာ ဖေးယီကျန့်တစ် ယောက်တည်း ဖြစ်နေရတာလဲ? နန်ယု ဖေးရှင်လင်၏စိတ်နေစိတ်ထားအရ သူ ဖုန်းမဆက်တာ၊ ဒါမှမဟုတ် အတူမလိုက်လာတာက မသင့်တော်ဘူးလို့ ခံစားရသည်။

ဖေးယီကျန့် ခေါင်းညိတ်သည်။

"အဲ့ဒါ အလုပ်ရှုပ်တယ်"

တကယ်တမ်းပြောပြလိုက်ပါက ထိုခေတ်ဟောင်းအမြင်ရှိသည့် လူကြီးများ၏ ဝိုင်းဝန်းပြောဆိုတိုက်ခိုက်ခြင်းကိုခံရမည်မှာ သေချာသည်။ ကွာရှင်းခြင်းကိစ္စကို ဘေးဖယ်ထားဦး၊ နန်ယုအား ဖေးယွင်ကျင်း၏အုပ်ထိန်းခွင့် လုံးဝပေးမည်မဟုတ်ပေ။

ဖေးယီကျန့် ပထမ လုပ်ဆောင်ပြီးမှ ခွင့်တောင်းရန်စီစဥ်နေပုံရသည်။

ဥပမာအားဖြင့် နန်ကျီ နန်ယုအား လိုက်ပါပို့ဆောင်ချင်သော် လည်း သူမ ပြတ်ပြတ်သားသားငြင်းဆိုခဲ့သည်။ ကွာရှင်းရုံမျှသာဖြစ်ပြီး နန်ကျီပါလာပါက အသုံးမဝင်သည့်အပြင်စိတ်အနှောင့်အယှက်ဖြစ်စေမည့် စကားများပြောနေမည်အား နန်ယု မကြိုက်ပေ။

ထိုအချက်နှင့်ပတ်သက်၍ သူတို့နှစ်ဦး နားလည်မှုတိတ်တ ဆိတ် ယူခဲ့သည်။

အတိုချုပ်စကားပြောဆိုမှု ပြီးဆုံးသွားသည့်နောက် တိတ်ဆိတ် သွားသည်။ ဖေးယီကျန့်ရော နန်ယုပါ ထပ်မံစကားမပြောကြတော့ပေ။

"အန်တီ"

ဖေးယွင်ကျင်း လေထုကြောင့် စိတ်မသက်မသာ ဖြစ်ပုံရပြီး လုံခြုံသည်ဟု ခံစားရသည့် နန်ယုအဝတ်စအား လက်လှမ်း၍ ဆွဲကိုင်လိုက်သည်။

"နေ့လယ်စာစားချိန်‌ရောက်တော့မယ်၊ နှုတ်ဆက်တဲ့အ‌နေနဲ့သွားစားကြရအောင်လား?"

နန်ယု ရှောင်ကျင်းအား နှစ်သိမ့်ရန် ခေါင်းကိုပွတ်သပ်ပေး လိုက်သည်။ ရှေ့နေများ ထိုကိစ္စအား ရှင်းလင်းရန်အနည်းဆုံး တစ်နာရီကြာမည်ဖြစ်ပြီး ဤနေရာတွင် စောင့်နေရခြင်းမှာ ပျင်းစရာကောင်းသည်။

ဖေးယီကျန့် ကန့်ကွက်စရာမရှိပေ။ သူ ဖုန်းထုတ်၍စားသောက် ဆိုင် ကြိုတင်မှာယူရန် ပြုလုပ်သော်လည်း နန်ယု တားမြစ်လိုက်သည်။

"မလိုဘူး၊ ဒီနေ့ ကျွန်မ ကျွေးပါ့မယ်"

"ကောင်းပြီ"

ဖေးယီကျန့် ဖုန်းပြန်သိမ်းလိုက်ပြီး နန်ယုနှင့် အငြင်းမပွားတော့ပေ။

သူတို့နှစ်ဦး အတွေးချင်းမတူညီသော်လည်း တစ်ဦးနှင့်တစ်ဦး စိတ်နေသဘောထားအား အတိုင်းအတာတစ်ခုအထိ နားလည်ထားကြသည်။ ဖေးယီကျန့် ယခုအချိန်တွင် ယဉ်ကျေးနေရန် မလိုအပ်ကြောင်းသိသည်။

"ရှောင်ကျင်း၊ ဘာစားချင်လဲ?"

နန်ယု လှည့်၍ ဖေးယွင်ကျင်းလက်အား ဆုပ်ကိုင်လိုက်သည်။ သူမ အစားအသောက်အတွက် သတ်မှတ်ချက်မထားဘဲ ရှောင်ကျင်းကိုသာ ဆုံးဖြတ်ခွင့်ပေးလိုက်သည်။

ဖေးယွင်ကျင်း ဖေးယီကျန့်အား တစ်ချက်ကြည့်ပြီး တစ်စက္ကန့်ခန့် စဥ်းစားကာပြောလိုက်သည်။

"ကျွန်တော် KFC စားချင်တယ်"

အရင်တစ်ခါ စားခဲ့စဥ်က အလွန်အမင်း ဝသွားခဲ့ခြင်းကြောင့် နောက်ထပ် ဘယ်တော့မှ မစားတော့ဟု ဖေးယွင်ကျင်း စိတ် ကူးခဲ့သည်။ ယခုအချိန်အတန်ကြာပြီးနောက်တွင်မူ ကြက်ကြော်နှင့် ကြက်ဥနို့ဆန်ကိတ် (Egg Tarts) အရသာအား သူ ပြန်လည် တမ်းတမိပြန်သည်။

နန်မိသားစု၏ ထမင်းချက်မှာ ၎င်းအစားအစာ နှစ်မျိုးလုံးအား ပြုလုပ်ပေးနိုင်သော်လည်း၊ KFC ကဲ့သို့ အရသာမရှိသည်ကို ရှောင်ကျင်း ထူးဆန်းစွာနားမလည်နိုင်ပေ။

ဖြစ်နိုင်သည်မှာ ၎င်းသည် ဤကဲ့သို့သော အပြင်စာများ၏ဆွဲဆောင်မှုဖြစ်ပေလိမ့်မည်။

"KFC ?"

ဖေးယီကျန့် ရှောင်ကျင်းအား ကြည့်လိုက်သည်။

"မင်း ကြိုက်လို့လား?"

သူ KFC ဆိုသည်မှာ အဘယ်အရာဖြစ်သည်၊ မည်သည့် အစား အသောက်များအား ရောင်းချသည်ကိုသိသည်။ သို့သော် ဖေးယီကျန့် တစ်ခါမျှ မစားဖူးခဲ့ပေ။

ကလေးဘဝကတည်းက ဖေးမိသားစုတွင် မျှော်လင့်ချက်များ ကြီးမားခဲ့သည်။ မိသားစုခေါင်းဆောင်၏ တစ်ဦးတည်းသော သားဖြစ်သည့် ဖေးယီကျန့်၏ အစားအသောက်၊ အဝတ်အ ထည်၊ နေထိုင်မှုနှင့် သွားလာမှု အားလုံးကို အသေးစိတ်စနစ် တကျ ပြင်ဆင်ထားခဲ့သည်။ KFC သည် ဖေးမိသားစု လူကြီးများ၏အမြင်တွင် အဆင့်အတန်း နိမ့်ကျသည့် အစားအစာအဖြစ် သတ်မှတ်ခြင်းခံရသည်။

ဖေးမိသားစု၏ တရားဝင် သခင်လေးတစ်ဦးမှာ ထိုကဲ့သို့သော အစားအသောက်များအား မည်သို့ စားသုံးနိုင်မည်နည်း။ အရွယ်ရောက်ပြီးချိန်တွင်လည်း ဖေးယီကျန့် ထိုကဲ့သို့သော အရာများအပေါ် စိတ်ဝင်စားခြင်းမရှိတော့ပေ။ အသက်ရှင်ရန်အတွက်သာ စားသုံးလျှင် လုံလောက်သည်ဟု သူ ယုံကြည်သည်။

အရသာရှိသော အစားအသောက်၊ သို့မဟုတ် လှပသည့် ရှုခင်းများ စသည့် လောကီအာရုံများအား သူ လုံးဝဂရုမစိုက်တော့ပေ။

ထိုစကားကို ကြားသောအခါ ရှောင်ကျင်း နန်ယု၏ အင်္ကျီအား ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ရိုးရိုးသားသားပြောရလျှင် သူသည် သူ့ရှေ့မှအမျိုးသားအား အနည်းငယ်ကြောက် ရွံ့နေသည်။ ထိုခံစားချက်အား ရှင်းပြရန်ခက်ခဲသည်။ အကြိမ်များစွာ တွေ့ဆုံပြီးနောက်တွင်ပင် သူ ဖေးယီကျန့်အားအနည်း ငယ် ကြောက်စရာကောင်းသည်ဟု ခံစားနေရဆဲဖြစ်သည်။

သို့သော် ရှောင်ကျင်းသည် ယဉ်ကျေးသော ကလေးတစ်ဦး ဖြစ်သည်။ မေးမြန်းသောအခါ ရိုးသားစွာခေါင်းညိတ်သည်။

"ကြိုက်တယ်၊ စားလို့ရမလား ?"

ဖေးယီကျန့် မတုံ့ပြန်မီတွင်ပင် နန်ယုပြောလိုက်သည်။

"ရတာပေါ့"

"နေ့တိုင်းစားနေတာမှ မဟုတ်တာ"

သူမသည်လည်း ကလေးဘဝတွင် ထိုအရာများအား နှစ်သက်ခဲ့ဖူးသည်။ ထိုစဥ်က သူ့အဘိုးအဘွားများမှာ ချမ်းသာကြွယ်ဝခြင်း မရှိသော်လည်း နန်ယုတောင်းဆိုမှုများအား တစ်ခါတစ်ရံ ဖြည့်ဆည်းပေးလေ့ရှိသည်။

တစ်သက်တာလုံး ကျန်းမာရေးနှင့် ကောင်းမွန်မှုကိုသာလိုက် စားနေပါက၊ ဘဝ၏ပျော်ရွှင်စရာများစွာအား လွဲချော်သွားမည်ဟု သူမ ယုံကြည်သည်။

"ဒါပေမယ့် ဒီနေ့တော့ အများကြီးမမှာနဲ့နော် ရှောင်ကျင်း"

"ဟုတ်"

နန်ယု ဘေးတွင်ရှိနေခြင်းကြောင့် ရှောင်ကျင်း သူ၏ အစောပိုင်း ကြောက်ရွံ့မှုအား မေ့လျော့သွားသည်။ သူ့လက်သေးသေးလေးဖြင့် ရင်ဘတ်ကိုပုတ်ကာ ကတိပေးသည်။

"ရှောင်ကျင်း မှတ်ထားပါ့မယ်"

၎င်းနေရာနှင့် မီတာ နှစ်ရာကျော်အကွာတွင် KFC တစ်ဆိုင် ရှိသည်။ ထို့ကြောင့် ၎င်းတို့ သုံးဦးသား လမ်းလျှောက်သွားရန် စီစဥ်ခဲ့ကြသည်။ သို့သော်...

"ရှင့် မျက်နှာက ?"

နန်ယု ဖေးယီကျန့်အား ထိုးကြိတ်မိခြင်းကို နောင်တမရသော် လည်း၊ လမ်းသွားလမ်းလာများမှ တစ်ခါတစ်ရံ သူ့အား ကြည့်နေကြသည်ကို မြင်သောအခါ သူမ အနည်းငယ်စိတ်ထဲ မကောင်းဖြစ်မိသည်။

"mask ဘာလို့ မတပ်တာလဲ?"

နန်ယု အမြင်တွင် အမျိုးသားအများစုမှာ ၎င်းတို့ရုပ်ရည်အား ဂရုစိုက်ကြသည်။ သူမ၏ အစ်ကို နန်ကျီပင်လျှင် မခြွင်းချန်ပေ။ သူတို့ အပြင်မထွက်မီ ၎င်းတို့ရုပ်ရည်အား သေချာ ဂရုစိုက်ကြပြီး မျက်နှာကို တန်ဖိုးထားကြသည်။

သို့သော် ဖေးယီကျန့်သည် မတူပေ။

သူ့မျက်နှာအား လုံးဝဂရုမစိုက်ပုံရသည်။ ထိုသို့သော မျက်နှာဖြင့် လမ်းလျှောက်ခြင်းနှင့် အခြားသူများ ကြည့်ခြင်းကိုပင် စိတ်မသက်မသာမဖြစ်ပေ။ သူ့စိတ်ဓာတ်ခွန်အားမှာ အမှန်ပင် ခိုင်မာသည်။

"အဆင်ပြေပါတယ်"

ဖေးယီကျန့် အမှန်တကယ်ပင် တည်ငြိမ်သည်။

"သူတို့ရဲ့ အကြည့်တွေကို ကိုယ် ဂရုမစိုက်ပါဘူး"

မည်သို့ပင်ဆိုစေကာမူ သူ့မျက်လုံးများထဲတွင် လမ်းသွားလမ်းလာအားလုံးမှာ အတူတူပင်။

[XXX: XXX တွင် သေဆုံး]

ဖေးယီကျန့် အချို့သောလူများ၏ ခေါင်းပေါ်တွင်သာ စာလုံးများ ပိုများနေခြင်းကို အချိန်ကြာမြင့်စွာကတည်းက သိရှိခဲ့သည်။ လူအများစုတွင်မူ သေဆုံးရမည့် အကြောင်းရင်း တစ်ခုသာ ရှိသည်။ သူ မြင်ဖူးသမျှထဲတွင် ကံကြမ္မာစာသားအပြည့်စုံဆုံး ပိုင်ရှင်မှာ ဖေးယွင်ကျင်းဖြစ်သည်။

ဖေးယီကျန့် ထိုနေရာတွင် မည်သည့် လျှို့ဝှက်ချက်များရှိနေ သည်ကို မသိသေးသော်လည်း၊ ၎င်းမှာ သူ့ ခိုင်မာသော စိတ်ပိုင်းဆိုင်ရာ ခွန်အားကိုထိခိုက်ခြင်း မရှိခဲ့ပေ။

ကလေးဆန်သော နည်းဖြင့် ပြောရလျှင်– "ကျွန်တော်တို့ အား လုံးကံကြမ္မာရဲ့ဖျက်ဆီးမှုအောက်မှာရှိတဲ့ အကွက်လေးတွေပဲ၊ ဒါဆို ဘာကြောင့် ဂရုစိုက်နေရမှာလဲ"

ကောင်းပြီ၊ ကိစ္စနှင့် ပတ်သက်သူက ဂရုမစိုက်သဖြင့် နန်ယုလည်း သူ့အား ထပ်မံစည်းရုံးရန် မကြိုးစားတော့ပေ။

သူမ အခြားသူများ၏ထင်မြင်ချက်များအား ပိုဂရုမစိုက်ပေ။ ဖေးယွင်ကျင်းသည်လည်း ပစ်မှတ်မဟုတ်ပေ။ သူ၏ ချစ်စရာကောင်းမှုကြောင့် တစ်ချက်တစ်ချက် ကြည့်ရှုခြင်းမှလွဲ၍ သူ့အား ကြည့်သူမရှိသလောက်ပင်။

ဤ KFC စားသောက်ဆိုင်တွင် ဒုတိယထပ် ပါသည်။ ထို့ ကြောင့် နန်ယုနှင့် အခြားနှစ်ဦးတို့သည် တန်းတက်သွားပြီး ဖုန်းများဖြင့် အစားအသောက်များအား မှာယူကြသည်။

ရှောင်ကျင်း အစားအသောက်များအား လျင်မြန်စွာ မှာယူလိုက်သည်ကို မြင်သောအခါ ဖေးယီကျန့် ခဏတာမျှ ငြိမ်သက်နေသည်။

"ဒါပဲလား ?"

ကြက်ဥနို့ဆန်ကိတ်တစ်ခု၊ အာလူးကြော်တစ်ပွဲနှင့် ကြက်သားအဖတ်အနည်းငယ်သာ စုစုပေါင်း ယွမ်နှစ်ဆယ်ကျော်သာ ရှိသည်။ နန်ယု ထိုမျှသေးငယ်သော ပမာဏအတွက် တင်းတိမ်လိမ့်မည်ဟု ဖေးယီကျန့် မထင်ခဲ့ပေ။

ဖေးယွင်ကျင်း ဤအချိန်တွင် အနည်းငယ်ရဲတင်းလာသည်။

"ဘာလို့လဲဆိုတော့ ကျွန်တော် ဒီလောက်ပဲစားနိုင်လို့ပါ၊ အန်တီကအစားအသောက်ကို မဖြုန်းတီးဖို့ပြောထားတယ်၊ ခင်ဗျားလည်း မဖြုန်းတီးပါနဲ့"

ဖေးယီကျန့် အံ့အားသင့်သွားသည်။

"ကောင်းပြီ၊ မဖြုန်းတီးပါဘူး"

ဖေးမိသားစုသည် သူ့အား ဗဟုသုတ၊ ကျင့်ဝတ်နှင့် ပရိယာယ်အမျိုးမျိုးကို သင်ကြားပေးခဲ့သော်လည်း အစားအသောက်အားမဖြုန်းတီးရန် ဖေးယီကျန့်ကို မည်သူမျှတစ်ခါမျှမတောင်း ဆိုဖူးခဲ့ပေ။

စာအုပ်များတွင် ထိုသို့သော မူဝါဒရှိသည်မှာ မှန်သော်လည်း၊ ဖေးယီကျန့်၏ ဂုဏ်သိက္ခာအရ သူ့မိသားစုမှာ ထိုသို့သော "သေးငယ်သည့်" ကိစ္စများအတွက် စိုးရိမ်ပူပန်စေမည်မဟုတ်ပေ။

ဖေးယီကျန့် ၇၀ ရာခိုင်နှုန်းခန့်ဝသောအခါ သူ့တူအား ချထားလေ့ရှိပြီး၊ ကျန်သည့် အစားအသောက်များကို မည်သည့်နေရာသို့ ရောက်သွားသည်အား တစ်ခါမျှ ဂရုမစိုက်ခဲ့ပေ။

"ဘာ မှာချင်သေးလဲ ?"

ဖေးယီကျန့်၏ နာခံမှုကြောင့် ရှောင်ကျင်း ပိုလို့နီးကပ်လာပုံရသည်။

"ဒီကြက်ဥနို့ဆန်ကိတ်က အရမ်း အရသာရှိတယ်နော် !"

ဖေးယီကျန့် ကြက်ဥနို့ဆန်ကိတ် ဘေးရှိ အပေါင်းလက္ခဏာအား ချက်ချင်းနှိပ်လိုက်သည်။

"ဒီတစ်ခုရယ်၊ ဒီတစ်ခုလည်း မှာဦး! ခင်ဗျား ဒါတွေ စားနိုင်ပါ့မလား?"

"ရတာပေါ့"

"ဒါဆို ခင်ဗျား နည်းနည်းကျွန်တော့်ကိုပေးလို့ရမလား ? ကျွန် တော် တစ်ပွဲလုံးမစားနိုင်ဘူး"

"ရပါတယ်"

ဖေးယီကျန့် အသံမှာ ပုံမှန်အတိုင်းပင်။ ကလေးတစ်ဦး၏ တောင်းဆိုချက်အား ဖြည့်ဆည်းပေးမည့် သာမန်အမျိုးသားတစ်ဦးနှင့်တူပေသည်။

ထူးဆန်းလိုက်တာ၊ သူ တကယ် စိတ်ရှည်တယ်လား ?

သူ တည်ငြိမ်ပြီး အေးဆေးနေသော်ငြားလည်း ဖေးယီကျန့် သူသည် ထိုသို့မဟုတ်ကြောင်း သိသည်။

သူ မဆက်ဆံချင်သည့် တစ်စုံတစ်ဦးအား မည်သည့် ထူးခြားမှုမှ မသိစေဘဲထွက်သွားစေရန် ဖေးယီကျန့်တွင် နည်းလမ်းပေါင်း မရေမတွက်နိုင်အောင်ရှိသည်။

သို့သော် ရှောင်ကျင်း၏ ရိုးရှင်းပြီး အဓိပ္ပာယ်မရှိသော စကားများဖြင့် ရင်ဆိုင်ရသောအခါ၊ သူ အဘယ်ကြောင့် ဒေါသထွက်မလာသနည်းဟု ဖေးယီကျန့် အံ့ဩမိသည်။

သူသည် ယခု ထူးဆန်းသော စိတ်အခြေအနေတွင်ရှိသည်။ ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းအား မရှင်းလင်းသော်လည်း တည်ငြိမ်ပြီး၊ ရှားရှားပါးပါး စစ်မှန်သည့် ငြိမ်းချမ်းသည့် အခြေအနေဖြစ်သည်။

ရဲရင့်သောကလေး ဖေးယွင်ကျင်းမှာ သူ့အစောပိုင်း စိတ်မသက်မသာဖြစ်မှုအား လုံးဝပျောက်ကွယ်သွားစေခဲ့သည်။

ဖေးယီကျန့် အတော်အတန် များများ မှာယူသည်ကို မြင်သော အခါ သူ စားနိုင်ပါ့မလားဟုမသေချာသေးဘဲ ရှောင်ကျင်း ထပ်မံ မေးလိုက်သည်။ သူ စားနိုင်ကြောင်း အာမခံချက်ကို ကြားသောအခါ "လိမ်တဲ့ကလေးက ကောင်းတဲ့ ကလေး မဟုတ်ဘူး" ဟု ထပ်ပြောလိုက်သည်။

ဖေးယီကျန့်: "..." ရယ်မောလိုက်ပါက သူ့ဒဏ်ရာများ ပြဲသွားမည်ကိုစိုးရိမ်သောကြောင့်သာ မဟုတ်လျှင် သူ ပြုံးလိုက်မိမည်။

နန်ယု သူတို့နှစ်ဦး ဆက်ဆံပြောဆိုနေသည်အား ဝင်မစွက်ဖက်ဘဲ စောင့်ကြည့်နေသည်။ သူမ ဖေးယွင်ကျင်းအား သူမ၏ ပိုင်ဆိုင်မှုအဖြစ် တစ်ခါမျှမမှတ်ယူခဲ့ပေ။ သူ ဖေးမိသားစုသို့ ပြန်သွားချင်သည်ဟု ပြောလျှင်ပင် နန်ယု သူ့အား ကောင်းချီး ပေးမည်ဖြစ်သည်။

သူမ ဖေးယွင်ကျင်းအား ကယ်တင်ခဲ့သည်မှာ မှန်သော်လည်း၊ သူမသည် သူ့ထံမှ ပျော်ရွှင်မှုများစွာကို ရရှိခဲ့ပြီး သူ့ နှလုံးသားအား ပျော်ရွှင်စေခဲ့သည်။ မည်သူက မည်သူ့အားပေးဆပ်ရသည်ဟူသော မေးခွန်းမျိုး တစ်ခါမျှမရှိခဲ့ပေ။

နောက်ဆုံးတွင် ဖေးယီကျန့် အစားအစာများအား သယ်ဆောင်လာခဲ့သည်။

"ဒါ ဘာလဲ ?"

နန်ယု သူမ၏ပန်းကန်ပေါ်ရှိ အပိုအစားအသောက်များအား မြင်သောအခါ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ဖေးယီကျန့်: "ဝန်ထမ်းတွေက ကျွန်တော့်ကို Mask ပေးလိုက်တယ်၊ သူတို့က ကျွန်တော် လိုအပ်မယ်လို့ထင်လို့တဲ့"

နန်ယု: "ဟား ဟား ဟား ~"

ရုပ်ရည်တချို့ ပျက်ယွင်းနေရင်တောင် ချောမောသည့် အမျိုး သားတွေသာ ထိုသို့ဆက်ဆံခံကြပုံရသည်။

အစားအသောက်များ ရောက်လာသည်ကို မြင်သောအခါ ရှောင်ကျင်း ချက်ချင်းမယူဘဲ၊ သူ့ကျောပိုးအိတ်သေးသေးလေးထဲမှ Wet Wipe တစ်ခုအားထုတ်ယူပြီး နန်ယုနှင့် ဖေးယီကျန့်တို့ကို တစ်ခုစီပေးကာ သူ့လက်ချောင်းများအား သေချာ ဂရုတစိုက် သုတ်လိုက်သည်။

ဖေးယီကျန့် အကြည့်အား ခံစားမိသောအခါ သူ စူးစမ်းသော အမူအရာဖြင့်ပြန်ကြည့်သည်။

"ခင်ဗျား ဘယ်လိုသုံးရမယ်ဆိုတာ မသိဘူးလား ?"

"...သိပါတယ်"

"မစားခင် လက်ဆေးသင့်တယ်"

၎င်းမှာ အဘိုးကျိုး ရှောင်ကျင်းအား သင်ပေးထားခြင်းဖြစ်ပေမယ့် အပြင်မှာ အဆင်မပြေသည့်အတွက် Wet Wipe အား ပြင်ဆင်ထားခြင်းဖြစ်သည်။ သူ့ကျောပိုးအိတ်သေးသေးလေးထဲ အလေးချိန်မများပေ။

ဖေးယီကျန့် ရှောင်ကျင်း လက်သုတ်သည်ကိုကြည့်ပြီးမှ သူ့အစားအသောက်အပိုင်းအား သူ့ရှေ့တွင်ချပေးသည်။ ထို့ နောက် ခေါက်ဆွဲဆော့စ် (Ketchup) အချို့အား သတိတရ ညှစ်ပေးပြီး သူနှင့် နန်ယုတို့နှင့် ခွဲဝေစားသောက်စေသည်။

ဤကလေးမှာ အမှန်ပင် ကောင်းမွန်စွာ ပညာသင်ကြားပေးခြင်း ခံရသူဖြစ်သည်။

ဖေးယွင်ကျင်းခေါင်းအထက်ရှိ စာလုံးများ ပိုမိုမှိန်သွားသည်ကို မြင်သောအခါ သူ ကလေးအား ကြည့်လိုက်သည်။

"တောင်းပန်ပါတယ်"

ကြက်ဥနို့ဆန်ကိတ် စားနေပြီး နှုတ်ခမ်းတွင် အမှုန်အမွှားများ ကပ်နေသော ဖေးယွင်ကျင်း ပဟေဠိဖြစ်နေသော အမူအရာဖြင့် ခေါင်းစောင်းလိုက်သည်။

ကျွန်တော့်ကို ပြောနေတာလားဟင်?"

"ဟုတ်တယ်၊ တောင်းပန်ပါတယ်"

ဖေးယီကျန့် ရှောင်ကျင်းကလေးဘဝမှ နှိပ်စက်ခံခဲ့ရသည်ကို သိသည်။ သို့သော် နှိပ်စက်သူများထဲတွင် အိမ်အကူလည်း ပါဝင်သည်အား မသိခဲ့ပေ။

နန်ယုအား ပထမဆုံးမြင်သောအခါ၊ ဖေးယီကျန့် သူမသည် နှိပ်စက်သူဖြစ်ပြီး သူ သေဆုံးပြီးနောက်မှဖြစ်ပျက်သည်ဟု သဘာဝအတိုင်းယူဆခဲ့သည်။

ကလေးအပေါ် သူ၏ ရှုပ်ထွေးသော ခံစားချက်များကြောင့် ဖေးယီကျန့် ဖေးယွင်ကျင်း မွေးဖွားပြီးကတည်းမှ သူ့အား အာရုံစိုက်မှုနည်းခဲ့သည်။ သူသည် ကျန်းမာရေးမကောင်းသည်ကိုသာ သိပြီး၊ တွေ့တိုင်း ဖျားနာနေပုံရသည်။ ထို့ကြောင့် ဖေးရှင်လ နန်ယု၏ဖေးမိသားစုမှ လူများစွာအပေါ် လုပ်ဆောင်ခဲ့မှုများနှင့် အကြောင်းရင်းအားပြောပြသောအခါ၊ ဖေးယီကျန့် ခဏတာမျှ အံ့အားသင့်သွားပြီး နောင်တရမိသည်။

ဖေးယွင်ကျင်းသည် ကံကြမ္မာ၏အကွက်တစ်ခုမျှသာဖြစ် သည်။ သူ ဘာမှ အမှားမလုပ်ခဲ့ပေ။

ယနေ့တွင် သူ့ တောင်းပန်မှုအား နောက်ဆုံး၌ဖော်ပြခဲ့သည်။

"ရပါတယ်"

ဖေးယွင်ကျင်း တစ်ရှူးတစ်ရွက်ဖြင့် ပါးစပ်အားသုတ်လိုက်သည်။

"ခင်ဗျားနဲ့ အဲဒီလူတွေ ကျွန်တော့်ကို မကြိုက်ရင်တောင် အရေးမကြီးပါဘူး"

"ကျွန်တော်က လောကမှာအကောင်းဆုံး အန်တီနဲ့တွေ့ခဲ့ရတာပဲ၊ ရှောင်ကျင်း လောဘမကြီးပါဘူး၊ အန်တီတစ်ယောက်ရှိရုံနဲ့ လုံလောက်ပါတယ်"

နန်ယု ပြုံးလိုက်ပြီး အာလူးကြော်တစ်ချောင်း ကောက်ယူကာ ဖေးယွင်ကျင်းအား ပေးသည်။

"ရှောင်ကျင်းကလည်း လောကမှာ အကောင်းဆုံးကလေးပါပဲ"

ဖေးယွင်းကျင်း အပြုံးမှာ ပိုမိုကျယ်ပြန့်လာသည်။

"ဟုတ်! ကျွန်တော် သိပါတယ် !"

ထို့နောက် သူ အာလူးကြော်အား တစ်ကိုက်စားလိုက်သည်။

"ရပါတယ်၊ ရပါတယ်"

ပါးစပ်ထဲမှ အစားအသောက်များကြောင့် ဖေးယွင်ကျင်း စကားများမှာ အနည်းငယ် မရှင်းလင်းသော်လည်း ဖေးယီကျန့် နားလည်လိုက်သည်။

သူ လွယ်လွယ်ကူကူ ခွင့်လွှတ်ခြင်းခံလိုက်ရသည်။

နန်ယုကြောင့်လား ?

ဖေးယီကျန့် သူ့အကြည့်အား သူ့ရှေ့မှ ဘာဂါဆီသို့ ပြန်လည်ရောက်ရှိစေသည်။ နန်ယု ဖေးယွင်ကျင်း၏ကံကြမ္မာအား တကယ်ပဲ ပြောင်းလဲနိုင်လိမ့်မည်ဖြစ်သည်။

မျှော်လင့်ပါတယ် သူ လုပ်နိုင်ပါစေ။

ဖေးယီကျန့်နှင့် နန်ယုတို့၏ကွာရှင်းမှု လုပ်ငန်းစဥ်မှာ ချောမွေ့စွာပြီးဆုံးသွားသည်။ ၎င်းတို့သည် ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်း မရှိဘဲ ငြိမ်းချမ်းသည့် ကွာရှင်းခြင်း၏စံနမူနာပင်။

ဖေးယွင်ကျင်း၏ အုပ်ထိန်းခွင့်ကို နန်ယုအား တရားဝင်ပေး အပ်လိုက်သည်။ သူ့အိမ်ထောင်စု စာရင်းကိုပါလွှဲပြောင်းပေး အပ်လိုက်ခြင်းကြောင့် ဖေးမိသားစုနှင့် မည်သည့်ဆက်စပ်မှုမျှ မရှိတော့ပေ။

"နှုတ်ဆက်ပါတယ်"

"နှုတ်ဆက်ပါတယ်"

၎င်းတို့၏ကိုယ်ပိုင်ကားများရှေ့တွင် ဖေးယီကျန့်နှင့် နန်ယုတို့ နှုတ်ဆက်ကြသည်။ သူ ကိုယ်ကိုင်းပြီး ဖေးယွင်ကျင်း ခေါင်းကိုထိတွေ့လိုက်သည်။

"အန်တီ စကားကို သေချာနားထောင်နော်"

ဖေးယွင်ကျင်း ခေါင်းအား ပြင်းပြင်းထန်ထန်ညိတ်ပြသည်။

ဖေးယီကျန့် ကားထဲသို့ဝင်ရန် ပြင်ဆင်နေသည်ကိုမြင်သော အခါ နန်ယု ခဏတာစဥ်းစားပြီး မျက်မှောင်ကြုတ်ကာပြောလိုက်သည်။

"ဖေးယီကျန့်၊ ကြိုးစားကြည့်လိုက်ပါ"

"ဘာပဲဖြစ်ဖြစ်၊ အရှုံးတော့မရှိဘူး"

ဖေးယီကျန့် ခေတ္တရပ်သွားသည်။ သူ့မျက်လုံးများထဲ အပြုံး အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် လင်းလက်သွားသည်။ ဒါ စီးပွားရေးလား ? အရှုံးရှိနေတုန်းပဲလား ?

"ဖြစ်နိုင်ပါတယ်"

သို့သော် အရှုံးမရှိတာတော့ သေချာသည်။ သူ ဆုံးရှုံးစရာ ဘာမှ မရှိပေ။

ထိုနေ့ ညနေ ငါးနာရီတွင်၊ ဆိုရှယ်မီဒီယာ အက်ပ် (App) တစ်ခုအား ဖွင့်လိုက်သော အင်တာနက် အသုံးပြုသူ အမြောက်အ မြားသည် တောက်ပပြီးပျော်ရွှင်စရာကောင်းသည့် Splash Screen ကြော်ငြာကိုမြင်တွေ့လိုက်ရသောအခါ အံ့အားသင့်သွားကြသည်။

—ဒါ ဘယ် အလှအပဆိုင်ရာ ဒီဇိုင်နာ လုပ်ထားတာလဲ ?

သူတို့စိတ်ထဲမှ ညည်းညူနေစဥ်၊ ဖန်သားပြင် ဗဟိုရှိစာသားများမှာ ၎င်းတို့ မျက်လုံးများအား ချက်ချင်းဖမ်းစားလိုက်သည်။

၎င်းမှာ အနည်းငယ်ရှည်လျားပြီး ဖတ်ရန် ငါးစက္ကန့်ကျော် အချိန်ယူရသည်။ လူများစွာသည် အက်ပ်မှထွက်သွားပြီးမှ ပြန်ဝင်ခဲ့ကြသည်။

[ မစ္စစ်နန်ယုနှင့် မစ္စတာ ဖေးယီကျန့်တို့ တရားဝင်ကွာရှင်းပြတ်စဲခြင်း အောင်မြင်သည့်အတွက်ဂုဏ်ယူပါသည်။ တစ် ကိုယ်တော် ဘဝသို့ပြန်လည်ရောက်ရှိခြင်းကို ဂုဏ်ပြုသောအားဖြင့်၊ မစ္စစ်နန်ယုသည် အမျိုးသမီးများကာကွယ်ရေးဖောင်ဒေးရှင်း တည်ထောင်ရန် အမေရိကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းခဲ့သည်။ အကူအညီလိုအပ်သော အမျိုးသမီးများသည် ဖောင်ဒေးရှင်းမှတစ်ဆင့် အကူအညီများရယူနိုင်ပါသည်။ သီးခြားအကူအညီပေးရေး နယ်ပယ်များအတွက် @单快乐女人环保基金 ကို Follow လုပ်ပါ]

အင်တာနက် အသုံးပြုသူ: ???

ဒီနေ့ April Fool လား? ဒီ Splash Screen ကြော်ငြာကို ဘာလို့ နားမလည်နိုင်ရတာလဲ !

All Chapters