အခန်း (၆၂)
Vol. 7 Ch. 62
နန်ယု ရွေးချယ်ထားသည့် ဘာဘီကျူး ရက်မှာ စနေနေ့ ဖြစ်သောကြောင့် နေ့လယ်စာသည် ဖေးယွင်ကျင်းအား နေ့လယ်ပိုင်း ဂိုသင်တန်းသို့ တက်ရောက်ခြင်းမှ တားဆီးနိုင်မည် မဟုတ်ပေ။ သူမ လီရီပိုင်နှင့် လီယွမ်မိုတို့ကိုလည်း ဖိတ်ကြားခဲ့သည်။
သူတို့ Moss ရက်အနည်းငယ်အကြာတွင်မှ ပြန်ရောက်ကြခြင်း ဖြစ်သည်။ လီယွမ်မို၏ ကုမ္ပဏီ စွမ်းဆောင်ရည် တိုးတက်လာခြင်းနှင့် ပေထန်မိသားစုအား တရားမျှတစွာ အပြစ်ပေးခြင်းကြောင့် ရန်ရှာသူများ နည်းပါးလာရာ၊ သူ မကြာသေးမီက အချိန်အနည်းငယ်ရခဲ့သည်။
လီရီပိုင်၏တိုက်တွန်းမှုကြောင့် သူ တက်ရောက်ရန် သဘောတူခဲ့သည်။
ဖေးယွင်ကျင်း အလွန်ပျော်ရွှင်နေသည်။ သူ ယခင်က တီဗီတွင် ထိုကဲ့သို့ အကင်ပွဲများကိုမြင်ဖူးပြီး၊ သူ့ကိုယ်ပိုင် အစားအစာအား ချက်ပြုတ်ရမည်ဟု တွေးလိုက်သောအခါ၊ ထိုကလေးငယ်လေးသည် နန်ယုအား ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။
"အန်တီ၊ ကျွန်တော် ကင်ပေးတာကိုထိုင်ပြီး စောင့်နေရုံပါပဲ!"
သူ့ပုံစံမှာ အရမ်းအရသာရှိမည့်ပုံပင်။
နန်ယု စိတ်ထဲမှ ရုတ်တရက် လှောင်ပြောင်လိုစိတ်ပေါ်လာခဲ့သည်။
"ကလေးလေး၊ မင်း မီးဖိုထက်တောင် မမြင့်သေးဘူးထင်တယ်"
သို့သော်လည်း ဖေးယွင်ကျင်း၏ စိတ်အားထက်သန်မှုမပျက် ပြားစေရန် နန်ယု သူမ မျှော်လင့်ချက်အား ချက်ချင်းဖော်ပြလိုက်သည်။ ထို့နောက် ဖေးယွင်ကျင်း ခုန်ပေါက်ထွက်ခွာသွားသည်ကို ကြည့်ရင်း သူမ မနက်ဖြန် အစားအစာများအနည်း ဆုံးတော့ ကျက်ပါစေဟု စိတ်ထဲမှနေ၍ ဆုတောင်းနေမိသည်။
တကယ်လို့ ဘာမှမရခဲ့ရင်တောင် တစ်ဝက်ကျက်တဲ့ အစားအ စာမျိုးကို သူ စားဖူးပြီးသားပဲလေ!
သို့သော် နောက်တစ်နေ့ နံနက်တွင် နန်ယု အောက်ထပ်သို့ ဆင်းလာသည့်အခါ ခေါင်းငိုက်စိုက်နေသော ဖေးယွင်ကျင်းအား တွေ့လိုက်ရသည်။ သူ့တစ်ကိုယ်လုံးတွင် "စိတ်ဓာတ်ကျဆင်းမှု" ဟူသော စကားလုံးကို ရေးထားသယောင်ဖြစ်နေ၏။ ဥပမာအားဖြင့်၊ ရှောင်မီ၏ကြောင်ကုတ်ချက် ခံရသော်လည်း ပြန်မခုခံဝံ့သည့် ရှောင်ယွမ်နှင့် ပုံစံတူနေသည်။
"သူ ဘာဖြစ်တာလဲ ?"
နန်ယု အိမ်တော်ထိန်းကျိုးအား မေးမြန်းလိုက်သည်။
"သူ မနေ့ညက အရမ်းပျော်နေခဲ့တာ မဟုတ်ဘူးလား?"
ထိုအခါ အိမ်တော်ထိန်းကျိုးမျက်နှာမှာ တင်းမာနေပြီး ရှားရှားပါးပါး အလေးအနက်ထားသည့် အမူအရာအားမြင်လိုက်ရသည်။
"သခင်မလေး! သခင်လေး စိတ်ဆိုးနေတာ!"
နန်ယု: "ဟင် ?"
ဖေးယွင်ကျင်း သနားစဖွယ် မော့ကြည့်လိုက်ရာ၊ နန်ယု သူ့နှုတ်ခမ်းဘေးတွင် အဖုကြီးတစ်ခုအား ချက်ချင်းမြင်လိုက်ရသည်။ အိမ်တော်ထိန်းကျိုး၏ပြောပြချက်အရ ဖေးယွင်ကျင်း ၌ ပါးစပ်အနာ နှစ်ခုရှိပြီး အာသီးများရောင်ရမ်းနေသည်ဟု သိရသည်။
ဆရာဝန်ပြသပြီး ဆေးညွှန်းများ ပေးထားသော်ငြားလည်း အမြန် ပျောက်ကင်းရန်မသေချာချေ။ ယခုအခါ ဖေးယွင်ကျင်း အစားအစာ မျိုချသည့်အခါ၌ပင် နာကျင်မှုအား ခံစားနေရသည်။
ထို့ကြောင့် နန်ယု သူ့အနီးသို့ တိုး၍လမ်းလျှောက်သွားကာ ပိုမို နီးကပ်စွာ ကြည့်လိုက်သည်။
"ဘယ်လိုလုပ် ရုတ်တရက် ဒီလောက်ပြင်းထန်သွားရတာလဲ?"
သူမ မေးလိုက်သည်နှင့် တစ်ပြိုင်နက် အိမ်တော်ထိန်းကျိုး သူမအား အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်လာသည်။
နန်ယု: "...ကျွန်မ အမှားလား?"
ဦးလေးကျိုး: "သခင်မလေး၊ ပြီးခဲ့တဲ့ အပတ်က သခင်လေးကို KFC ကို ထပ်ခေါ်သွားတယ် မဟုတ်လား?"
နန်ယု မျက်လုံးများ ပြူးသွားသည်။
"ဒါက ပြီးခဲ့တဲ့ အပတ်က ဖြစ်ခဲ့တာလေ!"
သူ တုံ့ပြန်မှု နှေးသည်ဆိုဦးတော့ ယခုအချိန်ထိ ခံနေစရာ အကြောင်းမရှိ။ ထို့အပြင် ဖေးယွင်ကျင်းလည်း ထိုနေ့က သိပ်မစားခဲ့ပါဘူး!
နန်ယု ရှုပ်ထွေးနေစဥ် ဖေးယွင်ကျင်း၏ အမူအရာတွင် တစ်စုံ တစ်ရာ မှားယွင်းနေသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။ သူ ဘာကြောင့် အပြစ်ရှိသလိုမျိုးကြည့်နေရတာလဲ?
နန်ယု ကုလားထိုင်ကို ဆွဲယူကာ ဖေးယွင်ကျင်းအား ၉၀ ဒီဂရီ လှည့်လိုက်ပြီး ထိုကလေးငယ်လေးကို စူးစိုက်ကြည့်ကာပြောလိုက်သည်။
"ဝန်ခံရင် သက်သာမယ်၊ ခုခံရင် ပိုဆိုးမယ်၊ အမှန်အတိုင်း ပြော!"
ဖေးယွင်ကျင်း သုံးစက္ကန့်ကြာ တိတ်ဆိတ်သွားပြီး ခေါင်းအား ငုံ့ချလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူ အသံဝင်နေသော အသံဖြင့်ပြောလိုက်သည်။
"အန်တီ၊ ကျွန်တော် မှားပါတယ်"
သူ ဝန်ခံပြီးသည့်နောက်တွင် အိမ်တော်ထိန်းကျိုး ဖေးယွင်ကျင်း၏ ခေါင်းအုံးအောက်မှ Ultraman ကာတွန်းစာအုပ် နှစ်အုပ်နှင့် ဗီရိုထဲမှ ဗလာ သရေစာအိတ် နှစ်လုံးအားဆွဲထုတ်လိုက်သည်။ အခြေအနေမှာ ချက်ချင်းဆိုသလို သုံးပွင့်ဆိုင် စစ်ဆေးမှုဖြစ်သွားသည်။
အိုး၊ မဟုတ်သေးဘူး၊ လူနှစ်ဦးသာ ဖြစ်ပြီး သုံးဦးမဟုတ်ပေ။
မည်သို့ပင်ဆိုစေ၊ ဤ မြင်ကွင်းမှာ လေးနက်သည်။ ၎င်းအား အာရုံစိုက် ဝေဖန်ဆွေးနွေးရန်လိုအပ်နေသည်။
ကာတွန်းစာအုပ်အား လီရီပိုင် ငှားခဲ့ခြင်းဖြစ်ပြီး၊ သရေစာများမှာ သူ Mossနိုင်ငံမှ ယူလာသော အထူးအစားအစာများဖြစ် သည်။ ၎င်းတို့သည် အာလူးကြော်နှင့် ဆင်တူသော သေးငယ်သည့် လေဖောင်းမုန့် သရေစာများ ဖြစ်ကြ၏။ အိတ်နှစ်လုံး၏ အရွယ်အစားကိုကြည့်လျှင် အတော်လေးများပြားကြောင်း သိသာပြီး ဖေးယွင်ကျင်း မည်သို့ ခိုးယူလာခဲ့သည်ကိုတော့မသိနိုင်ပေ။
ဤကလေးငယ်မှာ ကလေးထိန်းများ ထွက်သွားပြီးနောက် ညဘက်တွင် ကာတွန်းစာအုပ်နှင့်သရေစာများကိုထုတ်စားသည်။ ဘဝမှာ မယုံနိုင်လောက်အောင် ပျော်ရွှင်နေပုံရသည်။ ညဉ့်နက် သည်အထိ မအိပ်ဘဲ ကြော်ထားသော အစားအစာများ စားပါက၊ သူ့ခန္ဓာကိုယ် ကျန်းမာနေလျှင်သာ ထူးဆန်းပေလိမ့်မည်။
သူ့ဘေးတွင်ရှိသော ကလေးထိန်းနှစ်ဦးမှာလည်း ရှက်ရွံ့နေကြသည်။ ဤအဖြစ်အပျက်သည် သူတို့၏ တာဝန် ပေါ့ဆမှုပင် ဖြစ်သည်။ ဖေးယွင်ကျင်း အမြဲတမ်း ယဉ်ကျေးသိမ်မွေ့သော ကြောင့်၊ သူတို့ သူ့အား တစ်ညလျှင် နှစ်ကြိမ်သာ စစ်ဆေးလေ့ရှိသည်— အိပ်ရာမဝင်မီနှင့် ည ၂ နာရီခန့်တွင် ဖြစ်သည်။ သို့သော် ထိုကလေးငယ်မှာ စစ်ဆေးမှုပုံစံအား သိထားပြီး ထိုအချိန်များတွင် အိပ်ပျော်ဟန်ဆောင်နေမည်မှာ သေချာသည်။
"ဘယ်လောက်ကြာပြီလဲ?"
နန်ယု လက်အား ပိုက်ထားလျက် သူမ ရှေ့ရှိ "သက်သေ အထောက်အထား" များကို စိုက်ကြည့်ရင်း မေးလိုက်သည်။
ဖေးယွင်ကျင်း ညည်းတွားရင်း ပြန်ဖြေသည်။
"နှစ်ရက်ပဲ ရှိသေးတယ်"
ထိုနှစ်ရက်မှာ လီရီပိုင် ပြန်ရောက်လာသည့် နေ့နှင့် တိုက်ဆိုင်နေခဲ့သည်။
နန်ယုနှင့် အိမ်တော်ထိန်းကျိုးတို့ ဖေးယွင်ကျင်း သရေစာ လုံးဝ မစားရအောင် တင်းကြပ်ထားခြင်း မရှိသော်လည်း ကန့်သတ် ချက် တစ်ခုတော့ သတ်မှတ်ထားသည်။ တစ်နေ့လျှင် သတ် မှတ်ထားသော ပမာဏထက်မပိုစေရ၊ ထမင်းမစားမီ မစားရ၊ ကျန်းမာရေးနှင့် မညီညွတ်သော သရေစာများပင် ဖေးယွင်ကျင်း၏စားသုံးခွင့်စာရင်းတွင် လုံးဝပါဝင်မည် မဟုတ်ပေ။
သို့သော် သရေစာများသည် ကလေးများအတွက် ထမင်းထက် အများကြီး ပိုဆွဲဆောင်မှု ရှိသည်။
လိမ္မာသော ဖေးယွင်ကျင်းပင်လျှင် ခြွင်းချက်မရှိပေ။
ယခုတစ်ခါ အဖျားကြီးပြီး ဖမ်းမိခြင်း မရှိခဲ့လျှင် ထိုကလေးငယ်မှာ ၎င်းအား လျှို့ဝှက်ထားနိုင်ခဲ့ပေလိမ့်မည်။
နန်ယု: "ဟွန်း"
ဖေးယွင်ကျင်း ငိုတော့မလိုဖြစ်နေပြီး သူ့လက်သေးသေးလေးမှာ နန်ယု၏အဝတ်စွန်းအား ဆွဲထားသည်။
"အန်တီ၊ စိတ်မဆိုးပါနဲ့နော်"
နန်ယု: "ငါ ဘာလို့ စိတ်ဆိုးရမှာလဲ? ဒုက္ခရောက်နေတာ ငါမှ မဟုတ်တာ"
ဖေးယွင်ကျင်း: "...အာ"
ဤသို့သော အန်တီမျိုးမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိုအချိန်တွင် အိမ်တော်ထိန်းကျိုး၏ နှလုံးသားမှာ အနည်း ငယ် ပျော့ပြောင်းစပြုလာပြီ ဖြစ်သည်။ ဖေးယွင်ကျင်း လက်ရှိ မအီမသာ ခံစားနေရမှုကို စဥ်းစားမိပြီး တစ်စုံတစ်ရာပြောရန် ပြင်ဆင်လိုက်စဥ်၊ နန်ယု မျက်လုံးများမှာ သူ့အား သတ်တော့မလိုကြည့်လိုက်သည်။
"ဦးလေးကျိုး၊ ဘာဘီကျူးအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေသွားယူပါ၊ ရီပိုင်တို့လည်း မကြာခင် ရောက်တော့မှာ"
"ဘာဘီကျူး? သခင်လေးက ဒီလိုအခြေအနေနဲ့ စားလို့ မရနိုင်ဘူးလေ"
ထိုအတွေးမှာ အိမ်တော်ထိန်းကျိုးစိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားရာ၊ သူ နန်ယု ရည်ရွယ်ချက်အား ရုတ်ခြည်းနား လည်လိုက်သည်။
—အိုး၊ သခင်လေးရေ၊ မင်းအတွက် အကောင်းဆုံးဖြစ်ပါစေလို့ပဲ ဆုတောင်းပေးနိုင်တော့တယ်။ ဦးလေးကျိုး၊ မင်းအတွက် ဘာမှ ဝင်ရောက်လုပ်ဆောင်ပေးနိုင်စွမ်းမရှိဘူး။
နန်ယုနှင့် ရှောင်ပိုင်တို့ သူ အလွန် မျှော်မှန်းထားသော ဘာဘီကျူးပွဲအား စတင်တော့မည်ကို ကြားရသောအခါ ဖေးယွင်ကျင်း ပိုလို့ပင်စိတ်မကောင်းဖြစ်ခဲ့ရသည်။
သို့သော်လည်း ဝမ်းနည်းပူဆွေးနေခြင်းမှာ အကျိုးမရှိပေ။
လီယွမ်မိုနှင့်အတူ လိုက်ပါလာသော လီရီပိုင် သူ့သူငယ်ချင်းကောင်း ခံစားနေရသည့် ဒုက္ခအားမြင်သောအခါ ကျယ်လောင်စွာရယ်မောလိုက်သည်။
"ရှောင်ကျင်း၊ မင်းက တကယ့် ရှုံးသမားပဲ"
သူ ထိုစကားစုအား ရှုယီကျစ်ထံမှ သင်ယူခဲ့ခြင်းဖြစ်ပြီး၊ လီရီပိုင် ၎င်းမှာ အလွန်အသုံးဝင်သည်ဟု ယူဆသောကြောင့် ချက် ချင်းအသုံးပြုခဲ့သည်။
"ငါ မင်းအတွက် နောက်မှ ပိုစားပေးမယ်၊ ဟားဟားဟား"
သူ့ ညီအစ်ကိုစိတ်အတိုင်းပင် နာကျင်စေမည့် စကားအားမဆိုင်းမတွ ပြောဆိုခဲ့သည်။
ဒေါသထွက်သော်လည်း စကားပင် မပြောနိုင်တော့သော ဖေးယွင်ကျင်း လက်သီးများကိုမြှောက်ကာ လီရီပိုင်အား လိုက်ဖမ်း သည့် ကစားပွဲတွင် ပါဝင်တော့သည်။
နန်ယုနှင့် လီယွမ်မိုမှာ သူတို့နှစ်ဦးအား လျစ်လျူရှုထားခဲ့ကြသည်။ တစ်ဦးစီ ကုလားထိုင်ယူကာ စားဖိုမှူးမှ ပါဝင်ပစ္စည်းများပြင်ဆင်နေသည်ကို ကြည့်နေစဥ်၊ အခြားသူများကလည်း အကင်ပစ္စည်း ကိရိယာများအား ပြင်ဆင်ကြသည်။
ဘာဘီကျူး၏အကြီးမားဆုံး ပျော်ရွှင်မှုမှာ ကိုယ်တိုင် ပြုလုပ်ရခြင်း ဖြစ်သော်လည်း နန်ယု သူမ၏ချက်ပြုတ်မှု စွမ်းရည်အခြေအနေအား နက်နက်ရှိုင်းရှိုင်းနားလည်ထားသည်။ သူမ တခြား ဘာကိုမှ အာမမခံနိုင်ဘဲ ဟန်ပြရန်အတွက်သာ တုတ် ချောင်း အနည်းငယ်ကင်လိမ့်မည်။
ကျွမ်းကျင်သော ကိစ္စရပ်များကို ကျွမ်းကျင်သူများထံ အပ်နှင်းထားသင့်သည်!
"ရှင် ဘာပြောချင်လို့လဲ ?"
နန်ယု၏ မျက်လုံးများမှာ ကစားနေသော ဖေးယွင်ကျင်းနှင့် လီရီပိုင်အား စိုက်ကြည့်နေသော်လည်း သူမ လီယွမ်မို အကြည့်ကိုလည်း ခံစားမိနေသည်။ ဤလူ၏ အမူအရာမှာ မသိမသာဖြစ်သော်လည်း၊ သူ့အား သိကျွမ်းလာပါက ခန့်မှန်းရန် လွယ်ကူသည်။
လီယွမ်မို- "မိုပိုင်က လာမယ့်နှစ်အစောပိုင်းမှာ စတော့ရှယ်ယာ ဈေးကွက်ဝင်မယ်လို့ ကျွန်တော် မှန်းထားတယ်"
"ဝိုး၊ အဲဒါ တကယ်ကောင်းတဲ့ သတင်းပဲ! ဂုဏ်ယူပါတယ်"
နန်ယု ခဏရပ်လိုက်သည်။
"မဟုတ်ဘူး၊ ကျွန်မတို့ အနေနဲ့ဂုဏ်ပြုပါတယ်!"
မိုပိုင်သာဈေးကွက်ဝင်နိုင်ပါက နန်ယု ပိုင်ဆိုင်မှုများမှာ နှစ်ဆ တိုးလာနိုင်သည်။
သို့သော် ၎င်းမှာ လာမည့်နှစ်၊ လအနည်းငယ် ဝေးသေးသည်။ လီယွမ်မို အဘယ်ကြောင့် ယခု ရုတ်တရက် ဤအရာအား ပြောနေရသနည်း။
သတင်းကောင်းမျှဝေဖို့ရာ အချိန်က အနည်းငယ်စောနေသည်။
နန်ယု ရုတ်တရက် စိတ်ကူးတစ်ခုရလိုက်ပြီး တိုင်းတာသော လေသံဖြင့် မေးလိုက်သည်။
"ရှင် ကျွန်မကို နှစ်သိမ့်နေတာလား?"
လီယွမ်မို ခန္ဓာကိုယ် သိသိသာသာ တောင့်တင်းသွားသည်။ သူ လူများအား နှစ်သိမ့်ရန် မကျွမ်းကျင်သလို ထိုသို့သော အရာမျိုးကိုတစ်ခါမျှ မလုပ်ခဲ့ဖူးသော်လည်း နန်ယုနှင့် သူသည် သူငယ်ချင်းများဖြစ်ကြသည်။
ကွာရှင်းခြင်းသည် မိန်းကလေးတစ်ဦးအတွက် အလွန်ဝမ်း နည်းစရာ ကိစ္စဖြစ်မည်၊ မဟုတ်ပါလား?
နန်ယု ယခု ဖေးယီကျန့်အား ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ အတိတ်မှာတော့ ဖေးယီကျန့်အား သေချာပေါက်ချစ်ခဲ့ဖူးသည်ကို လီယွမ်မို သိသည်။
နောက်ဆုံးတွင် လီယွမ်မို မိခင်ဖြစ်သူ လီအားမေးခဲ့ပြီး ဤ "ကျွန်ုပ်၏ သူငယ်ချင်း" ဇာတ်လမ်းကိုကြားပြီးနောက် သူမ ပြတ်ပြတ်သားသား အဖြေပေးခဲ့သည်။
တစ်ဖက်လူ ပျော်ရွှင်စေမယ့် အကြောင်းအရာကိုပြောပါ!
ယခုမူ သူ၏စိတ်မချရသော မိခင်စကားအား နားမထောင်သင့်ခဲ့ကြောင်းထင်ရှားသည်။
"ဟား ဟား ဟား ~"
နန်ယု ရယ်မောလိုက်သည်။
"ရှင်နှစ်သိမ့်ပေးတာကို ကျွန်မ နားလည်ပါတယ်၊ စိတ်မပူပါနဲ့၊ ကျွန်မ ကွာရှင်းတာကိုပျော်နေပါတယ်"
နန်ယု အမှန်တကယ် ပျော်ရွှင်နေခြင်းလား၊ သို့မဟုတ် ဖုံးကွယ်ရန် ကြိုးစားနေခြင်းလားဆိုတာကို လီယွမ်မို မဆုံးဖြတ်နိုင်ခဲ့သော်လည်း သူမ ပြောသောကြောင့် ထိုအကြောင်းအရာအား ကျော်ခဲ့သည်။ မည်သို့ပင်ဆိုစေ သူနှင့် နန်ယုသည် ထိုမျှရင်း နှီးမှု မရှိသောကြောင့် အလွန်အကျွံစကားပြောခြင်းသည်မသင့် တော်ပေ။
ကစားပြီး လိုက်ဖမ်းခံနေရသော လီရီပိုင်သည် "ကွာရှင်းခြင်း" ဟူသော စကားလုံးအား ကြားလိုက်ပုံရပြီး အလျင်အမြန်ပြေးဝင်လာတော့သည်။
"နန်ကျဲ! ကျွန်တော် လုပ်နိုင်မှာပါ! ကျွန်တော့်ကို စောင့်နေရုံပဲ၊ အွန်း"
ထိုကလေးငယ် သုံးစက္ကန့်ခန့် အချိန်ယူ စဥ်းစားလိုက်သည်။
"ကျွန်တော့်ကို နောက်ထပ် ဆယ့်ခြောက်နှစ်လောက် စောင့်နေရုံပါပဲ၊ ကျွန်တော် ဆုံးဖြတ်ပြီးပြီ၊ ရီရန်ကော ကျွန်တော့်ကို ဦးလေးလို့ခေါ်လာရင်တောင် အရေးမကြီးဘူး၊ နန်ကျဲကို လက်ထပ်ဖို့က ပိုအရေးကြီးတယ်လို့ ကျွန်တော် ထင်တယ်!"
နန်ယု- "...Pfft" (ရယ်သံသဲ့သဲ့)
"ဒါက အန်တီ့အတွက် ဂုဏ်ယူစရာဖြစ်ပေမယ့် ရီပိုင် အန်တီ့ကို လက်ထပ်ချင်ရင် ရှောင်ကျင်းကိုတော့ ကျော်ဖြတ်ရလိမ့်မယ်"
လီရီပိုင်- "ဟမ် ? ဘာလို့လဲ ?"
နန်ယု လျှို့ဝှက်စွာ ပြုံးသည်။
"ဘာလို့လဲဆိုတော့ ဥပဒေအရ ရှောင်ကျင်းနဲ့ အန်တီက အမေနဲ့သား ဖြစ်နေလို့လေ၊ မင်းသာ ငါ့ကိုလက်ထပ်ရင် ရီပိုင်၊ မင်း...."
ဒါဆိုရင် ရှောင်ကျင်းရဲ့အဖေ ဖြစ်မသွားဘူးလား?
လီရီပိုင် ကြောင်သွားပြီး သူ့ခေါင်းမှာ စက်လိုမျိုးဘေးဘက်သို့ တဖြည်းဖြည်း လှည့်သွားရာ၊ နောက်ဆုံးတွင် ဖေးယွင်ကျင်း၏ မှောင်မိုက်နေသော မျက်နှာအားမြင်လိုက်ရသည်။ သူ နာကျင်နေသောလည်ချောင်းထဲမှနေ၍ စကားလုံးနှစ်လုံးအား အတင်း အကျပ်ထုတ်ပြောလိုက်သည်။
"အိပ်မက် မက်နေတာပဲ!"
လီရီပိုင်- "..."
လီရီပိုင် သူ၏ငယ်ရွယ်သောနှလုံးသား နက်နက်ရှိုင်းရှိုင်း ထိခိုက်နာကျင်သွားသည်ကို ခံစားလိုက်ရသည်။ သူ မည်သည့်အချိန်တွင်မဆို ကင်ရန် အသင့်ရှိနေသော စားဖိုမှူးထံ တိတ်တ ဆိတ်သွားပြီး၊ သူ့ဝမ်းနည်းမှုနှင့် ဒေါသအားစားချင်စိတ်အဖြစ် ပြောင်းလဲကာ ရှောင်ကျင်းအား တံတွေးကျစေရန်အသင့်ပြင် ဆင်လိုက်သည်။
နန်ယု ဘာဘီကျူးပွဲတွင် အကောင်းဆုံး ပါဝင်ပစ္စည်းများနှင့် အသုံးအဆောင်များသာ ပါဝင်သည်မှာသိသာသည်။ စားဖိုမှူး ၏လှပသော ဓားကိုင်ပညာနှင့် လျှို့ဝှက် ဟင်းခတ်အမွှေးအ ကြိုင်တို့ ပေါင်းစပ်လိုက်သောအခါ ညစာ စတင်သည်နှင့် ချက်ချင်းပင် အိမ်ကြီးတစ်ခုလုံး မွှေးရနံ့များဖြင့် ပြည့်နှက်သွားသည်— ထုံကျင်၊ စပ်၊ ချဉ်သော အရသာများနှင့် အသားတို့၏ ပေါင်းစပ်ရနံ့မှာ လူတိုင်း၏ပါးစပ်အား သရေကျစေ သည်။
နန်ယုနှင့် အခြား ရှိနေသူများမှာ မီးဖိုပေါ်တွင် အသားများ ဆူပွက်နေသည်ကို မြင်ရပြီး လိပ်သွားခြင်းနှင့် ကျက်သွားခြင်းအား စောင့်ကြည့်ရသည်။ အနီးကပ်တွင်ပင် သစ်သား၏သိမ် မွေ့သော ရနံ့၊ မီးသွေး ရနံ့အား ကိုယ်တိုင်ရှူရှိုက်နိုင်သည်။
"ရပြီလား ? ကျက်ပြီလား ?"
လီရီပိုင်နှင့် ဖေးယွင်ကျင်းတို့၏ မျက်လုံးများမှာ တုတ်ချောင်းများကို လှန်နေသော စားဖိုမှူး၏လက်များပေါ်တွင် စူးစိုက်ကြည့်နေသည်။ သူတို့ ကိုယ်တိုင် စမ်းကင်ကြည့်ချင်ခဲ့ကြသော် လည်း အရပ်အမောင်းနှင့် ဘေးကင်းရေး စိုးရိမ်မှုများမှာ သူတို့အား တားဆီးထားသည်။
"သခင်လေး၊ ခဏလေး စောင့်ပါဦး၊ ဒီလို အသားမျိုးကသေ ချာကျက်ဖို့ နည်းနည်း ပိုကြာဦးမယ်..နောက်ထပ် စက္ကန့်သုံးဆယ်ခန့် ထပ်ထားရင် လုံလောက်ပါပြီ"
နောက်ဆုံးတွင် လီရီပိုင်၏အသံကျယ်ကျယ် ရေတွက်မှုနှင့်အတူ အသစ်ကင်ထားသော တုတ်ချောင်းများ ပန်းကန်တစ်ချပ် ထွက်ပေါ်လာတော့သည်။
နန်ယု၊ လီယွမ်မိုနှင့် အခြားသူများအားလုံး သူတို့၏ လက်များအား ဆန့်ထုတ်ကြသည်။ အထူးသဖြင့် လီရီပိုင်သည် တုတ် ချောင်း တစ်ခုအားကောက်ယူပြီး အပူလောင်မည်အား ဂရုမစိုက်ဘဲ စားရန်ပြင်လိုက်သည်။
ဖေးယွင်ကျင်းပင်လျှင် သူ့ပါးစပ်ပေါ်ရှိ "ဒဏ်ရာ" အား လုံးဝ မေ့လျော့သွားကာ ပထမဆုံးစားရန် ကြိုးစားသည်။
သို့သော် သူ မေ့သွားသော်လည်း နန်ယု မမေ့ပေ။
ထိုကလေးငယ် ဤကိစ္စအား အလွယ်တကူ လွှတ်ပေးလိမ့်မည်ဟု ထင်ခဲ့တာလား ?
ဖြန်း -
ဖေးယွင်ကျင်း၏လက်သေးသေးလေးအား ရက်ရက်စက်စက် ရိုက်ချလိုက်ပြီး သူ နန်ယုအား သနားစဖွယ် ကြည့်လိုက်သည်။
"အန်တီ~"
ချွဲ၊ ချွဲလိုက်၊ ပြီးရင် အန်တီ သေချာပေါက်စိတ်ပျော့သွားလိမ့် မည်!
ကံမကောင်းစွာဖြင့် ဖေးယွင်ကျင်း နန်ယု၏ခက်ထန်သော စိတ် ထားအား လျှော့တွက်မိသွားသည်။ သူမသည် သူ့အား ကျေနပ်သော အပြုံးဖြင့်ပြုံးပြပြီးနောက် အသားတစ်ဖဲ့ကိုကိုက်စားပြ လိုက်သည်။
"ဝိုး၊ အရမ်းမွှေးနေတာပြ"
"ရှောင်ကျင်း စားလို့မရတာ ဝမ်းနည်းစရာပဲ၊ ရှောင်ကျင်း ဗိုက်ဆာရင် ဦးလေးကျိုးက ကလေးတွေအတွက် အာဟာရပြည့်ဝတဲ့ ညစာကိုပြင်ဆင်ထားတယ်"
ဒီလိုအခြေအနေမျိုးမှာ သူ ပေါ့ပါးပြီး မျိုချရ လွယ်ကူသော အစားအစာကိုသာ စားနိုင်ပြီး၊ ဘာဘီကျူးကိုစားချင်နေသေး တာလား ?
နန်ယု ဖေးယွင်ကျင်း ဤသင်ခန်းစာအား အမှတ်ရစေရန်လို ချင်သောကြောင့် သူမ၊ လီရီပိုင်နှင့် အခြားသူများမှာ သူ့ရှေ့တွင် ဘာဘီကျူး ပန်းကန်များစွာကို ဝိုင်းဖွဲ့စားသောက်ခဲ့ကြပြီး ဖေးယွင်ကျင်းအား တစ်ကိုက်မျှပင် ခွင့်မပြုခဲ့ပေ။
ထို့အပြင် ပိုဆိုးရွားသည်မှာ စားနေစဥ် သူမသည် ၎င်းမှာ မည်မျှ အရသာရှိကြောင်းအား ဆက်တိုက်ဖော်ပြနေခဲ့ခြင်းဖြစ် သည်။
ဖေးယွင်ကျင်း- "...ဝူးး! အန်တီက အရမ်းဆိုးတယ်!"
ထိုကလေးငယ်မှာ ဤလူမဆန်သော နှိပ်စက်မှုအား နောက်ဆုံးတွင် မခံနိုင်တော့ဘဲ ငိုယိုကာထွက်ပြေးသွားတော့သည်။