အခန်း (၆၉)
Vol. 8 Ch. 69
သူတို့အတွက် သင့်လျော်သည့်ပစ်မှတ်အား ရှာဖွေခြင်းမှာ မလွယ်ကူသည့် အလုပ်တစ်ခုဖြစ်သည်။
ဖေးယီကျန့် သေခြင်းတရားအား မြင်နိုင်သော်လည်း လူအများစု၏ သေဆုံးရခြင်း အကြောင်းရင်းအား တစ်ကြောင်းတည်းသာ ပေးထားလေ့ရှိသည်။ စာကြောင်းရှည်သောသူများတွင်ပင် သေဆုံးမည့်နေ့ရက်အား တိုက်ရိုက်ဖော်ပြထားခြင်း မရှိပါ။ ထို့ကြောင့် သူ သတင်းအချက်အလက်များအားခွဲခြမ်း စိတ်ဖြာဖို့ လိုအပ်ခဲ့သည်။
အချို့သော သေဆုံးမှုများမှာ ပို၍ ထူးခြားသည်။ ဥပမာ- တစ်စုံတစ်ယောက်က စေ့စပ်လက်စွပ်ကို မတော်တဆ မျိုချမိသည်ဆိုပါက၊ စေ့စပ်ပွဲ၏ ရက်စွဲကိုသိရုံဖြင့် လုံလောက်သည်။ သို့သော် အကယ်၍ ထိုလူသည် ရည်းစားပင် မရှိသေး ပါက၊ စောင့်ဆိုင်းရမည့် အချိန်ပိုများနေဦးမည်ဖြစ်သည်။
နနန်ယုတွင်လည်း အသုံးပြုနိုင်သည့် အချက်အလက်များ ရှိမရှိ သိရအောင် ဖေးယီကျန့် 'နန်ယု' (မူလနန်ယု) မှတ်ဉာဏ်များအား ပြန်ကြည့်ဖို့ စီစဉ်ခဲ့သည်။ အတိုချုပ်ပြောရလျှင် သူတို့နှစ်ဦး အဆက်အသွယ်လုပ်ပြီး သတင်းအချက်အလက်များ ဖလှယ်ခြင်းဖြင့်သာ လုံလောက်မည်ဖြစ်သည်။
ဗီလာသို့ ပြန်ရောက်သောအခါ နန်ယု ဝင်ဝင်ချင်း ဦးလေးကျိုး ၏စိုးရိမ်တကြီး စူးစိုက်ကြည့်နေသည့် အကြည့် နှင့် ဆုံလိုက်ရသည်။ သူ တစ်ခုခုပြောစရာရှိပုံရသော်လည်း ကြောက်ရွံ့နေပုံ ပေါ်နေသည်။
နန်ယု မမေးခင်မှာပင် သူမ ဖုန်းတုန်ခါသွားသည်။ ဖုန်းဖွင့်လိုက်သောအခါ နန်ကျီဆီမှ ဓာတ်ပုံ လေးပုံ၊ ငါးပုံ ရောက်နေသည်အားတွေ့လိုက်ရသည်။ ၎င်းတို့မှာ နန်ယုနှင့် ဖေးယီကျန့်တို့ သီးသန့်စားသောက်ဆိုင်မှ ထွက်ခွာပြီး လမ်းခွဲနေသည့် ဓာတ်ပုံများပင်။
ဓာတ်ပုံများမှာ ကြည်လင်ပြတ်သားပြီး နန်ယုနှင့် ဖေးယီကျန့်တို့ စိတ်သက်သာရာရနေပုံ၊ ပြုံးနေပုံများအား ထင်ရှားစွာမြင်ရသည်။ ၎င်းတို့ အထူးတလည် ရင်းနှီးနေပုံမရသော်လည်း အသစ်ကွာရှင်းထားသည့် ပုံလည်းမပေါက်ချေ။ ထိုအစား နာမည်ကြီး မင်းသား၊ မင်းသမီးများ ဇာတ်ဝင်ခန်း ရိုက်ကူးပြီးမှလမ်းခွဲသည့် ပုံစံမျိုးရှိနေသည်။ ဓာတ်ပုံပဲ ဖေးယီကျန့်ရော နန်ယုပါ ကြည့်ကောင်းနေသည်မှာ အမှန်ပင်။
ဤဓာတ်ပုံများအား ဘယ်အချိန် ခိုးရိုက်ခဲ့သည်အား သူမ မသိလိုက်ချေ။ ထိုအချိန်တုန်းက သူမ မကောင်းတာတစ်ခုခုအား ဝိုးတဝါးခံစားမိခဲ့သော်လည်း ပတ်ဝန်းကျင်အား တစ်ချက်ကြည့်လိုက်ရာ မည်သည့်အရာကိုမှရှာမတွေ့ခဲ့ပေ။
နန်ယု စိတ်ထဲသို့ ဖြတ်ကူးသွားသော ပထမဆုံးအတွေးမှာ ထိုသို့ပင်။ သို့သော် ခုခေတ် ကင်မရာများမှာ တောင်ကုန်းတစ်ခုမှ နောက်တောင်ကုန်းပေါ်ကလူများကိုပင် ဓာတ်ပုံရိုက်နိုင်ကြောင်း သူမ ကြားဖူးသည်။ နန်ယု စူပါလူသား မဟုတ်သည့် အတွက် သူ သတိမထားမိသည်မှာ နားလည်နိုင်စရာဖြစ်သည်။
ဤသီးသန့်စားသောက်ဆိုင်မှာ ဖေးယီကျန့်ပိုင်ဆိုင်ခြင်းဖြစ်ပြီး သူ ကိုယ်ပိုင်လွတ်လပ်ခွင့်အား အာမခံထားကြောင်းပြောခဲ့သည်။ သို့သော် အတွင်းမှာအာမခံပေးထားသော်လည်း အပြင်မှာတော့ ဓာတ်ပုံရိုက်ခံလိုက်ရခြင်းပင်။
"နန်ယု- အဲ့တောဘ ဘာဖြစ်လဲ ?"
"နန်- ဒါကို ပါပါရာဇီက ငါ့ဆီ ပို့လိုက်တာ၊ သူတို့က တစ်သန်း တောင်းနေတယ်!"
နန်ကျီ ဦးလေးကျောက်အား နန်ယုပြန်လာပြီလားဟု မေးပြီးမှ တစ်နေကုန် အပြင်မှာရှိနေခဲ့သည်အား သိလိုက်ရတော့ ဤဓာတ်ပုံမှာ တကယ်ဖြစ်နိုင်ချေ အများဆုံးဟုသိလိုက်ရသည်။ နန်ကျီ တစ်သန်းအတွက် စိတ်ပူနေခြင်း မဟုတ်ပေ။ သို့သော် ဖေးယီကျန့်နှင့် နန်ယုတို့အား အတူပြန်တွေ့လိုက်ရသဖြင့် သူ စဉ်းစားလိုက်မိတော့သည်။
ဒီနှစ်ယောက် ကွာရှင်းပြီးမှ တစ်ယောက်ရဲ့ ကောင်းကွက်ကို တစ်ယောက်သဘောပေါက်ပြီး အချစ်ဟောင်းကို ပြန်လည်ဆက်သွယ်ချင်တာလား? ဒါမှမဟုတ် ဖေးမိသားစုက ပြိုလဲဖို့ နီးနေပြီမို့လို့ ဖေးယီကျန့်က ရုပ်ရည်ကိုပျားထောင်ချောက်အဖြစ် သုံးဖို့စီစဉ်နေတာလား? ဘယ်လိုပဲဖြစ်ဖြစ် နန်ကျီက တော့ "လုံးဝ မဖြစ်နိုင်" ဟု တုံးတိဆုံးဖြတ်လိုက်သည်။
သူ့ညီမလေးသည် အခုမှ ဒီရှုပ်ထွေးမှုကနေ ရုန်းထွက်နိုင်ခဲ့တာ၊ ပြန်ပြီး ခုန်ဝင်လို့မရဘူး။ ကမ္ဘာမှာ သန်းပေါင်းများစွာသော ယောကျ်ားတွေရှိနေတာ၊ ဖေးယီကျန့်ကိုပဲ ဘာလို့တွယ် ကပ်နေရမှာလဲ ?
"နန်ယု- တစ်သန်းလား? သူတို့ကို ကျွန်မဆီ လာပေးခိုင်းလိုက်၊ ကျွန်မ ဂရုမစိုက်ဘူး!"
တစ်သန်းဆိုတာ နန်ကျီနှင့် နန်ယုတို့အတွက် ပိုက်ဆံနည်းနည်း မဟုတ်သော်လည်း အဲ့ဒီပါပါရာဇီတွေကို ဘာလို့ပေးရမှာလဲ? သူမ ဖောင်ဒေးရှင်းအား လှူလိုက်ပါက ပိုကောင်းဦးမည်။
ထိုဓာတ်ပုံတွေ တင်လိုက်လို့ဖြစ်လာမည့် အကျိုးဆက်အား နန်ယု တကယ်ဂရုမစိုက်ပေ။ ၎င်းမှာ မှန်းဆစကား သက်သက်ပင်။ နောက်ပိုင်း သူမ အနာဂတ်မှာ လူတွေအားကယ်ဆယ်ဖို့အတွက် ဖေးယီကျန့်နှင့် အများကြီးထိတွေ့ရဦးမည်ဖြစ်ရာ အရာအားလုံးကို ဝယ်ယူပြီးတားမြစ်နိုင်မတဲ့လား ?
"နန်- ဒါဆို နင်နဲ့ သူက?"
"နန်ယု- ကျွန်မတို့ကမ္ဘာကြီးကို ဘယ်လိုကယ်တင်ရမလဲဆိုတာ ဆွေးနွေးနေကြတာ"
နန်ကျီ- ...
သူ နန်ယု အဖြေအား ဖုန်းထဲကြည့်ပြီး စကားမပြောနိုင်ဘဲ မှင်တက်သွားသည်။
"ခိုင်လုံတဲ့ ဆင်ခြေတစ်ခုခုဖန်တီးပြီး ငါ့ကို လိမ်လိုက်စမ်းပါဦး!"
ကမ္ဘာကြီးကို ကယ်တင်တယ် ဟုတ်လား ? ငါက ဗီလိန်လုပ်နေတုန်းရှိသေးတယ်။
"နန်- နင်တို့ ဘာတွေကြံစည်နေတာလဲ?"
"နန်ယု- သာမန်လူတွေကို ကယ်ဆယ်ဖို့ကနေ စရအောင်"
နန်ယု၏ထိုစကားမှာ ယုံကြည်နိုင်လောက်အောင် ခိုင်မာမှုရှိနေသောကြောင့် နန်ကျီ ပထမဆုံးစိုးရိမ်ပူပန်မှုများမှာ ချက်ချင်းဆိုသလိုပြေပျောက်သွားခဲ့သည်။
"နန်- မင်း လူကြီးဖြစ်နေပြီ၊ မင်းကို ထိန်းချုပ်လို့မရနိုင်တော့ဘူး...ဘာပဲဖြစ်ဖြစ်ပေါ့... မင်းသာ ဥပဒေကိုမချိုးဖောက်သရွေ့ ကောနဲ့ မား၊ ပါးတို့က မင်းကို ထာဝရကာကွယ်ပေးသွားမယ်"
နန်ယုနှင့် နန်ကျီတို့မှာ အသက်ငါးနှစ်နီးပါးကွာခြားကြသည်။ နန်ကျီသည် နန်ယု မွေးဖွားလာစဉ်ကတည်းက အမှတ်တရများ ရှိနေခဲ့သူဖြစ်ရာ ထိုကလေးမလေးမှာ ယခုခေတ်၏လှပသော အမျိုးသမီးငယ်အဖြစ် ကြီးပြင်းလာသည်အား သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
သူမ အချစ်ရေးနှင့် ရုန်းကန်ခဲ့ရပုံကိုလည်းကြည့်ခဲ့ရပြီးနောက်၊ တဖြည်းဖြည်း ပြန်လည်နာလန်ထူလာသည်ကိုလည်း မျက်ဝါး ထင်ထင်တွေ့ခဲ့ရသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် နန်ယု ပျော်ရွှင်မှုအား အလိုချင်ဆုံးသူ တစ်ဦးရှိမည်ဆိုလျှင် နန်ကျီမှာ ထိုသူပင် ဖြစ်လိမ့်မည်။
နန်ကျီ သူ့ကိုယ်သူ "နန်ယုပျော်ရွှင်သည်အား အလိုချင်ဆုံး" ထိပ်ဆုံးသုံးယောက်စာရင်းတွင် ပါဝင်မည်ဟုယုံကြည်မှုရှိရှိ အာမခံနိုင်ခဲ့သည်။ ပထမနှင့် ဒုတိယနေရာများအတွက်မူ သူ့မား ပါးတို့နှင့် ငြင်းခုံတော့မည် မဟုတ်ပေ။
"နန်ယု- စိတ်မပူပါနဲ့၊ ဖေးယီကျန့်နဲ့ ညီမ အလေးအနက်ဆွေး နွေးစရာရှိလို့ ဆွေးနွေးခဲ့တာပါ.. ညီမ အခု ယောကျ်ားတွေကို စိတ်မဝင်စားပါဘူး"
ယောကျ်ားတွေကို စိတ်မဝင်စားဘူးဟုတ်လား ? ထိုစကားကြောင့် နန်ကျီ တစ်ကိုယ်လုံးလန့်ဖျပ်သွားပြီး လက်ချောင်းများမှာ ဖုန်းမျက်နှာပြင်ပေါ်တွင် လျင်မြန်စွာရိုက်ခတ်နေသည်။ ၎င်းမှာ ခေါင်းမူးစေလောက်သည့် အရှိန်ဖြင့် တုံ့ပြန်ခြင်းဖြစ် သည်။
"နန်- ညီမလေး၊ ဒါ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ပေမဲ့ လူတွေက လွတ်လပ်ပြီးတန်းတူညီမျှကြတယ်၊ မိဘတွေက ဒီမိုကရေစီဆန်တယ်၊ ဒါပေမဲ့ မင်း တကယ်ပဲ..."
နန်ကျီ ထိုဝါကျအား အပြီးသတ်၍ မပို့လိုက်ရချေ။ အဘယ့် ကြောင့်ဆိုသော် နန်ယု သူ့အတွေးအား မှန်းဆမိသလိုပင် နောက်ထပ် စာကြောင်းတစ်ကြောင်းအား ချက်ချင်းထပ်ဖြည့်လိုက်သောကြောင့်ဖြစ်သည်။
"နန်ယု- မိန်းမတွေကိုလည်း စိတ်မဝင်စားဘူး"
"နန်ယု- ကျေးဇူးပြုပြီး အလုပ်ကိုပြန်သွားပါ.. ကော တစ်နေ ကုန်အားနေတာပဲ နန်ဂရုက ဒေဝါလီခံရတော့မှာလား?"
"နန်- အဲ့လိုမပြောနဲ့၊ နန်ဂရုက အဆင်ပြေတယ်၊ ကျေးဇူးမသိတတ်တဲ့ ကလေးမ!"
နန်ယု၏တုံ့ပြန်ပုံကြောင့် နန်ကျီ ထိုပါပါရာဇီများအား ရိုးရိုးရှင်းရှင်းပင် ငြင်းပယ်လိုက်သည်။ ထိုလူအားလုံး သူတို့အသက်အား ပိုက်ဆံနှင့်လဲလှယ်နေကြပြီးတော့ သူ့အား ခြိမ်းခြောက်ရဲသေးသည်။ ဒီလိုမျိုးတစ်ကြိမ်ဖြစ်ရင် နှစ်ကြိမ်၊ သုံးကြိမ် ဆက်ဖြစ်လာဖို့သာရှိသည်။
မည်သို့ပင်ဖြစ်စေ ဖေးယီကျန့်နှင့် နန်ယုတို့မှာ အခု လူပျို၊ အပျိုများ ဖြစ်နေကြပြီဖြစ်ရာ၊ သူတို့ ပေါင်းသင်းဆက်ဆံသည်မှာ ဘာမှမှားစရာမရှိချေ။ ဤအဖြစ်အပျက်မှာ သူတို့နှစ်ဦး ငြိမ်းငြိမ်းချမ်းချမ်းပြတ်စဲခဲ့ကြသည်အား သက်သေပြနေခြင်း မဟုတ်ပါလား?
နန်မိသားစုဘက်မှ ဂရုမစိုက်ကြောင်း သိလိုက်ရပုံရသည်။ ထိုပါပါရာဇီများမှာ အရှုံးမပေးဘဲ ဖေးယီကျန့်လက်ထောက်၏ အီးမေးလ်လိပ်စာအား ထပ်ရှာပြီး ဓာတ်ပုံများပို့လိုက်ကြပြန် သည်။ ထို့နောက် အရင်အတိုင်း တစ်သန်းဆိုသည့် ဈေးနှုန်းကိုလည်း ကိုးကားခဲ့သည်။
ငါးမိနစ် အကြာတွင် ထိုအီးမေးလ်အား တစ်လုံးတည်းသော စကားလုံးဖြင့် ပြန်ဖြေခဲ့သည်ကို မည်သူက သိနိုင်မည်နည်း။
ထွက်သွား!
ထိုတစ်လုံးတည်းသော 'ထွက်သွား' ဟူသည့် စကားအား ဖေးယီကျန့် ကိုယ်တိုင်ပြောခဲ့ခြင်းလား၊ သို့မဟုတ် သူ့လက် ထောက်မှ တုံ့ပြန်ခဲ့ခြင်းလား ?
မင်းတို့ နန်မိသားစုက အရမ်းတော်တယ်ပေါ့၊ မင်းတို့ ဖေးမိသားစုကလည်း အရမ်းတော်နေကြတယ်ပေါ့ !!
ပါပါရာဇီများ စိတ်ထဲမှကျိန်ဆဲရင်း လုံးဝမဖုံးကွယ်တော့ပေ။ သူတို့ ဝေးလံခေါင်သီသော အင်တာနက် ကဖေးတစ်ခုကိုရှာဖွေကာ သူတို့၏လက္ခဏာများအားဖျောက်ထားခဲ့သည်။ ထို့ နောက် ၎င်းတို့ကွန်ပျူတာအားအသုံးပြု၍ ကြာမြင့်စွာမွေးမြူထားခဲ့သည့် အတင်းအဖျင်းအကောင့်တစ်ခုတွင် ထိုဓာတ်ပုံများအားတင်လိုက်သည်။
စာတန်း- အချစ်ဟောင်း ပြန်လည်ရှင်သန်လာတာလား ? ဒါမှမဟုတ် လျှို့ဝှက်ချက်တစ်ခုခုရှိနေတာလား ? လူချမ်းသာတွေရဲ့မသိနိုင်တဲ့နဲ့ ရှုပ်ထွေးတဲ့ ခံစားချက်တွေနဲ့ နီးစပ်ကြည့်ရ အောင် !!
သို့သော် ပါပါရာဇီများမျှော်လင့်ထားသည့် အရာနှင့် ဆန့်ကျင် ဘက် ဖြစ်ခဲ့သည်။ အင်တာနက် အသုံးပြုသူများ၏တုံ့ပြန်မှုမှာ အတော်လေး ပုံမှန်သာ ရှိနေခဲ့သည်။ ပါပါရာဇီများ အကောင့်အတုတစ်ခုဖန်တီးပြီး သာမန်လမ်းသွားလမ်းလာတစ်ယောက်အဖြစ် ဟန်ဆောင်ကာ နန်ယုနှင့်လီယွမ်မိုတို့ အပြန်အလှန်ပြောဆိုဆက်ဆံနေကြကာ ရှုထောင့်များကြောင့် မရေမရာဖြစ်နေသော ဓာတ်ပုံအချို့ကိုပင် ထပ်တင်ခဲ့သည်။ နန်ယု "အပြောင်း အလဲမြန်သော"၊ "ယောင်္ကျားမျိုးစုံနှင့်ကစား" နေ သည်ဟု ဦးဆောင်ရန်ကြိုးစားခဲ့သော်ငြား တုံ့ပြန်မှုမှာပုံမှန်ထက်မပိုခဲ့ပေ။
မဖြစ်နိုင်ဘူး၊ ဒါကို ပုံမှန်လို့ခေါ်လို့ မရဘူး!!!
ဤတုံ့ပြန်မှုများမှာ သူတို့မျှော်လင့်ထားသည့် အကြမ်းဖက်သော ကဲ့ရဲ့ရှုတ်ချမှုများ၊ ဝေဖန်မှုများနှင့် လုံးဝကွာခြားနေခဲ့သည်။ ၎င်းမှာ ထောင့်မှားယွင်းမှုတစ်ခုကြောင့်သာ ဖြစ်သည်ဟု အကြောင်းပြလို့ မရပေ။
ထို့နောက် အင်တာနက် အသုံးပြုသူများမှာ နန်ယုသည် ဖေးယီကျန့် (သူမ၏ ခင်ပွန်းဟောင်း) သို့မဟုတ် တက်သစ်စ စီအီးအို လီယွမ်မိုတို့ထဲမှ မည်သူနှင့် အဆုံးသတ်မလဲဆိုသည့် မဲပေးပွဲတစ်ခုပင်စတင်ခဲ့ကြသေးသည်။
[အမျိုးသမီးလေးကို အချိန်တိုင်းမနာလိုဖြစ်မိတယ်၊ ဒီနှစ်ယောက်ထဲက တစ်ယောက်ယောက်နဲ့တွဲရရင် ရုပ်ရည်နဲ့တင် အနိုင်ရနေပါပြီ!]
[လီယွမ်မို အတွက်မဲပေးပါ! ခင်ပွန်းဟောင်းကိုဖယ်ရှားကြပါ!]
[ဝိုး၊ ဒါက လှပတဲ့ အမျိုးသမီးလေးရဲ့ ပျော်ရွှင်မှုလား? ငါတို့ မဲပေးတာကို ခဏဆိုင်းငံ့ထားသင့်တယ်လို့ထင်တယ်၊ ပိုကောင်းတဲ့သူရှိလာနိုင်သေးတယ်]
...
ပါပါရာဇီ- ဟေး! ဒီအင်တာနက် အသုံးပြုသူတွေက ရူးနေကြပြီ!
သူတို့သာ ပါပါရာဇီများတွေးနေသည်အား ကြားနိုင်ခဲ့လျှင် ပြန်ပြောကြမည်မှာ သေချာသည်။ ယခုအခါ ခေတ်ပြောင်းသွားပြီ။ သာမန်လူများဆိုလျှင်ပင် လူပျိုနှင့် အပျိုတို့၏ ဆက်ဆံရေးနှင့် ပတ်သက်လာလျှင် ပိုပြီးရွေးချယ်တတ်ကြသည်။ နန်ယုလို ထူးခြားသော လူမျိုးဆိုလျှင် ပိုလို့တောင်ဖြစ်ဦးမည်။
ဟုတ်ပါတယ်၊ အဓိကအချက်မှာတော့ ၎င်းသုံးယောက်စလုံး ကြည့်ကောင်းနေခြင်းကြောင့် ငန်းတစ်ကောင်အတွက် ခင်ပွန်း ရွေးချယ်သလိုမျိုးဖြစ်နေခြင်းပင်။
အချို့သော အင်တာနက် အသုံးပြုသူများဆိုလျှင် ဖေးယီကျန့်နှင့် လီယွမ်မိုတို့၏ အားသာချက်၊ အားနည်းချက်များအား ဆန်းစစ်သည့် ဇယားတစ်ခုပင် ဖန်တီးခဲ့ကြပြီး၊ ၎င်းတို့ မည်မျှ ပျင်းရိနေကြသည်အားဖော်ပြနေသည်။
ပါပါရာဇီများမှာ မလိုအပ်သော အလုပ်များအား လက်လျှော့လိုက်ကြပြီး၊ နန်မိသားစု၏အမျက်ဒေါသအား စတင်ကြောက် ရွံ့လာချိန်တွင် ထိုအကောင့်သို့ ကိုယ်ပိုင်မက်ဆေ့ချ်တစ်ခု ရုတ်တရက် ရောက်လာခဲ့သည်။
၎င်းမှာ အခြား ကိုယ်ပိုင်မက်ဆေ့ချ်များကဲ့သို့ စော်ကားခြင်း သို့မဟုတ် ငွေတောင်းခံခြင်းမျိုး မဟုတ်ဘဲ၊ တစ်ကြောင်းတည်းသော ဝါကျသာပါဝင်ခဲ့သည်။
"နောက်ယောင်ခံအလုပ်တစ်ခု၊ ပြီးစီးပါက သုံးသန်းပေးမည်"
ထို့နောက် ဖုန်းခေါ်ဆိုမှုတစ်ခု ရုတ်တရက်ရောက်လာသည်။ ပါပါရာဇီ၏မျက်လုံးများ လည်ထွက်သွားသည်! သူတို့ အလုပ်သဘောအရ သတ္တိနည်းသူများမှာငတ်သေကြရပြီး၊ သတ္တိရှိသူများကမူ ပိုလျှံစွာ ရရှိပြီးမှသေရတတ်သည်။ ပေးချေမှုသာ မှန်ကန်နေမည်ဆိုလျှင် နန်နှင့် ဖေးမိသားစုများ မည်သို့ရှိသည်ဖြစ်စေ အရေးမကြီးပေ။
သူ ထိုဖုန်းနံပါတ်အား မတွန့်မဆုတ်ဘဲခေါ်လိုက်ရာ၊ ရုပ်ဖျက်ထားသော အသံတစ်ခုတစ်ဖက်မှပဲ့တင်ထွက်လာသည်။ ထိုသူမှာ နန်ယု လှုပ်ရျားမှုအားခြောက်လကြာသည်အထိ ချက်ချင်းအကြောင်းကြားဖို့ ပါပါရာဇီအားပြောခဲ့သည်။ သူတို့ ကောင်း မွန်စွာလုပ်ဆောင်ပါက သုံးသန်းထက်မကရရှိမည်။ သို့သော် ဖော်ထုတ်ခံရပါက သူ့အား ပတ်သက်လို့မရကြောင်း၊ သူသည် နာမည်ကျော်ကြားမှုအားရှာဖွေနေသည့် ပါပါရာဇီ သက်သက်သာဖြစ်ကြောင်း ပြောလိမ့်မည်ဟု သတိပေးခဲ့သည်။
တစ်ဖက်လူမှာ ဘာကိုမှဖော်ထုတ်ချင်ပုံမပေါ်ပေ။ ပါပါရာဇီကတော့ ဂရုမစိုက်ပါ။ သူတို့သည် မသင့်လျော်သည့် သိချင်စိတ်အား ဘယ်တုန်းကမှမထားခဲ့ကြပေ။
"ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ သူဌေး၊ ကျေးဇူးပြုပြီး စရန်ငွေ ကို အရင်ပေးချေပေးနိုင်မလား? ကျွန်တော်တို့မှာ ကျွေးမွေးရမယ့်သူတွေ ရှိပါတယ်၊ ဟားဟားဟား!"
"အန်တီ~"
နန်ယု အားကစားရုံ၌ လေ့ကျင့်ခန်း လုပ်နေစဉ် ဖေးယွင်ကျင်း မီးရှူးမီးပန်းတစ်ခုလို ရုတ်တရက် ဝင်ရောက်လာပြီး ဝက်စုဘူးလေးအား ဆုပ်ကိုင်ထားသည်။ သူ မတ်တပ်မရပ်ခင်မှာပင် စကားစပြောလိုက်သည်။
"ကျွန်တော် ယွမ်သုံးရာ စုမိထားတယ်~"
နန်ယု ကောင်လေး သူ့ပျော်ရွှင်မှုအားဝေမျှဖို့ ရောက်လာသည်ဟု ထင်မှတ်ပြီး ချက်ချင်းချီးကျူးလိုက်သည်။ ဖေးယွင်ကျင်း မကြာသေးခင်က အားကစားအား အရမ်းကြိုးစားလေ့ကျင့်နေခဲ့ရာ နန်ယု တစ်ခါတရံ ဆယ်ယွမ် ထပ်ပေးလေ့ရှိပြီး ၎င်းအား အပိုဆုဟု ခေါ်သည်။ "မင်း ကြိုးစားသရွေ့ မင်းရဲ့သူဌေးက အပိုဆု ပေးလိမ့်မယ်" ဟူသည့် မက်လုံးကြောင့် ဖေးယွင်ကျင်းလည်း ပျော်ရွှင်စွာလက်ခံခဲ့သည်။
သို့သော် ဖေးယွင်ကျင်း "ကြွားဝါ" ဖို့ ရောက်လာခြင်းမဟုတ်ပေ။ ကောင်လေးမှာက သူ တစ်စုံတစ်ယောက်အားဝယ်ယူ ချင်သည်ဟု ပြောသည်။
"ဟင် ?"
နန်ယု ထိုစကားလုံးအားကြားလိုက်ရသောအခါ ဒမ်ဘယ် (weight trainingကိရိယာ)ကို ချ၍ ဘေးရှိမျက်နှာသုတ်ပုဝါဖြင့် ချွေးသုတ်လိုက်သည်။
"သား ဘယ်သူ့ကို ဝယ်မလို့လဲ ?"
"ကျွန်တော် အန်တီကိုဝယ်ချင်တယ်"
ဖေးယွင်ကျင်း ဝက်စုဘူးလေးအားကိုင်ကာ ရှက်ရွံ့စွာပြောလိုက်သည်။
"ဒီလောက်ဆို လောက်ပြီလား ?"
ဖေးယွင်ကျင်း ဒေသစျေးနှုန်းများအားသိပ်မသိပေ။ သို့သော် သူ ရှောင်းပိုင်၏လက်ထောက်ရှုအား မေးကြည့်တော့ သူက တစ်နာရီ ယွမ်ရှစ်ဆယ်ခန့်ရသည်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူ့အန်တီသည် လက်ထောက်ရှုထက်ပိုစျေးကြီးရမည်မှာ သေ ချာသည်။ ယွမ်သုံးရာမှာ တစ်နာရီစာအတွက် လုံလောက်ပါ့မလားဟု သူ စိုးရိမ်တကြီးတွေးလိုက်မိသည်။
"ငါ့ တစ်နာရီအတွက် ယွမ်သုံးရာလား ?"
နန်ယု ဤခေတ်ကလေးများ၏တွေးခေါ်ပုံအား မလိုက်နိုင်တော့ကြောင်း သဘောပေါက်လိုက်သည်။
"ပြီးတော့ ဘာလုပ်မှာလဲ ?"
အကယ်၍ နန်ယု တစ်နာရီမှာ တကယ်တန်ဖိုးရှိခဲ့လျှင် ယွမ်သုံးရာထက် အဆများစွာပိုများမည်မှာသေချာသည်။ သို့သော် တစ်ခါတရံဖော်ရွေသော နှုန်းထားများလည်းရှိနိုင်သည်၊ ဖေးယွင်ကျင်းတွင် ခိုင်လုံသောအကြောင်းပြချက်ရှိသရွေ့ နန်ယု သူ့အား "ရောင်း" ရန်ဝန်လေးမည် မဟုတ်ပေ။
"ကျွန်တော် အန်တီရဲ့ ကွတ်ကီးတွေ လိုချင်တယ်!"
ကိတ်မုန့်များမှာ ကွတ်ကီးများထက်လုပ်ရတာ ပိုရှုပ်ထွေးသည်ဟု သူ ကြားဖူးသည်။ ဖေးယွင်ကျင်း လောဘမကြီး၊ သူ နန်ယု ကိုယ်တိုင်လုပ်ထားသော ကွတ်ကီးများအား စားချင်ရုံသက် သက်သာဖြစ်သည်။ သူ ၎င်းအား ရှုယီကျစ်ဆီ မနက်ဖြန်ယူ သွားနိုင်သည်။
"ဟွန့် ကြည့်ရုံပဲ၊ မစားရဘူး"
ဖေးယွင်ကျင်း သူ့ကျောင်းလွယ်အိတ်လေးအား ယူဆောင်ကာ ရှုယီကျစ်နှင့် တခြားသူများနှင့်အတူ ကစားကွင်းသို့နေ့ချင်းပြန် ခရီးသွားအကြောင်းဝေမျှခဲ့စဉ်က ရှောင်မုန့်နှင့် ချန်ကန်းတို့မှာ မနာလိုစွာချီးမွမ်းခဲ့ကြသည်။ ရှုယီကျစ် တစ်ယောက် တည်းသာ!
သူက "ဘာ အရေးကြီးလို့လဲ ? မိထွေး ဘယ်လောက်ပဲ လုပ်လုပ် မိခင်အရင်းလောက် မကောင်းဘူး" ဟု ပစ်ပစ်ခါခါပြောခဲ့သည်။ သူ ဖေးယွင်ကျင်းအား အသေးအဖွဲမျက်နှာသာများဖြင့် ဝယ်ယူခံရသည့် လူမိုက်ဟုလည်း ခေါ်ခဲ့သည်။
(ရှင်းလင်းချက် - နည်းနည်းလေးကောင်းပြလိုက်တာနဲ့ပါသွားလို့ပြောချင်တာပါ)
ဖေးယွင်ကျင်း ထိုနေရာ၌ပင် ရှုယီကျစ်အား ချက်ချင်းပြန် လည်တုံ့ပြန်ခဲ့သည်။ သူ့မိခင်ကသာ ဆုတွေရအောင်လုပ်နိုင်လျှင် လုပ်ခိုင်းလိုက်ပါဟု စိန်ခေါ်စကားဆိုခဲ့သည်။ သို့သော် ကျောင်းမှ အိမ်ပြန်ရာလမ်းတစ်လျှောက်တွင်မူ ဖေးယွင်ကျင်း ၏ထူးဆန်းသော ပြိုင်ဆိုင်လိုစိတ်မှာ သူ့အား လွှမ်းမိုးခဲ့သည်။
ရှုယီကျစ် သူ့အန်တီ မကောင်းဘူးဟုပြောသည့်အတွက် "မင်း ငါ့အန်တီကို မကောင်းဘူးပြောတယ် ဒါပေမဲ့ သူ ဘယ်လောက်ကောင်းတယ်၊ မွေးမိခင်ထက်တောင် ပိုကောင်းတယ်ဆိုတာကို ငါ သက်သေပြမယ်"
"ဒီနေ့တော့ ကွတ်ကီးဖုတ်မယ် နောက်ပြီး ပိုက်ဆံစုမိရင် အန်တီကို အိပ်ယာဝင်ပုံပြင်ပြောခိုင်းရမယ်"
ဖေးယွင်ကျင်း ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
ကောင်လေးမှာ ဂရုမစိုက်သလို ဟန်ဆောင်နေသော်လည်း တကယ်တမ်းတွင် ရှောင်မုန့်နှင့် အခြားသူများပြောခဲ့သည်အား အားလုံးမှတ်သားထားခဲ့ပြီး သင့်တော်သည့် အခွင့်အရေးအား စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ ဒီလောက်ငယ်ရွယ်သော အသက်၌ပင် သူ့ထံ ပရိယာယ်လေးများရှိနေသည်မဟုတ်ပါလား!?
နန်ယု အပြုံးတို့မှာ ရုတ်တရက် အေးခဲသွားခဲ့သည်။
ကွတ်ကီးလား ?
သူမ ပေါင် ၃၀ ရှိသော ဒမ်ဘယ်အား အကြိမ်ရာနှင့်ချီပြီး မခိုင်းလျှင်ပင် လုပ်ဆောင်နိုင်သေးသည်။ ဒါပေမယ့် သူ့ကို ကွတ်ကီး လုပ်ခိုင်းသတဲ့လား? သူမ၏ ချက်ပြုတ်သည့် အရည်အချင်းမှာ အစားအသောက် 'ကျက်ခြင်း' နှင့် 'မကျက်ခြင်း' အကြားတွင်သာ ကန့်သတ်ထားကြောင်း နန်ယု မည်သို့ ပြောပြရမည်နည်း။ မီးလောင်သွားခြင်း သို့မဟုတ် အလယ်အလတ် ကျက်ရုံသာဖြစ်ခြင်းမှာ ကံကြမ္မာပေါ်တွင်သာ မူတည်နေသည် မဟုတ်ပါလား?
ဒီယွမ်သုံးရာကနေ အကျိုးအမြတ်မယူဘဲ လက်လျှော့လိုက်လို့ မရဘူးလား ?