အခန်း (၆၅)
Vol. 8 Ch. 65
ရိုက်နှက်မှုအားဘေးဖယ်ထားလျှင် အန်းရီရန်မှာ မူရင်းဝတ္ထုထဲကလိုပင် ယခုလည်း ကိုယ်ရည်ကိုယ်သွေးပိုင်းဆိုင်ရာပြဿနာအချို့အမြဲရှိနေသည်။
သူသည် ငယ်စဉ်ကတည်းက မိခင်အား မှီခိုနေခဲ့ရပြီး သူမမှာ သူ့အားနည်းချက် ဖြစ်သည်။
သူ့တွင် သူငယ်ချင်း သို့မဟုတ် မိသားစုကျောက်ထောက်နောက်ခံ မရှိခဲ့သည့်အတွက်၊ သူကိုယ်တိုင်ပင် အားတင်းကာ စကားနားထောင်သူ ဖြစ်ရန်ကြိုးစားခဲ့ရသည်။ ထိုအချက်သည် သူ့ပင်ကို စရိုက်ချို့ယွင်းချက်များနှင့် ပေါင်းစပ်သွားသောအခါ သူ့အား စိတ်မြန်သူနှင့် အလွယ်တကူ ဒေါသထွက်တတ်သူ ဖြစ်စေခဲ့ပုံရသည်။ အချို့သောသူများမှာ အခြားသူ များထက် ပုံမှန်မဟုတ်သော အတွေးအခေါ်များနှင့် အစွန်း ရောက်သော အပြုအမူများအား ပိုမိုသတိပြုမိတတ်သည်။
ထို့အပြင် အန်းနင် သူ့အား အလိုအပ်ဆုံးကာလများအတွင်း အချိန်သိပ်မပေးနိုင်ခဲ့ရာ သူ့ပြဿနာများ တဖြည်းဖြည်းပိုမိုကြီးထွားလာခဲ့သည်။
မဟုတ်ပါက သူသည် မူရင်းဝတ္ထုတွင် ထိုမျှရက်စက်သည့် အပြုအမူမျိုးအား ပြုလုပ်ခဲ့မည် မဟုတ်ပေ။
သို့သော် အန်းရီရန်သည် ယခုအသက်ငယ်သေးပြီး မူရင်းဝတ္ထု ကြေကွဲဖွယ် အဖြစ်အပျက်များအား မကြုံတွေ့ရသေးသော ကြောင့် ပြန်ဆုတ်လို့မရသည့် အခြေအနေသို့ မရောက်သေးပေ။
နန်ယု အန်းနင်နှင့်နန်ကျီ လမ်းညွှန်မှုဖြင့် ထိုသို့အစွန်းရောက်ပြီး ခေါင်းမာသည့် စရိုက်တိုးတက်လာလိမ့်မည်ဟု ထင်ခဲ့သော် လည်း ယခုတော့...
နန်ကျီက အသုံးမကျတဲ့ ဖခင်ပဲ!
"အန်းနင်က မင်းအတွက် စိတ်ပူနေတာ"
နန်ယု သူ မှားလား၊ မှန်လားဆိုတာအား ငြင်းခုန်မနေတော့ဘဲ တည့်ပြောလိုက်သည်။
လူတစ်ယောက်အား ရိုက်နှက်ခြင်းမှာ မှားပါသလား?
လူတစ်ယောက်အား ရိုက်နှက်ခြင်းမှာမပြုသင့်ဘဲ စကားဖြင့် ညှိနှိုင်းခြင်းသာ ယေဘုယျအသိဖြစ်ကြောင်း နန်ယု သိသည်။
"သူက နင့်ကို အော်တာကို ဘာလို့လက်ပါရတာလဲ ?"
စသည့် ယုတ္တိမရှိသော ပြောဆိုမှုများပင် ရှိနေသေးသော်လည်း လူအများစုမှာ ထိုစကားများအား မှန်ကန်သည်ဟု လက်ခံကြသည်။
ရိုက်နှက်တာက နာကျင်စေသလို ပါးစပ်နဲ့စော်ကား စိန်ခေါ်တာကလည်း နာကျင်စေတာပဲ မဟုတ်ဘူးလား?
တစ်ခုကသာ မျက်မြင်ထင်ရှားပြီး နောက်တစ်ခုက မသိသာရုံနဲ့ မတူညီတဲ့ ဆက်ဆံမှုအား ခံယူရမယ်ဆိုတာ မဖြစ်သင့်ပေ။
ထို့အပြင် နန်ယု "ရိုက်နှက်ခြင်းက မှားတယ်" ဟု ပြောပိုင်ခွင့် မရှိဟု ယူဆသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမ မကြာသေးမီက ဒေါသအလျောက် လူတစ်ဦးအား ရိုက်နှက်ခဲ့ပြီး သားကောင်ဖြစ်သူ ဖေးယီကျန့်တွင်လည်း ကန့်ကွက်စရာ စကားများစွာရှိနေသည်။
သို့သော် စိတ်မြန်လက်မြန်ဖြစ်ပြီးနောက် ဖြစ်ပေါ်လာသည့် အခြေအနေအား မည်သို့ကိုင်တွယ် ဖြေရှင်းရမည်နည်း။
ထိုအရာကသာ လူတစ်ယောက် စိတ်နေသဘောထားအား အမှန်တကယ် ဖော်ပြသည့် စံတစ်ခုဖြစ်သည်။
သူမ ဖေးယွင်ကျင်းအား ပထမဆုံး တွေ့စဉ်က သူ ရန်ဖြစ်ခဲ့ဖူးသော်လည်း အခြားမိဘ၏ ကြမ်းတမ်းသော အပြုအမူမှာ ရန်ပွဲအား လွှမ်းမိုးသွားခဲ့သည်။
ထိုအချိန်တွင် နန်ယုသည် ဖေးယွင်ကျင်းအား မှာလိုက်သော စကားမှာ "သူ့ကို ရိုက်! နာအောင် ရိုက်၊ မနာကျင်စေမယ့်နေရာကို ရိုက်!" ဟူ၍ ဖြစ်သည်။
ဖေးယွင်ကျင်း ထိုစဉ်က စိတ်ထိခိုက်လွယ်ပြီး လုံခြုံမှုမရှိဟု ခံစားနေရသောကြောင့် သူ့စိတ်အား ဖိနှိပ်မထားဘဲ ထုတ်ဖော်ဖို့လိုအပ်နေခဲ့သည်။
ဖေးယွင်ကျင်းသည် ရန်လိုစိတ်ရှိသူ မဟုတ်ပေ။ သူသည် မိမိကိုယ် ထိန်းချုပ်တတ်မှန်း သိသည်။ မှန်ပါသည်၊ ဖေးယွင်ကျင်း ထိုနောက်ပိုင်းတွင် အခြားကလေးနှင့် ထပ်မံရန်မဖြစ်တော့ပေ။
နန်ယု လေ့ကျင့်မှုအောက်တွင် ကလေးများစွာကို ယှဉ်ပြိုင်နိုင်သည့် ခွန်အားအား ယခု ပိုင်ဆိုင်ထားသော်လည်း အန်းရီရန် အခြေအနေမှာ ဖေးယွင်ကျင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ နန်ယု သူ့အား သူလိုသလောက် ရမ်းကား တိုက်ခိုက်ဖို့ သင်ကြားပေးမည် မဟုတ်ပေ။ အကြောင်းမှာ သူ သေဆုံးသွားလျှင် နန်မိသားစုတွင် တာဝန်ရှိမည် ဖြစ်သောကြောင့်ဖြစ်သည်။
အန်းရီရန် ဒေါသစိတ်အား ဆက်လက်လွှတ်ပေးထားပါက သူသည် လူမှုရေးအရ ပြဿနာရှိသည့် စိတ်ရောဂါဝေဒနာသည် ဖြစ်လာနိုင်သည်။
ထို့ထက်၊ သူသည် ထိန်းချုပ်တတ်ရန်နှင့် ငြိမ်းချမ်းစွာနေထိုင်တတ်ရန် သင်ယူရန်လိုအပ်သည်။
ဒေါသထွက်တာက ပြဿနာ မရှိ၊ လက်ပါတာကလည်း ကိစ္စ မဟုတ်ပေ။ သို့သော် သူ ထိုလုပ်ရပ်များ၏ အကျိုးဆက်အား ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းနိုင်ရမည်ဖြစ်ပြီး၊ အားလုံးလက် ခံယုံကြည်သွားအောင် အကောင်းဆုံး လှပစွာလုပ်ဆောင်နိုင်ရမည်။
ထင်ထားသည့်အတိုင်းပင် အန်းနင် နာမည်အားပြောလိုက်သည့်အခါ အန်းရီရန်မျက်နှာ အနည်းငယ်ပြောင်းလဲသွားသော် လည်း ဘာမှမပြောဘဲ ငြိမ်နေသည်။
"မင်း ဒီလိုမျိုးလုပ်နေရင် အန်းနင် စိတ်ချမ်းသာမှာမဟုတ်ဘူး"
သူမ အန်းရီရန် အားနည်းချက်အား ကောင်းကောင်းသိသည်။ ဤကလေးမှာ သူ့မိခင်အတွက်ဆိုလျှင် မည်သည့်အရာကိုမဆို လုပ်ဆောင်မည့်သူ ဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း အန်းရီရန် အန်းနင် စိတ်နေသဘောထားအား နားလည်ပြီး သူ ယခင်က ခေါင်းမာနေမှု၊ ရင်ထဲမှာ မွန်းကျပ်နေမှုနှင့် အမှားအား ဝန်မခံချင်သည့် စိတ်တို့အတွက် အခုမှထွက်ပေါက်တစ်ခု ရသွားပုံရသည်။
ကျန်ကိစ္စများအား ဖြေရှင်းရန်မှာ လွယ်ကူတော့မည်။ ယွဲ့မိသားစုသည် နန်မိသားစုအား ရန်တိုက်လိုခြင်းမရှိသော်လည်း အထင်အမြင်သေးခံရခြင်းအားလည်း မလိုလားပေ။ အပြန်အ လှန် လေးစားမှုသာရှိလျှင် လုံလောက်ပေလိမ့်မည်။
နှစ်ဖက်တောင်းပန်စကားများ ပြောပြီးနောက် မဒမ်ယွဲ့ သူ့ကလေးအားခေါ်ဆောင်ကာ ပြန်ရန် ပြင်ဆင်နေစဉ် နောက်တစ်ခဏမှာပင်...
"မဒမ်ယွဲ့"
နန်ယု ပြုံးလျက်ပင် လှမ်းခေါ်လိုက်သည်။
"ကျွန်မ ပြောစရာ တစ်ခုကျန်သေးတယ်"
"အန်းနင်က ကျွန်မတို့ နန်မိသားစုရဲ့တရားဝင်ဇနီး၊ ကျွန်မ မရီးပါ၊ အန်းရီရန်ကလည်း ကျွန်မ အစ်ကိုရဲ့တစ်ဦးတည်းသော သားအရင်း၊ နန်မိသားစုရဲ့တရားဝင် သခင်လေးပဲ၊ ရှင်ရော၊ ရှင့် သားဆီကပါ မသင့်တော်တဲ့စကားတွေကို နောက်တစ်ခါ ထပ်မကြားချင်ဘူး"
နန်ယု မျက်နှာ ရုတ်တရက်တင်းမာသွားသည်။
"မဟုတ်ရင် ရှင်တို့ဟာ နန်မိသားစုကို စော်ကားရန်စနေတယ်လို့ ကျွန်မ သတ်မှတ်လိုက်မယ်"
ကလေးတစ်ဦးမှာအကြောင်းမဲ့သက်သက် ထိုစကားလုံးများအား မည်သို့ ပြောနိုင်မည်နည်း။ သူ့ပတ်ဝန်းကျင်ရှိ လူကြီးတစ်ဦးဦးမှ ပြောပြခဲ့ခြင်းသာဖြစ်ရမည်။
နန်ယု အန်းနင် နန်မိသားစုထဲ လက်ထပ်ပြီးနောက်ပိုင်း လူများမှာ သူမ နောက်ကွယ်မှာရော၊ အန်းရီရန်ကိုပါ အတင်းအဖျင်း ပြောနေကြသည်ကို သိရှိသည်။
သူမ မဒမ်ယွဲ့အား ကြောက်ရွံ့သောကြောင့် မဟုတ်ဘဲ၊ ရိုးရိုးသားသား သင်ခန်းစာပေးလိုသည့်အတွက်သာ အန်းရီရန်အား ယနေ့ တောင်းပန်စေရန် ဆန္ဒရှိခဲ့ခြင်းဖြစ်သည်။
မဒမ်ယွဲ့အတွက်မူ သူမ အစ်ကိုမှာ ရာထူးကြီးအရာရှိဖြစ်နေပါ စေ ဘာထူးလဲ? နန်မိသားစုတွင် ထိုသို့ တုံ့ပြန်လုပ်ဆောင်ဖို့ သတ္တိမရှိပါက သူတို့ ကြာမြင့်စွာကတည်းက
ပြိုကွဲသွားပြီး ဖြစ်လိမ့်မည်!
ယခု သူမ သတိပေးလိုက်ပြီဖြစ်၍ သူ အသေးအမွှားဟုသတ် မှတ်ထားသော အစ်ကို နောက်ဘာဆက်လုပ်မည်အား နန်ယု မသိပေ။
နန်မိသားစုမှာ အမြဲတမ်းဟန်ပန်ရှိပြီး ကာကွယ်ပေးတတ်ကြသူများ ဖြစ်သည်။
ထိုစကားအား ကြားလိုက်ရသောအခါ မစ္စယွဲ့ မျက်နှာတွင် ရှက်ရွံ့မှုအရိပ်အယောင်ဖြတ်သန်းသွားသည်။ သူမ နန်ယု ရည်ရွယ် ချက်အားနားလည်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။ ကလေးအား ဂရုစိုက်မည်ဟု ကတိပေးပြီးမှ အလျင်အမြန်ထွက်ခွာသွားသည်။
သူမ ခြေလှမ်းမှာ ယခင်ကထက်များစွာ ပိုမိုမြန်ဆန်နေခဲ့သည်။
နန်ယု ကျောင်းအုပ်ကြီးဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူမ အပြုံးပြန်ပေါ်လာသည်။
"ဒါဆို ကျောင်းအုပ်ကြီး အဆင်ပြေရင် ကျွန်မ ရီရန်ကိုပြန်ခေါ်သွားပါ့မယ်"
ကျောင်းအုပ်ကြီး ခေါင်းအားအကြိမ်ကြိမ် ညိတ်လိုက်ပြီး နန်မိသားစုသမီးသည် တကယ်ထူးခြားကြောင်းတွေးလိုက်မိ သည်။ သူမသည် သူ့အားမျက်နှာရစေခဲ့ပြီး နန်မိသားစုကိုလည်း အထင်အမြင် မသေးစေခဲ့ပေ။
သူမသည် ဦးနှောက်မရှိသူဖြစ်ပြီး စိတ်ဓာတ်မကောင်းသည်ဟု ကောလာဟလများ ပျံ့နှံ့ခဲ့သော်လည်း ကောလာဟလများအား သတိထားရမည်မှာ မှန်ပေသည်။
ထို့နောက် နန်ယု အန်းရီရန်အား သူမ ဗီလာသို့ ပြန်ခေါ်သွားပြီး ဆရာဝန်ဖြင့် စစ်ဆေးစေခဲ့သည်။ အနည်းငယ် ပွန်းပဲ့ရာအချို့မှလွဲ၍ အခြား ဒဏ်ရာများမရှိခဲ့ပေ။
"ငါ့ကို ပြောပြချင်တာ တစ်ခုခုရှိလား?"
ဆရာဝန်နှင့် အိမ်တော်ထိန်းကျိုး ထွက်သွားပြီးနောက် နန်ယု အန်းရီရန်အား ရေတစ်ခွက် ပေးလိုက်ပြီး သူတို့ ယခင်တွေ့ဆုံစဉ်ကမေးခဲ့သော မေးခွန်းအား ထပ်မံမေးမြန်းလိုက်သည်။
ယခုတစ်ကြိမ်တွင် အပြင်လူများ မရှိတော့သလို နန်ယု သူ့အား အာရုံစိုက်နေပြီး အန်းရီရန် သူ့အဒေါ်အား အမှန်တကယ် သဘောကျနေခဲ့သည်။ နန်ယု၏ကာကွယ်ပေးခဲ့မှုကြောင့် အန်းရီရန် သူ့ကိုယ် သူ ကာရံထားသည့် ခံစားချက်များနှင့် မာကျောသည့် စိတ်အား ဖယ်ရှားပြီး ပွင့်ပွင့်လင်းလင်းပြောဆိုလိုစိတ် ရှိလာသည်။
"အန်တီ၊ ကျွန်တော် စိတ်မြန်လက်မြန်ဖြစ်သွားလား?"
နူးညံ့သိမ်မွေ့သည့် စိတ်နေသဘောထားကြောင့် လူသိများသော အန်းနင်မှာ အန်းရီရန်အား ရန်ဖြစ်ခြင်းသည် မကောင်းကြောင်းနှင့် ကလေးကောင်းများမှာ ရန်မဖြစ်သင့်ကြောင်း အမြဲတမ်း သင်ကြားပေးခဲ့သည်။
ထို့ကြောင့် လူတစ်ယောက်အား ရိုက်နှက်ပြီးနောက် အန်းရီရန်၏ ပထမဆုံး တုံ့ပြန်မှုမှာ သူ့မိခင် ဝမ်းနည်းပူဆွေးစေခဲ့ခြင်း ဖြစ်ပြီး၊ သူ့ကိုယ်ပိုင် ဒဏ်ရာများကဲ့သို့သော အခြားကိစ္စများမှာ လုံးဝအရေးမကြီးပေ။
"ငါ တန်ဖိုးထားတဲ့သူကို တစ်ယောက်ယောက်ကများ စော်ကားလာရင် ငါ သူတို့ မျက်နှာကို လက်သီးနဲ့ သေချာပေါက်ထိုးမှာပဲ! သူ ထိခိုက်သွားတာက ငါ့ တာဝန်ယူရမယ့် ကိစ္စပဲ!"
လူအချို့မှာ သေချာပေါက်ပင် ယုတ်မာမှုများ ရှိနေပြီး သူတို့အား ဆင်ခြင်တုံတရားဖြင့် ချဉ်းကပ်၍မရနိုင်ပေ။ ထိုသို့သော အခြေအနေများတွင် ရိုက်နှက်ခြင်းမှာ ပိုမိုထိရောက်သည်။
နန်ယု အေးစက်ခက်ထန်သည့်လေသံဖြင့် ပြင်းထန်ကြမ်းတမ်းသည့် စကားလုံးများအား ပြောလိုက်သည်။
အန်းရီရန်: "ဒါပေမဲ့၊ ဒါပေမဲ့ ရိုက်တာက မှားတယ်လေ"
"ဒါဆို စော်ကားပြောဆိုတာက မှန်လား ?"
နန်ယု မေးခွန်းမှာ အန်းရီရန်အား ဘာပြောရမှန်း မသိအောင် စကားမဲ့သွားစေသည်။ သူ၏ ခြောက်နှစ်သား စိတ်မှာ ထိုအ ချက်အား ချက်ချင်းနားမလည်နိုင်သေးပေ။
"ရီရန်၊ မင်း မေမေကိုကာကွယ်ချင်တာက ကောင်းတဲ့ စိတ်ပဲ"
နန်ယု အန်းရီရန် ခေါင်းအားပွတ်သပ်လိုက်သည်။
"ဒါပေမဲ့ မင်းက ဒီကိစ္စကို နည်းလမ်း အများကြီးနဲ့ ဖြေရှင်းလို့ ရခဲ့တယ်"
"နန်ကျီကိုပြော ဒါမှမဟုတ် ငါ့ကို ပြောပေါ့၊ ငါတို့က မင်းကို ဒုက္ခမရောက်စေရဘူး၊ မင်းက လူအများရှေ့မှာ သူ့ကို ရိုက်ခဲ့တယ် မင်း မှန်ရင်တောင်မှ မင်း မှားနေတုန်းပဲ"
ပစ်မှတ်မှာ အန်းရီရန်ဖြစ်သောကြောင့် နန်ယု သူ့အား ဤနည်းဖြင့် သင်ကြားပေးခဲ့သည်။ အကယ်၍ ဖေးယွင်ကျင်းသာဖြစ်ပါက စကားတစ်လုံးတည်းသာရှိလိမ့်မည်- ရိုက်!
"အရည်အချင်းနှင့်အညီ ကျောင်းသားများကိုသင်ကြားပေးခြင်း" ဟူသော နိယာမအား နားလည်လိမ့်မည်ဟု သူမ မမျှော် လင့်ခဲ့ပေ။
အန်းရီရန် ဖြည်းဖြည်းချင်း ခေါင်းငုံ့လိုက်သည်။
"အဲ့ဒီလူက အဲ့ဒီလို လုပ်မှာမဟုတ်ဘူး၊ သူက မေမေကိုပဲ ချစ်တာ"
နန်ယု: ...လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
*နန်ကျီ၊ ကော ဘာတွေ လုပ်ထားခဲ့တာလဲ ??
မဟုတ်ဘူး၊ အဲ့ဒီ နန်ကျီဆိုတဲ့လူမိုက်က ရီရန်ကို တကယ်ချစ်တာပါ၊ အဲဒီလိုကြောင့်သာ မူရင်းဝတ္ထုထဲမှာ သူ့ဆန္ဒနဲ့ အဆုံး စီရင်ခဲ့တာ မဟုတ်လား... ဒီကလေးက သူ အချစ်ဆုံးမိန်းမက မွေးထားပေးတဲ့ ကလေးပဲ !!
"အန်တီ၊ အန်တီ ကျွန်တော့်ကိုမယုံရင်တောင် မနက်ဖြန် သူတို့နဲ့ထိုင်ပြီး စကားပြောကြည့်ရအောင်"
အန်းရီရန် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ဒါဆို ဗီဒီယိုခေါ်ရအောင်၊ သူတို့ မင်းကို တကယ် စိတ်ပူနေကြတာ"
အန်းရီရန် ထပ်မံ ခေါင်းညိတ်လိုက်သည်။
ဤအဒေါ်မှာ တကယ် ထူးခြားသူဟု သူ ယုံကြည်သည်။ သူမ မည်သူ့ကိုမျှ ရိုက်နှက်ခြင်း မရှိသော်လည်း ထိုအန်တီ(မဒမ်ယွဲ့)မှာ ကြောက်လန့်ကာ မိမိကိုယ်ကို အပြစ်သားပမာ ခံစားသွားခဲ့ရသည်။ နန်ယုမှာ ရုပ်ရည် ချောမောပြီး ယုံကြည်စိတ်ချရသော စွမ်းဆောင်ရည်များနှင့် ပြည့်စုံသည်။ သူမသည် သူ့မိခင်အား(အန်းနင်)သာ မှီခိုတွယ်တာပြီး အချစ်ခံကလေးဆိုးတစ်ဦးကဲ့သို့ ပြုမူသော နန်ကျီထက် ပိုစိတ်ချရသူ ဖြစ်သည်။
သူသည်လည်း နန်ယုကဲ့သို့ ဖြစ်ချင်သည်။
အန်းနင် အန်းရီရန်အတွက် အမှန်တကယ် စိတ်ပူပန်နေပြီး ထိုညမှာပင် အိမ်သို့ အပြေးအလွှား ပြန်လာချင်ခဲ့သည်။ သို့ရာ တွင် အန်းရီရန်၏သဘာဝကျသည့် ချော့မော့စကားများနှင့် နန်ယု အာမခံချက်များကြောင့် ညအချိန်ခရီးမသွားရန် သူမ သဘောတူလိုက်သည်။
သူမ မနက်ဖြန်တွင် နောက်ဆုံးအလုပ်အား အပြီးသတ်ပြီးမှသာပြန်လာတော့မည်ဖြစ်သည်။
ထိုအခြေအနေမှာ သုံးပွင့်ဆိုင် ဗီဒီယိုခေါ်ဆိုမှုမှ အခြားတစ်ယောက်ဖြစ်သော နန်ကျီအား အတော်ပင် စွမ်းဆောင်ရည် နည်းပါးသူကဲ့သို့ ဖြစ်စေခဲ့သည်။ နန်ယု သူ့နောက်ခံအား သံသယဝင်ခဲ့လျှင်တော့ မတူပေ။
"ကော ပြန်ရောက်ပြီလား?"
နန်ကျီ မျက်လုံးများ တစ်ခဏမျှ အရောင်တောက်သွားသည်။
"လေယာဉ်ပေါ်က ခုမှ ဆင်းလာတာ"
အို၊ ဒါက တကယ့်ကို တိုက်ဆိုင်တာပါလား ?
ကိုယ်ပိုင်လေယာဉ်နဲ့ လာခဲ့တာ ဟုတ်တယ် မဟုတ်လား ?
နန်မိသားစုတွင် ကိုယ်ပိုင် ဂျက်လေယာဉ် ရှိသော်လည်း သူတို့ လွယ်လွယ်ကူကူ ပျံသန်းနိုင်သည့် အရာမဟုတ်ပေ။ နန်ကျီ ဤမျှလောက် စိုးရိမ်ပူပန်ခဲ့သည့် နောက်ဆုံးအကြိမ်မှာ အန်းနင်အား ပြန်ရှာတွေ့စဉ်ကဖြစ်သည်။
"ကောင်းပြီ၊ ပြန်လာဖို့ စိတ်မပူပါနဲ့တော့၊ အခုဆို ည ၁၁ နာရီ ဒါမှမဟုတ် ၁၂ နာရီလောက် ရှိနေပြီ၊ ရီရန်က ဒီမှာရှိတယ်၊ မနက်ဖြန်မှ အန်းနင်နဲ့အတူ လာခေါ်လေ"
နန်ယု ဤမိသားစုအတွက် အမှန်တကယ်ပင် စိုးရိမ်ပူပန်နေရသည်ဟု ခံစားမိသည်။ မည်သို့ပင် ဖြစ်စေ နန်ကျီမှာ သူမ၏ အစ်ကို ဖြစ်သည်။ အန်းနင် ရောက်ရှိလာပြီးနောက် သူ ပိုမို ပျော်ရွှင်စွာပြုံးရယ်လာသလို ညဘက် နောက်ကျတဲ့အထိ အရက်သောက်ခြင်းကိုလည်း ရပ်တန့်နိုင်ခဲ့သည်။
ထို့ကြောင့် နန်ယု သူ့ပြဿနာအချို့အား ရှင်းလင်းကူညီပေးရန် ဆန္ဒရှိခဲ့သည်။
ဒါ မိသားစုဆိုတာလား ?
ဖေးယွင်ကျင်း မူကြိုမှ အိမ်ပြန်ရောက်သောအခါ အန်းရီရန်အား တွေ့ရသဖြင့် အလွန် ပျော်ရွှင်နေခဲ့သည်။ သူ အန်းရီရန်အား ဝန်းရံကာ "ရီရန်ကော" "ရီရန်ကော" ဟု ခေါ်ဆိုနေသဖြင့် ယခင်က တင်းမာသော မျက်နှာထားရှိခဲ့သည့် အန်းရီရန်ပင် နူးညံ့သော ဖက်ထုပ်ကလေးကဲ့သို့ဖြစ်သွားခဲ့သည်။
အန်းရီရန် သူ့အပြုံးကိုပင် ဖုံးကွယ်ထား၍မရတော့ပေ။
ဖေးယွင်ကျင်း ညစာစားသည့်အခါ အလွန် သတိထားပြီး စားနေသည်ကို မြင်သောအခါ သူမ သူ့အတွက် အစားအစာအချို့ ယူလာပေးရန် ကမ်းလှမ်းခဲ့သော်လည်း ဖေးယွင်ကျင်း ငြင်း ဆန်ခဲ့သည်။
ပါးစပ်အနာမှာ အပြည့်အဝမကျက်သေးသော်လည်း တစ်ပတ်တွင် နှစ်ရက်သာကျန်တော့သဖြင့် သူ ဇွဲမလျှော့ဘဲ ဆက်လက် ကြိုးစားရမည်ဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ဖေးယွင်ကျင်း ညတိုင်း ကိုးနာရီမတိုင်မီ အိပ်ရာဝင်ရန်တောင်းဆိုခဲ့ပြီး၊ အရသာ မရှိသော အစားအစာအား စားနေရသော်လည်း ပိုမို မြန်ဆန်စွာပျောက် ကင်းစေမည်ဖြစ်သောကြောင့် သူ ပျော်ရွှင်နေခဲ့သည်။
သူ ကစားကွင်းသို့သွားရန် တကယ်ပင် မျှော်လင့်နေကြောင်း ထင်ရှားသည်။
နန်ယု မြို့တော်ရှိ အကြီးဆုံး ကစားကွင်းအတွက် လက်မှတ်များ ဝယ်ရန် အိမ်တော်ထိန်းကျိုးအား ပြောထားခဲ့ပြီး လူနည်းသည့် တနင်္လာနေ့များတွင် သွားမည်ဖြစ်သည်။ သူမ လူများခြင်းအား မကြိုက်ပေ။
ဖေးယွင်ကျင်း မူကြိုအတွက်မူ တစ်ရက် ပျက်ခြင်းမှာ ကိစ္စမရှိပေ။
ညစာစားပြီးနောက် ဖေးယွင်ကျင်း လီရီပိုင်အား ဖုန်းခေါ်ခဲ့ပြီး ကလေးသုံးဦးမှာ သူတို့ သူငယ်ချင်းများနှင့် ပန်းခြံတစ်ဝိုက်တွင် ပြေးလွှားနေခဲ့သည်။
ရှောင်မီမှာ ယခုအခါ လှပသော၊ ဆံပင်ရှည်ရှိသည့် လိမ္မော် ရောင် ကြောင်အဖြစ်ကြီးပြင်းလာပြီး အမွေးများမှာ နူးညံ့ကာ ပွယောင်းနေသည်။ ရာသီဥတု တဖြည်းဖြည်း အေးလာသည် နှင့်အမျှ ဖေးယွင်ကျင်း သူ့အား ပိုချစ်ခင်လာပြီး မူကြိုသို့ ခိုးယူသွားရန် မစောင့်နိုင်တော့ပေ။
နန်ယုပင်လျှင် တစ်ခါတစ်ရံ သူ့အမွေးအား ပွတ်သပ်ပေးခြင်းမှ မရှောင်နိုင်ခဲ့သော်လည်း ရှောင်းမီ နောက်တစ်ကြိမ် အပြင်ဘက်သို့ မသွားစေရန်မျှော်လင့်သည်။ မဟုတ်ပါက...
ကလေးနှစ်ဦး အိပ်ပျော်သွားကြောင်း သေချာပြီးနောက် နန်ယု အခန်းသို့ ပြန်လာကာ သူမ၏ ညဘက် ဘဝအား စတင်ရန် ပြင်ဆင်နေစဉ်မှာပင်...
နန်ကျီ ရုတ်တရက် သတင်းလင့်ခ်တစ်ခုအား နန်မိသားစုအဖွဲ့လိုက် စကားပြောခန်းသို့ ပို့လိုက်သည်။
သူ စကားလည်း ပြောလိုက်သည်။
"နန်: ဇနီးလေး! ဒါက မင်း ဖြတ်သန်းသွားရမယ့် နေရာမဟုတ်လား ? အားလုံး အဆင်ပြေလား ?"
နန်ယု ၎င်းအား နှိပ်လိုက်သောအခါ တောင်ပေါ်လမ်းတစ် လျှောက်တွင် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး ကားများစွာမြေ အောက် မြှုပ်နှံခံရကြောင်းတွေ့လိုက်ရသည်။ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်နေကြသည်။
မြေပြိုကျမှု !!?
ထိုစကားလုံး လေးလုံးအားမြင်သောအခါ နန်ယု ထိတ်လန့် တုန်လှုပ်သွားသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းမှာ မူရင်းဝတ္ထုတွင် အန်းနင်အတိ အကျ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ဖြစ်သောကြောင့်ပင်!
သူမ ချင်းချန်စီမံကိန်းအတွက် တစ်ညလုံးအပြေးအလွှားပြန် လာစဉ် ဤ မတော်တဆမှုတွင် ဝမ်းနည်းဖွယ်ရာသေဆုံးခဲ့ရသည်။
အန်းနင် အလုပ်လုပ်သည့် ကုမ္ပဏီမှာ ငွေကြေးဆုံးရှုံးခဲ့သော် လည်း သူမ ဆွေမျိုးများမှ ခွဲဝေယူခဲ့ပြီးနောက် အန်းရီရန်အား မိဘမဲ့ဂေဟာသို့ စွန့်ပစ်ခဲ့သည်။
အန်းနင် ယနေ့ည ပြန်လာရန် အတင်းအကျပ်တောင်းဆိုခဲ့လျှင် အတိအကျ အတူတူဖြစ်လာမည်လား ?
သို့သော် အချိန်နှင့်နေရာမှာ မတူညီပေ။
ထို့အပြင် ၎င်းမှာ မြေပြိုကျမှုဖြစ်နေသည်။
ဖေးယီကျန့် ဆိုလိုသည့် ကံကြမ္မာအား ပြောင်းလဲ၍မရနိုင်ခြင်းမှာ ဤအရာကိုဆိုလိုခြင်းပေလား ?
ဖြစ်စဉ်မတူညီလျှင်ပင် နောက်ဆုံးရလဒ်သည် အတူတူဖြစ်နေဦးမည်လား ?