← Chapters

အခန်း (၆၈)

Vol. 8 Ch. 68

အခန်း (၆၈)

Vol. 8 Ch. 68

ဖျော်ဖြေရေးပန်းခြံသို့ သွားရောက်လည်ပတ်ပြီး နောက်တစ်နေ့တွင် နန်ယုနှင့် ဖေးယီကျန့်တို့ သီးသန့်စားသောက်ဆိုင်တစ်ခု ၏အခန်းတစ်ခန်းထဲ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ ၎င်းမှာ သူတို့နှစ်ဦး ကွာရှင်းပြီးနောက်ပထမဆုံးအကြိမ်တွေ့ဆုံခြင်းပင်။

နန်ယုကဲ့သို့ တက်ကြွလန်းဆန်းခြင်းမျိုးမရှိဘဲ ဖေးယီကျန့်မှာမူ နွမ်းနယ်နေပုံရသည်။ တစ်ချိန်က ကြည်လင်ခဲ့သောအသား အရေမှာ ယခုအခါ ပိုမိုဖျော့တော့လာရာ၊ အဝတ်အစားသာ ပြောင်းဝတ်လိုက်ပါက သွေးစုပ်ဖုတ်ကောင်အဖြစ် သရုပ် ဆောင်နိုင်လောက်သည်။

"ရှင်က ကံကြမ္မာကိုဆန့်ကျင်ပြီး ပုံစံတစ်မျိုးနဲ့ သေဖို့ကြံစည်နေတာလား? ဥပမာ- ပင်ပန်းလွန်ပြီး သေတာမျိုးပေါ့"

နန်ယု၏အဆိပ်ပြင်းသော လေသံကြောင့် ဖေးယီကျန့် အနည်း ငယ်ပြုံးလိုက်သည်။

သူ့မျက်နှာပေါ်ရှိ ဒဏ်ရာများမှာ ယခင်ကကဲ့သို့ ရုပ်ဆိုးခြင်းမရှိတော့ဘဲ သိသိသာသာ ပျောက်ကင်းစပြုနေပြီ။ နောက်ထပ် နှစ်ပတ်ခန့်ဆိုလျှင် ပုံမှန်အတိုင်းပြန်ဖြစ်နိုင်မည်ဟု သူ ခန့်မှန်းထားသည်။

"တိုက်ခိုက်ရေးမှာ ကိုယ်က မင်းကို ဘယ်လိုမှမမီဘူးဆိုပေမဲ့"

ဖေးယီကျန့် သူ့နားထင်အား ဖိနှိပ်လိုက်ပြီး မျက်လုံးများမှိတ်ချည် ဖွင့်ချည်လုပ်နေသည်။

"ဒါပေမဲ့ ပင်ပန်းလွန်ပြီး သေရတာကတော့ အဲဒီလောက် မလွယ်ဘူး"

ဤကာလအတွင်း သူ ပျမ်းမျှလေးနာရီအောက်သာ အိပ်ခဲ့ရသည်။ အနည်းငယ်ပင်ပန်းနေသော်လည်း ဖေးယီကျန့် စိတ် ဓာတ်တို့မှာ မြင့်မားနေဆဲပင်။

"မင်း တစ်ခုခုလုပ်လိုက်တာလား?"

နန်ယုနှင့် နှုတ်ဆက်စကား ဖလှယ်ခြင်းမပြုဘဲ ဖေးယီကျန့် အဖြေအား သိလိုစိတ် ပြင်းပြစွာဖြင့် အရေးကြီးဆုံးမေးခွန်းအား တိုက်ရိုက်မေးလိုက်သည်။

ထိုနေ့က မျက်လုံးများခဏတာမှုန်ဝါးသွားပြီးနောက် သူနှင့်အတူရှိနေသော ဖေးမိသားစုဝင်များ၏ခေါင်းပေါ်ရှိ စာလုံးများ အားလုံး အရောင်မှိန်သွားသည်အား သူ သတိထားမိလိုက်သည်။

ဂဏန်းဖြင့် ခန့်မှန်းရလျှင် ပုံမှန် အနက်ရောင် ၁၀၀% ရှိသည့် စာသားမှာ ထိုနေ့တွင် ၃၀% ခန့် မှိန်သွားခြင်းဖြစ်သည်။

ပထမတော့ သူ့ဆုံးဖြတ်ချက်ကြောင့် ဤလူများ၏ ကံကြမ္မာအား အနည်းငယ် ပြောင်းလဲသွားသည်ဟု ဖေးယီကျန့်ထင်ခဲ့သည်။ သို့သော် အစည်းအဝေးခန်းမှ သူ ထွက်လာသောအခါ ထိတ်လန့်တုန်လှုပ်သွားရသည်!

ဖြတ်သွားသော အစေခံများနှင့် အခြားဖေးမိသားစုဝင်များ၏ အရောင်များ အားလုံးမှိန်နေလေသည်။

ဖေးမိသားစုသက်သက်သာမက၊ လူတိုင်း ဖြစ်နေသလား ? မယုံနိုင်စွာဖြင့် ဖေးယီကျန့် မြို့တော်၏အစည်ကားဆုံး စီးပွား ရေးလမ်းမသို့ မောင်းနှင်သွားသည်။ ထိုနေရာတွင် အရူးတစ်ယောက်ကဲ့သို့ ရပ်နေရင်း လမ်းသွားလမ်းလာများအားစောင့်ကြည့်နေမိသည်။

စုံတွဲများ၊ ရင်းနှီးသော မိတ်ဆွေများ၊ ဆွေမျိုးများ၊ မသက်ဆိုင်သူများ၊ အမျိုးသားများ၊ အမျိုးသမီးများ၊ လူငယ်များ၊ လူကြီးများ အားလုံးပင်ဖြစ်သည်။ အရာအားလုံးမှိန်သွားပြီ! ဘာကြောင့်လဲ? ဘာကြောင့်လဲ?

ဖေးယီကျန့် ပထမဆုံးအတွေးမှာ နန်ယုပင်။

သူ တစ်ခုခုလုပ်ခဲ့တာလား?

သို့သော် နန်ယု၏ရှောင်လွှဲသော သဘောထားနှင့် ကွာရှင်းပြီးနောက် အလျင်စလို သွားတွေ့ပါက ပြဿနာများဖြစ်လာနိုင် ခြေအားစဉ်းစားပြီး ဖေးယီကျန့် တိတ်ဆိတ်နေခဲ့သည်။

သို့သော် ဤ နှစ်ရက်တာ ကာလအတွင်း သူ လက်ပိုက်နေခဲ့သည် မဟုတ်ပေ။ ဖေးယီကျန့် ဖေးမိသားစု ဖျက်ဆီးခြင်းအား အရှိန်မြှင့်တင်ခဲ့သည်။

သူ ယခင်ကြီးကြပ်ခဲ့သော စီမံကိန်းများမှ လျှို့ဝှက်အန္တရာယ်များ တစ်ခုပြီးတစ်ခုပေါ်ထွက်လာပြီး နန်မိသားစုအပါအဝင် အခြားသော မိသားစုများမှ ရက်စက်စွာလုယူသွားခဲ့သည်။

သို့သော် နန်ကျီ၏အမြင်ကျယ်မှုအရ ဤအချိန်တွင် သူ ကြားဝင်မစွက်ဖက်သင့်ဟု ဖေးယီကျန့် မရေမရာခံစားမိသည်။ သူ ရေတိုအမြတ်အစွန်းကိုသာ အာရုံစိုက်သူ မဟုတ်ပေ။

ထို့အပြင် စီးပွားရေးအားလုယူသော ထိုမိသားစုများမှာ ထိုမျှလောက် ထက်မြက်သော အမြင်ရှိခဲ့ပါလျှင် သူတို့၏လုပ်ငန်းစွမ်းဆောင်ရည်မှာ နှစ်စဉ်နှစ်တိုင်း ပိုဆိုးရွားလာမည်မဟုတ်ပေ။ မည်သူ ဝင်ရောက်စွက်ဖက်ခဲ့သည်မှာ ရှင်းနေသည်။

"ရှင့် တုံ့ပြန်ပုံကိုကြည့်ရတာ ကံကြမ္မာက တကယ်ပြောင်းလဲသွားတာ ဖြစ်ရမယ်"

နန်ယု ဖေးယီကျန့် ဟန်ပန်အား အတုခိုးလိုက်ပြီး စကားကို တစ်ဝက်တွင် ရပ်လိုက်သည်။ အခြေအနေအား ပိုမိုစိုးရိမ်ပူပန်သူဆိုလျှင် စားပွဲကိုမှောက်ပစ်လိုက်ချေပြီ။

ဖေးယီကျန့် - "... ကိုယ် အမြဲတမ်း ဒီလောက်စိတ်ပျက်စရာ ကောင်းနေခဲ့တာလား ?"

"ဟုတ်တယ်၊ ရှင် အရင်က အဲ့ဒီလိုပဲ"

နန်ယု အဖြေကြောင့် ဖေးယီကျန့်မှာ သူ ရင်ထဲမှ စကားအား အပြင်သို့ ထုတ်ပြောလိုက်မိပြီဟုပင် ထင်သွားလုနီးပါး ဖြစ် သည်။ သူ့ ရှေ့တွင်ပျော်ရွှင်နေသော နန်ယုအားကြည့်ပြီးမရယ်ဘဲ မနေနိုင်တော့ပေ။

"တကယ်လား ? မင်း ကိုယ့်ကို ထိုးချင်တာ အံ့သြစရာမရှိပါဘူး"

ဖေးယီကျန့် ခေါင်းခါလိုက်သည်။

အင်း၊ မဟုတ်သေးဘူး၊ မင်း ကိုယ့်ကို ထိုးပြီးသားပဲ !

ကိုယ့်ကိုယ် ကိုယ် အပြစ်တင်သော မှတ်ချက်ပေးပြီးနောက် ဖေးယီကျန့် အကြည့်မှာ နန်ယုထံ ရောက်လာသည်။ ယနေ့တွင် သူ အဖြေအား တကယ်ပင် သိချင်နေသည်။ လူတိုင်း၏ ကံကြ မ္မာအားပြောင်းလဲအောင် နန်ယု ဘာလုပ်ခဲ့သနည်း ? ၎င်းမှာ ကန့်သတ်ချက်များမှ အနည်းငယ်လွတ်မြောက်သွားခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။

နန်ယု ဖေးယီကျန့်အား ချိန်းတွေ့ရန်ခေါ်ခဲ့သော်လည်း ရည် ရွယ်ချက်မှာ ပျော်ရွှင်ရန်မဟုတ်ချေ။ သူမ အပြုံးအားဖုံးကွယ်လိုက်ပြီး ခပ်အေးအေးပြောလိုက်သည်။

"ကျွန်မ ယောင်းမ ကိုယ်ဝန်ရှိနေပြီ"

ဖေးယီကျန့် ကြောင်သွားသည်!

နန်ယု ယောင်းမ၊ အန်းနင် !!

နန်ကျီ မင်္ဂလာဆောင်အား တက်ရောက်ခဲ့ဖူးသူဖြစ်၍ နန်ကျီနှင့် သူ့သား၏ 'ဖခင်သတ်မှု' ဟူသော ကြေကွဲဖွယ် ကံကြမ္မာအား သိထားသည့်အတွက် အန်းနင်အား သူမှတ်မိနေခဲ့သည်။

မည်သည့်ခေတ်ကာလတွင်မဆို မယုံနိုင်ဖွယ်ရာ ဖြစ်ရပ်တစ်ခုပင်။

သို့သော် နန်ကျီ မင်္ဂလာပွဲသို့ သူ တက်ရောက်ခဲ့ချိန်၌ သူတို့ ခေါင်းပေါ်ရှိ ကံကြမ္မာစာလုံးများမှာမှိန်နေခဲ့သည်။

အန်းနင်ရဲ့ ကံကြမ္မာကော ?

ဖေးယီကျန့် စဉ်းစားလိုက်သည်။ ရိုးရိုးရှင်းရှင်း မြေပြိုမှုဖြင့် သေဆုံးခြင်းဟု ဖော်ပြထားသည်။

သို့သော် နန်ကျီသား၏ ကံကြမ္မာအား ထည့်သွင်းစဉ်းစားပါက အန်းနင်သည်လည်း ကလေးဘဝတွင် သေဆုံးခဲ့ကြောင်း ရှင်းနေသည်။ ထိုအရာမှာ သူ့ ပြဿနာနှင့် မည်သို့သက်ဆိုင်သနည်း ?

နန်ယု အကြောင်းမဲ့ ဤသတင်းကောင်းအား မျှဝေမည်မဟုတ်ပေ။ ဖေးယီကျန့် သူ့ရှေ့မှ လက်ဖက်ရည်ခွက်အား အလိုအ လျောက် ကောက်ယူလိုက်သော်လည်း မသောက်ဘဲ ခွက်နှုတ်ခမ်းအား လက်ချောင်းများဖြင့် ပွတ်သပ်ရင်းအတွေးနယ်ထဲ နစ်မြုပ်နေခဲ့သည်။

အစကို ပြန်သွားရမည်။ နန်ကျီသည် လက်မထပ်ဘဲနေသင့် သူပင်။ အန်းနင်မှာ ငယ်ရွယ်စဉ် သေဆုံးသင့်သူဖြစ်သည်။

"ဒီကလေးက မရှိသင့်တဲ့ ကလေးပဲ!"

ဖေးယီကျန့် မျက်လုံးများ ရုတ်တရက်စူးရှလာပြီး စက္ကန့်ပိုင်းအတွင်း သူ အရာအားလုံးအားနားလည်သွားသည်။ ဤသည်မှာ မူလက 'မရှိခဲ့သော' ကလေးတစ်ဦးဖြစ်သည်။ တစ်နည်းအားဖြင့် ကံကြမ္မာမှ လုံးဝ လွတ်မြောက်လာသူ ဖြစ်သည်!

"ဟေ့၊ 'မူလက မရှိသင့်ဘူး' ဆိုတာ မရှိပါဘူး.. ပေါ်လာပြီဆိုကတည်းက ဒီကလေးက အခုရှိသင့်တာပဲ"

နန်ယု သူ့အား အမှန်ပြင်ပေးလိုက်သည်။

သူမ အန်းနင်နှင့် နန်ကျီတို့အား ပြန်လည်ရင်ကြားစေ့ပေးခဲ့သည့် အချိန်ကစ၍ ဒီကလေးမွေးဖွားရန် အကြောင်းဖန်လာခဲ့ပြီ။

"နန်ယု"

ဖေးယီကျန့် နန်ယု၏ အမည်အပြည့်အစုံအား ဂရုတစိုက် ခေါ်လိုက်သည်။

"မင်းက ကိုယ့်ထက် ကံကြမ္မာကိုပိုသိတယ်၊ ဟုတ်တယ်မလား?"

နောက်ဆုံး လေယာဉ်မတော်တဆမှုနှင့် ယခုတစ်ကြိမ် နန်ယု ဤကလေးအား ပြောပြရခြင်းမှာ သူမလည်း 'မူလက' ဤကလေး မရှိခဲ့ကြောင်း သိသောကြောင့်သာ ဖြစ်နိုင်သည်။

နန်ယု ချက်ချင်း မဖြေလိုက်ချေ။ မနေ့က ဖေးယီကျန့်သို့ မက်ဆေ့ချ်ပို့ရန် ဆုံးဖြတ်ခြင်းမှာ ဂရုတစိုက် စဉ်းစားထားပြီး ဖြစ်သည်။ အန်းနင် ကိုယ်ဝန်ရှိနေသည်အား ဖေးယီကျန့် နောက်ဆုံးတွင် သိလာမည်သာ။

နန်ကျီ၏ ဝါကြွားလိုသော သဘောကြောင့် သူ ကမ္ဘာတစ်ခုလုံးအား သိစေချင်မည်မှာ သေချာသည်။ ဖေးယီကျန့် ချက်ချင်း မသိခဲ့ရင်တောင် သူ့နည်းလမ်းများနှင့် ထွက်ပေါက်ရှာမည်သာ ဖြစ်သည်။ ထို့ကြောင့် နန်ယု ရှေ့ဦးစွာ ပြောပြပြီး ရိုးသားမှု ပြသလိုက်ခြင်းမှာ ပိုကောင်းသည်။

"ကျွန်မက သီးခြားလူအနည်းစုရဲ့အနာဂတ်လောက်ပဲ သိတာ"

နန်ယု ၎င်းသည် စာအုပ်ကမ္ဘာဖြစ်ကြောင်းမပြောဘဲ အယူအဆအား ရိုးရှင်းစွာမှုန်ဝါးစေခဲ့သည်။

လူအများစုမှာ မိမိတို့သည် စာအုပ်ထဲမှလူများသာ ဖြစ်သည်အားလက်ခံနိုင်ကြမည် မဟုတ်ပေ။

ဖေးယီကျန့် တိတ်ဆိတ်သွားသည်။ နန်ယု သီးခြားလူနည်းစု၏ အနာဂတ်များအား မည်သို့သိကြောင်း သူ မမေးလိုက်ချေ။

သူ့စွမ်းရည်မှာလည်း ရင်းမြစ်အား ရှင်းပြနိုင်ခြင်းမရှိသည့် အတွက်ပင်။

သာမန်အသိအမြင်အရ မေးသင့်သူများအား ဖေးယီကျန့် သိသော်လည်း မမေးခဲ့ပေ။ ကံကြမ္မာသည် လူအနည်းငယ်အား မျက်နှာသာပေးပြီး သူတို့၏ဘဝများအား စီစဉ်ပေးထားသည်၊ ထိုသူများမှာ နန်ယု မြင်နိုင်သောသူများ ဖြစ်နိုင်ခြေအများဆုံးဖြစ်သည်။

"ရှင် ဆက်ပြီး သေချင်သေးတာလား ?"

ဖေးယီကျန့် တွေဝေနေသည်အား မြင်သောအခါ နန်ယု ထပ်မံ မေးလိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် သူ့တုံ့ပြန်မှုအား မစောင့်တော့ဘဲ ဆက်ပြောလိုက်သည်။

"ရှင် မသေချင်တော့ဘူးလို့ပဲ ကျွန်မ ယူဆလိုက်ပါတော့မယ်"

"အန်းနင်က မြေပြိုမှုနဲ့ သေသင့်တယ် ပြီးတော့ နောက်နှစ်မှာ ဖြစ်သင့်တယ်ဆိုတာ ကျွန်မ သိတယ် ဒါပေမဲ့ ရက်အနည်းငယ်ကပဲ သူမ အဲဒီမှာ သေခါနီးဖြစ်ခဲ့တယ်"

အန်းရီရန် ရန်ဖြစ်လာပြီး မိဘများအားခေါ်သည့်အတွက် အန်းနင် တစ်ညတည်း အလျင်စလိုပြန်လာခဲ့ရခြင်းဖြစ်သည်။ ဤဖြစ်စဉ်များမှာ ပုံမှန်ဖြစ်ပြီး ရုတ်တရက် ဖန်တီးထားခြင်းလုံးဝ မဟုတ်ပေ။

နန်ယုကသာ အန်းရီရန်အား ပြန်ခေါ်မလာခဲ့ဘဲ ပြောစရာရှိသည်အား မပြောခဲ့လျှင်၊ အန်းနင်အား ဖုန်းမခေါ်ခဲ့လျှင်၊ နန်ကျီပြန်လာပြီး အားမပေးခဲ့လျှင် သူမ တစ်ညတည်း အလျင် စလိုပြန်လာခဲ့မည်မှာ သေချာသည်။ ထိုအခါ သူမ ကံကြမ္မာမှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။

သို့သော် နန်ယု ဤတစ်ကြိမ် လူတစ်ဦးအား ကယ်တင်ခြင်းမှာ တိုက်ဆိုင်မှု သက်သက်ဖြစ်ကြောင်း သိသည်။ အန်းနင် စော စောပြန်လာခြင်းဖြင့် ဤကဲ့သို့ အခြေအနေမျိုးနှင့်ကြုံတွေ့ရလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။

"ဟုတ်တယ်၊ သေရမယ့်အချိန်ကို သတ်မှတ်ထားတာ မရှိဘူး... ကျွန်မ ဖေးယွင်ကျင်းရဲ့ ကလေးဘဝတုန်းက သေဆုံးခဲ့သလိုမျိုး၊ ဒါ မနက်ဖြန်လည်း ဖြစ်နိုင်တယ် ဒါမှမဟုတ် လေယာဉ်ပျက်ကျမှုတစ်ခုပဲ ဖြစ်သရွေ့ နောက်ထပ်နှစ်အနည်းငယ် ကြာမှလည်းဖြစ်နိုင်တယ်"

"တစ်နည်းအားဖြင့် ကံကြမ္မာက ရှင်ကိုလေယာဉ်ပေါ် တိုက်ရိုက် ရောက်အောင် ခြယ်လှယ်လို့မရဘူး၊ တိုက်ဆိုင်မှုတွေကို စီစဉ်ပေးရုံနဲ့ 'အလိုအလျောက်ဖြစ်ပျက်ပြီး" လေယာဉ်ပျက်ကျမှုနဲ့ သေစေနိုင်တာပဲ၊ ဟုတ်တယ်မလား?"

နန်ယု လျင်မြန်စွာ ကောက်ချက်ချလိုက်သည်။

ဖေးယီကျန့် ခေါင်းညိတ်သည်။ သူသည်လည်း တစ်နည်းတစ်ဖုံ ဝေခွဲမရ ဖြစ်နေသည်။ နန်ယု စကားများအရ ကံကြမ္မာမှာ အင်အားကြီးမားပုံမပေါ်တော့ချေ။ ၎င်းသည် မျက်နှာဖုံးစွပ်ထားသူကဲ့သို့ တိုက်ရိုက်လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ပရိယာယ်လှည့်ကွက်များကိုသာ အားကိုးနေရပုံရသည်။

"မင်း အရင်က တစ်ကြိမ် နှစ်ကြိမ်လွတ်မြောက်ရုံနဲ့ မလုံ လောက်ဘူးလို့ ပြောခဲ့တယ် ဒါပေမဲ့ သုံးကြိမ်၊ လေးကြိမ်ဆိုရင်ရော? ဒါမှမဟုတ် ငါးကြိမ်၊ ခြောက်ကြိမ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ?"

ဖေးယီကျန့် နန်ယုဆိုလိုရင်းအား နားမလည်သေးပေ။

"ကိုယ် အဲဒီလောက် အကြိမ်များများလွတ်မြောက်နိုင်မယ်လို့ ဘာလို့ သေချာနေတာလဲ?"

ဖေးယီကျန့် လေယာဉ်ပျက်ကျမှု ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးကြောင်း သိသည်။ သူ လေယာဉ်မစီးတော့ရန် စဉ်းစားခဲ့ဖူး သည်။ သို့သော် ကံကြမ္မာ၏စိတ်သဘောထားအရ သူ့အား လေယာဉ်စီးရန် နည်းလမ်းမျိုးစုံဖြင့် အတင်းအကြပ်လုပ် ဆောင်လိမ့်မည်မှာ သေချာသည်။ ပုန်းရှောင်နေရုံဖြင့် ပြဿနာအား ဖြေရှင်းနိုင်မည်မဟုတ်ပေ။

"ကျွန်မကို ခေါ်သွားပါလား၊ ဘယ်လိုလဲ ?"

နန်ယု နောက်သို့ မှီလိုက်သည်။

"ကျွန်မ အသက်ရှင်ဖို့ နောက်ထပ် ဆယ်စုနှစ်အနည်းငယ်ရှိသေးတယ်ဆိုတာ သိတယ်..ကံကြမ္မာက ကျွန်မကို သတ်နိုင်လောက်အောင်ရက်စက်ခဲ့ရင် လွန်ခဲ့တဲ့အချိန်ကတည်းကလုပ်ခဲ့မှာပဲ၊ မလုပ်နိုင်တဲ့အတွက် လေယာဉ်ပျက်ကျမှုကနေ ကျွန်မ အသက်ရှင်သရွေ့ ရှင်လည်းအသက်ရှင်နိုင်အောင် ကျွန်မ အာမခံပါ့မယ်!"

နောက်ဆုံးစကား ပြီးဆုံးသွားသောအခါ နန်ယု မျက်ခုံးများ ပင့်သွားသည်။ နောက်တစ်စက္ကန့်တွင် တံခါးခေါက်သံ ကြားရပြီး ဟင်းပွဲများ ရောက်လာပြီ ဖြစ်သည်။ စားပွဲထိုးမှာ ဟင်းပွဲများအား တစ်ပွဲချင်းစီ ချပြီးနောက် တံခါးအားပိတ်ကာ တိတ်တ ဆိတ် ထွက်သွားသည်။

နန်ယုမှာ မတွန့်ဆုတ်ဘဲ ချက်ချင်း စားစရာများအား ကောက် ယူစားတော့သည်။ ထို့ကြောင့် ဖေးယီကျန့် သူမအား တွေဝေရှုပ်ထွေးနေသော အမူအရာဖြင့် စိုက်ကြည့်နေသည်ကို သူမ သတိမထားမိလိုက်ချေ။

ထိုအကြည့်မှာ အလွန်ရှုပ်ထွေးလွန်းသဖြင့် နန်ယုပင်လျှင် နားလည်နိုင်မည်မဟုတ်ပေ။

'ရှင်လည်း အသက်ရှင်နိုင်အောင် အာမခံပါ့မယ်!'

"ဟား ဟား ဟား ~"

ဖေးယီကျန့် ထိန်းမရဘဲ ရယ်မောလိုက်သည်။ နန်ယု၏ ထူး ဆန်းသောအကြည့်အားမြင်သော်လည်း သူ မတုန်လှုပ်ခဲ့ချေ။

နန်ယု... ဘယ်လို နန်ယုလဲ ?!

သူမ စကားများအား ကြားပြီးနောက် သူ ဆယ်စုနှစ်များစွာ အချိန်တွေ ဖြုန်းတီးခဲ့သလိုခံစားရသည်။ မည်သည့် ကမ္ဘာမှ ဤကဲ့သို့ လူမျိုးအားမွေးထုတ်ပေးနိုင်ပါသနည်း ? သို့မဟုတ် သူမ တစ်ဦးတည်းသာ ထူးခြားနေခြင်းလား?

"ဪ၊ ဟုတ်သားပဲ"

ဖေးယီကျန့် ခဏရပ်နေသည်အား မြင်သောအခါ နန်ယု 'တစ် စုံတစ်ယောက်၏ ရံဖန်ရံခါ ထိတ်လန့်တုန်လှုပ်မှုများကို အသားကျနေပြီဖြစ်၍' စားနေရင်း ဆက်ပြောသည်။

"ဒါပေမဲ့ ရှင် လေယာဉ်မောင်းသင်ထားရင် ပိုကောင်းမယ်.. လူများများနဲ့ သီးသန့်လေယာဉ် စီးမယ်ဆိုရင် ကျွန်မ လုပ်နိုင်မှာ မဟုတ်ဘူး"

ဖေးယီကျန့် ခေါင်းညိတ်လိုက်သည်။

"ကိုယ် မောင်းတတ်ပါတယ်"

နန်ယု လျှို့ဝှက်ချက်တစ်ခုအားတွေ့ရှိသကဲ့သို့ မော့ကြည့်ပြီး သူ့အား နောက်ပြောင်သောအပြုံးဖြင့် ပြုံးပြလိုက်သည်။

"ရှင် မသေချင်ဘူးလို့ ကျွန်မ ပြောခဲ့တယ်နော်"

မဟုတ်ပါက ဖေးယီကျန့် အဘယ်ကြောင့် လေယာဉ်မောင်း သင်ယူရမည်နည်း ? ချမ်းသာသူများအတွက် ဝါသနာတစ်ခုဖြစ်သည် ဆိုရုံသာမက၊ ဖေးယီကျန့်မှာ ထိုသို့သော ဝါသနာ မရှိကြောင်း သူကိုယ်တိုင် သိသည်။

"ပြီးတော့"

နန်ယု ဆက်ပြောသည်။

"ရှင် အရမ်းနှေးလွန်းတယ်၊ ဘယ်သူတွေက မတော်တဆမှုနဲ့ သေခါနီးဖြစ်နေလဲဆိုတာ ရှင် မြင်နိုင်သေးလား?"

"ကျွန်မ တစ်ယောက်ယောက်ကို ကယ်ဖို့ကြိုးစားချင်တယ်၊ ကံကြမ္မာရဲ့စွမ်းအားကို အားနည်းစေနိုင်မလားလို့"

နန်ယု စကားအားကြားသောအခါ ဖေးယီကျန့် မျက်မှောင် ကြုတ်သွားသည်။

"ဒါက အရမ်းအန္တရာယ်များတယ်!"

သာမန်လူများအတွက် မတော်တဆသေဆုံးခြင်း ဆိုသည်မှာ ကားမတော်တဆမှုများ ဖြစ်လေ့ရှိရာ၊ ရိုးရှင်းသော အခြေအ နေမျိုးတွင်ပင် တစ်စုံတစ်ယောက်အား ကယ်တင်ခြင်းမှာ အလွန်အန္တရာယ်များလွန်းသည်။

နန်ယု လက်အား ပေါ့ပေါ့ပါးပါးဝှေ့ယမ်းလိုက်သည်။

"ရှင် ဘာလုပ်လုပ်လုံခြုံပါတယ်၊ အိမ်မှာတောင် မမျှော်လင့်ဘဲ သေဆုံးနိုင်တာပဲ၊ ကျွန်မရဲ့ ချစ်ရသူတွေ ဆုံးရှုံးသွားတဲ့အထိ စောင့်နေပြီးတော့မှ အစကတည်းက ကံကြမ္မာကို ဖျက်ဆီးဖို့မကြိုးစားခဲ့မိတာကို နောင်တရမယ့်ဘဝမျိုး မလိုချင်ဘူး"

သူမ အတွေးထဲတွင်မူ မူရင်းစာအုပ်၏အဖြစ်အပျက်အရ နန်ကျီ သူမထက် စော၍သေဆုံးခဲ့ရသည်ကို ပြန်အမှတ်ရလိုက်သည်။

ဖေးယီကျန့် တိတ်ဆိတ်နေသည်။ နန်ယု ပျော်ရွှင်စွာ အစားအ စာများအား မြိန်ရေရှက်ရေစားသောက်နေသည်ကို သူ စောင့်ကြည့်နေသည်။ ဤလေးနက်သော အကြောင်းအရာမှာ သူမအပေါ် လုံးဝ သက်ရောက်မှုမရှိသည့်ပမာပင်။ သို့သော် ဖေးယီကျန့် ရင်ထဲရှိ မရေရာသော တိမ်တိုက်များမှာမူ များစွာပြေ ပျောက်သွားသကဲ့သို့ ခံစားရသည်။

"ကောင်းပြီ"

ဖေးယီကျန့် ဖြည်းညင်းစွာပြောလိုက်သည်။

"ကိုယ် မင်းနဲ့အတူ လိုက်မယ်"

မည်သို့ပင်ဖြစ်စေ အဆုံးသတ်မှာ သေဆုံးခြင်းသာဖြစ်သည်။ သို့သော် အဘယ်ကြောင့် ပိုစိတ်ဝင်စားစရာကောင်းသော နည်းလမ်းအား ရွေးချယ်ပြီး မသေရမည်နည်း။

ထို့အပြင် "ရှင်လည်း အသက်ရှင်နိုင်အောင် အာမခံပါ့မယ်!" ဟု ပြောစဉ်က နန်ယု မျက်နှာအမူအရာမှာ ဖေးယီကျန့် စိတ်ထဲတွင် ရုတ်တရက်ထင်ဟပ်လာသည်။ တကယ်အောင်မြင်မှာ ဖြစ်နိုင်ပါတယ်! ဟူသော မျှော်လင့်ချက်တစ်ခု သူ့ရင်ထဲတွင် ပေါ်ပေါက်လာရသည်။

All Chapters