အခန်း (၇၁)
Vol. 8 Ch. 71
နန်ယုအတွက် မနက် ၂ နာရီ၊ ၃ နာရီအထိ မအိပ်ဘဲ နေခြင်းမှာ ထူးဆန်းသောအရာ မဟုတ် သော်လည်း၊ ဤမျှစောစောအိပ် ရာထခြင်းကား ရှားပါးလှသည်။
၅ နာရီကျော်မှ အိပ်ရာနိုးလာခြင်းမှာ ဖေးမိသားစုတွင် ဖြတ် သန်းခဲ့ရသည့် ဆိုးရွားသောနေ့ရက်များအားပြန်လည်တွေးမိစေခဲ့သည်။ ကံကောင်းစွာဖြင့် သူမ နေ့တိုင်း ဤမျှစောစောထစရာမလိုတော့ပေ။ မဟုတ်လျှင် သူ့ကံကြမ္မာမှာ မပြောင်းလဲဘဲ သေနေလောက်ပြီ။
ဦးလေးကျိုး နန်ယု မနက်စောစောထွက်ခွာသွားသည်ကိုသိချင်နေခဲ့သော်လည်း သူသည် အရည်အချင်းရှိသောအိမ်တော်ထိန်းဖြစ်သည့်အတိုင်း နန်ယု မပြောမချင်းမမေးမြန်းခဲ့ပေ။ သူ ဂရုတစိုက်နှင့် ကားမောင်းသူတစ်ဦးကိုပင် စီစဉ်ပေးခဲ့သော် လည်း နန်ယု ငြင်းဆိုလိုက်သည်။ ဒီနေ့ သူမ ကိုယ်တိုင်မောင်းနှင်သွားမည်။
"နန်ယု" မှာ ယာဉ်မောင်းလိုင်စင်ရှိခဲ့သည်။ သူမ လိုင်စင်ရက တည်းက တစ်ခါမှ မမောင်းဖူးသောကြောင့် ဒဏ္ဍာရီလာ "စာအုပ် (သို့မဟုတ်) လိုင်စင်သမား" အဖွဲ့ဝင်တစ်ဦး ဖြစ်နေခဲ့သည်။ သို့သော်လည်း ရှိနေခြင်းသည်ပင် အရေးကြီးသည်။ လိုင်စင်ရှိနေသရွေ့ သူမ မောင်းနှင်ခြင်းမှာတရားဝင်သည်။
မည်သို့ပင်ဖြစ်စေ နန်ယုမှာကျွမ်းကျင်သော ယာဉ်မောင်းတစ်ဦး ဖြစ်သည်။ ကမ္ဘာပျက်သည့်အချိန်တွင် သူမ အဓိကသယ်ယူပို့ဆောင်ရေးမှာ ကားဖြစ်ခဲ့သည်။ ထိုအချိန်တွင် ပြောင်းလဲသွားသော လူသား (ဖုတ်ကောင်) များအား ထိရောက်စွာရှောင် ရှားနိုင်ရန်အတွက် သူ့ကျွမ်းကျင်မှုအား ယုံကြည်မှုရှိရှိကြွားဝါနိုင်ခဲ့ပြီး၊ သူမ အဖော်များထံမှ ချီးမွမ်းခြင်းကိုလည်းရရှိခဲ့ဖူးသည်။
နန်ယု ကားဂိုဒေါင်ထဲမှ အသိမ်မွေ့ဆုံးနှင့် အသန်မာဆုံးကား အား ရွေးချယ် ရှာဖွေခဲ့သည်။ သူမ စမ်းသပ်မောင်းနှင်ရန်ပင် မလိုအပ်ပေ။ ကားထဲသို့ဝင်လိုက်သည်နှင့် မောင်းနှင်ဖူးသည့် ခံစားမှုမှာ သူမအား ချက်ချင်းလွှမ်းမိုးသွားခဲ့သည်။
မကြာခင်မှာပင် ဦးလေးကျိုး နန်ယု၏ကားနောက်ပိုင်းကိုသာ မြင်လိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းပျောက်ကွယ်သွားခဲ့သည်။
"သခင်မလေး၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကားမောင်း လေ့ကျင့်ခဲ့ဖူးတာလား ?"
ဦးလေးကျိုး နန်ယုနှင့်လွန်ခဲ့သည့် နှစ်အနည်းငယ်က အတူမရှိခဲ့သောကြောင့် ၎င်းမှာ နည်းပညာအရ သူမ ပထမဆုံးလမ်းပေါ်ထွက်ခြင်းဖြစ်သည်ကို သူ လုံးဝ မသိခဲ့ပေ။ သူသာ သိခဲ့လျှင် ကားအမြန်နှုန်းအားမြင်ပြီး တုန်လှုပ်သွားမည်မှာသေချာသည်။
မနက်စောစောတွင် မြို့တော်ရှိ လမ်းမများပေါ်၌ လူသူရှင်း လင်းနေသည်။ အများစုမှာ သက်ကြီးရွယ်အိုများဖြစ်သော ကြောင့် နန်ယု ဖေးယီကျန့်နှင့် တွေ့ဆုံရာနေရာအားချောမွေ့စွာ သွားနိုင်ခဲ့သည်။
ဖေးယီကျန့်သည်လည်း ကိုယ်တိုင်မောင်းနှင်ဖို့ရွေးချယ်ခဲ့သည်။ သူ မူလက နန်ယုအား သူ့ကားထဲဝင်ခိုင်းရန် ရည်ရွယ်ခဲ့သော်လည်း မည်သို့ဖြစ်သွားသည်မသိ၊ သူ ခရီးသည်ထိုင်ခုံတွင် ရောက်နေခဲ့ရသည်။
ကိစ္စမရှိပါဘူး။
"မင်း မနေ့က အကြံပြုခဲ့တဲ့ အကြံကောင်းက ဘာလဲ?"
ကား မစတင်ခင်မှာပင် ဖေးယီကျန့် ထိုင်ခုံခါးပတ်အား အလေ့ အကျင့်အတိုင်းပတ်လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
တုကျီဟောင်—ထို အရက်မူးပြီးကားမောင်းမည့် ချမ်းသာသည့်လူငယ်—အား တားဆီးရန်မှာမခက်ခဲပေ။ အလွယ်ဆုံး ဖြေရှင်းနည်းမှာ သူ ဘားမှထွက်လာသည်နှင့် ချက်ချင်းသတိ လစ်သွားအောင် လုပ်လိုက်ဖို့ပင်။ သို့သော် ထိုနည်းလမ်းမှာ သူ့အတွက် အရမ်းလွယ်ကူလွန်းသွားပြီးကြာရှည်မည့် သင်ခန်းစာ အားပေးနိုင်တော့မည် မဟုတ်ပေ။
တုကျီဟောင် ယခင်ဘဝက သူ့အသက်နှင့် ပေးဆပ်ခဲ့ရသော် လည်း ၎င်းမှာ သူငယ်တန်းကလေးများ၏ အသက်အားကယ် တင်နိုင်မည်မဟုတ်ခဲ့ပေ။ မိသားစုတစ်ဒါဇင်ကျော်သည် သူ့ကြောင့် နာကျင်မှုထဲသို့ကျရောက်သွားခဲ့ရသည်။ ဤဘဝတွင် အသက်အား ကယ်တင်ရမည်ဆိုလျှင်ပင် ထိုလူယုတ်မာအား ခံစားစေရမည်။
ဖေးယီကျန့် တုကျီဟောင်အား သူ့ကားဖြင့် ဝင်တိုက်ရန်ပင် စဉ်းစားခဲ့ဖူးသည်။ သူ ပြင်ဆင်ထားသည့်အတွက် အနည်းဆုံး အသေးအမွှား ဒဏ်ရာသာရမည်ဖြစ်သော်လည်း တုကျီဟောင်ကတော့ပြင်းထန်သော ပြဿနာနှင့် ရင်ဆိုင်ရမည်မှာ သေချာသည်။ သို့သော် နန်ယုငြင်းဆန်ခဲ့သည်။ ထိုလူယုတ်မာအတွက် မိမိကိုယ်တိုင် နာကျင်ခံစားရသည်မှာက မတန်ပေ။
"ကျွန်မနောက် လိုက်ခဲ့ပါ"
နန်ယု အချိန်အား စစ်ဆေးလိုက်သည်။
"ဘားကိုသွားပြီး သူ့ကို အကြိမ်နည်းနည်းလောက် ရိုက်နှက်ကြရအောင်"
ဖေးယီကျန့်- "?"
သူ နန်ယုဆိုလိုရင်းအား သိပ်နားမလည်ခဲ့သော်လည်း ဤအရာမှာ သူ့အား လိုက်ခြင်းမှမတားဆီးနိုင်ခဲ့ချေ။
ထိုအချိန်တွင် ဘားရှိလူများမှာပြန့်ကျဲနေခဲ့သည်။ သတိရှိသော စားပွဲထိုးတစ်ဦးမှာ နန်ယုနှင့် အခြားသူတစ်ဦးအား အပေါ်ထပ်သို့ခေါ်ဆောင်သွားခဲ့သည်။ မနက်စောစောတွင် ဘားကိုလာပြီး တစ်စုံတစ်ယောက်ကို သို့မဟုတ် တစ်ခုခုကို ရှာနေသလား? စားပွဲထိုးမှာ သူ့ရှေ့မှ အမျိုးသမီးအား ရင်းနှီးနေသလိုထင်ရသော်လည်း မည်သူမည်ဝါဖြစ်သည်ကို အတိအကျမသိခဲ့ပေ။
သူတို့ သုံးယောက်အပေါ်ထပ်သို့ တက်နေစဉ်မှာပင် လူအနည်းငယ်လည်းဆင်းလာနေကြသည်။ သူတို့ ခြေလှမ်းများမှာ မတည်မငြိမ်ဖြစ်နေပြီး အရက်နာကျနေသည်မှာ ရှင်းပါသည်။ သူတို့နောက်မှ ဘားတင်ဒါမှာ သူတို့အတွက် သတ်မှတ်ကားမောင်းသူအား စီစဉ်ပေးထားကြောင်း အော်ဟစ်ပြောနေတုန်းပင်။ ဘာပဲဖြစ်ဖြစ် ထိုလူများမှာ ချမ်းသာသည့် ဒုတိယမျိုး ဆက်များဖြစ်သည်၊ ဘားတွင် တစ်ခုခုဖြစ်သွားလျှင် မကောင်းပေ။
လှေကားကျယ်ဝန်းသောကြောင့် အတက်အဆင်းလုပ်နေသည့် လူနှစ်ဖွဲ့အတွက် ပြဿနာကြီးမဟုတ်ပေ။ သို့သော် ဦးဆောင်နေသည့် တုကျီဟောင်မှာ မျက်လုံးများမှေးစင်းလိုက်ပြီး နန်ယုအားမြင်လိုက်ရသောအခါ ရုတ်တရက်တောက်ပသွားခဲ့သည်။
"ကောင်းပြီ! ဟဲဟဲဟဲ၊ လှပတဲ့အမျိုးသမီးလေး ဘယ်ကို သွားနေတာလဲ ? ကိုယ်နဲ့ လိုက်သောက်ပါ၊ မင်း လိုချင်တဲ့ စျေးကိုပေးမယ်"
သူ နန်ယုမျက်နှာအား ထိရန်လက်လှမ်းလိုက်သည်။ ဖေးယီကျန့်တိုက်ခိုက်ဖို့ ပြင်ဆင်နေတုန်းမှာပင်၊ နန်ယု သူ့အား လျင်မြန်စွာကန်ချလိုက်သည်။
ဒုန်း!
တုကျီဟောင် ကြောင်တစ်ကောင်ထံမှ ကစားခံရသည့် ကြွက်တစ်ကောင်ကဲ့သို့ မြေပြင်ပေါ်လဲကျသွားပြီး၊ ချက်ချင်းဆိုသလို သတိရှိနေသေးသည့် အခြားသူများကိုပါ လန့်နိုးစေခဲ့သည်။
သို့သော် မြေပြင်နှင့်လေး၊ ငါးလှမ်းသာဝေးသောကြောင့် တုကျီဟောင် ပြင်းထန်စွာ ဒဏ်ရာမရခဲ့ပေ။ ထိုအစား၊ လဲကျသွားခြင်းမှာ သူ့စိတ်အား နည်းနည်းရှင်းလင်းသွားစေခဲ့သည်။
"မင်းကို -ိုးလိုက်မယ်! ဘယ် လူမိုက်က ငါ့ကို ကန်ရဲတာလဲ..."
လှေကားထိပ်မှ သူ့အား စိုက်ကြည့်နေသည့် ပုံရိပ်နှစ်ခုအား အသိအမှတ်ပြုလိုက်ရသောအခါ တုကျီဟောင် ကျိန်ဆဲနေရာမှ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ဘယ်လိုလုပ် နန်ယုနဲ့ ဖေးယီကျန့်ဖြစ်နေရတာလဲ?!
တုကျီဟောင် ထိုသူနှစ်ဦး၏မျက်နှာများအား မှားနိုင်စရာမရှိ၊ ဘာပဲဖြစ်ဖြစ် သူတို့နှင့်ဆင်တူသူအား ရှာဖွေဖို့ခက်ခဲသည်။ သူ နန်ယုအား အစောပိုင်းပြောလိုက်သည့် စကားများကိုပြန်တွေးမိသောအခါ သူ့နောက်ကျောတွင် ချွေးအေးများပျံထွက်လာခဲ့သည်။ ထို့နောက် သူ့နောက်မှ ညီအစ်ကိုများမှာ သူ့အားမြန်မြန်ထပြီး လမ်းဖယ်ဖို့တိုက်တွန်းနေခဲ့ကြသည်။
သူ ထွက်သွားချင်သည်ဖြစ်စေ၊ မထွက်သွားချင်သည်ဖြစ်စေ ဆိုသည်မှာ ကိစ္စတစ်ခုမျှသာ ဖြစ်ပါတော့မည်လား ?
နန်ယု လှောင်ပြုံးပြုံးလိုက်သည်။
"အခု နင့်ကိုယ် နင် သုံးချက်ရိုက်လိုက်၊ ဒီကိစ္စ ပြီးသွားပြီ"
အာဏာနဲ့ တစ်စုံတစ်ယောက်ကို အနိုင်ကျင့်တာ ဘာကိုဆိုလိုတာလဲ ? ဒါ အနိုင်ကျင့်တာပဲ!
နန်ယုသာ အခုတီဗီရှိုး သို့မဟုတ် ဝတ္ထုတစ်ခုမှာသာ ရှိနေခဲ့လျှင် သူသည် ဆိုးသွမ်းသော ဇာတ်ပို့မင်းသမီးတစ်ဦးဖြစ်နေ လောက်ပြီ!
ထိုအမူအရာ၊ ထိုလေသံ... ဖေးယီကျန့် ရယ်ချင်နေခဲ့သော် လည်း တစ်ချိန်တည်းမှာပင် လုံးဝအကူအညီမဲ့သလို ခံစားရသည်။ သို့သော် ဤခံစားချက်မှာ နောင်တွင် ပိုပြီးအားကောင်းလာလိမ့်မည်ကိုမူ သူ မသိခဲ့ပေ။
ဖြန်း! ဖြန်း! ဖြန်း!
တုကျီဟောင် သူ့ကိုယ်သူ သုံးချက်ရိုက်လိုက်ရာ သူ့မျက်နှာနီရဲသွားခဲ့သည်။
"နန်ကျဲ၊ ကျေးဇူးပြုပြီး စိတ်သဘောထားကြီးပေးပါ၊ ကျွန် တော် မူးနေလို့ပါ၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်"
"ထွက်သွား"
နန်ယု စကားကြောင့် တုကျီဟောင် ထပ်ခါတလဲလဲ ဦးညွှတ်ပြီး သူ နောက်ကျသွားမှာကိုကြောက်ရွံ့သလိုမျိုး အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ အနီးနားရှိ စားပွဲထိုးမှာ မာနကြီးသော တုသခင်လေး ဤမျှ နှိမ့်ချနေသည်အား ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ ဤဘားမှာ မြို့တော်ရှိအကောင်းဆုံးများထဲမှ တစ်ခုဖြစ်ပြီး ချမ်းသာသည့် ဒုတိယနှင့်တတိယမျိုးဆက်များ မကြာခဏဆိုသလို လာရောက်လေ့ရှိသည်။
တုကျီဟောင်မိသားစုနောက်ခံမှာ အလယ်အလတ်အဆင့်ဟု သတ်မှတ်နိုင်သော်လည်း၊ ဤနှစ်ယောက် (နန်ယုနှင့် ဖေးယီကျန့်) ကို မြင်လိုက်ရသည့်အခါ ကြွက်များ ကြောင်အားမြင်ရသကဲ့သို့ ကြောက်ရွံ့ပြီးမနှောင့်ယှက်ရဲကြပေ။
စားပွဲထိုး သူတို့အား ကောင်းမွန်စွာ ဝန်ဆောင်မှုပေးရန် ကျွမ်း ကျင်မှုအားလုံးကို အသုံးပြုတော့မည့်အချိန်တွင် နန်ယု ရုတ်တ ရက် ရပ်တန့်လိုက်သည်။
"စဉ်းစားကြည့်တော့ ငါ ဒေါသထွက်နေတုန်းပဲ၊ ငါ သူ့ကိုထပ် သွားရိုက်ဦးမယ်"
ဤသို့ဆိုကာ သူမ လှည့်ပြီး လာရာလမ်းအတိုင်းပြန်သွားခဲ့ပြီး ဖေးယီကျန့်လည်း အနီးကပ် နောက်မှလိုက်ပါလာခဲ့သည်။
စားပွဲထိုး: "???"
နေပါဦး၊ အမျိုးသမီးငယ်တွေရဲ့ စိတ်နေစိတ်ထားတွေက ဒီလောက်တောင် စိတ်လိုက်မာန်ပါ ဖြစ်နေတာလား ?
သို့သော် စားပွဲထိုးသည် ၎င်းတို့ ထွက်သွားခြင်းအား တားဆီးလို့မရပေ။ သူ ယဉ်ကျေးစွာ တံခါးအားဖွင့်ပေးပြီး နောက်တစ်ကြိမ်ပြန်လာဖို့ ဖိတ်ခေါ်ရုံသာတတ်နိုင်ခဲ့သည်။
"ဟားဟားဟား"
ကားထဲရောက်ပြီးနောက် နန်ယု မရယ်ဘဲမနေနိုင်တော့ချေ။
"တုကျီဟောင်နဲ့ စားပွဲထိုးရဲ့ မျက်နှာအမူအရာတွေက ရယ်စ ရာကောင်းလိုက်တာ"
နန်ယု ထိုနေရာသို့ ရိုးရိုးရှင်းရှင်းတစ်စုံတစ်ယောက်အား ရိုက်နှက်ဖို့အတွက် သွားခဲ့ခြင်းမဟုတ်ပေ။ ပထမဦးစွာ၊ သူမ လုပ် ဆောင်ခဲ့သည့်အရာအတွက် တရားဝင်ဆင်ခြေတစ်ခုရှိခဲ့သည်။ ဒုတိယအနေဖြင့်၊ ကံကြမ္မာမှာ အခန်းကဏ္ဍတစ်ခုမှ ပါဝင်လာဦးမည်လားဆိုတာကို သူမ သိချင်ခဲ့သည်။
ဥပမာအားဖြင့်—သူမတို့ ထွက်သွားသည့်အခါ ကားတာယာ ပေါက်နေခြင်း သို့မဟုတ် သူတို့လုပ်ဆောင်တော့မည့်အရာကို တားဆီးမည့် တိုက်ဆိုင်မှုဟုထင်ရသည့် အခြားလုပ်ရပ်တစ်ခု ခုပေါ်ပေါက်လာခြင်းမျိုးဖြစ်သည်။ သို့သော်လည်း မည်သည့်အရာမှမဖြစ်ခဲ့ပေ။ ထို့ကြောင့် ကံကြမ္မာမှာ အားမကောင်းဟု သူ မှတ်ချက်ချလိုက်သည်။
တကယ်တော့ နန်ယု ကံကြမ္မာ အားမကောင်းသည်ထက် သူမ အနှစ်နှစ်ဆယ်စောပြီး ရောက်လာခဲ့သောကြောင့် ကံကောင်းခဲ့သည်ကိုမသိခဲ့ပေ။ ထိုအနှစ်နှစ်ဆယ်မှာ စာအုပ်ထဲအကျဉ်း ချုပ်ဖော်ပြထားရုံသာဖြစ်သောကြောင့် "ကံကြမ္မာ" အား ကောင်းနေမည် မဟုတ်ချေ။ အကယ်၍ နှစ်နှစ်ဆယ်နောက် ပိုင်းသာဆိုလျှင်...
သို့သော် ဤကမ္ဘာတွင် "အကယ်၍" ဟူသည်မရှိ။ နန်ယု ကံကောင်းပြီး အချိန်ကိုက်ရောက်ရှိလာသူဖြစ်သည်။ ဒီလိုဖြစ်တော့ ဘာဖြစ်လဲ ?
သူမ လီဗာကိုအားကုန်နင်းလိုက်ပြီး အရှိန်ပြင်းစွာ မောင်းထွက်သွားခဲ့သည်။ ထိုရုတ်တရက် အရှိန်ကြောင့် ဖေးယီကျန့် ခန္ဓာ။ကိုယ်မှာ သတိမထားမိဘဲယိမ်းယိုင်သွားခဲ့သည်။ သူ ရုတ်ချည်းမကောင်းသော ခံစားမှုတစ်ခုအား ခံစားလိုက်ရသည်။
"နန်ယု၊ မင်း ဘာလုပ်နေတာလဲ ?"
နန်ယု ခေါင်းအနည်းငယ်စောင်းလိုက်ပြီး သူ့အား မာနကြီးပြီး ယုံကြည်မှုရှိသော အပြုံးတစ်ခုပြုံးပြလိုက်သည်။
"စိတ်မပူပါနဲ့၊ ရှင် ဘာမှဖြစ်မှာ မဟုတ်ပါဘူး"
ဖေးယီကျန့်: ငါ ပိုပြီး မသက်မသာ ခံစားရရင်ကော ?
ထို့နောက်တွင်မူ သူ အမြန်နှုန်း၏စစ်မှန်သော အဓိပ္ပာယ်အား စတင်တွေ့ကြုံခဲ့ရသည်။ နန်ယု ကားမောင်းစွမ်းရည်မှာ အဘယ့်ကြောင့်... ထိုမျှ ကောင်းမွန်နေရသနည်း ?
မကြာခင်မှာပင် သူတို့နှစ်ဦး ရှေ့တည့်တည့်မှ တုကျီဟောင် မောင်းလာသည့်ကားအား မြင်တွေ့လိုက်ရသည်။ နောက်ထပ် ငါးမိနစ်ခန့်တွင် ထိုမတော်တဆမှု ဖြစ်ပွားမည့်နေရာသို့ ရောက်ရှိတော့မည်။
တုကျီဟောင်သည်လည်း အရှိန်ပြင်းပြင်းမောင်းနှင်နေသည်—နန်ယုအား ဒေါသထွက်ပြီး ထိုဒေါသကိုကားအပေါ်တွင် ဖော် ထုတ်နေသည့်အလားပင်။
ကားအင်ဂျင်သံအား အဝေးမှပင်ကြားနေရပြီး၊ သူတို့ ညဉ့်နက် အထိအိပ်တတ်သူများ အမုန်းဆုံးသော ဆူညံသံထုတ်သူများဖြစ်နေကြသည်။
သို့သော် တုကျီဟောင် မည်သည့်အရာကိုမှဂရုမစိုက်ပေ။ နန်ယု! ဖေးယီကျန့်! သူ့မျက်နှာပေါ်မှ ပူလောင်သော နာကျင်မှုအား ခံစားနေရဆဲဖြစ်သောကြောင့် သူ လီဗာအား ပိုလို့ပင်ပြင်းပြင်း ထန်ထန်ဖိနင်းချလိုက်သည်။
ပုံမှန်ဆိုလျှင် တုကျီဟောင် ထိုအခြေအနေ၌ ဤမျှ နာခံမှုရှိလိမ့်မည်မဟုတ်ပေ။ သို့သော် နန်ယုအကြည့်နှင့် တွေ့လိုက်ရသည့်အခါ သူ သတိမထားမိဘဲ သူ့ကိုယ် သူ ရိုက်နှက်လိုက်မိခြင်းဖြစ်သည်။
ပြီးတော့ သူ အင်မတန် ပြင်းပြင်းထန်ထန်ရိုက်လိုက်မိတာ! သူ မူးနေလို့လား ?
ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်တွင် သူ အရှက်ရပြီး မျက်နှာပျက်ခဲ့ရပြီ။ ထို့ကြောင့် သူ ထိုဘားသို့ နောက်တစ်ကြိမ်ဘယ်တော့မှ ေခြချတော့မည် မဟုတ်ဟုလည်းဆုံးဖြတ်လိုက်သည်။
ဘန်း!
တုကျီဟောင် စတီယာရင်အားပြင်းပြင်း ဆောင့်ကိုင်ထားရင်း နန်ယုအား ကျိန်ဆဲနေခဲ့စဉ်၊ တောင်ပေါ်မှလာနေသည့် ကားတစ်စီးအား မြင်လိုက်ရသည်။
ဝှစ် !
ထိုနေရာမှာတံတားကဲ့သို့ ကွေးကောက်သောလမ်းဖြစ်ပြီး ဘေးပတ်လည်တွင် ရေကန်များရှိသည်။ တောင်ပေါ်သို့ တက်သည့်အခါ မျက်နှာချင်းဆိုင်မှ ကားများအားမြင်နိုင်ရန်အတွက် ကွေ့ဝိုက်သော ထောင့်တစ်ထောင့်သို့ ရောက်ရှိရသည်။ ထို့ ကြောင့် ယာဉ်မောင်းအများစုမှာ အရှိန်လျှော့မောင်းနှင်ကြပြီး လမ်းနှစ်ဖက်စလုံးတွင် သတိပေးဆိုင်းဘုတ်များရှိသည်။ သို့ သော် တုကျီဟောင်တစ်ယောက်တည်းကသာ မကြောက်မရွံ့ လီဗာအား ပြင်းပြင်းနင်းခဲ့ခြင်းဖြစ်သည်။
အရက်ကြောင့် ဝေဝါးနေသည့်စိတ်မှာ ထိုအချိန်တွင် ရုတ်တ ရက် ပြန်လည် ကောင်းမွန်လာသကဲ့သို့ဖြစ်သွားခဲ့သည်။ တုကျီဟောင် ဘရိတ်အားဆောင့်နင်းလိုက်ပြီး မီနီဗန်ကို ရှောင်တိမ်းရန်ကွေ့လိုက်သည်။ မျက်နှာချင်းဆိုင်မှ မီနီဗန်ယာဉ်မောင်းမှာ ပိုလျင်မြန်စွာတုံ့ပြန်ခဲ့ပြီး ဘရိတ်အားအရင်နင်းခဲ့သည်။
သို့သော် တုကျီဟောင် ကွေ့ဖို့အတွက် နောက်ကျသွားခဲ့လေပြီ။ မည်သို့ပင်ဆိုစေ ၎င်းမှာ မီနီဗန်ဖြစ်နေဆဲဖြစ်ရာ ကားသေးတစ်စီးကဲ့သို့ သွက်လက်ခြင်းမရှိပေ။ ယာဉ်မောင်းမှာ ထိခိုက်မှုအ နည်းဆုံးဖြစ်အောင်သာ မျှော်လင့်နိုင်တော့သည်။
သို့သော် ဤမျှတိုတောင်းသည့် အကွာအဝေးတွင် ရှောင်တိမ်းရန်မလွယ်ကူချေ။ ရုတ်တရက်ဆိုသလို တတိယကားတစ်စီးပေါ်လာခဲ့သည်။
သို့သော် ဤတတိယကားကမူ တည်ငြိမ်စွာရပ်တန့်သွားခဲ့သည်။ ထိခိုက်မှုဖြစ်ပွားရာ နေရာနှင့် နှစ်ဆယ်စင်တီမီတာအောက်သာကွာဝေးခဲ့သည်။ သူမ ဘယ်ဘက်တွင် ရုတ်တရက် ဘရိတ်ဖမ်းထားသည့် မီနီဗန်ဖြစ်နေပြီး၊ ကားနှစ်စီးကြား ကွာ ဟချက်သည်လည်း တစ်မီတာ၏တစ်ဝက်သာရှိခဲ့သည်။
အကယ်၍ တစ်ခုခုမှားယွင်းသွားခဲ့လျှင် နန်ယုကားမှာ ဒုတိယ တိုက်ခိုက်ခံရမည့် ကားဖြစ်လာလိမ့်မည်။
ဖေးယီကျန့် နှလုံးသားမှာမူ ခုန်နေဆဲဖြစ်သည်။ သူ နန်ယု အကြံအစည်များ၏ရူးသွပ်မှုအား တစ်ခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။ လှုပ်ရှားမှုတစ်ခုမှားယွင်းသွားလျှင် သူတို့နှစ်ယောက်စလုံး အသက်ဆုံးရှုံးသွားနိုင်သည်။
"နန်ယု! မင်း ရူးနေတာလား!"
ထိုစကားအားကြားသောအခါ နန်ယု ဖေးယီကျန့်အား လှည့်ကြည့်ပြီးရယ်လိုက်သည်။
"မဖြစ်နိုင်ပါဘူး! ငါ 90 % သေချာတယ်၊ ဘာမှ ဖြစ်မှာမဟုတ်ဘူး" ဟု ပြောရင်း သူမ ထိုင်ခုံခါးပတ်အား ဖြုတ်လိုက်သည်။
"ကျမရဲ့ ကားမောင်းစွမ်းရည်ကို ယုံကြည်ဖို့ ရှင့်ကိုပြောခဲ့တယ်လေ"
မည်သို့ပင်ဖြစ်စေ ထိုစွမ်းရည်များမှာ အသက်ရှင်ရေးနှင့် သေရေးအတွေ့အကြုံများမှ ပြောင်မြောက်လာခြင်းဖြစ်သည်။ သူသာ သတိမထားခဲ့ပါက နန်ယု ဤနေရာတွင် ရှိနေမည်မဟုတ်ပေ။ သူမ ဖေးယီကျန့်အား 90% ဟု ပြောခဲ့သော်လည်း တကယ်တမ်းတွင် 100% သေချာသည်။
ပြီးတော့ နန်ယု တစ်ခုခုအားသက်သေပြချင်ခဲ့သည်။ ကံကြမ္မာ သူတို့အား ချေမှုန်းရန် ဤအခွင့်အရေးကို ယူလိမ့်မည်လား ? အခုချိန်အထိတော့ ကံကြမ္မာမှာ အလွန်စည်းကမ်းရှိနေဆဲပင်။
7 နာရီ 37 မိနစ်
နန်ကျီ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်းမှာပင် သူ့ဖုန်း ရုတ် တရက် ပြင်းထန်စွာတုန်ခါလာခဲ့သည်။ အန်းနင် သူ့အား ဘေးမှတွန်းလိုက်သောကြောင့် နန်ကျီ မျက်လုံးမှိတ်ထားရင်း သူ့ဖုန်းအားလှမ်းယူလိုက်ရုံသာ လုပ်နိုင်ခဲ့သည်။ ဘယ်သူက ဒီလောက်စောစော သူ့ကို နိုးအောင်လုပ်ရတာလဲ ? သူ မနက် ၂ နာရီအထိ အချိန်ပိုအလုပ်လုပ်ခဲ့ရတာကို မသိဘူးလား ?
အနည်းငယ်ဖွင့်ထားသည့် မျက်လုံးများမှာ ခေါ်ဆိုသူ ID က နန်ယုဖြစ်နေသည်အား ဖော်ပြနေခဲ့သည်။ သူ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အဖြေခလုတ်အားနှိပ်လိုက်သည်။ ခိုင်လုံသည့် အကြောင်းပြချက်မရှိလျှင် သူ့ညီမအရင်းဖြစ်လျှင်ပင် အလုပ်ဖြစ်မည် မဟုတ်!
နန်ယု၏တည်ငြိမ်သော အသံမှာ ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာခဲ့သည်။
"ကော၊ ညီမ ကားမတော်တဆဖြစ်ခဲ့တယ်"
နန်ကျီ: "!!!"
ငိုက်မြည်းမှုအားလုံး ထိုစကားတစ်ခွန်းကြောင့် လုံးဝပျောက်ကွယ်သွားခဲ့သည်!