အခန်း (၇၂)
Vol. 8 Ch. 73
နန်ကျီ တစ်ဖန် ရဲစခန်း ခုံတန်းလျားတွင် ထိုင်နေရပြန်သည်။ အိပ်ရေးပျက်ခြင်းကြောင့် ခေါင်းအနည်းငယ် ကိုက်ခဲနေပြီး အတွေးများမှာ မှုန်ဝါးနေသည်။
ဒီနှစ်ထဲတွင် သူ ရဲစခန်းသို့ အကြိမ်ရေတော်တော်များများ ရောက်ခဲ့ရခြင်းမဟုတ်ပါလား ?
သူ့ဘဝ တစ်ဝက်လုံးအပြင်ရောက်သည့် အကြိမ်ထက်ပင် ပိုမို များပြားသလိုခံစားနေရသည်။ နန်ကျီ မကောင်းသည့် ခံစားချက်တစ်ခုရှိခဲ့သည်။ ဤသည် ပထမဆုံးမဟုတ်သလို၊ နောက် ဆုံးလည်း ဖြစ်လာမည်မဟုတ်ပေ။
ထို့နောက်...
နန်ကျီ ခေါင်းအား လှည့်လိုက်ချိန်တွင် နန်ယုနှင့် ဖေးယီကျန့်တို့ထံမှ တူညီသောအပြုံးများနှင့် ရင်ဆိုင်လိုက်ရသဖြင့် သူ့ ခေါင်းမှာ ပိုကိုက်ခဲလာခဲ့သည်။ ဤကဲ့သို့ ဒုက္ခပေးသည့် ညီမတစ်ယောက်ရှိဖို့အတွက် သူ ယခင်ဘဝ၌ လူသတ်မှု သို့မဟုတ် မီးရှို့မှုများကျူးလွန်မိခဲ့လေသလား ?
ရဲတွေပြောတာကို အရင်နားထောင်ကြည့်တာပေါ့။
သူ့ညီမကြောင့် ကားတစ်စီးလုံးပေါ်က လူတွေကယ်တင်ခံခဲ့ရသတဲ့!
ရဲများမှာ နန်ကျီအား ထိုအချိန်၏လုံခြုံရေး ဗီဒီယိုအားပြသလိုက်သည့်အခါ သူ့နှလုံးမှာ ရင်ဘတ်ထဲမှ ခုန်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။
နည်းနည်းလေးလွဲချော်ခဲ့မည်ဆိုလျှင်ပင် နန်ကျီ ယခု နန်ယုအားဆေးရုံသို့သွားရောက်တွေ့ဆုံရမည့် အခြေအနေမျိုးဖြစ်သွားနိုင်သည်!
"မစ္စတာနန်၊ ကျွန်တော်တို့ ခန့်မှန်းတာက မစ္စနန်သာပြတ်ပြတ်သားသားမလုပ်ခဲ့ရင် ကျောင်းကားကရေထဲကျဖို့ 80 % ရှိပါတယ်.. ဒီရက်ပိုင်း ဆောင်းဦးမိုးတွေမရပ်မနား ရွာထားတာနဲ့ ရေမျက်နှာပြင် မြင့်တတ်နေတာကြောင့် ကလေးတွေသာ ကျသွားခဲ့ရင်..."
"မစ္စနန်က တကယ့် သူရဲကောင်းတစ်ယောက်ပါ!"
"ပြီးတော့ မစ္စနန် မကြာသေးခင်က ကလေးခိုးမှုအကြီးစားကို လည်း ဖြေရှင်းဖို့ကူညီပေးခဲ့ပါသေးတယ်! Flower နိုင်ငံက မစ္စနန်လိုမျိုး ကြင်နာတဲ့နိုင်ငံသားတွေ လိုအပ်ပါတယ်! စိတ်မပူပါနဲ့၊ ကျွန်တော်တို့ ဒီကိစ္စကို သေချာအစီရင်ခံပါ့မယ်..."
နန်ကျီ ထိုနေရာတွင် ငူငူငိုင်ငိုင်ထိုင်နေဆဲပင်။ မသိသည့် ရဲအ ရာရှိတစ်ဦးထံမှ ချီးမွမ်းစကားများအား နားထောင်နေခဲ့သည်။ သူ ပြောနေသည့် ထိုကြင်နာသည့် ကိုယ်ကျိုးမဖက်သည့်၊ ပုဂ္ဂိုလ်မှာ မည်သူနည်း ? နန်ယု ? ဆော့ကစားတတ်ပြီး အစား ကြူးတဲ့ သူ့ညီမလား ? ဤသည်မှာ အတုပင်ဖြစ်ရမည်!
နန်ကျီ အတွေးထဲ နစ်မြောနေစဉ်မှာပင် တုကျီဟောင် မိဘများ ရောက်ရှိလာခဲ့သည်။
တုကျီဟောင် ကားထဲမှရုန်းထွက်ပြီးနောက် နောက်ဆုံးသတိပြန်ဝင်လာခဲ့သည်။ သူ့ကိုယ် သူ ကယ်တင်ရန် အသည်းအသန် ကြိုးစားခဲ့သည်။ သို့သော် ကားထဲမှထွက်လာပြီးသည်နှင့် ရေ ကူးကျွမ်းကျင်သူဖြစ်သည့် သူ့ ခြေထောက်မှာ ရုတ်တရက် ကြွက်တက်သွားခဲ့သည်။
ကံကောင်းစွာဖြင့် ကျောင်းကားယာဉ်မောင်းမှာ ရေကူးတတ် သည်။ ယာဉ်မောင်းသည် တုကျီဟောင် လုပ်ရပ်များအပေါ် ဒေါသထွက်နေသော်လည်း လူ့အသက်မှာအရေးကြီးသည်အတွက် ကယ်တင်ရန်ခုန်ဆင်းတော့မည့်အချိန်၌ နန်ယု တားလိုက်သည်။
သူမ အကြောင်းပြချက်မှာ လုံးဝခိုင်လုံခဲ့သည်။
"ရှင် အခု ဝင်သွားရင် သူ သေချာပေါက်ရုန်းကန်ပြီး ရှင့်ကို တွယ်ကပ်ထားမှာ၊ အဲဒီအခါကျရင် လူကြီးတစ်ယောက်ရဲ့ အားနဲ့ဆို တစ်ခုခုဖြစ်ဖို့ အရမ်းလွယ်တယ်"
"သူ ပင်ပန်းသွားတဲ့အထိ စောင့်တာပိုကောင်းတယ်၊ ဒီနေရာ ရေစီးကြောင်းတွေ မပြင်းတော့ ဘာမှဖြစ်မှာမဟုတ်ဘူး!"
ယာဉ်မောင်းစဉ်းစားလိုက်ရာ နန်ယု ပြောသည်မှာ အဓိပ္ပာယ်ရှိကြောင်းတွေ့ရသည်။ သူ လူအားကယ်တင်လိုသည်မှာ သူ့ ကိုယ်ချင်းစာတရားအား မဖောက်ဖျက်ချင်၍သာ။ သို့သော် သူ့တွင် သက်ကြီးရွယ်အိုမိဘများနှင့်ကလေးငယ်များ ထောက်ပံ့ရန်ရှိသည့်အတွက် အသက်အားစွန့်စားရခြင်းမှာ မတန်ပေ။
ထို့ကြောင့် သူတို့ သုံးယောက် တုကျီဟောင်ရုန်းကန်ပြီး အကူ အညီ တောင်းနေသည်အားစောင့်ကြည့်နေခဲ့ကြသည်။ နောက် ဆုံး တုကျီဟောင်အားကုန်ကာ ဖြည်းဖြည်းချင်းနစ်မြုပ်သွားခဲ့သည်။ ထိုအခါမှ ယာဉ်မောင်းခုန်ဆင်းပြီး သူ့အား ရေမှဆွဲ ထုတ်ခဲ့သည်။
သူ့အား ဆွဲထုတ်ပြီးနောက် ယာဉ်မောင်း ဗိုက်အားနှစ်ခါ ဖိနှိပ်လိုက်သည်။ ထို့နောက် လေသွင်းပေးသင့်မသင့် (Mouth-to- mouth resuscitation) ငြင်းခုံနေစဉ်မှာပင် ဆရာဝန်များနှင့် ရဲများရောက်လာခဲ့သည်။ သူတို့ တုကျီဟောင်အားဆေးရုံသို့ ခေါ်သွားကြပြီး ရဲအားအကြောင်းကြားခဲ့သည်။
(T/N - ဗိုက်အားဖိနှိပ်ခြင်းသည် ရေပြန်ထုတ်ရန် ပြုလုပ်ခြင်း ဖြစ်ပြီး၊ အဖွဲ့သည် ရှေးဦးသူနာပြုနည်းအား ဆက်လုပ်သင့်မသင့် ဆွေးနွေးနေခြင်းပင်။)
"ကျီဟောင်! ကျီဟောင် ဘယ်လိုနေလဲ ?"
တုကျီဟောင် မိခင်မှာ စိုးရိမ်တကြီးဖြင့် ရဲအရာရှိတစ်ဦးအား ဖမ်းကိုင်ထားပြီးမေးလိုက်သည်။ သူ့ သား ကားမတော်တဆမှုနှင့်ရေနစ်ခဲ့သည့် သတင်းအား ကြားလိုက်ရချိန်တွင် သူမ ရေ သို့မဟုတ် အဝတ်လျှော်ဖို့ပင် အချိန်မရလိုက်ဘဲ အစောတလျင်အဝတ်အစားကောက်ဝတ်ကာ အပြေးအလွှားလာခဲ့ခြင်းဖြစ်သည်။
သူမ ဒီသားအား အသက်လေးဆယ်နီးပါးမှ မွေးခဲ့ခြင်းဖြစ် သည်။ သူ့အား ပါးစပ်ထဲတွင် အရည်ပျော်မည်အားကြောက် ၍၊ သို့မဟုတ် လက်ထဲတွင် ကွဲမည်အားကြောက်သကဲ့သို့ ထိန်းသိမ်းထားခဲ့ရသည်။ ယခုမူ သူ့အဖိုးတန်သား ဒုက္ခရောက်နေသည်ဟု ကြားရချိန်တွင် လုံးဝစိတ်ထိခိုက်ခဲ့ရသည်။ သူမ နန်ကျီနှင့် အနီးအနားမှအခြားသူများအား ဂရုမစိုက်ခဲ့ပေ။
ပြစ်မှုကျူးလွန်သူ မိခင်နှင့် ရင်ဆိုင်ရသည့်အခါ ရဲ၏အမူအ ရာမှာလျော့ပါးသွားခဲ့သည်။ တုကျီဟောင်ရေထဲအချိန်အတော် ကြာရှိနေခဲ့သော်လည်း အရက်နံ့မှာ စူးရှနေဆဲပင်။ လုံခြုံရေး ဗီဒီယိုမှ သူ့အား လမ်းတစ်လျှောက်လုံး အရှိန်ပြင်းပြင်းမောင်းနှင်နေသည်အားပြသနေသည်။ ရဲများမှာ လူ့အသက်အား ဂရုမစိုက်သည့် ဤ ချမ်းသာသည့် ဒုတိယမျိုးဆက် ကလေးများအားမုန်းတီးကြသည်။
နန်ယုနှင့် အခြားသူများသာ ၎င်းတို့အားအသက်စွန့်ပြီးကယ် တင်ခဲ့သည် မဟုတ်လျှင် ဆိုးကျိုးများမှာ မည်မျှကြောက်စရာ ကောင်းမည်နည်း။
ကလေးများအားလုံး ဆေးရုံ၌စစ်ဆေးနေကြသည်။ ခါးပတ် ပတ်ထားလျှင်ပင် ရုတ်တရက် ယာဉ်မောင်း ဘရိတ်အုပ်မှုကြောင့် သူတို့အားထိခိုက်စေခဲ့သည်မှာ ရှောင်လွှဲလို့မရခဲ့ပေ။ ကလေးများမှာ လူကြီးများကဲ့သို့ ခိုင်မာမှုမရှိသည့်အတွက် စိတ်ငြိမ်စေရန်အတွက် စစ်ဆေးမှုလိုအပ်နေဆဲပင်။
(T/N - ရုတ်တရက် ဘရိတ်အုပ်ခြင်းသည် ခန္ဓာကိုယ်အား ရှေ့သို့ဆောင့်သွားစေပြီး ထိခိုက်ဒဏ်ရာဖြစ်ပေါ်စေနိုင်တာကို ပြောချင်တာပါ)
"တုကျီဟောင်က အဆင်ပြေပါတယ်၊ စုံစမ်းစစ်ဆေးနေဆဲပါ"
ရေနစ်လုနီးပါးဖြစ်ခဲ့သည့် ကိစ္စပြီးနောက် သူ မေ့မြောနေရာမှ နိုးလာခြင်းသာရှိသေးသည်။ သူ့ ခန္ဓာကိုယ်၌ရှိသည့် အညိုအမဲနှင့် ပွန်းပဲ့ဒဏ်ရာများမှာ ရဲများအတွက် ဘာမှမဟုတ်ပေ။
"သူ ခံထိုက်လို့ ခံရတာပဲ!"
ရဲအရာရှိအဖြေပေးပြီးနောက် နန်ယုအားပြန်ပြုံးပြလိုက်သည်။ သူတို့ လုပ်ရိုးလုပ်စဉ် မေးခွန်းအချို့ကိုသာ မေးနေခြင်းဖြစ်ပြီး နန်ယုနှင့် အခြားသူများအား အကြာကြီးချုပ်နှောင်ထားလိုခြင်းမရှိပေ။ သူမသည် သေမင်း၏အစွန်းတွင်ရှိခဲ့သည့် အတွက် တည်ငြိမ်သောအသွင်အပြင် ရှိနေသော်လည်း ကြောက်ရွံ့နေမည်မှာ သေချာသည်။
ရဲအရာရှိ သူမအား လျင်မြန်စွာ စစ်ဆေးမေးမြန်းပြီး လွှတ်ပေးလိုက်ကာ နန်ယုအား ညင်သာစွာနှစ်သိမ့်၍ ပြန်ပြီးနောက်အိပ်စက်အနားယူရန်ပြောလိုက်သည်။
ဤတင်းမာသည့်မျက်နှာထားနှင့် လေသံကြောင့် နန်ကျီမှာ ကြက်သီးထခဲ့ရသည်။ ထို့ပြင် သူ နန်ယုအပေါ်ထိတ်လန့်သည့်လက္ခဏာ တစ်ခုမျှမတွေ့ခဲ့ရပေ။ သူမသည် သူ့ထက်ပင် ပိုလို့ တည်ငြိမ်နေခဲ့သည်။
နန်ယု ကားမှာ တစ်ဝက်ပျက်စီးသွားပြီး ဖေးယီကျန့်ကားမှာ ဘား၌ ရှိနေသည့်အတွက် သူတို့နှစ်ဦးစလုံး နန်ကျီကားထဲသို့ ဝင်ကာ နန်ယုဗီလာသို့ပြန်ခဲ့ကြသည်။
ကားမှာကျယ်ဝန်းသည့်အတွက် သူတို့ သုံးဦးဘေးချင်းကပ် ထိုင်လျှင်ပင် ကျဉ်းကျပ်သည်ဟု ခံစားရခြင်း မရှိပေ။ ကားထဲသို့ ဝင်လိုက်သည်နှင့် နန်ကျီ သူ့လက်မောင်းများအားပိုက်လိုက်ပြီး မကျေမနပ်ဖြစ်နေသည့် စိတ်ခံစားချက်အားထုတ် ဖော်ပြသခဲ့သည်။
"မနက်စောစော ဘားမှာ ဘာသွားလုပ်တာလဲ!"
မေးခွန်းအပေါ် မေးခွန်းများထပ်လာသည်။ နန်ယု ဗီလာသို့ မောင်းရသည်မှာ တစ်နာရီခန့် ရှိပြီး မနက်ခင်း အလုပ်ချိန် အလျင်စလို အချိန်နှင့်ဆို ပိုကြာနိုင်သည်။ နန်ကျီ အရာအား လုံးကို ရှင်းရှင်းလင်းလင်းသိလိုသူဖြစ်ပြီး အမြဲတမ်း ကြိုးစားနေခဲ့သည်။
မနက်စောစော၌ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးနှစ်ယောက်တည်း ဘား၌ရှိနေခြင်းလား ? ဘယ်လိုပဲကြည့်ကြည့် ထူးဆန်းသည်။ နန်ယု စိတ်မကောင်းဖြစ်နေ၍ အရက်နည်းနည်း သောက်ချင်သည်ဟု ရဲအားပြောခဲ့ပြီး ရဲများမှာ ဘာမှသံသယမဝင်ခဲ့ပေ။ သို့သော် နန်ကျီအတွက်တော့ ထိုဆင်ခြေမှာ အဓိပ္ပာယ်မရှိချေ!
ဖေးယီကျန့် ဝင်မပြောဘဲနေခြင်းမှာ အကောင်းဆုံးဖြစ် ကြောင်း သိသည့်အတွက် နန်ယု ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ငါ အရက် နည်းနည်းသောက်မယ်လို့ မပြောခဲ့ဘူးလား...ငါ ပြည့်တန်ဆာတစ်ယောက် ရွေးဖို့သွားမယ်လို့ ကော ထင်နေတာတော့ မဟုတ်ဘူးမလား?"
အဟွတ်၊ အဟွတ်၊ အဟွတ် ~ !
နန်ကျီနှင့် ဖေးယီကျန့်တို့ တစ်ချိန်တည်း ချောင်းဆိုးလိုက်ကြပြီး နန်ယုအား မယုံကြည်နိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည်။ ဤကောင်မလေး အလွန်ရဲတင်းလွန်းနေသလား ?
အခန်းထဲတွင် အတည်ငြိမ်ဆုံးလူများမှာ ယာဉ်မောင်းနှင့် နန်ယု ကိုယ်တိုင်သာ ဖြစ်လိမ့်မည်။ ထိုလူနှစ်ယောက် လောကီနှင့် အဆက်အသွယ်ပြတ်နေသည်အား မြင်လိုက်ရသည့်အခါ သူမ မထီမဲ့မြင်ပြုသည့် အရိပ်အယောင်အားပြသလိုက်သည်။
"နင် သွားရင်တောင် တရားမဝင်ဘူးလေ၊ ဒီကိစ္စက အပြန်အ လှန်သဘောတူညီချက်ပဲ၊ ရှင်တို့ ဘာကို ကြည့်နေတာလဲ!"
နန်ယုတွင် ယခု လိင်ပိုင်းဆိုင်ရာ လိုအပ်ချက်များမရှိသော် လည်း အနာဂတ်တွင် ဘာဖြစ်လာမည်အား မည်သူသိနိုင်မည်နည်း။ သူမ နှစ်သက်သူတစ်ဦးအားရှာတွေ့ပြီး ကျန်းမာရေး စစ်ဆေးမှုရှင်းလင်းပါက နန်ယု ပျော်ရွှင်မှုအတွက် အချစ်ရေးကို ခဏတာထားရှိရန် ဝန်လေးမည် မဟုတ်ပေ။ သူမသည် ချမ်းသာသည့် အမျိုးသမီးဖြစ်သည်။ ချမ်းသာသည့် အမျိုး သမီးတစ်ဦး၌ လူငယ်သုံးဦး၊ လေးဦး၊ ငါးဦး မရှိဘဲ မည်သို့ ဖြစ်နိုင်မည်နည်း။
"အဟမ်း"
နန်ကျီ ပထမဆုံးစိတ်ငြိမ်သွားပြီး သူ့စကားလုံးများအား စုစည်းကာ ခက်ခက်ခဲခဲပြန်ပြောလိုက်ရသည်။
"ဒါဆို နင် ဘာလို့ ဖေးယီကျန့်နဲ့ သွားခဲ့တာလဲ ?"
၎င်းတို့၏လက်ရှိ ဆက်ဆံရေးမှာထူးဆန်းနေသည်။ သူတို့ လက်ထပ်တုန်းကထက်ပို ရင်းနှီးပုံရသော်လည်း မရေမရာသည့် ခံစားချက်တစ်ခုမှမရှိပေ။
"ဪ၊ ငါ သူ့ကို ရွေးပေးဖို့ အကူအညီတောင်းခဲ့တာ၊ သူက အမြင်ရှိတယ်လေ"
တုန်လှုပ်ဖွယ်ရာပြောဆိုချက်ပင်! မနက်စောစော ဘားသို့ သွားဖို့ ခင်ပွန်းဟောင်းအား လူငယ်များရွေးချယ်ရန် အကူအညီတောင်းခြင်းလား ? နန်ကျီ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ မျက်နှာထက် ရှင်းရှင်းလင်းလင်းပေါ်လွင်နေခဲ့သည်–ထိုသို့ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော် သူ ဖေးယီကျန့် တုံ့ပြန်မှုအား တစ်ချက်ကြည့်လိုက်သည့်အခါ မျက်နှာထက်လှောင်ပြုံးတစ်ခုအား ဖမ်းမိလိုက်သည်။
ကျစ် ~ ငါ လှည့်စားခံလိုက်ရပြီ။
နန်ယု ဝေမျှခြင်းအား ရှောင်ရှားရန်အတွက် ကျပန်းဆင်ခြေတစ်ခုသာ ဖန်တီးခဲ့သည်အား နန်ကျီ အခုချိန်ထိ မသိသေးလျှင် သူ လူမိုက် ဖြစ်လိမ့်မည်။
"မပြောပြနိုင်ဘူးလား?"
"ဒါက ရှုပ်ထွေးတယ် ငါ ဘယ်လို ပြောရမှန်းမသိဘူး"
နန်ယု နောက်ဆုံး တည်ငြိမ်သွားခဲ့သည်။
"ဒါပေမဲ့ စိတ်မပူပါနဲ့ ကော၊ ငါ့ကိုယ် ငါ ကာကွယ်ပါ့မယ်... ဘာပဲဖြစ်ဖြစ် ငါ့မှာသုံးမကုန်သေးတဲ့ ပိုက်ဆံတွေအများကြီးရှိတယ်"
နန်ကျီ သက်ပြင်းချလိုက်သည်။ သူ့ညီမမှာ ကြီးပြင်းလာပြီ၊ သူမ၌ သူ့ ကိုယ်ပိုင်လျှို့ဝှက်ချက်များရှိလာသည်။ အစ်ကိုတစ်ယောက်အနေဖြင့် ဘာပြောနိုင်မည်နည်း။ သူ လှည့်၍ ဖေးယီကျန့် ရင်ဘတ်အားလက်သီးဖြင့် ထိုးလိုက်ရုံသာလုပ်နိုင်ခဲ့သည်။
"ငါ့ညီမ တစ်ခုခုဖြစ်ရင် ငါ မင်းကို ပထမဆုံးသတ်မှာ!"
အပြစ်မဲ့စွာခြိမ်းခြောက်မှုခံရသူ ဖေးယီကျန့်မှာ စိတ်ပူခြင်းမရှိဘဲ ပျော်ပျော်ရွှင်ရွှင်ခေါင်းညိတ်လက်ခံလိုက်သည်။
"ကောင်းပြီ၊ ပြဿနာမရှိဘူး"
နန်ယု သေဆုံးနိုင်ခြေထက် သူ့သေဆုံးနိုင်ခြေမှာပိုမိုများပြား သည်ဟု သူ အလိုလိုခံစားနေရသည်။ ဤကောင်မလေးမှာ တိတ်ဆိတ်ပြီး အမျိုးသမီးဆန်သည့် ပုံပေါက်သော်လည်း၊ ဒေါသထွက်သည့်အခါ မည်သူ့ထက်မဆို ပိုရူးသွပ်နိုင်သည်။
နန်ကျီ ဗီလာထဲသို့ဝင်မလာခဲ့ပေ။ နန်ယု မပြောပဲ သူ ဝင်လာခြင်းမှာ အဓိပ္ပာယ်မဲ့သည်ဟု ယူဆသည်။ သူမအား အနားယူခွင့်ပေးခြင်းမှာ ပိုကောင်းလိမ့်မည်။ ဤမနက်ခင်း၌ ဖြစ်ပျက်ခဲ့သည်များ အားလုံးပြီးနောက် သူမ ပင်ပန်းနွမ်းနယ်နေမှာသေ ချာသည်။
မမျှော်လင့်ဘဲ ဖေးယီကျန့်လည်း ကားထဲမှထွက်လာခဲ့သည်။ နန်ယု ကားဘေးတွင် ရပ်ပြီးနှုတ်ဆက်လိုက်သည်။ ပြီးနောက် သူမ ဖေးယီကျန့်အား နောက်မှလိုက်ရန် အကြည့်ဖြင့်ပြလိုက်သည်။ သူ နန်ကျီအားပြန်ပြုံးပြလိုက်ပြီး သူတို့နှစ်ယောက်စလုံး ထိုအတိုင်းပင် ထွက်ခွာသွားကြသည်။
ခင်ပွန်းဟောင်းနှင့်ဝေမျှနိုင်သည့် လျှို့ဝှက်ချက်များအား အစ်ကိုဖြစ်သူနှင့် အဘယ့်ကြောင့် မဝေမျှနိုင်ရသနည်း ?
နန်ကျီ- "..." နောက်တစ်ကြိမ် နန်ယု ကိစ္စထဲ ငါ ဝင်ပါမိရင် ငါ သူ့နာမည်ကို ယူပစ်မယ်!
နန်ယု ဖေးယီကျန့်အား ဗီလာထဲခေါ်လာချိန်တွင် ဖေးယွင်ကျင်း သူ့ ကျောင်းလွယ်အိတ်အား အဆင်သင့်ထုပ်ပိုးထားပြီး သူငယ်တန်းကျောင်းသို့ သွားရန်ပြင်ဆင်နေခဲ့သည်။ သူ နန်ယု စောစော ထွက်သွားသည်အားမသိခဲ့ပေ။ ထို့ကြောင့် နန်ယုနှင့် ဖေးယီကျန့်တို့ အတူဝင်လာသည်ကို မြင်လိုက်ရသည့်အခါ သူ့မျက်လုံးများ အံ့သြစွာပြူးကျယ်သွားခဲ့သည်။
"အန်တီ"
ဖေးယွင်ကျင်း နန်ယုထံသို့ ပြေးလာခဲ့သည်။
"ဘယ်အချိန်က ထွက်သွားတာလဲ ? ပြီးတော့ ဒီလူကြီးနဲ့ ပြန်လာတာလား?"
ဖေးယွင်ကျင်း၏ ဖေးယီကျန့်အပေါ် ခံစားရသည့် ကြောက်ရွံ့စိတ်မှာ သူတို့ ယခင် KFC သို့ အတူသွားပြီးနောက် လျော့ပါးသွားခဲ့သော်လည်း၊ သူ နန်ယုအား ဖေးယီကျန့်နှင့်အတူတွဲလျက်မြင်လိုက်ရသည့်အခါ အနည်းငယ် စိုးရိမ်ထိတ်လန့်နေဆဲဖြစ်သည်။
သူ ပြန်ပို့ခံရမည်ကို စိုးရိမ်နေခြင်းတော့ မဟုတ်ပေ။ အန်တီ သူ့အား ကတိပေးထားပြီး သူမ ကတိအား ဘယ်တော့မှမဖျက်နိုင်သည်မှာ သေချာသည်။
နန်ယုအပေါ် ဖေးယွင်ကျင်း၏ယုံကြည်မှုမှာ ထိုမျှခိုင်မာသည်။ သို့သော် ဤလူမှာ သူ့အဒေါ်နှင့် ပူးပေါင်းကာ သူ့အားလုယက်ခေါ်ဆောင်သွားမည်ကို စိုးရိမ်နေမိသည်။
ဤကာလအတွင်း ဖေးယွင်ကျင်း တီဗီဒရာမာ အချို့အား ကြည့်ခဲ့သည်။ ထိုထဲမှ ဇာတ်လမ်းတစ်ခုမှာ ဖခင်တစ်ဦးသည် အစပိုင်း၌ သူ့ဇနီးနှင့် ကလေးအား မလိုချင်ဘဲ မောင်းထုတ်ခဲ့ပြီး၊ နှစ်အနည်းငယ်အကြာတွင် သူ ကလေးအသစ်မရနိုင်သောကြောင့် ရုတ်တရက် ကလေးအားလုယူဖို့ လာခဲ့ခြင်းဖြစ် သည်။
ဤအကြောင်းအရာအား စဉ်းစားလိုက်သည့်အခါ ဖေးယွင်ကျင်း သတိဖြင့် ဖေးယီကျန့်အား ကြည့်လိုက်သည်။ သူသာ လျှင် ကလေးအားလုယူဖို့ လာခဲ့လျှင် သူ့အန်တီအား ထိခိုက်စေမှာလား? တီဗီဒရာမာထဲကအတိုင်း သူ့အန်တီအား ပိုက်ဆံမရှိ၊ အလုပ်မရှိ ဖြစ်အောင်လုပ်မှာလား? ဒါပေမဲ့ သူ့အန်တီထံ အလုပ်ရှိပုံ မပေါ်သည်ကိုလည်း သူ သတိပြုမိလိုက်သည်။
ဘေးမှ ဦးလေးကျိုး ဖေးယွင်ကျင်းအား သွားလို့ရပြီဖြစ် ကြောင်း၊ မဟုတ်လျှင် မူကြိုနောက်ကျလိမ့်မည် ဖြစ်ကြောင်း ပြောလိုက်သည်။
သူ့အရပ်ကြောင့် နန်ယု ဖေးယွင်ကျင်း စူးစိုက်ကြည့်နေသော အကြည့်အား သတိမထားမိခဲ့ပေ။ ကောင်လေး၏ခေါင်းအား ပွတ်သပ်ထိလိုက်သည်။
"ရှောင်ကျင်း၊ အန်တီ အပြင်ထွက်တုန်းက သား အိပ်နေတုန်း လေ၊ မြန်မြန်သွား၊ ယာဉ်မောင်းဦးလေးနဲ့ ရှောင်းပိုင်တို့ သားကို စောင့်နေကြတယ်"
ထိုစကားအားကြားသောအခါ ဖေးယွင်ကျင်း နှုတ်ခမ်းအား စူလိုက်ပြီး ဖေးယီကျန့်အား ထပ်မံစိုက်ကြည့်လိုက်သည်။ တီဗီဒရာမာထဲမှ ကလေးအားလုယူသည့် မြင်ကွင်းသည် သူ့စိတ်ထဲ၌ လျင်မြန်စွာ လင်းလက်သွားခဲ့သည်။
ဖေးယီကျန့် အကြည့်အားမြင်လိုက်ရသည့်အခါ ဖေးယွင်ကျင်း နောက်ဆုံး သတ္တိအားစုဆောင်းပြီး သူ့ဆီသို့ လျှောက်သွားကာ အော်လိုက်သည်။
"ကျွန်တော် ခင်ဗျားနဲ့မလိုက်ဘူး၊ မေ့လိုက်ပါတော့!"
ပြီးနောက် သူ တံခါးဆီသို့ အမြန်ပြေးထွက်သွားခဲ့သည်။ သူ၏ တိုတောင်းသော ခြေထောက်များမှာ အလွန်လျင်မြန်နေခဲ့ပြီး၊ သူ တစ်စက္ကန့်နှေးသွားလျှင်ပင် ဖမ်းဆီးခံရတော့မလို ဟန်ပန်မျိုးရှိနေသည်။
ဖေးယီကျန့်: "..."
"ငါ သူ့ကို စိတ်ဆိုးအောင်လုပ်မိတာလား ?"
ဘာ မလိုက်တာလဲ ? သူက ဘာဖြစ်လို့ ဖေးယွင်ကျင်းကို ဖမ်းရမှာလဲ ?
နန်ယု ကောင်လေး မည်သို့သော ဇာတ်ကွက်အားဖန်တီးနေ သည်ကို နားမလည်နိုင်ခဲ့ပေ။ သူမ ဦးလေးကျိုးအား နောက်မှ ပြောပြပြီး ဖေးယွင်ကျင်းအား စိတ်ကူးယဉ် တီဗီဒရာမာများ နည်းနည်းသာ ကြည့်ခိုင်းရမည်။ သူသာဆိုလျှင် Ultraman အား ကြည့်ခိုင်းလိုက်တာ ပိုကောင်းလိမ့်မည်။ အနည်းဆုံး သူ မိကျောင်းများနှင့်သာ တိုက်ခိုက်နေမည်မဟုတ်ပါလား ?
မနက်စာ စားပြီးနောက်တွင် သူတို့နှစ်ယောက်စလုံး နန်ယု၏ စာကြည့်ခန်းသို့ပြန်လာခဲ့ကြသည်။ ထိုင်လိုက်သည်နှင့် နန်ယု စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"သူတို့ ဘယ်လို အခြေအနေရှိလဲ ? သူတို့ ခေါင်းပေါ်က စာလုံးတွေ ပြောင်းလဲသွားပြီလား ?"
ဖေးယီကျန့် ပြုံးလိုက်သည်။
"မတော်တဆမှုအတွင်း သေဆုံးရမယ့် ကလေးတချို့ကို ငါ စစ်ဆေးကြည့်ခဲ့တယ်... သူတို့ ခေါင်းပေါ်က စာလုံးတွေရဲ့ အရောင်က ၅၀ ရာခိုင်နှုန်းလောက် မှိန်သွားပြီ... အရောင်က အခုဆိုရင် ဖောက်ထွင်းမြင်ရလုနီးပါး မီးခိုးရောင်ဖြစ်နေပြီ"
ယခင်တစ်သမတ်တည်း လျှော့ချမှုမှာ ၃၀% ဖြစ်ခဲ့ရာ၊ ယခုအခါ ၂၀% သာ ကျန်ရှိတော့သည်။ သို့သော်လည်း စာလုံးများမှာ လုံးဝပျောက်ကွယ်သွားခြင်းတော့ မဟုတ်သေးပေ။
"တုကျီဟောင်အတွက်ကတော့ သူ့ရဲ့အရောင်က ၂၀%လောက် ပဲဖျော့သွားခဲ့တယ်"
ဤမတော်တဆမှုမှ လွတ်မြောက်ခဲ့သော်လည်း တုကျီဟောင် အရောင်မှာ အဘယ့်ကြောင့် လျော့နည်းရသနည်း ? နန်ယု မျက်တောင်ခတ်လိုက်ပြီး ဖေးယီကျန့် မျက်လုံးများအား စူးစမ်းလိုက်သည်။
"ရှင် အဲဒါကို စဉ်းစားမိပြီလား?"
"ငါ ထင်တာကတော့ တုကျီဟောင်ရဲ့ ပင်ကိုယ်စရိုက်နဲ့ဆိုရင် ကားမတော်တဆမှုမှာသေဆုံးဖို့က ပိုပြီးလွယ်လိမ့်မယ်"
(T/N: ဆိုလိုချင်တာ သူ့ မဆင်မခြင်အပြုအမူကြောင့် သေဆုံးရမယ့် ကံကြမ္မာလို့ပြောချင်တာ)
တုကျီဟောင် ဤတစ်ကြိမ်လွတ်မြောက်ခဲ့လျှင်တောင်မှ နောက်တစ်ကြိမ် ထရပ်ကားအား ဝင်တိုက်ကာ တူညီသည့် မတော်တဆမှု၌သေဆုံးနိုင်သည်။ သို့သော် ဤတစ်ကြိမ်လွတ် မြောက်သွားပြီးနောက်တွင်မူ ကလေးများမှာ ခရီးသွားသည့်အခါ ပိုသတိထားမိကြမည်ဖြစ်ရာ လူမိုက်များနှင့် တွေ့ဆုံဖို့ အခွင့်အလမ်းမှာ ယခင်ထက်များစွာ နိမ့်ကျသွားလိမ့်မည်။
ထို့ကြောင့်ပင် ကံကြမ္မာမှာ သင့်အား အမြဲတမ်းလှည့်စားနေခြင်းဖြစ်သည်။
— ဤမျှ ခြားနားမှုကြီး ရှိနေသည်ပင်။
နန်ယု မေးလိုက်၏။
"ဒါဆို ရှင် အခု ဆက်ဆံနေတဲ့ လူတွေထဲမှာ ဘယ်သူ့ရဲ့ ခေါင်းကစာလုံးက အဖျော့ဆုံးဖြစ်ပြီး၊ ဘယ်သူ့ရဲ့ခေါင်းက အထင်းဆုံးလဲ ?"
ဖေးယီကျန့် မရှောင်လွှဲဘဲ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ ထိုအစား သူ နန်ယု ခေါင်းအား စူးစိုက်ကြည့်ရင်း တစ်လုံးချင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"မင်းက အဖျော့ဆုံးပဲ၊ ဖေးယွင်ကျင်းက အထင်းဆုံး"
နန်ယု ခေါင်းပေါ်ရှိ ထိုစာလုံးများမှာ မည်သည့်အချိန်မဆို လုံးဝ ပျောက်ကွယ်သွားရန် အဆင်သင့်ဖြစ်နေပုံရသည်။ ၁၀% လောက်တောင် ကျန်သေးသလားဟူ၍ပင် သံသယဝင်စရာရှိသည်။
သို့သော်လည်း ဖေးယွင်ကျင်း ခေါင်းပေါ်မှ စာလုံးများမှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ ယခင်က ပုံမှန် ၃၀% လျော့ကျခဲ့သော်ငြားလည်း၊ ဖေးယီကျန့် သူ့အား ယနေ့မြင်လိုက်ရသော အခါ သူ့ခေါင်းပေါ်ရှိ စာလုံးများမှာ သာမန်လူများထက်ပင် ပိုမို ထင်ရှားနေဆဲဖြစ်ပြီး ၈၀ ရာခိုင်နှုန်းခန့် ကျန်ရှိနေသေးသည်။ ဤကလေးမှာ ကံကြမ္မာ၏ကောင်းချီးပေးခြင်းအား ခံရသူလား သို့မဟုတ် ကျိန်စာတိုက်ခြင်းခံရသူလားဟုပင် ဝေခွဲမရနိုင်တော့ပေ။