အောင်မြင်စွာ ချိုးဖျက် ဝင်ရောက်ခြင်း
Vol. 9 Ch. 114
သားရဲအမြုတေ အတွင်းရှိ စွမ်းအင် ပြောင်းလဲမှုကြောင့် ကျောက်စိမ်းဂူသည် စိတ်လှုပ်ရှား နေသည်ဟု အန်လင်း ခံစားမိသည်။
လေထုအတွင်းရှိ ချီစွမ်းအင် ဝဲကြီးသည် ကျယ်ပြန့်နေဆဲ ဖြစ်ကာ ချီစွမ်းအင် အများအပြားသည် အန်လင်း၏ ခန္ဓာကိုယ်အတွင်းသို့ စတင် စီးဆင်းလာသည်။
ဘုန်း ...
အကန့်အသတ်မဲ့သည့် ချီစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အား သန့်စင်နေသည်ကြောင့် ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်တစ်ခုချင်းစီသည် ပျော်ရွှင်စွာဖြင့် ခုန်ပေါက် နေသည်ဟုပင် ခံစားနေရသည်။ ချီစွမ်းအင် အများစုသည် ကျောက်စိမ်းဂူ အတွင်းသို့ ဝင်ရောက်ကာဖြင့် ချီစွမ်းအင် ပင်လယ်တစ်ခု ဖန်တီးနေလေသည်။
များပြားလှသည့် ချီစွမ်းအင်များသည် အန်လင်း၏ ခန္ဓာကိုယ်အတင်း စီးဆင်း နေသည်ကို မြင်လိုက်ရသည့် အခါတွင် ပါရမီရှင်များ အနေဖြင့် အန်လင်းသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက် နေခြင်းဖြစ်ကြောင်း သိလိုက်ကြပေသည်။
ထိုအချိန်တွင် ရှောင်းဟုန်သည် ရုတ်တရက် အတွေးတစ်ခု ပေါ်လာသဖြင့် “မမရှောင်လန်ရေ ... ကျွန်မကို သခင့်အနားလေး ပို့ပေးပါ ...”
စုရှောင်လန်သည် ခေတ္တမျှ တုံ့ဆိုင်းနေသော်လည်း တောင်းဆိုသည့် အတိုင်း ရှောင်းဟုန်အား အန်လင်းဘေးသို့ ရွှေ့ပေးလိုက်သည်။
သခင်နှင့် သားရဲအကြားရှိ ပဋိညာဉ် စာချုပ်အရ သခင်သည် သားရဲအား စွမ်းအင်အဆီအနှစ်များ ထောက်ပံ့နိုင်စွမ်း ရှိသည်။
ထိုအချိန်တွင် ရှောင်းဟုန်သည် သူတို့နှစ်ဦး အကြားရှိ လျှို့ဝှက် ဆက်သွယ်မှုအား အသုံးပြုလိုက်သည်။
ထိုဆက်သွယ်မှုသည် သူမအား အန်လင်းအနားသို့ နီးသထက် နီးကပ်လာစေသည်။
အန်လင်း၏ ကျောင်းစိမ်းဂူ အတွင်းတွင် သားရဲအမြုတေထဲရှိ စွမ်းအင်သည် အရည်အသွေး ပြောင်းလဲ လာပုံပေါ်ပြီးနောက် ကောင်းကင်နှင့် မြေပြင်မှ စီးဆင်းလာသည့် စိတ်ဝိညာဉ် စွမ်းအင်များနှင့် မရပ်မနား ပေါင်းစပ်လေသည်။
စိတ်ဝိညာဉ်အမြစ် ဖြစ်ပေါ်တော့မည်လား။
အန်လင်း၏ နှလုံးသားလေးမှာ စိုးရိမ် ပူပန်မှုကြောင့် အနည်းငယ် တုန်ခါလာပြီး ကောင်းကင်နှင့် မြေပြင်အကြားရှိ စိတ်ဝိညာဉ် စွမ်းအင်များအား စတင် စုပ်ယူတာ့သည်။
စိတ်ဝိညာဉ် အမြစ်သည် ကျင့်ကြံသူ၏ ကျောက်စိမ်းဂူအတွင်း ဖြစ်ပေါ်လာသည့် တာအိုအခြေခံ ဖြစ်သည်။ စိတ်ဝိညာဉ်အမြစ် အောင်မြင်စွာ ဖြစ်ပေါ်လာသည့် အခါတွင် ကျင့်ကြံသူ၏ စွမ်းအင်အားလုံး သိသိသာသာ မြင့်တက်လာမည် ဖြစ်သည်။
အထင်ရှားဆုံးသော အချက်မှာ ချီစွမ်းအင်များအား အသုံးပြုရာတွင် ဖြစ်သည်။ အင်မော်တယ် မန္တန်များ အသုံးပြုရာတွင် ချီစွမ်းအင်များသည် အပြင်သို့ ထွက်ပေါ်မလာခင် ခန္ဓာကိုယ်အတွင်း အရေးကြီးသည့် အစိတ်အပိုင်းများကို ဖြတ်သန်း၍ စွမ်းအင် လှည့်ပတ်သည်။
စိတ်ဝိညာဉ်အမြစ် ဖြစ်တည်သည့် အခါတွင် ချီစွမ်းအင်သည် စိတ်ဝိညာဉ်အမြစ်အား တစ်ပတ် စီးဆင်းရန်သာ လိုအပ်ပြီး သန့်စင်ခိုင်မာ လာစေရန် ပြုလုပ်ပေသည်။ ထို့အပြင် စိတ်ဝိညာဉ် အမြစ်အား အသုံးပြုခြင်းကြောင့် အသုံးပြုသူအား ချီစွမ်းအင်များကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ် လာစေနိုင်သည်။
ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုလျှင် စိတ်ဝိညာဉ် အမြစ်ရှိသည့် ကျင့်ကြံသူများသည် ပိုမို စွမ်းအားမြင့်သည့် အင်မော်တယ် မန္တန်များအား ထုတ်ဖော်နိုင်စွမ်း ရှိလာမည် ဖြစ်သလို ပို၍တိကျစွာ ထိန်းချုပ်လာနိုင်မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျင့်ကြံသူ၏ ခန္ဓာကိုယ် အတွင်းရှိ ကျောက်စိမ်းဂူသည် များပြားသည့် ချီစွမ်းအင်များကို သိုလှောင် သိမ်းဆည်းနိုင်စွမ်း ရှိလာမည်ဖြစ်သဖြင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်လာနိုင်မည် ဖြစ်သည်။
ချိုးဖျက်ဝင်ရောက် နေစဉ်အတွင်း ချီစွမ်းအင်များသည် ကျင့်ကြံသူ၏ ခန္ဓာကိုယ်အား သန့်စင်အားကောင်း လာစေနိုင်မည် ဖြစ်သည်ကြောင့် ခံနိုင်ရည် စွမ်းအားကို မြင့်တက် လာစေနိုင်သည်။
ပေါက်ကွဲမှုများ အက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာပြီး နောက်တွင် အန်လင်း၏ ခန္ဓာကိုယ်မှ ကြွက်သားနှင့် အရိုးများသည် ပေါင်းစပ်လာသည်။ ခန္ဓာကိုယ်ရှိ အခြားသော အစိတ်အပိုင်း များသည်လည်း စတင်ပြောင်းလဲလာပြီ ဖြစ်သည်။
စွမ်းအင် ပြောင်းလဲသွားသည့် အခါတွင် ကျောက်စိမ်းဂူ အတွင်းမှ တောက်ပသည့် စွမ်းအင်တန်း တစ်ခု ထွက်ပေါ်လာသည်။
စွမ်းအင်လုံးသည် ဖြည်းညင်းစွာဖြင့် သိပ်သည်း လာပြီးနောက် ကျောက်စိမ်းဂူမှနေ အော်ရာ အများအပြားသည် တဖြည်းဖြည်း ထွက်ပေါ်လာသည်။
နောက်ဆုံးတွင် သူ၏ ကျောက်စိမ်းဂူ အလယ်တွင် ရွှေရောင်ပုတီးစေ့ တစ်ခု ပေါ်ပေါက်လာကာ လွင့်မျော နေလေသည်။
ဘာ ... ပုတီးစေ့လား ...
ဘုန်း ...
အန်လင်း၏ အော်ရာသည် နောက်ဆုံး ပြောင်းလဲမှုနှင့် ကြံတွေ့နေရပြီ ဖြစ်သည်ကြောင့် သူ၏ခန္ဓာကိုယ်မှနေ စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ပိုင်ဆိုင်သည့် စွမ်းအားကြီး အော်ရာ ထွက်ပေါ်လာပြီ ဖြစ်သည်။
“အား ...”
ရုတ်တရက် ဆိုသလို ဆွဲဆောင်မှု ရှိသည့် အော်သံတစ်ခု ထွက်ပေါ်လာသည်။
အန်လင်းသည် ချိုးဖျက် ဝင်ရောက်ပြီး သွားသော်လည်း အာရုံပြန် မရသေးချေ။ သို့သော်လည်း ရုတ်တရက် ဆိုသလို နူးညံ့နွေးထွေးသည့် ပုံရိပ်လေး တစ်ခုသည် သူ့အား ကိုင်တွယ်လာသည်။
ဆွဲဆောင်မှုရှိသည့် ကိုယ်သင်း ရနံ့သည် သူ၏နှာပေါက်ဝအတွင်း ဝင်ရောက် လာပြီးနောက် နှလုံးသားလေးအား အနည်းငယ် တုန်လှုပ်သွားစေသည်။
သူ၏ မျက်လုံးများအား ဖွင့်လိုက်သည့် အခါတွင် လှပကာ နှင်းကဲ့သို့သော အသားအရေ ရှိသည့် မိန်းမငယ် တစ်ဦးသည် သူ၏ပေါင်ပေါ်တွင် ထိုင်လျက် ရှိနေသည်ကို တွေ့လိုက်ရသည်။
သူမ၏ မျက်လုံးများသည် အလွန် ဆွဲဆောင်နိုင်လွန်းပြီး နီစွေးနေသည့် နှုတ်ခမ်း နှစ်မြွှာသည် အနည်းငယ် ပွင့်ဟလျက် ရှိကာ သင်းပျံ့သည့် ရနံ့များ ထွက်ပေါ်နေလေသည်။
အရေးအကြီးဆုံးသော အရာမှ ... သူမသည် လုံးတီး ဖြစ်နေခြင်းသာ။
“သခင်…”
မိန်းမငယ်သည် အသက်ရှူလိုက်ပြီး သူမ၏ မျက်လုံးများသည် ရေကဲ့သို့ ကြည်လင် နေလေသည်။
သောက်ခွေးဟေ့ ... ဒီထက်ပိုပြီးတော့ ... အဟင်း
အန်လင်း၏ ခန္ဓာကိုယ်ထဲတွင် အပူစီးကြောင်း တစ်ခု စီးဆင်းလာသည်။ သူဘာမှ မပြောနိုင်ခင်မှာပင် အော်သံတစ်ခု ထွက်ပေါ် လာလေသည်။
“အန်လင်း ... နင့်ရဲ့ သောက်မျက်လုံးတွေကို မြန်မြန် ပိတ်လိုက်စမ်း ...”
စုရှောင်လန်၏ ဒေါသတကြီး အော်သံသည် မိုးကြိုးပစ် သကဲ့သို့ ထွက်ပေါ်လာပြီး အန်လင်း၏ မျက်လုံးများသည် ပို၍ပင် ပြူးကျယ် လာလေသည်။
ထို့နောက်တွင် ...
ဖြန်း ...
မေ့မြော မသွားခင်မှာပင် သူ၏ခေါင်းအား ရိုက်ချခြင်းကို ခံလိုက်ရသည်။
ချက်ချင်း သတိလစ်သွားခြင်း မရှိသည်ကြောင့် အန်လင်းသည် ဒေါသတကြီးဖြင့် “ဝသဖ ... ငါ့မျက်လုံးတွေကို ပိတ်စေချင်ရင် မျက်လုံးတွေကို လာဖုံးပေးလို့ မရဘူးလား ... ငါ့ကို သတိလစ်အောင် ရိုက်တာက ဘာကြောင့်တုန်း ...”
သူ့အား သတိလစ် သွားစေသည့် အရာမှာ ရှောင်ချိုး၏ ငွေသံတုတ် ဖြစ်သည်။
သို့သော်လည်း ကိုင်ဆောင်ထားသူမှာ စုရှောင်လန်ဖြစ်ပြီး သူမသည် အန်လင်းအား ဒေါသတကြီးဖြင့် ကြည့်နေလေသည်။
အလွန်ဆွဲဆောင်မှု ရှိလှသည့် မိန်းမငယ်လေးသည် လူသားအသွင်သို့ ပြောင်းလဲသွားသော ရှောင်းဟုန်ဖြစ်ပြီး လုံးတီးဘဝဖြင့် ရှိနေလေသည်။
ရှောင်းဟုန်သည် သူမ၏ လှပသည့် မျက်လုံးများအား ခတ်ကာဖြင့် စုရှောင်လန်သည် မည်သည့် အတွက်ကြောင့် အန်လင်းအား သတိမေ့စေ ရသည်ကို စဉ်းစား မရနိုင်ဘဲ ရှိနေလေသည်။
စုရှောင်လန်သည် ဖြေရှင်းချက် ပေးမနေတော့ဘဲ သိုလှောင်လက်စွပ် အတွင်းမှ အဝတ်အစား တစ်စုံထုတ်ကာ ရှောင်းဟုန်အား ပစ်ပေးလိုက်သည်။ “အဲဒါကို မြန်မြန်လေး ဝတ်လိုက် ...”
ရွှမ်ယွမ်ချန်သည် အခြား တစ်ဖက်သို့ လှည့်ကာဖြင့် ဟိုဟိုဒီဒီ ကြည့်နေလေသည်။
စုချန်းရန်၏ မျက်နှာလေးသည် အနည်းငယ် နီမြန်းလာပြီး ယခု အခြေအနေအား မည်သို့ တုံ့ပြန်ရမည်ကို မသိနိုင်ဘဲ ရှိနေသည်။
ရှောင်ချိုးတွင် မည်သည့် အမူအရာမျှ ရှိမနေပေ။ လူသားများသည် လုံးတီး မျောက်မများအား မြင်သည့်အခါတွင် တုံ့ပြန်ပုံနှင့် တူညီပေသည်။
ရှောင်းဟုန်သည် အဝတ်အစားများအား စေခိုင်းသည့် အတိုင်း ဝတ်ဆင်လိုက်သည်။ သူမသည် အဝတ်အစားများနှင့်ပင် လွန်ကဲစွာ ဆွဲဆောင်မှု ရှိနေဆဲဖြစ်သည်ဟု ဆိုရပေမည်။
သူမ၏ ပုံပန်းသွင်ပြင် အားလုံးသည် အလွန်နူးညံ့ သိမ်မွေ့ပြီး အမျိုးသားများ အတွက် အန္တရာယ်ရှိသည့် မန္တန်တစ်မျိုးပင် ဖြစ်သည်။ သူမ၏ ပုံရိပ်လေးသည် အလွန် ဆွဲဆောင်မှုရှိပြီး သူမနှင့်အတူ ညှို့ဓာတ်သည် ကပ်ငြိ နေလေသည်။ ထိုအရာ အားလုံးသည် သူမအား ဆွဲဆောင်မှု ရှိလှသည့် Minx လေးဟူသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန် နေစေသည်။
ရွှမ်ယွမ်ချန် သည်ပင်လျှင် ရှောင်းဟုန်ထံသို့ လှည့်လာပြီးနောက် ခေတ္တမျှ ငေးမောနေမိသည်။ သူသည် ယခင်က လှပသည့် အမျိုးသမီးပေါင်း များစွာကို တွေ့မြင်ဖူးခဲ့သူ တစ်ဦး ဖြစ်သည်။
စုချန်းရန်ကဲ့သို့သော မိန်းမငယ် တစ်ဦးသည်ပင်လျှင် ရှက်သွေး ဖြာလာမိသည်။ သူမ၏ အကြည့်အား ရှောင်းဟုန်ထံမှ မခွာနိုင်တော့ပါ။
“ရှောင်းဟုန်ရေ ... နင့်မှာ စိတ်ဝိညာဉ်အမြုတေ ဖြစ်လာပြီလား ...” စုရှောင်လန်သည် သူမ၏ အမူအရာအား ပြန်လည် ထိန်းလိုက်ပြီး နောက်တွင် သိလိုစိတ်ဖြင့် မေးလိုက်သည်။
“ဟုတ်ကဲ့ ... သခင် ချိုးဖျက်ဝင်ရောက် နေစဉ်မှာပဲ ရှောင်းဟုန်လေးက အောင်အောင်မြင်မြင်နဲ့ စိတ်ဝိညာဉ် အမြုတေ ဖြစ်ပေါ်စေနိုင်ခဲ့ ပါတယ် ...”
“အရမ်းကို အံ့ဩဖို့ ကောင်းတဲ့ ခံစားချက်ပါပဲရှင် ... ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ နှလုံးသားလေးက သခင်နဲ့အတူ ချိတ်ဆက် သွားပြီလေ ...”
ရှောင်းဟုန်၏ မျက်နှာလေးတွင် ဆွဲဆောင်မှုရှိသည့် အပြုံးတစ်ခု ပေါ်လာပြီးနောက် မတော်တဆ ဆိုသလို ညှို့ဓာတ်များအား ထုတ်လိုက်မိသည်။
ရွှမ်ယွမ်ချန်သည် တောင့်မခံနိုင်တော့ သဖြင့် အဝေးသို့ အကြည့်လွှဲလိုက် ရပြန်သည်။
စုရှောင်လန်သည်လည်း အနည်းငယ် နီမြန်းလာသည်။ ရှောင်းဟုန်၏ ညှို့ဓာတ်သည် အမျိုးသား အမျိုးသမီး ခွဲခြားမှုမရှိဘဲ ကြည့်ရှုသူတိုင်း အပေါ်တွင် သက်ရောက်မှု ရှိပုံရသည်။ “ရှောင်းဟုန်ရေ ... နင်က ပန်းပွင့်ပုံစံလေးနဲ့ဆို ပိုပြီး ချစ်စရာ ကောင်းတယ်လို့ ခံစားရတယ် ...”
ရှောင်းဟုန်သည် သဘော တူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။ “ဟိဟိ ... မမရှောင်လန်လည်း အဲဒီလို ထင်တာလား ...”
“လူသားပုံစံကို ထိန်းသိမ်းဖို့ ချီစွမ်းအင်တွေ အများကြီး လိုအပ်တယ်လို့ ခံစားရတယ် ...”
“ဒါပေမဲ့ ပန်းပွင့်ပုံစံကတော့ ချီစွမ်းအင်တွေ အများကြီး မလိုအပ်ဘူးလေ ... ပြီးတော့ ကျွန်မက အစာချက်လုပ် နိုင်သေးတယ် ... အရေးအကြီးဆုံး ကတော့ ကျွန်မက အဲဒီပုံစံနဲ့ နေသား ကျနေပြီလေ ...”
ရှောင်းဟုန်သည် စကားပြောနေစဉ်မှာပင် နီရဲရဲ ပန်းပွင့်ငယ်လေး အသွင်သို့ ပြောင်းလဲသွားသည်။
တစ်ခုတည်းသော ကွာခြားချက်မှာ သူမ၏ အမြစ်များမှ ဖြစ်ပေါ်လာသည့် ခြေထောက် သေးသေးလေးများကို အသုံးပြုကာဖြင့် လွတ်လပ်စွာ လှုပ်ရှား သွားလာနိုင်နေပြီ ဖြစ်သည်။
ရှောင်းဟုန် ပန်းပွင့်အသွင် ပြောင်းလဲသွားမှသာ လူတိုင်းသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချ နိုင်တော့သည်။
“ရှောင်ချိုး ... အန်လင်းကို သယ်လာလိုက် ... မြေပြင်က အေးတယ် ...” စုရှောင်လန်သည် သမ်းဝေလိုက်သည်။
“အတော်လေး နောက်ကျနေပြီပဲ ... ငါအရင် သွားလိုက်တော့မယ် ...” ရွှမ်ယွမ်ချန်သည် လူတိုင်းအား နှုတ်ဆက်လိုက်သည်။
စုရှောင်လန်နှင့် စုချန်းရန်တို့သည်လည်း သူမတို့၏ အခန်း အသီးသီးသို့ ပြန်သွားကြသည်။
ရှောင်ချိုးသည် အန်လင်းအား ကောက်ယူလိုက်ပြီး ရှောင်းဟုန်၏ နောက်မှ လိုက်ပါကာဖြင့် အန်လင်း၏ အခန်းဆီသို့ ဦးတည် လိုက်တော့သည်။
***
နောက်တစ်နေ့ နံနက်ခင်းတွင် နေရောင်ခြည်သည် မြေပြင်သို့ ဖြာကျနေလေသည်။
ရှောင်းဟုန်သည် ပြတင်းပေါက်ဘောင်တွင် ပျော်ရွှင်စွာဖြင့် ထိုင်နေကာ သူမ၏ ပွင့်ချပ်များနှင့် အရွက်များအား ပြန့်ကားလျက် လောကကြီးအား ဂရုမစိုက်စွာဖြင့် နေရောင်ခြည်အား စုပ်ယူကာ အစာချက်လုပ် နေလေသည်။
အန်လင်းသည် ဝေဝါးနေသည့် မျက်လုံးများကို ဖွင့်လိုက်သည့် အခါတွင် နောက်တစ်နေ့ မနက်ခင်းသို့ ရောက်ရှိနေခြင်းအား တွေ့လိုက်ရသည်။
“ဟူး ... စုရှောင်လန်က တကယ်ကို ဘယ်လိုပြုမူ ရမယ်ဆိုတာ မသိဘူးပဲ ...”
အန်လင်း၏ စကားကို ကြားသည့်အခါတွင် ရှောင်းဟုန်သည် ချက်ချင်းဆိုသလို နေရောင်ခြည် စုပ်ယူရာမှ လှည့်လာသည်။ “အား ... သခင် နိုးလာပြီလား ...”
သူမသည် အန်လင်း၏ ပေါင်ပေါ်သို့ ခုန်တက်လိုက်ပြီး သူမ၏ ခေါင်းနီနီအား ဘယ်ညာယမ်း နေလေသည်။
အန်လင်းသည် လွန်ခဲ့သည့်ညမှ ဖြစ်ရပ်အား သတိမရမီ ရှောင်းဟုန်၏ လွတ်လပ်စွာ လှုပ်ရှားနိုင်မှုအား ကြည့်အား အံ့ဩနေမိသည်။ “မနေ့ညက ရုတ်တရက်ကြီး ပေါ်လာတဲ့ မိန်းမငယ်လေးက နင်မဟုတ်လား ...”
“အမှန်ပဲပေါ့ရှင် ... သခင့်ရဲ့ ကျေးဇူးတွေပါပဲ ... ရှောင်းဟုန်လေးက စိတ်ဝိညာဉ် အမြုတေကို အောင်အောင်မြင်မြင်နဲ့ ဖြစ်တည် လိုက်နိုင်ပြီလေ ... သခင်က ရှောင်းဟုန်လေးရဲ့ လူသားပုံစံကို မြင်ချင်လို့လား ...” ရှောင်းဟုန်သည် ဂုဏ်ယူစွာဖြင့် ဝင့်ကြွားနေသည်။
အန်လင်းသည် ချက်ချင်း ဆိုသလိုပင် လွန်ခဲ့သည့်ညမှ ဖြစ်ရပ်များအား ပြန်တွေးမိသည့်အခါ သူ့မျက်နှာသည် နီမြန်းလာလေသည်။
‘ကောင်းတာပေါ့ ... လုပ်လိုက်လေ ...’ ဟု ပြောထွက်တော့ မတတ်ပင်။ သို့ပေမဲ့လည်း သူ၏ ဦးခေါင်းအား ထုရိုက်ခံရခြင်းကို ပြန်သတိရလာမိသည့် အခါတွင် “မလိုပါဘူး ... ရှောင်းဟုန်က အခုပုံနဲ့ ပိုချစ်စရာ ကောင်းတယ် ...”
“ရေး ... ရှောင်းဟုန်လေးလည်း အဲဒီလိုမျိုး ခံစားနေရတာ ...” ရှောင်းဟုန်သည် လှလှပပ ရယ်မောလိုက်သည်။
ရှောင်းဟုန်သည် စိတ်ဝိညာဉ် အမြုတေအား အောင်မြင်စွာ ဖြစ်တည်လိုက် နိုင်ခြင်းကြောင့် အန်လင်းသည် အတော်လေး ပျော်ရွှင်နေမိသည်။
လွန်ခဲ့သည့်ညတွင် သူသည်လည်း စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက် သွားပြီကို တွေးမိသည့် အခါတွင် ပို၍ပင် အားရ ကျေနပ်မိသည်။ နတ်ဘုရားအာရုံကို အသုံးပြုကာဖြင့် သူ၏ ကျောက်စိမ်းဂူ အတွင်းရှိ အခြေအနေအား စူးစမ်းလိုက်သည်။
ဟိဟိ ... ငါ့ရဲ့ စိတ်ဝိညာဉ် အမြစ်လေးက ဘာနဲ့တူမှာပါလိမ့် ...
ထို့နောက်တွင်…
အန်လင်းသည် အလွန်အမင်း ဆွံ့အသွား မိတော့သည်။
သူ၏ ကျောက်စိမ်းဂူ အလယ်တွင် ရွှေရောင်ပုတီးစေ့ တစ်လုံးသည် တောက်ပစွာဖြင့် လွင့်မျောနေခြင်းအား မြင်လိုက် ရခြင်းကြောင့်ပင်။
“ဒီဖေ ...”
အဲဒီ ပုတီးစေ့က ဘာတုန်း ...
၈ ...
ငါ့ရဲ့ စိတ်ဝိညာဉ် အမြစ်က ဘယ်နားမှာလဲ ...
***