အကြံကိုယ်စီ ရှိကြသည်
Vol. 2 Ch. 16
ခဏနေတော့ စုန့်ဝမ် စိတ်လျှော့ပြီး လက်ပြန်ရုပ်လိုက်တယ်။ မဖြစ်ဘူး၊ လူမြင်ကွင်းမှာ သတ်လို့ မဖြစ်ဘူး။ သူ့ခန္ဓာကိုယ်မှာ အသတ်ခံရသူရဲ့ ချီနဲ့ သွေးအဆီအနှစ်ကို အလိုအလျောက် စုပ်ယူနိုင်တဲ့စွမ်းရည် ရှိနေတော့၊ ဒါကို လူသိခံလို့ မဖြစ်ဘူး။ ထိန်းချုပ်နိုင်စွမ်းရှိရင် သိပ်ပြဿနာ မရှိပေမယ့် ရှိ၊မရှိ သေချာမသိတော့ မစွန့်စားရဲသေးဘူး။ မတော်လို့ ပြဿနာတက်ရင် နတ်ဆိုးပါဆိုပြီး မီးရှို့သတ်ခံရမှဖြင့် ...
စုန့်ဝမ် သတ်ဖြတ်ချင်စိတ်ကို ထိန်းချုပ်ပြီး တခြားအကြံပြောင်းလိုက် ရတယ်။ စားလက်စကို ရပ်ပြီး ထရပ်ရင်း ကုန်းဟန်ကို လှမ်းခေါ်လိုက်တယ်။
"ဆရာကုံးဟန် .. ခဏနေပါဦး"
ကုံးဟန်တို့လည်း ခြေလှမ်းရပ်သွားပြီး နောက်လည့်ကြည့်လာတယ်။
"မင်းက ဘယ်သူလဲ"
ကုံးဟန်က စုန့်ဝမ်ကို ကြည့်ရင်း ရင်းနှီးသလို ခံစားမိပေမယ့် ဘယ်သူလဲ၊ ဘယ်မှာဆုံခဲ့လဲဆိုတာ စဥ်းစားမရ ဖြစ်နေတယ်။
"ဆရာကုံးဟန်က မေ့တတ်တာပဲ။ အဲဒီတုန်းက ခင်ဗျားကျေးဇူးကြောင့် ကျနော် ထျန်းရှဂိုဏ်းထဲ ရောက်ပြီး၊ အကြီးအကဲကျိုးယင်ရဲ့တပည့် ဖြစ်ခွင့်ရခဲ့တာ။ ခင်ဗျားရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
ကုံးဟန် မှတ်မိသွားပြီ။ ဒီကောင်လေးက စာဖတ်တတ်လို့ သူခေါ်လာပြီး အကြီးအကဲယန်ဆီ အပ်ခဲ့တဲ့ စုန့်ဝမ်ပဲ။ မှတ်မိတာနဲ့ ချက်ချင်းပဲ စိုးရိမ်စိတ် ဝင်လာတယ်။ အရင်က အကြီးအကဲကျိုးယင်ဆီ ရောက်သွားတဲ့လူငယ်မှန်သမျှ သေမင်းဆီ ရောက်ကုန်တာပဲ။ ဒီစုန့်ဝမ်က အကြီးအကဲကျိုးယင်ရဲ့ ခြံဝင်းထဲနေ ပထမဆုံး အသတ်ရှင်လျက် ထွက်လာနိုင်သူ။ သူ့ကို လိမ်ခေါ်ပြီး ငွေဆယ်တေးလ်နဲ့ ရောင်းစားခဲ့တာကို စုန့်ဝမ် ကျေနပ်လိမ့်မယ်လို့ သူမထင်ဘူး။
ကုံးဟန်က စုန့်ဝမ်မျက်နှာကို သေချာကြည့်တယ်။ မုန်းတီးတဲ့အရိပ်အယောင် မတွေ့ရဘဲ ကျေးဇူးတင်တဲ့ပုံပဲ တွေ့ရလို့ စိတ်သက်သာရာရပေမယ့် သတိတော့ထားနေသေးတယ်။ အကြီးအကဲကျိုးယင်ရဲ့ တပည့်ဖြစ်နေသူက သူထိပါးလို့ရမယ့်သူ မဟုတ်တော့ဘူး။
"ဆရာစုန့်က ဘာကိစ္စရှိလို့ ကျနော့်ကို တားတာလဲ သိခွင့်ရမလား"
"ကျေးဇူးတင်ကြောင်း ပြောချင်လို့ပါ။ ဘာပဲပြောပြော ထျန်းရှဂိုဏ်းဆီ ကျနော့်ကို ပို့ပေးခဲ့တဲ့ ဆရာကုံးဟန်ရဲ့ကျေးဇူးက မသေးဘူးလေ"
ပြောပြောဆိုဆို စုန့်ဝမ်က စားပွဲပေါ် ငွေတုံးတစ်တုံး တင်လိုက်ပြီး ဆိုင်ရှင်ကို လှမ်းပြောတယ်။
"ဒါက ငါနဲ့ ဆရာကုံးဟန်အတွက် ကျသင့်ငွေ ပေးတာ။ ဆရာကုံးဟန်က ထျန်းရှဂိုဏ်းက လူကြီးတစ်ယောက်၊ ဒီလောက်ငွေပမာဏက အရေးစိုက်စရာ မဟုတ်ဘူး။ ဒီနေ့ ပိုက်ဆံယူလာဖို့ မေ့သွားတာ။ ငါရှင်းပေးမယ် .. ယူလိုက်"
စားပွဲပေါ်က ငွေတုံးကိုကြည့်ပြီး ကုံးဟန်တောင် မနာလို ဖြစ်သွားတယ်။ ဒီပမာဏနဲ့ဆို တစ်ပတ်လောက် အေးဆေးနှပ်နေလို့ ရတယ်။ စုန့်ဝမ်ကို သေချာကြည့်ပေမယ့် နှမျောတွန့်တိုတာ မရှိဘူး။ သူ့အတွက် ဂုဏ်သိက္ခာမကျအောင် စိတ်ရင်းနဲ့ ကာကွယ်နေသလိုပဲ။ ကုံးဟန် တွေးရခက်နေတယ်။ ဒီစုန့်ဝမ်ဆိုတဲ့ကောင်က တယ်တုံးအတာလား၊ အဲဒီအချိန်က သူ့ကို ရောင်းစားခဲ့တယ်ဆိုတာ တကယ်သဘောမပေါက်တာလား။
ကုံးဟန် စဥ်းစားရကြပ်နေချိန် ဆိုင်ရှင်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။
"ဆရာ .. အဲဒါက အရမ်းများလွန်းတယ်။ ကျနော့်မှာ ပြန်အမ်းစရာ မရှိ ..."
"ရတယ် .. ပြန်မအမ်းနဲ့၊ ပိုတာကို ဘောက်ဆူးပေးတယ်လို့ပဲ သဘောထားလိုက်"
ဆိုင်ရှင်လည်း ယူချင်ပေမယ့် မဝံ့မရဲ ဖြစ်နေတယ်။ ခုနကတင် ကုံးဟန်ဆိုသူက ကြိမ်းမောင်းခြိမ်းခြောက်ထားတော့ ယူလိုက်ရင် ပြဿနာရှာခံရမှာ စိုးရိမ်နေတယ်။ ဒါပေမယ့် မိသားစုအတွက် နှစ်ပတ်လောက် စိတ်အေးရမယ့်ပမာဏဖြစ်လို့ လက်လွှတ်ရမှာလည်း မလိုလားဘူး။
ဆိုင်ရှင်က တွေဝေနေတာကြောင့် စုန့်ဝမ်ကပဲ သူ့လက်ထဲ ထည့်ပေးလိုက်တယ်။
"ယူထားလိုက်"
ဆိုင်ရှင်ကို ပြောပြီးတာနဲ့ ကုံးဟန်ဆီ လျှောက်သွားရင်း ရင်းနှီးဖော်ရွေတဲ့လေသံနဲ့ မေးလိုက်တယ်။
"ဒါနဲ့ ကျနော်အားရင် လာလည်ချင်လို့ ဆရာကုံးဟန်က ဘယ်မှာနေတာလဲ"
"သုံ့လော်လမ်း၊ အိမ်အမှတ် ၁၅"
လွှတ်ခနဲ ဖြေလိုက်မိပြီးမှ ကုံးဟန် နောင်တရသွားတယ်။ စုန့်ဝမ်အပြုအမူက ထူးဆန်းတယ်လို့ ခံစားနေရချိန် အိမ်လိပ်စာကို အလွယ်တကူ မပြောလိုက်သင့်ဘူး။ မကောင်းတဲ့ခံစားချက် ခံစားမိလာလို့ စုန့်ဝမ်နဲ့ ခပ်ကင်းကင်းနေဖို့ ဆုံးဖြတ်လိုက်တယ်။
"ဆရာစုန့် .. ဂိုဏ်းကိစ္စလေး လုပ်စရာရှိလို့ အဖော်မပြုပေးတော့ဘူး။ နောက်တစ်ခါဆုံမှ သောက်ကြတာပေါ့"
"ဆရာကုံးက အလုပ်များနေပုံပဲ၊ ကောင်းပြီလေ .. နောက်မှဆုံကြတာပေါ့"
ကုံးဟန်လည်း သူ့လူနှစ်ယောက်ကို ခေါ်ပြီး ခပ်သွက်သွက် ထွက်သွားတယ်။
ကျောခိုင်းထွက်သွားတဲ့ ကုံးဟန်တို့ကို ကြည့်ရင်း စုန့်ဝမ် အေးစက်စက်ပြုံးလိုက်တယ်။
"သုံ့လော်လမ်း၊ အမှတ် ၁၅ တဲ့လား။ စိတ်ချ မကြာခင် ငါလာခဲ့မယ်"
---
ခပ်လှမ်းလှမ်း ရောက်တော့မှ ကုံးဟန် စုန့်ဝမ်ကျန်ခဲ့တဲ့ဆိုင်လေးဆီ လှည့်ကြည့်လိုက်တယ်။ စုန့်ဝမ်ကို အရိပ်အယောင်တောင် မမြင်ရတော့ဘူး။ ကုံးဟန်လည်း တွေးလေလေ စိုးရိမ်လေလေ ဖြစ်လာတယ်။
စုန့်ဝမ်ပုံစံက လုံးဝကို ပုံမှန်မဟုတ်ဘူး။ သူ့ကို ရောင်းစားခဲ့တာ မသိလောက်အောင် အတဲ့သူ ဒီလောကမှာ မရှိဘူး။ ဘာပဲဖြစ်ဖြစ် အကြီးအကဲကျိုးယင်ရဲ့တပည့်ဖြစ်နေတဲ့ စုန့်ဝမ်ကို ဂိုဏ်းရဲ့အငယ်တန်းခေါင်းဆောင်ဖြစ်တဲ့သူက ရင်မဆိုင်နိုင်တာလည်း နားလည်တယ်။ ကုံးဟန် စိတ်အားငယ်သလို ခံစားနေရတယ်။
ကုံးဟန် အတွေးထဲ နစ်မျောပြီး လမ်းလျှောက်နေချိန် ရှေ့တည့်တည့်ကလာနေတဲ့ လူအုပ်နဲ့ ပတ်ပင်းတိုးသွားတယ်။ လူအုပ်က ထျန်းရှဂိုဏ်းသားတွေပဲ၊ လူနှစ်ဆယ်လောက် ရှိမယ်။ သူတို့နောက်မှာ နွားလှည်းတစ်စီးပါပြီး ဆယ့်နှစ်ပေလောက်ရှည်လျားတဲ့ အဖြူရောင်ကျားသေကြီးကို သယ်ဆောင်လာတယ်။ လမ်းသွားလမ်းလာတွေတောင် စိတ်ဝင်တစားနဲ့ ကြည့်လိုက်မိကြတယ်။
ထျန်းရှဂိုဏ်းသားတွေက တန်ဖိုးကြီးအမဲလိုက်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အသက် ၂၀ အရွယ် လူငယ်တစ်ယောက်ကို ဝန်းရံချီးကျူးရင်း လိုက်ပါလာကြတာ။
"ယာယီခေါင်းဆောင်လေးက အရမ်းထူးချွန်တာပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုသားရဲကြီးကို တစ်ယောက်တည်း ဖမ်းနိုင်တာ ရှာမှရှားပဲ"
"နောက်ဆို ယာယီခေါင်းဆောင်လေးကြောင့် ထျန်းရှဂိုဏ်း ပိုသန်မာလာမှာ သေချာတယ်"
ထျန်းရှဂိုဏ်းသားတွေ ဝိုင်းဝိုင်းလည် ချီးကျူးခံနေရသူက ဂိုဏ်းချုပ်ရဲ့သား ယာယီခေါင်းဆောင် ထန်လျန့်။ အားလုံးက ဝိုင်းချီးကျူးနေတော့ ကျေနပ်ဂုဏ်ယူနေတယ်။ ကျားဖြူ ကုတ်ဆွဲခံရလို့ ဒဏ်ရာရထားတဲ့ခြေထောက်က နာလို့နာနေမှန်းတောင် မသိတော့ဘူး။
လူအုပ်ရှေ့မှာ ဟန်နဲ့ပန်နဲ့ လျှောက်လာရင်း ကုံးဟန်ကို လှမ်းမြင်တော့ ကြွားစရာလူ ရပြီဆိုပြီး ဝမ်းသာသွားတယ်။
"ဟေး .. ကုံးဟန် လာခဲ့။ ငါသတ်ခဲ့တဲ့သားရဲကို လာကြည့်စမ်းပါဦး"
ထန်လျန့်က လှမ်းခေါ်လို့ ကုံးဟန် အံအားသင့်သွားတယ်။ ထန်လျန့်က ဂိုဏ်းချုပ်ထန်ယီရဲ့သားဖြစ်သလို ယာယီဂိုဏ်းခေါင်းဆောင်အဖြစ်ပါ တာဝန်ပေးခံထားရတော့ အရမ်းမာနကြီးတယ်။ သူ့လို အငယ်တန်းခေါင်းဆောင်မျိုးဆို လမ်းတွေ့ရင်တောင် မမြင်သလို လျစ်လျူရှုတတ်တဲ့သူမျိုး။ အခု ကြွားစရာရှိတော့ လူရာသွင်းဆက်ဆံတာ။
ကုံးဟန် အံအားသင့်နေရာက ခေါင်းထဲ အကြံတစ်ချက်ပေါ်လာလို့ ထန်လျန့်ဆီ အပြေးသွားပြီး အရိုအသေပြုလိုက်တယ်။
"ယာယီခေါင်းဆောင်လေး .. ညွှန်ကြားစရာများ ရှိပါသလား"
ထန်လျန့်က ကျားသေကြီးကို လက်ညိုးထိုးပြတယ်။
"ဒီကျားဖြူကို မက်းဘယ်လိုမြင်လဲ"
ကုံးဟန်က ကျားဖြူကို တစ်ချက်ကြည့်ပြီး ထန်လျန့်ကို လေးစားတဲ့အမူအရာနဲ့ ဦးညွှတ်လိုက်တယ်။
"ဒီကျားဖြူက အင်မတန်သန်မာတဲ့သားရဲကြီးပဲ။ ယာယီခေါင်းဆောင်လို အစွမ်းထက်ပုဂ္ဂိုလ်တွေသာ တစ်ယောက်တည်း ရင်ဆိုင်သတ်ဖြတ်နိုင်မှာ။ သခင်လေးက အစွမ်းထက်ပါပေတယ်"
ထန်လျန့်က ခေါင်းတညိမ့်ညိမ့်နဲ့ ကျေနပ်နေတယ်။
ဒါပေမယ့် ကုံးဟန်က သက်ပြင်းချရင်း စကားဆက်လာတယ်။
"စိတ်မကောင်းစရာက ...."
ကုံးဟန်က ပြောနေရင်း ရပ်သွားလို့ ထန်လျန့် မျက်မှောင်ကြုတ်သွားတယ်။
"စိတ်မကောင်းစရာ .. ဟုတ်လား။ မင်းဘာပြောချင်တာလဲ"
"စိတ်မကောင်းစရာက ကျနော်တို့လို သိုင်းသမားတွေ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ နောက်ဆုံးတော့ သာမန်သေမျိုးပါပဲ။ ခွန်အားကလည်း အကန့်အသတ် ရှိတယ်။ အကြီးအကဲကျိုးယင်လို ကျင့်ကြံသူတွေကျတော့ လက်တစ်ချက်ဝေ့ရုံနဲ့ စွမ်းအားကြီးပညာတွေကို ထုတ်ဖော်နိုင်တယ်လေ"
ကုံးဟန်စကားကြောင့် ထန်လျန့်မျက်နှာမှာ မကျေနပ်မှုတွေ ဖုံးလွှမ်းလာတယ်။ သူလည်း ကျင့်ကြံသူဖြစ်ချင်လို့ ကျိုးယင်ဆီမှာ ပညာသင်ယူခွင့်ရဖို့ အကြိမ်ကြိမ် တောင်းပန်ခဲ့ဖူးတယ်။ သူ့အဖေလည်း ကိုယ်စားတောင်းပန်ပေးတယ်။ ဒါပေမယ့် ကျိုးယင် မျက်နှာတောင် မထောက်ဘဲ အမြဲတမ်း ပယ်ချခဲ့တယ်။ သူတို့မှာ ကျင့်ကြံသူဖြစ်ဖို့ ပါရမီ မပါဘူးပဲ ပြောပြီး ငြင်းခဲ့တယ်။ တစ်ခါလေးတောင် စမ်းသပ်ဖို့ အခွင့်အရေး မပေးဘဲ ကျင့်ကြံသူဖြစ်ဖို့ ပါရမီမပါဘူးလို့ ဘယ်လို ပြောနိုင်ရတာလဲ။
.............