← Chapters

ရန်ငြိုးဖွဲ့ရပြန်ပြီ

Vol. 2 Ch. 18

ရန်ငြိုးဖွဲ့ရပြန်ပြီ

Vol. 2 Ch. 18

ပခုံးကို ဖမ်းချုပ်မိလုဆဲဆဲ စုန့်ဝမ် ခြေတစ်လှမ်း နောက်ဆုတ်ပြီး လက်နဲ့ ပုတ်ထုတ်ကာကွယ်လိုက်လို့ ကပ်လွတ်သွားတယ်။

ဝတ်စုံနက်တွေလည်း ခပ်မြန်မြန် လှုပ်ရှားလိုက်တယ်။ နှစ်ယောက်က လမ်းမရဲ့ တစ်ဖက်တစ်ချက်မှာ နေရာယူပြီး စုန့်ဝမ်ပြေးပေါက်ကို ပိတ်ထားလိုက်တယ်။ ခုနက တိုက်ခိုက်လာသူ လမ်းကြားလေးဘက် ကျောပေးရင်း စုန့်ဝမ်ကို ခုန်အုပ်ပြီး ဖမ်းဆီးဖို့ ကြိုးစားလာတယ်။

စုန့်ဝမ်လည်း ချီစွမ်းအင်ကို စုစည်းပြီး ရှေ့တစ်လှမ်းတိုးရင်း ခုန်အုပ်လာသူရင်ဘတ်ကို လက်သီးနဲ့ ထိုးချလိုက်တယ်။

ခုန်ဝင်လာသူက စုန့်ဝမ်လက်သီးချက်ကို အလေးမထားဘဲ ဆက်တိုးဝင်လာတယ်။ သူက စုန့်ဝမ်အကြောင်း အသေးစိတ်စုံစမ်းပြီးသား။ ချီစုစည်းနိုင်တာ တစ်လသာသာပဲ ရှိပြီး၊ တိုက်ခိုက်ရေးပညာ မသင်ယူဖူးသူက ဘယ်လောက် ခွန်အားကြီးမှာမို့လို့လဲ။ အလွန်ဆုံးရှိလှ သာမန်သိုင်းသမားတစ်ယောက်လောက်ပေါ့။

"ဘုန်း"

"အား..."

လက်သီးနဲ့ ရင်ဘတ် ပြင်းပြင်းထန်ထန် ထိတွေ့ပြီး ခုန်အုပ်လာသူဝတ်စုံနက် နာနာကျင်ကျင် အော်ဟစ်ရင်း ဆယ်ပေအကွာလောက်ထိ လွင့်စင်သွားတယ်။ ပါးစပ်က အန်ထွက်လာတဲ့သွေးတွေကြောင့် မျက်နှာဖုံးတစ်ခုလုံး ရဲရဲနီသွားတယ်။

"သခင်လေး"

ကျန်တဲ့ဝတ်စုံနက်နှစ်ယောက်က အထိတ်တလန့် အော်ဟစ်ရင်း အပြေးသွားထူဖို့ ပြင်လိုက်ပေမယ့် လဲကျသွားတဲ့ ဝတ်စုံနက်က လက်ကာပြရင်း တားလိုက်တယ်။

"သူ့ကိုဖမ်း .. မလွတ်စေနဲ့"

စုန့်ဝမ်လက်သီးချက်ကြောင့် လွင့်စင်သွားသူက ထျန်းရှဂိုဏ်း ယာယီဂိုဏ်းခေါင်းဆောင်ထျန်လျန့်။ ပြန်ထပြီး တိုက်ခိုက်ဖို့ စိတ်ကူးပေမယ့် နံရိုးတချို့ပါ ကျိုးသွားလို့ ထဖို့တောင် မနည်းကြိုးစားနေရတယ်။ တကယ်တော့ အရင်နေ့တွေထဲက စုန့်ဝမ်အကြောင်း စုံစမ်းပြီးသား။ အလွန်ဆုံး ဒုတိယအဆင့်သိုင်းသမားသာသာပဲ ရှိမယ်။ သူနဲ့ အလယ်အလတ်အဆင့်သိုင်းသမား ၂ ယောက် ပေါင်းလိုက်ရင် အလွယ်တကူ ဖမ်းဆီးနိုင်မယ် ထင်ခဲ့တာ။ ဂိုဏ်းမှာ ထိပ်တန်းသိုင်းသမားတွေ ရှိပေမယ့် သိပ်မရင်းနှီးသလို သတင်းပေါက်မှာ စိုးရိမ်လို့ မခေါ်ဖြစ်ခဲ့ဘူး။ သူကိုယ်တိုင်လည်း စုန့်ဝမ်ကို အထင်သေးခဲ့လို့ အတင်းဝင်လုံးမိရာက မရှုမလှ ခံလိုက်ရတယ်။

ဝတ်စုံနက်နှစ်ယောက် သူတို့ဆရာ ခံလိုက်ရတာ ကြည့်ပြီး စုန့်ဝမ်က အလွယ်တကူ ကိုင်တွယ်လို့ရမယ့်သူ မဟုတ်တာ ရိပ်မိသွားတယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်ရိပ်ပြရင်း ဓားကိုယ်စီ ဆွဲထုတ်ပြီး ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်လိုက်တယ်။

စုန့်ဝမ်က တိုက်ခိုက်ရေးနည်းစနစ် မသင်ထားဖူးသူပီပီ သိုင်းသမားတွေကို ယှဥ်တိုက်ဖို့ လုံးဝမစဥ်းစားဘူး။ မြေပေါ်လိမ့်ရှောင်ရင်း အားယူထနေတဲ့ထန်လျန့်ဘက် ချဥ်းကပ်သွားတယ်။ အနားရောက်တာနဲ့ ခြေထောက်မှာ ဝှက်ယူလာတဲ့ဓားမြှောင်ထုတ်ပြီး လဲကျနေတဲ့ ထန်လျန့်လည်ပင်းကို ဓားနဲ့ထောက်ထားလိုက်တယ်။

ဘယ်သူမှန်း မသိပေမယ့် ဒီလူက တခြားနှစ်ယောက်ကို အမိန့်ပေးနိုင်တယ်ဆိုတော့ အမိဖမ်းပြီး အကြပ်ကိုင်လို့ ရမယ်။

"နောက်ဆုတ် .. ဆက်တိုးလာရင် သူ့ကို သတ်ပစ်မယ်"

ဝတ်စုံနက်နှစ်ယောက်လည်း ဘာဆက်ရမှန်းမသိဖြစ်ပြီး ဓားကိုယ်စီ ကိုင်ထားရင်း ချက်ချင်းရပ်လိုက်ရတယ်။

"စုန့်ဝမ် .. ရပ်လိုက်။ ငါတို့က မင်းကို သတ်ဖို့ မဟုတ်ဘူး။ ကျင့်ကြံမှုနည်းစနစ်ပဲ လိုချင်တာ"

ဓားကိုင်ထားတဲ့ ဝတ်စုံနက်တစ်ယောက်က သူ့နာမည်ခေါ်ပြီး ပြောလိုက်တဲ့စကားကြောင့် စုန့်ဝမ် အံအားသင့်သွားတယ်။ ဒါဆို သူတို့က ထျန်းရှဂိုဏ်းကပေါ့။ အနီးနား ကြည့်တော့ လူသူကင်းရှင်းနေပြီ။ ခုနက ဖြတ်သွားဖြတ်လာ တစ်ယောက်တလေ ရှိပေမယ့် တိုက်ခိုက်မှုဖြစ်တော့ ချက်ချင်း ရှောင်သွားကြတယ်။ အခုလည်း လူတချို့ ပေါ်လာပေမယ့် ဓားကိုယ်စီနဲ့ ရန်ဖြစ်နေသူတွေ တွေတာကြောင့် နောက်ပြန်လှည့်သွားကြတယ်။ ယန်ချန်မြို့ရဲ့ ညအချိန်မှာ ဘယ်သူမှ အန္တရာယ်ရှိတဲ့နေရာ မလာချင်ကြဘူးလေ။

စုန့်ဝမ်က တစ်ခုတည်းသော အားသာချက်ဖြစ်တဲ့ ဓားစာခံကို ခပ်တင်းတင်း ချုပ်ပိုင်ထားတယ်။

"ကျင့်ကြံမှုနည်းစနစ် လိုချင်ရင် အကြီးအကဲကျိုးဆီ သွားလေ။ ဘာလို့ ငါ့ကို ပြန်ပေးဆွဲချင်တာလဲ။ မင်းတို့က ငါအားနည်းတယ်ဆိုပြီး အခွင့်ကောင်း ယူချင်တာလား"

အခြေအနေက ဆိုးရွားသွားပြီဖြစ်လို့ ထန်လျန့်လည်း အားတင်းပြီး စပြောလာရတယ်။

"ငါက ထျန်းရှဂိုဏ်းရဲ့ ယာယီခေါင်းဆောင်ထန်လျန့်ပဲ၊ ငါ့ကိုသတ်ရင် မင်းလည်း လွတ်မှာ မဟုတ်ဘူး။ ကျင့်ကြံမှုနည်းစနစ်သာ ငါ့ကိုပေးရင်၊ မင်းလုံခြုံရေးကို ငါအာမခံတယ်"

ခုချိန်မှာ ဆက်ဖုံးဖိဖို့ မလွယ်တော့လို့ ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံလိုက်ရတယ်။

သူဖမ်းထားတဲ့လူရဲ့ အဆင့်အတန်းကို သိလိုက်ရတော့ စုန့်ဝမ် အံသြသွားတယ်။ ထျန်းရှဂိုဏ်းယာယီခေါင်းဆောင် သူ့ဆီကနေ ကျင့်ကြံမှုနည်းစနစ် လိုချင်တယ်ဆိုတာ ကျိုးယင်ဆီက မရလို့ပဲ။ အခြေအနေအရ သူပေးချင်ရင်တောင် မပေးရဲဘူး။ ယာယီဂိုဏ်းခေါင်းဆောင်ကို မသင်ပေးတာ၊ ဆေးစမ်းသပ်ဖို့ သင်ပေးခဲ့တဲ့လူငယ်တွေကို သတ်ပစ်တာ ကြည့်ရင် ကျင့်ကြံမှုပညာ မပေါက်ကြားအောင် ဘယ်နည်းနဲ့ ထိန်းရထိန်းရဆိုတဲ့ ကျိုးယင်ရဲ့စိတ်ဓာတ်ကို သူလန့်တယ်။ ပေးရင်တောင် ဒီလူတွေက အလွတ်ပေးမှာလား။ ဝေးပါသေးတယ်၊ နှုတ်ပိတ်ခံရမှာပေါ့။

"ရှေ့တိုးလာဖို့ လုံးဝမစဥ်းစားနဲ့၊ ငါသေရမယ်ဆိုရင်တောင် မင်းတို့သခင်လေးကို အပါခေါ်သွားမယ်"

ခြိမ်ခြောက်ပြီးတာနဲ့ စုန့်ဝမ်လည်း ထန်လျန့်ရဲ့ မျက်နှာဖုံးကို ဆွဲချွတ်ပြီး မျက်နှာကို မှတ်မိအောင် သေချာကြည့်လိုက်တယ်။ ကြည့်ပြီးတာနဲ့ ထန်လျန့်မျက်နှာကို ဖြတ်ရိုက်လိုက်တာ ငွေးတစ်လုတ်နဲ့အတူ သွားနှစ်ချောင်းပါ ထွက်ကျလာတယ်။

ထန်လျန့်ကို ဆုံးမပြီးတာနဲ့ စုန့်ဝမ် ဝတ်စုံနက်နှစ်ယောက်ကို လှမ်းအော်ပြောတယ်။

"မင်းတို့နှစ်ယောက် နောက်ဆုတ်စမ်း"

ဝတ်စုံနက်နှစ်ယောက် ခြေလှမ်းနည်းနည်းစီ နောက်ဆုတ်သွားတယ်။ စုန့်ဝမ် ခေါင်းခါလိုက်တယ်။ ဒါက လူလည်ကျတာပဲ။

"ထပ်ဆုတ်၊ ပေ ၅၀ အထိ ဆုတ်စမ်း"

ဝတ်စုံနက်နှစ်ယောက်လည်း ဘာမှမတတ်နိုင်တော့ဘဲ ပေ ၅၀ အကွာထိ ဆုတ်လိုက်ရတယ်။

ဝတ်စုံနက်တွေ စိတ်ချရတဲ့အကွာအဝေး ရောက်သွားတာနဲ့ စုန့်ဝမ်လည်း ထန်လျန့်ကို လွှတ်လိုက်ပြီး ထျန်းရှဂိုဏ်းဌာနချုပ်ဆီ ခြေကုန်သုတ်ပြေးပါတော့တယ်။ သူ့ဖာသာ ယာယီခေါင်းဆောင်ပဲဆိုဆို လူရှေ့သူရှေ့မှာ ကျိုးယင်ရဲ့တပည့်ကို ထိပါးဝံ့မှာ မဟုတ်ဘူးလေ။ ထန်လျန့်ကို သတ်ချင်ပေမယ့် စုန့်ဝမ် မသတ်ရဲဘူး။ ကြားဖူးသလောက်ဆို ယာယီခေါင်းဆောင်က ဂိုဏ်းချူပ်ရဲ့သားတဲ့။ သူ့သားသာ သေရင် ဂိုဏ်းချုပ်ဖြစ်သူက သည်းခံမှာ မဟုတ်ဘူး။ ကျိုးယင်တောင် တားနိုင်မယ် မထင်ဘူး။ ခုတော့ နှစ်ဖက်လုံး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေကြရုံပဲ ရှိတယ်။

သူနေထိုင်ရာ ခြံဝင်းထဲရောက်တော့မှ စုန့်ဝမ် စိတ်သက်သာရာရသွားတယ်။ မောလွန်းလို့ အသက်ကို မနည်းရှူရင်း နှစ်ထပ်အိမ်ဆီ ဖြည်းဖြည်းချင်း လျှောက်သွားနေရတယ်။

"ထန်လျန့်တဲ့လား .. နေနှင်ဦးပေါ့ကွာ"

လက်စားချေတာက နောက်မှ၊ အခုတော့ စိတ်ချရတဲ့အထိ ခြံဝင်းထဲကနေ အပြင်ထွက်လို့ မဖြစ်သေးဘူး။

စုန့်ဝမ် မောကြီးပန်းကြီးနဲ့ အိမ်နားရောက်လာချိန် အပေါ်ထပ်ဝရံတာမှာ မတ်တပ်ရပ်နေတဲ့ကျိုးယင် မြင်သွားတယ်။

"စုန့်ဝမ် ဘာဖြစ်လာတာလဲ၊ မင်းကြည့်ရတာ အသက်တောင် မနည်းရှူနေရသလိုပဲ"

"အား .. ဆရာ၊ ဘာမှမဖြစ်ပါဘူး။ အညောင်းပြေ လေ့ကျင့်ခန်းလုပ်တာ များသွားလို့ပါ"

ကျိုးယင်ကို အသိပေးလိုက်လို့ ကောင်းတဲ့ကိစ္စ ဖြစ်လာစရာ အကြောင်းမရှိမှန်း စုန့်ဝမ် သိတယ်။ သိသွားရင် ရထားတဲ့အပြင်ထွက်ခွင့်လေးပါ ဆုံးရှုံးသွားနိုင်တယ် မဟုတ်လား။

"အေး အေး၊ ဂရုစိုက်။ သိပ်အပင်ပန်းမခံနဲ့"

ကျိုးယင် သံသယဝင်ဟန် မရှိဘူး။ သူ့အခန်းထဲ ပြန်ဝင်သွားတယ်။

........

အချိန်တွေ လျင်လျင်မြန်မြန် ကုန်လွန်သွားခဲ့တယ်။ ဒီကာလမှာ စုန့်ဝမ် ဖြေဆေး ၃ ကြိမ် သောက်ခဲ့ရပြီးပြီ။ ဒီနေ့က ၄ ကြိမ်မြောက် သောက်ပြီးသွားပြီ၊ တစ်လ ရှိပြီပေါ့။

လူသစ်တွေ ရောက်လာတာလည်း တစ်လပြည့်တော့မယ် ဆိုပါတော့။ ဒီအသုတ်မှာ ချီစုစည်းနိုင်သူ တစ်ယောက်မှ ထွက်ပေါ်မလာလို့ ကျိုးယင် စိတ်တိုနေတာ စုန့်ဝမ် သတိထားမိတယ်။

မိုးလင်းတာနဲ့ ကျိုးယင် ခြံထဲ ဆင်းသွားတယ်။ ခဏနေတော့ ပြန်လာပြီး စုန့်ဝမ်ကို အဆိပ်ဖြေဆေးပေးတယ်။

"ရော့ .. မင်းအတွက် နောက်တစ်ပတ် သောက်ရမယ့်ဖြေဆေး၊ ငါတံခါးပိတ်ကျင့်ကြံဦးမယ်။ ဆေးဥယျာဥ်ကို သေချာဂရုစိုက်"

ဖြေဆေးပေး၊ မှာစရာရှိတာ မှာပြီးတာနဲ့ ကျိုးယင် ဆေးလိုဏ်ဂူထဲ ဝင်သွားတယ်။ ဒီကာလအတွင်း စုန့်ဝမ် ဆေးဥယျာဥ်ကို ကောင်းကောင်းဂရုစိုက်နေတော့ သူ့အတွက် အချိန်ကုန် သက်သာပြီး တခြားအလုပ်တွေ အာရုံးစိုက်နိုင်လာတယ်။ နှမျောမိပေမယ့် ဒီတစ်သုတ်မှာ ချီစုစည်းနိုင်သူ ပေါ်မလာတော့ စုန့်ဝမ်နဲ့ပဲ ဆေးစမ်းသပ်ရဦးမယ်။ သေမလား၊ ရှင်မလားက သူ့ကံပေါ်ပဲ မူတည်တယ်။

စုန့်ဝမ်လည်း ဆေးလိုဏ်ဂူထဲ ဝင်ရောက်သွားတဲ့ကျိုးယင်ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။ ဆယ်ရက် အချိန်ရမယ်၊ ပြန်ထွက်လာရင် သွေးချီဆေး တိုက်ဦးမှာ ကျိန်းသေပဲ။ အဆိပ်မိထားတော့ ထွက်ပြေးလို့လည်း မရဘူး။ ရင်ဆိုင်ရုံ ရှိတာပေါ့။

လျှို့ဝှက်ဆန်းကြယ်စွမ်းအင် ပိုင်ဆိုင်ထားလို့ သိပ်တော့စိတ်မပူမိဘူး။ ဒါပေမယ့် သူ့ခန္ဓာကိုယ်က သွေးအဆီအနှစ်ကို တောင့်တနေသလို ခံစားမိနေတယ်။ အရင်စုပ်ယူခဲ့တဲ့ သွေးအဆီအနှစ်တွေကို ခန္ဓာကိုယ်က တဖြည်းဖြည်း စုပ်ယူပြီးသွားပြီ။ ဘယ်ရောက်သွားတယ်ဆိုတာ မသိပေမယ့် ခန္ဓာကိုယ်က သိသိသာသာ ပိုအားကောင်းလာတာတော့ အမှန်ပဲ။

စုန့်ဝမ်အာရုံထဲ ကုံးဟန်မျက်နှာ ပေါ်လာတယ်။

"အင်း .. လူသတ်ဖို့ အချိန်ပြီ"

နောက်တစ်နေ့ မနက်စောစော စုန့်ဝမ် အပြင်ထွက်လာခဲ့တယ်။ မြို့ထဲမှာ ဟိုဟိုဒီဒီ လျှောက်သွားရင်း နောက်ယောင်ခံလိုက်သူ မရှိတာ သေချာတော့မှ ကုံးဟန်အိမ်ရှိရာ သုံ့လော်လမ်းဆီ ထွက်လာခဲ့တယ်။

သုံ့လော်လမ်းက လမ်းသွယ်လေး။ အိမ်တွေကလည်း အိမ်အိုအိမ်ဟောင်းတွေ များတယ်။ အိမ်နံပါတ်လည်း တပ်မထားကြတော့ စုန့်ဝမ် ရှာရခက်နေတယ်။ နောက်ဆုံး လမ်းလျှောက်လာနေတဲ့ အမျိုးသမီးကြီးကိုပဲ မေးလိုက်ရတယ်။

"အဒေါ် .. အိမ်အမှတ် ၁၅ က ဘယ်အိမ်လဲ"

အမျိုးသမီးကြီးက ဘုကြည့်ကြည့်ပြီး ခေါင်းခါပြတယ်။

"မသိဘူး"

ကုံးဟန်ရဲ့ ရိုင်းစိုင်းမောက်မာတဲ့အကျင့်ကြောင့် ပတ်ဝန်းကျင်က မုန်းတီးနေမယ်ဆိုတာ စုန့်ဝမ် တွေးမိသွားတယ်။ ရိုးရိုးတန်းတန်း မေးလို့ကတော့ ဖြေမှာ မဟုတ်ဘူး။ အိတ်ထဲက ငွေဒဂ်ါးတစ်ပြား ထုတ်ပေးလိုက်တယ်။

"ကျနော်က လူဆိုး မဟုတ်ပါဘူး။ အရေးတကြီးကိစ္စလေး ရှိလို့ အဲဒီလူနဲ့ တွေ့ချင်ရုံပါ"

အမျိုးသမီးကြီးလည်း ဝမ်းသာအားရ ယူလိုက်တယ်။

"ကလေး .. မင်းက လူကောင်လေးပဲ၊ အဲဒီ လူယုတ်မာနဲ့ ဘာလို့တွေ့ချင်ရတာလဲ"

ပြောပြောဆိုဆို ခပ်လှမ်းလှမ်းကအိမ်ကို လက်ညိုးထိုးပြတယ်။

"အဲဒီအိမ်ပဲ"

စုန့်ဝမ် လှမ်းကြည့်တော့ အိမ်က တံခါးပိတ်ထားတယ်။

အမျိုးသမီးကြီးက ငွေဒဂ်ါးကို လုံလုံခြုံခြုံ သိမ်းပြီးမှ ဆက်ပြောလာတယ်။

"အဲဒီလူယုတ်မာ ဒီမှာ မနေတော့ဘူး၊ ပြောင်းသွားပြီ"

စုန့်ဝမ် မျက်မှောင်ကြုတ်လိုက်မိတယ်။

"လူယုတ်မာ .. ကုံးဟန်ကို ပြောတာလား။ သူဘယ်အချိန်က၊ ဘယ်ကို ပြောင်းသွားတာလဲ"

"အေး .. ကုံးဟန်ပဲပေါ့၊ သူမှ မဟုတ်ရင် ဘယ်သူက လူယုတ်မာ ဖြစ်မှာလဲ။ ပြောင်းသွားတာ ဆယ်ရက်လောက် ရှိပြီ။ ဘယ်ပြောင်းတာလဲတော့ ငါလည်း မသိဘူး၊ သူမှ ပြောမသွားတာ"

စုန့်ဝမ် စိတ်လေသွားတယ်။ ဒါကြောင့် ဘွားတော်က ငွေဒဂ်ါးကို အတွင်းခံအကျီထဲ အတင်းထည့်နေတာကိုး"

......

All Chapters