← Chapters

ကတိမတည်တဲ့ဆရာ

Vol. 2 Ch. 20

ကတိမတည်တဲ့ဆရာ

Vol. 2 Ch. 20

နောက်တစ်နေ့မနက် ထျန်းရှဂိုဏ်း ပင်မခန်းမဆောင်ထဲမှာ အကြီးအကဲတစ်ဦးဖြစ်သူ ဝမ်ယီက ဂိုဏ်းချုပ်ထန်ယီဆီ သတင်းပို့ အစီရင်ခံနေတယ်။

“ညက ကျနော်တို့ ထျန်းရှဂိုဏ်းသားသုံးယောက် နေထိုင်တဲ့အိမ် မီးလောင်ပြီး သုံးယောက်လုံး သေဆုံးသွားပါတယ်။ လူသတ်ပြီးမှ မီးတင်ရှို့တယ်လို့ ယူဆရပါတယ်”

“အော် .. ယန်ချန်မှာ ငါတို့ဂိုဏ်းကို စိန်ခေါ်ဝံ့သူ ရှိသေးတယ်ပေါ့”

ထန်ယီက သန်မာထွားကျိုင်းပြီး မျက်နှာမှာ ဒဏ်ရာအမာရွက်တွေ ရှိနေလို့ ကြောက်မက်ဖွယ် လူ့ဘီလူးကြီးတစ်ကောင်လို ဖြစ်နေတယ်။ ဝမ်ယီက သတင်းပို့ပေမယ့် ဒေါသမထွက်ဘဲ ပျော်နေပုံတောင် ရတယ်။

ထန်ယီက မကြာခင်ကတင် သိုင်းဆရာသခင်အဆင့်ကို ချိုးဖျက်ရောက်ရှိခဲ့လို့ ပျော်နေတာ၊ ကုံးဟန်တို့လို ပမွှားဂိုဏ်းသားတွေ ဆုံးရှုံးတာလောက်တော့ မျက်စိထဲတောင် မထည့်ဘူး။ ဒီလိုလူတွေကို သတ်ဖြတ်တာကို သူကိုယ်တိုင် ကိုင်တွယ်ရလောက်တဲ့ စိန်ခေါ်မှုလို့လည်း မခံစားရဘူး။ သိုင်းဆရာသခင်အဆင့်ဆိုတာ ဒီသိုင်းကမ္ဘာမှာ အမြင့်ဆုံးနယ်ပယ်။ ယန်ချန်မြို့လောက်ကို အရေးစိုက်စရာ မလိုတော့ဘူး။ သိုင်းလောကမှာ သူ့ထက်သာလွန်သူဆိုလို့ လက်ချိုးရေလို့ ရနေပြီ။ သိုင်းဆရာသခင်အဆင့်ဆိုတာ ကျင့်ကြံသူ မဟုတ်တဲ့ သေမျိုးလောကမှာ အမြင့်ဆုံးအဆင့်။

ခုချိန်မှာ သူ့ရည်ရွယ်ချက်က ယန်ချန်မြို့ထက် ကျော်လွန်သွားပြီ။ ဂိုဏ်းကို အားဖြည့်ပြီး သိုင်းလောကရဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်ဖြစ်ဖို့ထိ ရည်မှန်းနေပြီ။ ဂိုဏ်းထဲမှာ ကျင့်ကြံသူဖြစ်တဲ့ ကျိုးယင်လည်း ရှိနေတော့ အင်အားပိုကြီးမားပြီး ရည်မှန်းချက်လည်း မြင့်လာတယ်။ ဒါပေမယ့် ကျိုးယင်က လောကီအာဏာကို စိတ်မဝင်စားပဲ၊ ကျင့်ကြံမှုကိုပဲ အာရုံစိုက်နေလို့ သူဘာလိုချင်တယ်ဆိုတာ မှန်းဆရ ခက်နေတယ်။

တကယ်တော့ ကျိုးယင်နဲ့ ထျန်းရှဂိုဏ်း ဆက်ဆံရေးက အရမ်းသိမ်မွေ့တယ်။ ထန်ယွီယုနဲ့ ကျိုးယင်က ခင်မင်ရင်းနှီးသူတွေ မဟုတ်ဘူး။ အကျိုးစီးပွားကြောင့် လက်တွဲခဲ့ကြတာ။ ကျိုးယင်က ဝိညာဥ်ဆေးပင်စိုက်ပျိုးရေးနဲ့ ဆေးစမ်းသပ်ခံ ရှာဖွေဖို့ ထျန်းရှဂိုဏ်းကို လိုအပ်တယ်။ ထျန်းရှဂိုဏ်းကလည်း အဆင့်မြင့်သိုင်းပညာရှင်တွေနဲ့ အာဏာပိုင်တွေ ရန်မရှာရဲအောင် ကျင့်ကြံသူဖြစ်တဲ့ ကျိုးယင်ရဲ့ခွန်အားကို လိုအပ်တယ်။

“ဘယ်သူလုပ်တာလဲ သိပြီလား”

သိပ်စိတ်မဝင်စားပေမယ့် ဂိုဏ်းချုပ်ဆိုတော့ ဝတ္တရားမပျက် မေးရသေးတယ်။

“ကျနော် စုံစမ်းလို့ရသလောက်ဆို အကြီးအကဲကျိုးယင်ရဲ့တပည့်နဲ့ ရှုပ်ထွေးတဲ့ဆက်စပ်မှု ရှိတာတော့ တွေ့ထားပါတယ်”

ခုမှပဲ ထန်ယီ စိတ်ဝင်စားသွားတယ်။

“ကျိုးယင်ရဲ့တပည့် ဟုတ်လား။ ဒါဆို သတိထားကိုင်တွယ်မှ ဖြစ်မယ်။ မင်းသွားလို့ ရပြီ။ ဒီကိစ္စကို ငါကိုင်တွယ်လိုက်မယ်”

ဝမ်ယီ ထွက်သွာတော့မှ ထန်ယီ စဥ်းစားခန်းဝင်ရင်း တီးတိုးရေရွတ်လိုက်တယ်။

“စီနီယာကျိုးယင်နဲ့ မတွေ့ဖြစ်တာတောင် ကြာပြီ။ သူ့ဆီ အလည်အပတ်သွားဖို့ အခွင့်အရေး ရှာရတော့မယ် ထင်တယ်။

………..

ကုံးဟန်ကို လက်စားချေပြီး နောက်ရက်တွေမှာ စုန့်ဝမ် အပြင်မထွက်တော့ဘူး။ အိမ်တွင်းအောင်းပြီး ချီနဲ့သွေး သန့်စင်တာကိုပဲ အပြည့်အဝ အာရုံစိုက်နေတယ်။ ဒီရက်ပိုင်း ကျိုးယင်လည်း ဆေးလိုဏ်ဂူထဲမှာ ဆေးဖော်နေတယ်။ ထုံးစံအရဆို သိပ်မကြာခင် ပြန်ထွက်လာတော့မယ်။ အဲဒီအချိန် သူ့ဆီမှာ တစ်ခုခု မူမမှန်တာ ရိပ်မိသွားလို့ မဖြစ်ဘူး။ ရိပ်မိသွားရင် ကြိုးစားထားသမျှ အလကားဖြစ်သွားလိမ့်မယ်။

လေးရက်မြောက်နေ့မှာ ကျိုးယင် ဆေးလိုဏ်ဂူထဲကနေ ပြန်ထွက်လာတယ်။ အရည်အသွေး ကောင်းမွန်တဲ့ ဆေးလုံး ၄ လုံး ဖော်စပ်နိုင်ခဲ့လို့ ကျေနပ်အားရပြီး စမ်းသပ်ဖို့ စိတ်လောနေတယ်။

“စုန့်ဝမ် .. အပေါ်တက်ခဲ့”

စုန့်ဝမ် ထိတ်လန့်တုန်လှုပ်သွားပေမယ့် အပေါ်ထပ် တက်ခဲ့ရတယ်။

“ဆရာ .. ကျနော် ဝိညာဥ်ဆေးပင်တွေ ကောင်းကောင်းမွန်မွန် ပျိုးထောင်နေတာကို ထည့်စဥ်းစားပေးပါဦး။ ဆေးလုံးစမ်းသပ်တာ ထပ်မလုပ်ပါနဲ့တော့”

“စိတ်မပူစမ်းပါနဲ့၊ ဒီတစ်ကြိမ် ဆေးဖော်စပ်တာ အောင်မြင်ပြီကွ။ သောက်လိုက်တာနဲ့ ချီစုစည်းခြင်း ဒုတိယအဆင့်ကို ချက်ချင်းရောက်သွားလိမ့်မယ်။ အဲဒါက ဘယ်လောက် မြင့်မားတယ်ထင်လဲ။ ငါတောင် တတိယအဆင့် အထွတ်အထိပ်ပဲ ရှိသေးတယ်။ နားလည်လား”

ကျိုးယင်စကားပြော လောသွားတာကြောင့် စုန့်ဝမ် အရေးကြီးတဲ့သတင်း ရသွားတယ်။ ကျိုးယင်က တတိယအဆင့်ဆိုတော့ အရမ်းကြီးကွာဟနေတာ မဟုတ်ဘူးပဲ။ ကွာတော့ ကွာသေးတာပေါ့လေ။

“ဆရာ .. ဒီလိုလုပ်ပါလား၊ နောက်ထပ်တပည့်သစ်တွေ ထပ်ခေါ်ရအောင်။ သူတို့ထဲက တစ်ယောက်လောက်တော့ ချီစုစည်းနိုင်စွမ်း ရှိမှာပါ။ ဒါဆို ဆရာ့ဆေးကို စမ်းလို့ရပြီ”

“လူသစ်စုနေရင် အနည်းဆုံးတစ်လလောက် စောင့်ရဦးမှာ။ ငါ့မှာ အဲဒီလောက် အချိန်မရှိဘူး။ မင်းကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သောက်ကို သောက်ရမယ်။ မသောက်ရင် ခုချက်ချင်း သတ်ပစ်မယ်”

“ဆရာ .. ကျနော် ..”

စုန့်ဝမ် တောင်းပန်ဖို့ ကြံရွယ်ပေမယ့် ခက်ထန်တဲ့ ကျိုးယင်အကြည့်ကြောင့် ဆက်မပြောနိုင်တော့ဘူး။

“ရော့ .. သောက်လိုက်စမ်း”

ကျိုးယင်က တင်းမာခက်ထန်တဲ့အမူအရာနဲ့ ဆေးလုံးကို ပေးလာတယ်။

စုန့်ဝမ်လည်း ကြောက်လန့်တုန်လှုပ်ဟန်နဲ့ ဆေးလုံးကို ယူလိုက်တယ်။ ဒါပေမယ့် ချက်ချင်း မသောက်ဘဲ လက်ထဲကိုင်ပြီး တွေဝေနေတယ်။

ကျိုးယင်လည်း အတွေ့အကြုံအရ ဆေးလုံးကို စုန့်ဝမ် လိုလိုချင်ချင် သောက်မှ အကျိုးသက်ရောက်မှုကို စမ်းသပ်နိုင်မှာ သိနေလို့ စုန့်ဝမ် စိတ်ပါအောင် ဆွဲဆောင်ဖို့ အကြံထုတ်နေရတယ်။ ဆေးသောက်လိုက်ပေမယ့် အသေခံဖို့ ဆုံးဖြတ်ပြီး ချီကို မလည်ပတ်ရင် ဆေးစွမ်းအင်ကို မစုပ်ယူနိုင်ဘဲ ချီနဲ့ သွေး ကုန်ခမ်းပြီး သေသွားတာပဲ ရှိမယ်။ ဆေးအာနိသင်ကို သိလိုက်ရမှာ မဟုတ်ဘူး။

စုန့်ဝမ် ချီကိုလည်ပတ်ပြီး ဆေးအစွမ်းကို စုပ်ယူမှသာ ဆေးက ထိရောက်မှု ရှိ၊ မရှိ သိနိုင်မှာဆိုတော့ တင်းမာနေတဲ့ ကျိုးယင်မျက်နှာလည်း ခုမှ နည်းနည်းလျှော့လိုက်ရတယ်။

“စိတ်မပူနဲ့၊ ဒီတစ်ခါက မင်းကို နောက်ဆုံးအကြိမ် စမ်းသပ်တာပဲ။ သောက်ပြီးရင် မင်းလိုချင်တဲ့ ခုနှစ်ရက်နှလုံးကွဲကြေအဆိပ်ရဲ့ ဖြေဆေးကို ပေးမယ်။ အချိန်တန်ရင် တကယ့်လွတ်လပ်ခွင့် ပေးမယ်ကွာ။ ထျန်းရှဂိုဏ်းမှာ ဆက်နေ၊ မနေ မင်းကိုယ်တိုင် ဆုံးဖြတ်လို့ရမယ်”

“ကောင်းပါပြီ .. ဆရာ ကတိတည်ဖို့ မျှော်လင့်ပါတယ်”

စုန့်ဝမ်က စကားအဖြစ်သာ ပြောလိုက်တယ်၊ ကျိုးယင်ကို လုံးဝမယုံဘူး။ သံသယလျော့အောင် ဟန်ဆောင်ရုံသက်သက်ပဲ။ ရောက်လာသမျှ လူငယ်တိုင်း၊ ချီမစုစည်းနိုင်သူပါမချန် အကုန်သတ်နေတဲ့ ကျိုးယင်လိုလူက သူ့ကို အသက်ချမ်းသာပေးမှာ မဟုတ်မှန်း သိပြီးသား။

…………….

All Chapters