← Chapters

ဆေးစမ်းသပ်ခံရပြန်ပြီ

Vol. 2 Ch. 21

ဆေးစမ်းသပ်ခံရပြန်ပြီ

Vol. 2 Ch. 21

စုန့်ဝမ်လည်း ငြင်းမရတဲ့အဆုံး တင်ပလ္လင်ခွေထိုင်ပြီး အသက်ရှူ ချိန်ညှိရင်း ချီလည်ပတ်မှု စတင်ဖို့ ပြင်လိုက်တယ်။ အသင့်ဖြစ်တာနဲ့ ဆေးလုံးကို သောက်လိုက်တယ်။

ဆေးလုံးက ဗိုက်ထဲရောက်သွားတာနဲ့ အရင်တစ်ခါလိုပဲ ပူနွေးတဲ့စွမ်းအင်တစ်ခု ပေါ်လာပြီး သွေးကြောထဲ စီးဆင်းသွားတယ်။ ဝိညာဥ်စွမ်းအင် တရှိန်ထိုး တိုးပွားလာပြီး စုန့်ဝမ် သန့်စင်လိုက်တာနဲ့ ဒန်တန်ထဲ စီးဝင်သွားတယ်။ ဆေးအာနိသင်က ထုံးစံအတိုင်းပဲ၊ သွေးချီကို ဝါးမျိုရင်း ဝိညာဥ်စွမ်းအင်အဖြစ် အသွင်ပြောင်းပစ်တာ။ စုန့်ဝမ်ရဲ့ သွေးချီတွေ လျင်လျင်မြန်မြန် ကုန်ခမ်းလာတယ်။

စုန့်ဝမ် စိတ်တည်ငြိမ်အောင် ထိန်းထားပြီး လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကို ဖော်ထုတ်ရင်း အဲဒီစွမ်းအင်ရဲ့ရင်းမြစ်ကိုပါ ရှာဖွေစူးစမ်းနေတယ်။ နောက်ဆုံးတော့ လျှို့ဝှက်ဆန်းကြယ်စွမ်းအင် ထွက်ပေါ်လာချိန် ဘယ်နေရာက ထွက်ပေါ်လာတယ်ဆိုတာ ခံစားသိရှိသွားတယ်။

ဒီစွမ်းအင်က ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ အရိုးတွေရဲ့ အနက်ရှိုင်းဆုံးနေရာက လာတာ။ အရိုးထဲမှာရှိတဲ့ ချဥ်ဆီဆီက ထွက်ပေါ်လာနေတာ။ နောက်ဆုံးတော့ လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကို အတော်လေး နားလည်သွားတယ်။ စုန့်ဝမ် စုပ်ယူခဲ့သမျှ သွေးအဆီအနှစ်တွေကို သူ့သွေးအဆီအနှစ်အဖြစ် အသွင်ပြောင်းပြီး ပေါင်းစပ်စုစည်းပေးခဲ့တာ။ သွေးအဆီအနှစ်က သွေးရည်ကြည် မဟုတ်ဘဲ သွေးထဲက ဓာတ်စွမ်းအင်တစ်မျိုး။ အသက်စွမ်းအင်ရဲ့ အနှစ်သာရလည်း ဖြစ်တယ်။ ဒါက ကျန်းမာတာ၊ အသက်ရှည်တာတွေနဲ့ ဆက်စပ်နေမယ်လို့တော့ စုန့်ဝမ် ရိပ်စားမိတယ်။

စုန့်ဝမ်က လူငါးယောက်ရဲ့ သွေးအဆီအနှစ်ကို စုပ်ယူခဲ့ပြီးဖြစ်လို့ ဒီတစ်ကြိမ် ထွက်ပေါ်လာတဲ့ သွေးစွမ်းအင်က အရင်ထက် အများကြီး ပိုအားကောင်းတယ်။ ဆေးအာနိသင်ရဲ့ ဝါးမျိုနှုန်းကို တန်ပြန်ထိန်းညှိနိုင်ခဲ့တာကြောင့် အားနည်းတဲ့လက္ခဏာ လုံးဝပေါ်မလာခဲ့ဘူး။

စုန့်ဝမ်မှာ ဘေးထွက်ဆိုးကျိုးလက္ခဏာ ပေါ်မလာလို့ စောင့်ကြည့်နေတဲ့ကျိုးယင် ဝမ်းသာနေတယ်။ သူနှစ်ပေါင်းများစွာ စမ်းသပ်ခဲ့ရတဲ့ သွေးချီဆေးလုံး နောက်ဆုံးတော့ အောင်မြင်ခဲ့ပြီလို့ မှတ်ထင်သွားတယ်။

စုန့်ဝမ်ကတော့ ကျိုးယင်လို မပျော်နိုင်ဘူး။ ကျိုးယင် ဘယ်လိုတောင် ဖော်စပ်ခဲ့လဲ မသိ၊ ဆေးအာနိသင်က အရင်ဆေးထက် နှစ်ဆလောက် ပိုနေလို့ အသည်းအသန် ချေဖျက်နေရတယ်။ ကုံးဟန်တို့ ၃ ယောက်ဆီက သွေးအဆီအနှစ်သာ မစုပ်ယူခဲ့ရင် ကျိန်းသေပေါက် သေမှာ။ ခုလည်း ကျိုးယင်ကို စိတ်ထဲက ကျိန်ဆဲရင်း ကြိုးစားချေဖျက်နေရတယ်။

သွေးချီဆေးရဲ့ သဘာဝက ဆေးအစွမ်း ကောင်းလေ၊ ချီနဲ့သွေးကို များများလောင်ကျွမ်းပြီး ဝိညာဥ်စွမ်းအား များများထုတ်ပေးတာမျိုး။ အခု ဆေးအာနိသင် ပြင်းထန်တဲ့ဆေးက စုန့်ဝမ်အတွက် ဝိညာဥ်စွမ်းအား အများကြီး ထုတ်လုပ်ပေးသွားတယ်။

ဒီလိုနဲ့ ဆေးအာနိသင် ကုန်ခါနီးမှာ စုန့်ဝမ် အဆင့်ချိုးဖျက်ပြီး ချီစုစည်းခြင်း ဒုတိယအလွှာကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တယ်။

ဘေးကစောင့်ကြည့်နေတဲ့ကျိုးယင်လည်း သူဖော်တဲ့ဆေး အောင်အောင်မြင်မြင် အစွမ်းပြပြီ ထင်ပြီး ဝမ်းသာသွားတယ်။

“ငါလုပ်နိုင်ပြီ .. တကယ်လုပ်နိုင်ခဲ့ပြီ”

နှစ်ပေါင်းများစွာ စိတ်ဒုက္ခပေးလာတဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်မယ့် မျှော်လင့်ချက် ပေါ်လာလို့ ချက်ချင်း ဆေးထသောက်ချင်စိတ်တောင် ပေါ်သွားတယ်။ ဒါပေမယ့် စိတ်ကို အတင်းချိုးနှိမ်ပြီး စုန့်ဝမ် ဆေးစွမ်းအင်ကို အပြီးသန့်စင်နိုင်တဲ့အထိ စောင့်ကြည့်နေခဲ့တယ်။

နာရီဝက်လောက်နေတော့ စုန့်ဝမ် ဆေးအာနိသင်ကို သန့်စင်တာ ပြီးသွားတယ်။ ကျင့်ကြံမှုအဆင့်ကလည်း ချီစုစည်းခြင်း ဒုတိယအဆင့်မှာ တည်ငြိမ်သွားတယ်။ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့အသိကြောင့် စုန့်ဝမ်လည်း စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေတယ်။

“ဆရာ .. ဆေးမှာ ပြဿနာ မရှိဘူး။ ကျနော်လည်း အဆင့်တက်သွားပြီ”

ကျိုးယင်က ခေါင်းညိမ့်ရင်း စုန့်ဝမ် လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး သူ့ဝိညာဥ်စွမ်းအင်နဲ့ စစ်ဆေးကြည့်တယ်။ စုန့်ဝမ်အခြေအနေက တကယ်ကို ကောင်းမွန်နေတယ်၊ ဘာပြဿနာမှ မရှိဘူး။ ချီစုစည်းခြင်း ဒုတိယအဆင့် ရောက်သွားပြီး တည်ငြိမ်တဲ့အခြေအနေမှာ ရှိတယ်။ အရာအားလုံးက သွေးချီဆေးလုံး အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့ပြီလို့ ညွှန်ပြနေတယ်။

“အရမ်းကောင်းတယ်၊ မင်းအနားယူလို့ ရပြီ။ ငါအဆင့်တက်ဖို့ ကျင့်ကြံလိုက်ဦးမယ်။ ခြံထဲကကိစ္စအားလုံး မင်းတာဝန်ယူရမယ်၊ ကာကွယ်ရမယ်။ ဘယ်သူမှ အပေါ်တက်ခွင့် မပြုနဲ့”

“ဆရာ .. ဖြေဆေးလေး အရင်ပေးလို့ရမလား”

စုန့်ဝမ် မရဲတရဲနဲ့ ပြောလိုက်တယ်။

ကျိုးယင်မျက်ဝန်းထဲ သတ်ဖြတ်လိုစိတ်အရောင် လက်ခနဲ ဖြစ်သွားပေမယ့် ချက်ချင်း ပြန်ပျောက်သွားတယ်။

“စောင့်ဦး၊ ငါကျင့်ကြံတာပြီးရင် ပေးမယ်”

“ကျေးဇူးတင်ပါ ဆရာ။ ဆရာကျင့်ကြံနေတာ ဘယ်သူမှ အနှောင့်အယှက် မပေးနိုင်အောင် ကျနော် ကာကွယ်ထားပါ့မယ်”

ပြောပြီးတာနဲ့ စုန့်ဝမ် အောက်ထပ်ကို ဆင်းသွားပြီး လှေကားရင်းမှာ ရပ်စောင့်နေလိုက်တယ်။

စုန့်ဝမ် ကင်းစောင့်နေတာ သေချာအောင် ချောင်းကြည့်ရင်း ကျိုးယင်မျက်နှာမှာ အေးစက်စက်အပြုံးတစ်ခု ပေါ်လာတယ်။

“ငါချီစုစည်းခြင်း အလယ်အလွှာရောက်ရင် မင်းမှာ အခွင့်အရေး မရှိတော့ဘူး”

ကျိုးယင်လည်း စိတ်ချရတာနဲ့ တံခါးပိတ်ပြီး ကျင့်ကြံဖို့ ပြင်ဆင်လိုက်တယ်။ အရေးကြီးတဲ့ အလယ်အလွှာကို ချိုးဖျက်ရမှာဖြစ်လို့ သွေးချီဆေးကို အလျင်စလို မသောက်ဘဲ၊ အကောင်းဆုံး အခြေအနေ ရှိစေဖို့ ဝိညာဥ်စွမ်းအားကို ညှိယူနေခဲ့တယ်။

နာရီပေါင်းများစွာကြာပြီး ညနက်တဲ့အထိ ကျိုးယင်ပြင်ဆင်တာ မပြီးသေးဘူး။ စုန့်ဝမ်ကလည်း လှေကားရင်းက တစ်လက်မမှ မခွာဘဲ စောင့်နေခဲ့တယ်။ ချန်ယီက အစားအသောက် နှစ်ကြိမ်လာပို့တာတောင် လက်မခံခဲ့ဘူး။

ကျိုးယင်လည်း ကျေနပ်သွားတယ်။

“ဘယ်လောက်တောင် ရိုးအလိုက်တဲ့ကောင်လဲ။ မင်းကို သတ်ပြီးရင် နည်းနည်းတော့ စိတ်မကောင်းဖြစ်မိမှာ အမှန်ပဲ”

အားလုံးအသင့်ဖြစ်တာနဲ့ ကျိုးယင်လည်း သွေးချီဆေးလုံးကို မျိုချလိုက်တယ်။ ဆေးလုံးဗိုက်ထဲရောက်တာနဲ့ အားပြင်းတဲ့ဆေးအစွမ်းက ပူနွေးတဲ့စီးကြောင်းအဖြစ် အသွင်ပြောင်းပြီး သွေးကြောထဲ အရှိန်အဟုန်နဲ့ လည်ပတ်စီးဆင်းပါတော့တယ်။ ချက်ချင်းဆိုသလို အားကောင်းတဲ့ ဝိညာဥ်စွမ်းအင်တွေ ပေါ်လာတယ်။

ကျိုးယင်လည်း ကျင့်စဥ်အတိုင်း အမြန်ဆုံးသန့်စင်ပြီး စွမ်းအင်ကို ဒန်တန်ဆီ ပို့လွှတ်ရင်း အတားအဆီးကို ချိုးဖျက်ဖို့ ပြင်ဆင်နေခဲ့တယ်။

“ဒါ .. ဘယ်လိုဖြစ်တာလဲ”

ရုတ်တရက်ဆိုသလို တစ်ခုခု မှားနေတာ ကျိုးယင် ခံစားမိလိုက်တယ်။ ဆေးအစွမ်းက သွေးကြောအနှံ့ လည်ပတ်တာနဲ့အမျှ သူ့သွေးနဲ့ချီ အလျင်အမြန် ကုန်ခမ်းလာတာ သတိပြုမိသွားတယ်။

“မဟုတ်သေးပါဘူး။ ဟိုအကောင်စုန့်ဝမ် ဆေးသောက်တဲ့အချိန်က သွေးနဲ့ချီ ဘယ်လောက်မှ မကုန်ဘူး။ ခုမှ ဘာဖြစ်တာလဲ”

ကျိုးယင်အခြေအနေက မုန်တိုင်းထဲရောက်တဲ့ လှေငယ်လို ဖြစ်နေပြီ။ ရပ်လို့လည်း မရတော့ဘူး။ ချီနဲ့သွေး မကုန်ခမ်းခင် ဆေးစွမ်းအင်ကို သန့်စင်နိုင်ဖို့ပဲ တတ်နိုင်တော့တယ်။

အတန်ကြာ ကြိုးစားပြီးတော့ စတုတ္ထအဆင့် တက်ဖို့ မျှော်လင့်ချက် မရှိတော့တာ ရိပ်မိလာပြီ။ သွေးနဲ့ချီ မကုန်ခမ်းခင် ဆေးစွမ်းအင်ကို အကုန်အစင် မသန့်စင်နိုင်မှာလည်း တွက်ဆမိခဲ့ပြီ။ ချီနဲ့သွေး မလုံလောက်တဲ့အဆုံး ခန္ဓာကိုယ်က ပြိုလဲမတတ် အားနည်းလာခဲ့တယ်။ အရင်က သူဆေးစမ်းတာ ခံရသူတွေ ခံစားခဲ့ရတဲ့ နာကျင်မှုနဲ့ အကြောက်တရားကို ကျိုးယင် ခံစားမိသွားပြီ။

……………

All Chapters