လွတ်လပ်ပြီ
Vol. 2 Ch. 22
“အား …”
နောက်ဆုံးမှာ ကျိုးယင် တောင့်မခံနိုင်တော့ဘဲ နာနာကျင်ကျင် အော်ဟစ်ပြီး ကြမ်းပြင်ပေါ် လဲကျသွားတယ်။ ပြင်းထန်တဲ့ဝေဒနာကြောင့် တဆက်ဆက် တုန်ယင်နေပြီး ချီနဲ့သွေး လျင်လျင်မြန်မြန် ခမ်းခြောက်လာတာကြောင့် အရေပြားတွေ ခြောက်ကပ်လာတယ်။
စုန့်ဝမ်က အောက်ထပ်လှေကားရင်းမှာ စောင့်နေတယ်ဆိုပေမယ့် တကယ်က အပေါ်ထပ်က အခြေအနေကို နားစွင့်နေတာ။ သူ့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်က ကျိုးယင်တစ်ယောက် အားနိုတို့ကံကြမ္မာမျိုးနဲ့ ရင်ဆိုင်ရဖို့ပဲ။ ဆေးအာနိသင်ကို သိပေမယ့် ကျိုးယင် ခံနိုင်ရည် ရှိ၊ မရှိ သေချာမတွက်နိုင်လို့ ရင်တမမနဲ့ စောင့်နေခဲ့ရတယ်။
အပေါ်ထပ်ကနေ ကျိုးယင်ရဲ့ အော်ညည်းသံနဲ့အတူ လဲကျသွားတဲ့အသံပါ ကြားလိုက်ရချိန်မှာတော့ စုန့်ဝမ် ထခုန်မိမတတ် ဝမ်းသာသွားတယ်။
“အချိန်ကျပြီကွ”
သေချာပြီဆိုပေမယ့် စုန့်ဝမ် အရဲမကိုးဝံ့သေးဘူး။ ဖြည်းဖြည်းချင်း တက်ပြီး တံခါးမဖွင့်သေးဘဲ အသံကို နားစွင့်လိုက်တယ်။ အထဲက ပြင်းထန်တဲ့အသက်ရှူသံနဲ့ နာနာကျင်ကျင် ညည်းညူသံတွေကြောင့် သေချာသွားတယ်
“ဆရာ .. ဘာဖြစ်တာလဲ၊ အဆင်ပြေရဲ့လား”
ကျိုးယင်က ပြန်တောင် မဖြေနိုင်တော့ဘူး၊ ညည်းညူသံလည်း တဖြည်းဖြည်း တိုးလာတယ်။ စုန့်ဝမ်လည်း ဓားမြှောင်ကို ထုတ်ယူပြီး လက်နောက်ပြန်နဲ့ ကျောနောက်ဖွတ်ယူ တံခါး တွန်းဖွင့်လိုက်တယ်။
အခန်းထဲမှာ ကျိုးယင်အခြေအနေက အတော်ဆိုးနေပြီ။ မြေပြင်ပေါ် ခွေခွေလေး လဲကျရင်းက တဆက်ဆက် တုန်ယင်နေတယ်။ နှုတ်ကလည်း မပီဝိုးတဝါး ညည်းညူနေတယ်။
စုန့်ဝမ် သတိနဲ့ တစ်လှမ်းချင်း ချဥ်းကပ်လာတယ်။
“ဆရာ .. သတိထားပါဦး”
နာကျင်မှုကြောင့် သတိလွတ်လုမတတ်ဖြစ်နေတဲ့ကျိုးယင်လည်း စုန့်ဝမ် သူနဲ့ လက်တစ်ကမ်းအကွာရောက်မှ သတိထားမိသွားတယ်။
“ကယ် .. ကယ်ပါဦး”
ကျိုးယင်ခမျာ ဘာမှားသွားလဲဆိုတာ ခုထိ နားမလည်နိုင် ဖြစ်နေတယ်။ စုန့်ဝမ်သောက်ခဲ့တဲ့ဆေးနဲ့ သူ့ဆေးက အတူတူပဲ၊ ဘာမှ မကွာခြားဘူး။ စုန့်ဝမ်ကျတော့ ပြဿနာ လုံးဝမပေါ်ဘဲ၊ ပိုအင်အားကောင်းတဲ့သူကျမှ ချီနဲ့သွေး ကုန်ခမ်းပြီး သေလုမျောပါး ဖြစ်ရတယ်လို့။
ဘာပဲပြောပြော စုန့်ဝမ်က လက်ရှိအချိန်မှာ သူ့ကို ကယ်တင်နိုင်တဲ့ တစ်ဦးတည်းသောလူ ဖြစ်နေတယ်။ ကျိုးယင် အနီးနား စားပွဲပေါ်က သစ်သားသေတ္တာလေးကို လှမ်းကြည့်ရင်း အားတင်းပြောလိုက်တယ်။
“ဂျင် .. ဂျင်ဆင်း .. ယူပေး”
သစ်သားသေတ္တာထဲမှာ သူ့အတွက် အထူးပြင်ဆင်ထားတဲ့ သက်တမ်းရှည်ဂျင်ဆင်း ရှိနေတယ်။ ဒါက ချီနဲ့ သွေးကို အားဖြည့်ပေးနိုင်တဲ့ ထိပ်တန်းဆေးမြစ်။ လက်ရှိအနေအထားက ဆေးစွမ်းကို ခံနိုင်ပါ့မလား မသေချာပေမယ့် မသောက်လည်း သေမယ့်အတူတူ စွန့်စားဖို့ ဆုံးဖြတ်လိုက်တယ်။
“ယူပေးမယ် .. ဆရာ ခဏတောင့်ထားဦး”
စုန့်ဝမ်က ထရပ်ရင်း စားပွဲဆီ ဖြည်းဖြည်းချင်း တိုးသွားတယ်။ အကြည့်ကတော့ ကျိုးယင်ဆီကနေ လုံးဝမခွာဘူး။ ကျိုးယင် ခုခံနိုင်စွမ်း လျော့နည်းလာအောင် တမင်အချိန်ဆွဲပြီး လုပ်နေတယ်။
ကျိုးယင် ဘယ်လောက်အခြအနေဆိုးဆိုး သူမပေါ့ဆရဲဘူး။ ဝတုတ်လေးကို အဆောင်စာရွက်တစ်ခုနဲ့ မီးတိုက်ပစ်ခဲ့တဲ့မြင်ကွင်းကို မေ့မရသေးဘူးလေ။ ကျိုးယင်လို ဥာဏ်များတဲ့ကျင့်ကြံသူနဲ့ ရင်ဆိုင်ချိန် သတိထားတာ ပိုတယ် မရှိဘူး။
“မြန်မြန်”
စုန့်ဝမ် နှေးနေတာကြောင့် ကျိုးယင် မနေနိုင်တော့ဘဲ ဖြစ်ညစ်ပြောလိုက်တယ်။
“လာပါပြီ ဆရာ”
စုန့်ဝမ် သေတ္တာဖွင့်ပြီး ဂျင်ဆင်းကို ယူလိုက်တယ်။ ကျိုးယင်နား ထိုင်ပြီး ပေးဖို့ ကြံရွယ်လိုက်ပေမယ့် ကျိုးယင် လက်တောင်မမြှောက်နိုင်တာ တွေ့လိုက်ရတယ်။ သူစိုးရိမ်နေတဲ့ မှော်အဆောင်နဲ့ တိုက်ခိုက်တာ မလုပ်နိုင်တော့မှန်း သေချာသိရလို့ ဝမ်းသာသွားတယ်။
စုန့်ဝမ်လည်း ဂျင်ဆင်းကို ကျိုးယင်ပါးစပ်ဝ တေ့ပေးလိုက်တယ်။ ဒါပေမယ့် ကျိုးယင်က ကိုက်တောင် မကိုက်နိုင်တော့ဘူး။ ကျိုးယင် ဂျင်ဆင်းကို ကိုက်ဝါးဖို့ ကြိုးစားနေချိန် ဦးခေါင်းဆီက နာကျင်မှုနဲ့အတူ မှောင်အတိကျသွားပါတော့တယ်။
စုန့်ဝမ်ရဲ့ဓားမြှောင်က ကျိုးယင်ဦးခေါင်းမှာ တဆုံးထိ စိုက်ဝင်နေပြီ။ ကျိုးယင်မျက်လုံးတွေမှာ မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နေတယ်။ ဒီအချိန်မှာ အဆိပ်ဖြေဆေး မရသေးတဲ့စုန့်ဝမ် သူ့ကို အသေသတ်ရဲမယ်လို့ ထင်မထားခဲ့ဘူး။ ဒီလိုနဲ့ပဲ သက်တမ်းရင့်ကျင့်ကြံသူကျိုးယင် အင်မော်တယ်လမ်းစဥ်မုခ်ဝဖြစ်တဲ့ ချီစုစည်းခြင်း အလယ်အလွှာကို တက်ရောက်ခါနီးမှာ ပဟေဠိများစွာနဲ့အတူ ဘဝဇတ်သိမ်းသွားခဲ့တယ်။
စုန့်ဝမ်က တစ်မိနစ်လောက် စောင့်ပြီး သေချာပြီဆိုမှ ဓားမြှောင်ကို ပြန်ဆွဲနှုတ်လိုက်တယ်။
“ဘာလို့လဲ သိချင်ရင်၊ အားနိုတို့နဲ့ တွေ့တဲ့အခါ မေးလိုက်ပေါ့”
တီးတိုးရေရွတ်ရင်း ကျိုးယင်ခေါင်းကဒဏ်ရာပေါ် လက်တင်ပြီး သွေးအနှစ်သာရကို စုပ်ယူလိုက်တယ်။
သွေးချီဆေးအစွမ်းကြောင့် သွေးအများစု ခမ်းခြောက်သွားပေမယ့် ချီစုစည်းမှု တတိယအဆင့် ကျင့်ကြံသူပီပီ ကျိုးယင်ရဲ့ သွေးအဆီအနှစ်က သာမန်လူထက် ပိုများနေသေးတယ်။
သွေးအဆီအနှစ်ကို စုပ်ယူနေရင်း တခြားအရာတစ်ခု၊ ဝိညာဥ်စွမ်းအင်ကိုပါ စုပ်ယူနေမိတာ စုန့်ဝမ် သတိထားလိုက်မိတယ်။ အရင်ကလို ချက်ချင်း မစုပ်ယူဘဲ၊ တစ်မိနစ်လောက်နေမှ စုပ်ယူလို့လား၊ ကျိုးယင်က ကျင့်ကြံသူဖြစ်နေလို့လားတော့ ဝေခွဲမရခဲ့ဘူး။
ကျိုယင်ဆီက သွေးအဆီအနှစ် လုံးဝကုန်ခမ်းအောင် စုပ်ယူပြီးတာနဲ့ အလောင်းပေါ်မှာ ရှာဖွေရေး စလုပ်တယ်။ ဒါပေမယ့် ဘာတစ်ခုမှ မတွေ့ရဘူး။ ဒါနဲ့ အခန်းထဲမှာ အကြိုအကြားမချန် ထပ်ရှာတယ်၊ မတွေ့ပြန်ဘူး။ အံဝှက်တွေ ရှိမလား ရှာတော့လည်း ဘာမှမတွေ့ပြန်ဘူး။
အကုန်မွှေနှောက်ရှာပြီးတာတောင် တန်ဖိုးရှိတာ ဘာတစ်ခုမှ မတွေ့ရလို့ စုန့်ဝမ် အံအားသင့်သွားတယ်။
“မဖြစ်နိုင်တာ။ ကျိုးယင်မှာ စာအုပ်တွေ၊ ဆေးလုံးတွေ၊ မှော်အဆောင်တွေ ရှိပါတယ်။ ဘယ်မှာ ဖွတ်ထားလဲ မသိဘူး”
စုန့်ဝမ် တစ်ခုခုကို တွေးမိသွားသလိုနဲ့ ကျိုးယင်ရဲ့လက်စွပ်ဆီ အကြည့်ရောက်သွားတယ်။ လက်စွပ်မှာပါတဲ့ ကျောက်စိမ်းက အတော်ကြီးတယ်။ ချွတ်ယူပြီး ဆွဲဖြုတ်ကြည့်တော့မှ အံဝှက်လေး ပေါ်လာပြီး အထဲကနေ သေသေသပ်သပ် ခေါက်ထည့်ထားတဲ့ အဝတ်အိတ်ငယ်လေး ထွက်လာတယ်။ သူ့ရဲ့ အားနည်းနေသေးတဲ့ ဝိညာဥ်စွမ်းအားကို ထိုးထည့်ကြည့်လိုက်တော့ ထင်ထားတဲ့အတိုင်း သိုလှောင်အိတ်တစ်ခု ဖြစ်နေတာ တွေ့လိုက်ရတယ်။
သိုလှောင်အိတ်က သိပ်တော့ မကြီးဘူး၊ ၃ မီတာ ပတ်လည်ပဲ ရှိတယ်။ အထဲမှာ စာအုပ်တွေ၊ ပုလင်းငယ်လေးတွေ၊ အဝါရောင်စာရွက်တွေအပြင် မီးဖိုလေးတစ်လုံးပါ တွေ့လိုက်ရတယ်။
ရှာတွေ့ပြီဆိုတာနဲ့ အထဲကပစ္စည်းတွေ အကုန်ထုတ်ယူပြီး အိတ်တစ်လုံးထဲ စုထည့်လိုက်တယ်။ နောက်ပြီး ခြောက်ကပ်နေတဲ့ ကျိုးယင်အလောင်းကို အိပ်ရာခင်းနဲ့ ပတ်ပြီး သိုလှောင်အိတ်ထဲ ထည့်လိုက်တယ်။ ကြမ်းပြင်ပေါ် ကျနေတဲ့သွေးစက်တွေကို အဝတ်နဲ့ ပြောင်စင်အောင် သုတ်ပြီး၊ အဝတ်ကိုပါ သိုလှောင်အိတ်ထဲ ပစ်ထည့်လိုက်တယ်။ အားလုံးရှင်းပြီးတာ သေချာအောင် ပြန်စစ်ပြီးမှ စုန့်ဝမ် သူ့အခန်းဆီ ပြန်လာခဲ့တယ်။
အခု စုန့်ဝမ် အတော်လေး စိတ်ပေါ့ပါးနေပြီ။ အကြီးမားဆုံး အန္တရာယ်ကို ရှင်းနိုင်ခဲ့ပြီ။ အခု အသက်အန္တရာယ် ပေးနိုင်တာဆိုလို့ ခုနှစ်ရက်နှလုံးကွဲကြေအဆိပ်ပဲ ကျန်တော့တယ်။
“ကဲ .. ကျိုးယင်ဆီမှာ ဖြေဆေးရှိလား စစ်ရသေးတာပေါ့”
စုန့်ဝမ် ဆေးရှာဖို့ ကျိုးယင်ရဲ့ပစ္စည်းတွေ စုထည့်လာတဲ့အိတ်ကို ဖွင့်စစ်တယ်။ ဖြေဆေးရှာဖို့ စိတ်လောနေလို့ ဆေးပုလင်းတွေကို အရင်စစ်တယ်။ ပုလင်းက ၃ လုံး၊ စာလည်း ကပ်ထားတယ်။ တစ်လုံးက သွေးချီဆေးလုံးလို့ ရေးထားပြီး ၂ လုံး ရှိတယ်။ နောက်တစ်ခုက ခုနှစ်ရက်နှလုံးကွဲကြေဆေးလို့ ရေးထားပြီး ၁ လုံးပဲ ရှိတယ်။ ဖွင့်ကြည့်တော့ သူသောက်ခဲ့ရတဲ့ အဆိပ်ဆေးလုံးနဲ့ ပုံစံတူတူပဲ။ နောက်ဆုံးတစ်ပုလင်းက အဆိပ်ဖြေဆေးလို့ ရေးထားပြီး ၃ လုံး ရှိတယ်။ ၂ လုံးက အနီဖျော့ဖျော့၊ သူသောက်ဖူးတဲ့ယာယီဖြေဆေး။ တစ်လုံးက အနီရင့်ရောင် ရှိပြီး မမြင်ဖူးသေးဘူး။
စုန့်ဝမ်လည်း တွေဝေမနေဘဲ သောက်ချလိုက်တယ်။ လက်ရှိမှာ ချီစုစည်းမှု ဒုတိယအဆင့်ရောက်လို့ အာရုံခံနိုင်စွမ်း အားကောင်းနေပြီ။ ဝမ်းဗိုက်ထဲမှာ အေးစက်စက်စွမ်းအင်တစ်ခု ကပ်ငြိနေပြီး အချိန်မရွေး ပေါက်ကွဲမလို ဖြစ်နေတာကို အာရုံခံမိနေပြီ။ ဒါက အဆိပ်စွမ်းအင်ပဲ၊ ဆေးသောက်ပြီး သိပ်မကြာခင် အေးစက်စက်စွမ်းအင် လျင်လျင်မြန်မြန်ပဲ ပျောက်ကွယ်သွားတယ်။
စုန့်ဝမ် အခုမှပဲ သက်ပြင်းချနိုင်တော့တယ်။ ဒါက ဖြေဆေးအစစ်ပဲ၊ ကျန်ရှိနေတဲ့အန္တရာယ်ကို ရှင်းလိုက်နိုင်လို့ စိတ်သက်သာရာ ရသွားတယ်။
………..