ဗဟုသုတစုဆောင်းမယ်
Vol. 2 Ch. 23
အဆိပ်ဖြေဆေး သောက်ပြီးတာနဲ့ စုန့်ဝမ်လည်း ကျိုးယင်ရဲ့ပစ္စည်းတွေ တစ်ခုချင်း စစစ်လိုက်တယ်။ အဝါရောင်စာရွက်တွေ ရေးဆွဲပြီးစီးတဲ့ မှော်အဆောင်တွေ၊ အားလုံး ၁၂ ခု ရှိတယ်။ ပုံစံက ၄ မျိုး။ အဖြူရောင်စာရွက်တွေက အလွတ်တွေ။ စာရွက်ဆိုပေမယ့် စက္ကူ မဟုတ်ဘူး၊ တိရစ္ဆာန်သားရေနဲ့ လုပ်ထားတာ၊ အရမ်းလည်း နူးညံ့တယ်။ ရေးဆွဲတာကလည်း စာရေးတဲ့ကလောင်တံနဲ့ မဟုတ်လောက်ဘူး။ မှင်ကလည်း စာရေးမှင်နဲ့ မတူဘူး၊ အနီရောင်ရင့်ရင့်မှင်။ အားလုံးက မှော်အဆောင်ရေးဆွဲဖို့ အထူးပြုထုတ်လုပ်ထားတဲ့အရာတွေ သုံးထားတာပဲ။
ဘာနဲ့ရေးဆွဲလဲ စစ်ကြည့်တော့ စာရေးကလောင်တံ မတွေ့ရဘဲ အဖြူရောင်မြေဖြူတံကို သတိထားမိသွားတယ်။ ဒါနဲ့ ရေးဆွဲတာ ဖြစ်မယ်။ မှင်အိုးကို ကိုင်ကြည့်တော့ မှော်အဆောင်တွေမှာ တွေ့ရတဲ့ အနီရင့်ရင့်မှင်၊ စေးပျစ်နေတယ်။ အဖြူရောင်သားရေစာရွက်ပေါ် အနီရောင်မှင်ကို မြေဖြူတံသုံးပြီး ရေးဆွဲလိုက်ရင် အဝါရောင်မှော်အဆောင်စာရွက် ဖြစ်လာတဲ့သဘောပဲ။
စုန့်ဝမ်က မှော်အဆောင်တွေကို စိတ်ဝင်စားလို့ သေချာကြည့်နေတယ်။ ကျိုးယင်သုံးခဲ့တဲ့ မီးဘောလုံးမှော်အဆောင်ရဲ့ ကြောက်စရာကောင်းတဲ့ ဖျက်ဆီးနိုင်စွမ်းကို သူမေ့မရဘူးလေ။ အခု မှော်အဆောင်နဲ့ ရေးဆွဲရာမှာ အသုံးပြုတဲ့ပစ္စည်းတွေတော့ ရလိုက်ပြီ။ ဘယ်လိုသုံးရမလဲပဲ မသိတာ။
စုန့်ဝမ်အကြည့်က စာအုပ်တွေပေါ် ရောက်သွားတယ်။ နည်းလမ်းက စာအုပ်တစ်အုပ်အုပ်မှာ ကျိန်းသေ ရှိရမယ်။ ပထမတစ်အုပ်က သက်ရှည်နည်းစနစ်ကျင့်စဥ်၊ ချီစုစည်းမှု နဝမအဆင့်ထိ ကျင့်စဥ်တွေ ရေးသားထားတယ်။ နောက်နှစ်အုပ်က သူအလွတ်ရနေပြီဖြစ်တဲ့ အဆင့်နိမ့်ဝိညာဥ်ဆေးပင်စိုက်ပျိုးနည်းလက်စွဲနဲ့ ကျိုးယင်ရဲ့မှတ်စု။
နောက်တစ်အုပ်မှ သူရှာနေတဲ့စာအုပ်။ စာအုပ်အဖုံးပေါ်မှာ အခြေခံမှော်အဆောင်ရေးဆွဲနည်းလက်စွဲလို့ ရေးထားတယ်။ စာအုပ်က အတော်ဟောင်းနေပြီ။ စုန့်ဝမ် ဝမ်းသားအားရ ကောက်ကိုင်လိုက်တယ်။ စာအုပ်ကို အကြမ်းဖတ်ပြီးချိန် အဝါရောင်မှောင်အဆောင်စာရွက်တွေက ပထမအဆင့်မှော်အဆောင်ဆိုတာ သိနားလည်လာတယ်။ သုံးစွဲနည်းက ရိုးရိုးရှင်းရှင်းပါပဲ။ ဝိညာဥ်စွမ်းအင် ထည့်သွင်းပြီး အသုံးချရုံပဲ။ လက်ရှိ ရေးဆွဲပြီးမှော်အဆောင် ၁၂ ခုမှာ မီးဘောလုံးအဆောင် ၅ ခု၊ မုန်တိုင်းအဆောင် ၃ ခု၊ ဒိုင်းကာအဆောင် ၃ ခုနဲ့ ပျံသန်းခြင်းအဆောင် ၁ ခု ပါဝင်တယ်။ ပျံသန်းခြင်းအဆောင်က ပထမအဆင့် အလယ်အလတ်အဆောင်ဖြစ်ပြီး၊ ကျန်တာတွေက ပထမအဆင့် အဆင့်နိမ့်မှော်အဆောင်တွေ။
စာအုပ်ထဲ ဖော်ပြထားတာအရ ပျံသန်းခြင်းအဆောင်က လေထဲပျံနိုင်အောင် လုပ်ပေးနိုင်ပေမယ့် ပေ ၃၀ အမြင့်ထိပဲ ပျံတက်နိုင်တယ်။ အဆောင်တစ်ခုက သုံးရင် ၁၅ မိနစ်ပဲ ပျံသန်းနိုင်မယ်။ မပြောပလောက်ဘူး ဆိုပေမယ့် စုန့်ဝမ် အရမ်းဝမ်းသာသွားတယ်။ ပျံသန်းတယ်ဆိုတာ လူသားတစ်ယောက်အတွက် အိပ်မက်ပဲလေ။
အခြေခံမှော်အဆောင်လက်စွဲစာအုပ်မှာ ပထမအဆင့် မှော်အဆောင် ရေးဆွဲနည်း ၂၄ မျိုး ပါတယ်။ မှော်အဆောင်စာရွက် ပြုလုပ်နည်းနဲ့ မှော်မှင်ဖော်စပ်နည်းလည်း ပါဝင်တယ်။ ဒါပေမယ့် နည်းစနစ်တွေက အရမ်းရှုပ်ထွေးပြီး၊ အဆင့်များလွန်းတယ်။ မှော်အဆောင်စာရွက် ဖန်တီးဖို့ဆို တိရစ္ဆာန်အရေခွံ ခွာယူပုံက စပြီး၊ ဆေးစိမ်၊ အဆီထုတ်၊ ဆေးဆိုး၊ အခြောက်ခံ စသဖြင့် လုပ်ငန်းစဥ် တစ်ဒါဇင်လောက် ရှိတယ်။ သာမန်တိရစ္ဆာန်အရေခွံတွေက ပထမအဆင့် အဆင့်နိမ့်မှော်အဆောင်ပဲ ရေးဆွဲလို့ ရတယ်။ အလယ်အလတ်အဆင့် ပျံသန်းခြင်းမှော်အဆောင်က ဝိညာဥ်စွမ်းအင် ပိုသုံးရလို့ ဒါကို ခံနိုင်ရည်ရှိတဲ့ နတ်ဆိုးသားရဲအရေခွံနဲ့ ပြုလုပ်ထားတဲ့စာရွက် လိုအပ်တယ်။
နောက်ဆုံး ၂ အုပ်က ကျိုးယင်နဲ့ ဟွမ်ရှန့်ဆိုတဲ့ကျင့်ကြံသူတို့ရဲ့ အတွေ့အကြုံမှတ်တမ်း ဒိုင်ယာရီတွေ။ အဲဒီ ဒိုင်ယာရီတွေ အချိန်ယူ ဖတ်ကြည့်ပြီးတော့ ကျင့်ကြံမှုလမ်းစဥ်နဲ့ ကျင့်ကြံမှုလောကအကြောင်း စုန့်ဝမ် အတော်လေး နားလည်သွားတယ်။
ကျင့်ကြံမှုအဆင့်တွေက ချီစုစည်းခြင်းအဆင့်၊ အခြေတည်အဆင့်၊ အမြုတေဖွဲ့တည်အဆင့်၊ ရွှေအမြုတေအဆင့်နဲ့ စိတ်ဝိညာဥ်အဆင့်တို့ ရှိတယ်။ ကျိုးယင်နဲ့ ဟွမ်ရှန့်က သူတို့ လက်လှမ်းမီသလောက် ရေးခဲ့တာဆိုတော့ အဲဒီထက် မြင့်မားတဲ့အဆင့်တွေလည်း ရှိနိုင်တယ်။
ချီစုစည်းခြင်းအဆင့်က အဆင့်ငယ် ၉ ဆင့် ရှိတယ်။ အစောပိုင်း ၃ ဆင့်၊ အလယ်အလတ် ၃ ဆင့်နဲ့ နှောင်းပိုင်း ၃ ဆင့်။ ကျန်တဲ့အဆင့်တွေလည်း အလွှာ ၃ လွှာ၊ အဆင့်ငယ် ၉ ဆင့်စီ ရှိတယ်။
ဟွမ်ရှန့်ရဲ့ဒိုင်ယာရီက စိတ်ဝင်စားစရာ ကောင်းတယ်။ သူက ကျင့်ကြံမှုလောကမှာ ကျင်လည်ခဲ့ဖူးတဲ့ လွတ်လပ်တဲ့ကျင့်ကြံသူတစ်ယောက်။ တချို့က လေလွင့်ကျင့်ကြံသူလို့ ခပ်နှိမ်နှိမ် ခေါ်တတ်တယ်။ သူ့ရဲ့ အမြင့်ဆုံးအချိန်မှာ အခြေတည်နယ်ပယ် ဆဋ္ဌမအဆင့်ထိ ရောက်ခဲ့တယ်။ အသက်ကြီးလာချိန် အမြုတေဖွဲ့တည်အဆင့် မချိုးဖျက်နိုင်တာ သေချာတော့မှ အန္တရာယ်များတဲ့ ကျင့်ကြံမှုလောကက ထွက်လာပြီး သေမျိုးလောကမှာ အခြေချခဲ့တယ်။ နှစ်ပေါင်းအတန်ကြာ ကြွယ်ဝတဲ့ဘဝနဲ့ လွတ်လွတ်လပ်လပ် နေခဲ့ပြီး၊ ဘဝနောက်ဆုံးအချိန်မှာ သားသမီးမရှိတဲ့ တစ်ကိုယ်တည်းသမားပီပီ အသင့်စီစဥ်ထားတဲ့ဂူသခ်ျိုင်းထဲမှာ ကွယ်လွန်ခဲ့တယ်။
နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ဆေးဆရာကျိုးယင်က တောင်ပေါ်မှာ ဆေးပင်ရှာရင်း ဟွမ်ရှန့်ရဲ့ဂူကို အမှတ်မထင် တွေ့ရှိပြီး ပညာအမွေ ဆက်ခံခွင့် ရခဲ့တယ်။ ကျိုးယင်က ဟွမ်ရှန့်ချန်ထားခဲ့တဲ့ ကျင့်စဥ်တွေ ကျင့်ကြံပြီး ကျင့်ကြံသူ ဖြစ်လာပေမယ့်၊ ချီစုစည်းခြင်း အလယ်အလတ်အဆင့် မရောက်ဘဲ ကျင့်ကြံမှုလောကကို မသွားရဲခဲ့လို့ သေမျိုးလောကမှာပဲ သောင်တင်နေခဲ့တယ်။
ကျင့်ကြံဖို့က ဝိညာဥ်အမြစ် လိုအပ်တယ်။ ဒါမှ ဝိညာဥ်ချီကို အာရုံခံ စုစည်းနိုင်မှာ။ ဝိညာဥ်အမြစ် အားကောင်းလေ တိုးတက်မှု မြန်ဆန်ပြီး အဆင့်မြင့်မြင့် ရောက်နိုင်လေပဲ။ ဝိညာဥ်အမြစ်ကို စမ်းသပ်နိုင်တဲ့နည်းလမ်းတွေ ဟွန်ရှန့် ချန်ခဲ့တဲ့အထဲ မပါလို့ ကျိုးယင်က တခြားသူတွေမှာ ဝိညာဥ်အမြစ် ရှိ၊ မရှိ ခွဲခြားသိမြင်နိုင်စွမ်း မရှိဘူး။ ဒါကြောင့် ဆေးစမ်းသပ်ခံရှာဖို့ လူရှာရ ခက်ခဲ့တာ။
မှော်အဆောင်ထဲမှာ အလယ်အဆင့်ဖြစ်တဲ့ ပျံသန်းခြင်းအဆောင်က ဟွမ်ရှန့် ရေးဆွဲခဲ့တာ။ ဒီအဆောင်က ချီစုစည်းခြင်း အစောပိုင်းအဆင့် ရေးဆွဲနိုင်တဲ့အရာမျိုး မဟုတ်ဘူး။ ကျန်တဲ့အဆောင်တွေက လက်စွဲစာအုပ်နဲ့ ဟွမ်ရှန့်ရဲ့ဒိုင်ယာရီကို ဖတ်ရှုလေ့လာပြီး ကျိုးယင် ရေးဆွဲခဲ့တာ။ ဆရာမရှိဘဲ စာအုပ်တွေကတဆင့် လေ့လာကျင့်ကြံခဲ့ပြီး ချီစုစည်းခြင်း တတိယအဆင့်ထိ ရောက်ခဲ့တာ ကြည့်ရင် ကျိုးယင်က အတော်ထူးချွန်တယ်ဆိုတာ ငြင်းမရဘူး။
ဟွမ်ရှန့်ဒိုင်ယာရီမှာ ဆေးညွှန်းနဲ့ ကျင့်စဥ်တချို့ မှတ်တမ်းတင်ထားတာ တွေ့ရတယ်။ အဲဒီမှာ သွေးချီဆေးလုံးဖော်စပ်နည်းလည်း ပါတယ်။ ဖတ်ကြည့်ရင်း သွေးချီဆေးလုံးမှာ ဘာပြဿနာရှိလဲပါ သိသွားတယ်။ ဆေးညွှန်းတွေက အပြည့်အစုံမှ မဟုတ်တာ။ သွေးချီဆေးဖော်နည်းဆို အကူဆေးမြစ်နှစ်မျိုးရဲ့ ရောစပ်ရမယ့်ပမာဏကို မရေမရာ ရေးထားတယ်။
ကျိုးယင်လည်း ဖတ်မရတဲ့အဆုံး အကြိမ်ကြိမ် စမ်းသပ်တဲ့နည်းနဲ့ အဖြေရှာဖို့ ကြိုးစားခဲ့တယ်။ ပထမဆုံးအကြိမ် ဖော်စပ်ချိန်ကဆို ဆေးမီးဖို ပေါက်ကွဲပြီး သေလုနီးပါး ကြုံခဲ့ရတယ်လို့ ရေးထားတယ်။ အကြိမ်ကြိမ် ကြိုးစားပြီးတော့မှ လူသောက်လို့ရတဲ့ ခန့်မှန်းပမာဏကို ရခဲ့တယ်။ နောက်တော့ စမ်းသပ်ခံမယ့်သူတွေ ရှာဖွေပြီး စမ်းသပ်နေခဲ့တာ။
ဟွမ်ရှန့်ရဲ့မှတ်တမ်းမှာ မန္တန်တချို့ကိုလည်း မှတ်တမ်းတင်ထားတယ်။ ကျိုးယင်က ဒိုင်းကာမန္တန်နဲ့ မီးတောက်မန္တန်ကို လေ့ကျင့်ခဲ့တယ်။ ချီစုစည်းမှု အစောပိုင်းအဆင့်နဲ့ သုံးနိုင်တာလည်း ဒီနှစ်မျိုးပဲ ရှိတယ်။
စုန့်ဝမ်က ပျံသန်းခြင်းမန္တန်နဲ့ လေဓားမန္တန်ကို သဘောကျသွားတယ်။ တစ်ခုက ကောင်းကင်အမြင့်မှာ ပျံသန်းစေနိုင်တယ်၊ နောက်တစ်ခုက မမြင်ရတဲ့လေဓားသွားနဲ့ သဲလွန်စမကျန် သတ်ဖြတ်နိုင်တယ်။ ဒါတွေသာ တတ်မြောက်ရင် သေမျိုးလောကမှာ ဘာမှကြောက်စရာ မလိုတော့ဘဲ ပြိုင်ဘက်ကင်းအဖြစ် ရပ်တည်နိုင်မှာ။ ခက်တာက ချီစုစည်းမှု စတုတ္ထအဆင့် ရောက်ရှိမှ သင်ယူအသုံးချလို့ ရတာပဲ။ အခု အဆင့်နဲ့ဆို အလှမ်းဝေးလွန်းနေသေးတယ်။
စာအုပ်တွေ ဖတ်ပြီးသွားတော့မှ မီးဖိုနဲ့ နှစ်ပေကျော်ရှည်တဲ့ ကျောက်စိမ်းသေတ္တာကို စစ်ကြည့်တယ်။ ကျောက်စိမ်းသေတ္တာက ဝိညာဥ်ဆေးပင်တွေ အာနိသင်မပျက် ကြာရှည်သိမ်းဆည်းဖို့ သုံးတာ။ မီးဖိုက ဆေးဖော်စပ်ဖို့ ကျိုးယင် သုံးတာ၊ တကယ်က ဟွမ်ရှန့်ရဲ့အမွေ။
အားလုံး စစ်ဆေးပြီးတော့ မနက်အရုဏ်တက်နေပြီ။ မအိပ်ဖြစ်ပေမယ့် စုန့်ဝမ် လန်းဆန်းတက်ကြွနေတယ်။
“အခု ထျန်းရှဂိုဏ်းက ငါ့ကို ချည်နှောင်မထားနိုင်တော့ဘူး။ ငါ ကျိုးယင်နဲ့ ဟွမ်ရှန့်လို သေမျိုးလောကမှာ အခြေချကျင့်ကြံရင်း နေသွားရင် ကောင်းမလား၊ ထျန်းရှင်းစျေးကို သွားပြီး အင်မော်တယ်လမ်းစဥ် လျှောက်လှမ်းဖို့ အခွင့်အရေး ရှာရင် ကောင်းမလား”
ထျန်းရှင်းစျေးဆိုတာက ဟွမ်ရှန့်ဒိုင်ယာရီမှာပါတဲ့ ကျင့်ကြံသူတွေ စုဝေးရာ အနီးဆုံးစျေး၊ ကျင့်ကြံမှုလောကရဲ့ ခေါင်လွန်းလှတဲ့ အစွန်အဖျား။ ဒီကနေဆို မိုင်သောင်းချီ ဝေးသေးတယ်။
အဲဒီမှာက ဝိညာဥ်ချီ သိပ်သည်းမှု မြင့်မားတယ်။ ဝိညာဥ်ဆေးပင်တွေ ပေါများတယ်။ အဆင့်မြင့်ကျင့်စဥ်နည်းလမ်းတွေ စုံလင်တယ်။ ကျင့်ကြံမှုထောက်ကူပြဆေးဝါးလည်း ပေါတယ်။ ကျင့်ကြံမှုလောကကို ဝင်ရောက်လိုတဲ့ ကျင့်ကြံသူတွေ စုဝေးရာလည်း ဖြစ်တယ်။ ဒါပေမယ့် အခွင့်အလမ်းပေါသလို အန္တရာယ်လည်း များတယ်။ ထိန်းချုပ်သူမရှိ မှောင်ခိုစျေးလို ဖြစ်နေတော့ လုယက်ခံရရင်တောင် မသတ်သွားတာပဲ ကျေးဇူးတင်ရမယ့်နေရာမျိုး။
“အင်း .. ငါ့အဆင့်နဲ့ဆို မသွားသင့်သေးဘူး။ ထျန်းရှဂိုဏ်းကနေ ထွက်သွားလို့ မဖြစ်သေးဘူး။ အနည်းဆုံး ထန်လျန့်ကို မသတ်ရသေးတဲ့အထိပေါ့”
ထန်လျန့်ရဲ့လုပ်ရပ်က သူ့အတွက် အခဲမကြေတဲ့ စော်ကားရန်စမှု ဖြစ်နေတော့ ကျင့်ကြံမှုလမ်းမှာ စိတ်ရှင်းရလေအောင် ဖြေရှင်းဖို့ လိုလာပြီ မဟုတ်ပါလား။
……..