← Chapters

လှည့်စားပြီ

Vol. 2 Ch. 24

လှည့်စားပြီ

Vol. 2 Ch. 24

စုန့်ဝမ်လည်း အရင်ဆုံး မီးတောက်မန္တန်နဲ့ ဒိုင်းကာမန္တန်ကို လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါဆို ဘာတိုက်ခိုက်ရေးစွမ်းရည်မှ မရှိသေးတဲ့ သူ့အတွက် တိုက်ခိုက်ရေးနဲ့ ခုခံရေးစွမ်းရည် မြှင့်တင်ပြီးသား ဖြစ်သွားမယ်။

အရင်ဆုံး မီးတောက်မန္တန်ကို စလေ့ကျင့်ဖို့ ပြင်ဆင်လိုက်တယ်။ ဒီမန္တန်ကို ကျွမ်းကျင်သွားရင် မီးလုံးကြီးတွေ ဖန်တီးပြီး ပစ်ခတ်တိုက်ခိုက်နိုင်မယ်။ သေမျိုးတစ်ယောက်အတွက်ဆို အင်မတန် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုမျိုးပဲ။ စစချင်း ရှင်းလင်းချက်ပါ လမ်ကြောင်းအတိုင်း ဝိညာဥ်စွမ်းအင်ကို လည်ပတ်စေပြီး မီးလုံးကြီးတစ်ခု ဖြစ်လာအောင် ကြိုးစားကြည့်တယ်။ မအောင်မြင်ဘူး၊ အကြိမ်ကြိမ် ထပ်ကြိုးစားလည်း ထူးမလာဘူး။

ဝိညာဥ်စွမ်းအင် လျော့ပါးပြီး၊ မောလာတာနဲ့ စုန့်ဝမ် ခဏနားလိုက်တယ်။ ခဏအနားယူပြီး ပြန်လေ့ကျင့်မယ်အလုပ် လူသံကြားလို့ ထွက်ကြည့်တော့ မနက်စာလာပို့တဲ့ ဒေါ်လေးချန်ယီကို တွေ့လိုက်ရတယ်။ သူက ကျိုးယင်ဆီ စားစရာပို့ဖို့ အပေါ်တောင် တက်တော့မယ်။ စုန့်ဝမ် အမြန်တားလိုက်တယ်။

“ဒေါ်လေးချန် .. ဆရာ တံခါးပိတ်ကျင့်ကြံနေတာ မပြီးသေးဘူး။ သူ့ကို အနှောင့်အယှက်ပေးလို့ မရဘူး။ ကျနော့်ကို ပေးထားခဲ့။ ဆရာ ထွက်လာမှ ပို့ပေးလိုက်မယ်”

ချန်ယီက အပေါ်ထပ်ကို လှမ်းကြည့်လိုက်ပေမယ့် တိတ်ဆိတ်နေလို့ ဆက်မတက်တော့ဘဲ အစားအသောက်ခြင်းကို စုန့်ဝမ်လက်ထဲ လွှဲပေးလိုက်တယ်။

“ကျင့်ကြံသူတွေက အံသြစရာပဲနော်။ တစ်ရက်လုံး၊ တစ်ညလုံး ဘာမှ မစားဘဲ နေနိုင်ကြတယ် .. အံရော အံရော”

ဒေါ်လေးချန် ပြန်သွားတာနဲ့ စုန့်ဝမ် အခန်းထဲ ပြန်မဝင်တော့ဘဲ အပြင်မှာတင် စားလိုက်တယ်။ စားပြီးတာနဲ့ အပြင်မှာပဲ ဆက်လေ့ကျင့်နေခဲ့တယ်။ တစ်နေကုန် လေ့ကျင့်တော့မှ မီးတောက်မန္တန်ကို နားလည်ကျွမ်းကျင်လာတယ်။ ညရောက်တော့ မီးတောက်ဖန်တီးပြီး မီးလုံးတွေ ထုတ်လွှတ်နိုင်လာပြီ။ စစချင်းဆိုတော့ လက်သီးဆုပ်အရွယ်ပဲ ရှိတယ်၊ စာအုပ်ထဲ ဖော်ပြထားသလို ဦးခေါင်းအရွယ်နဲ့ဆို သေးလွန်းနေသေးတယ်။ ဒါပေမယ့် စုန့်ဝမ် စိတ်မပူမိဘူး။ အားကောင်းလာပြီး၊ လေ့ကျင့်မှု ပိုလုပ်လာရင် မန္တန်အစွမ်း တိုးတက်လာမှာကို သိထားပြီးသားပဲ။

မီးလုံးက အရွယ်သေးသလို၊ အကွာအဝေးကလည်း ပေ ၃၀ ထိပဲ ရောက်သေးတယ်။ ဒီအကွာအဝေးအတွင်းဆို တိတိကျကျနဲ့ လျင်လျင်မြန်မြန် ထိမှန်တယ်။ အဆင့်မြင့်သိုင်းသမားတောင် ရှောင်ဖို့ မလွယ်ဘူး။ အဲ့ထက်ကျော်ရင် မတိကျတော့ဘူး၊ ရှောင်ဖို့ ပိုလွယ်သွားပြီ။

နောက်နေ့မနက် ဒိုင်းကာမန္တန်ကို စလေ့ကျင့်တယ်။ ဒီတစ်ခုက လွယ်လို့ နာရီပိုင်းနဲ့တင် တတ်မြောက်သွားတယ်။ ဒိုင်းကာမန္တန်က သူ့ခန္ဓာကိုယ် ပတ်ပတ်လည်မှာ မျက်စိနဲ့ မမြင်နိုင်တဲ့ အကာအရံတစ်ခု ဖန်တီးပေးတယ်။ ကိုယ့်ကိုယ်ကို ဓားနဲ့ ပြန်ထိုးကြည့်ပေမယ့် တိုးမပေါက်လို့ စုန့်ဝမ် သဘောကျသွားတယ်။ ဒါဆို ကျင့်ကြံသူ မဟုတ်တဲ့ သေမျိုးလောကက သိုင်းသမားတွေ တိုက်ခိုက်တာကို စိတ်ပူစရာ မလိုတော့ဘူး။ ဒီမန္တန်က ကြာရှည်ခံတယ်၊ အချိန်အကန့်အသတ် မရှိဘူး။ ဝိညာဥ်စွမ်းအင် ဖြည့်ဆည်းပေးနိုင်သရွေ့ ဆက်တည်ရှိနိုင်တယ်။

ဒီမန္တန်နှစ်ခု ကျွမ်းကျင််ပိုင်နိုင်ပြီးတော့မှပဲ စုန့်ဝမ် လုံခြုံမှု ရှိသလို ခံစားလိုက်ရတယ်။ ခုဆို အန္တရာယ်အတော်များများကို ရင်ဆိုင်ဖို့ ယုံကြည်ချက် ရှိလာပြီ။ အစားအသောက် လာပို့တဲ့ ဒေါ်လေးချန်ကို ထပ်တားမြစ်ပြီး နေ့လည်ထိ အနားယူ အိပ်စက်ခဲ့တယ်။

မွန်းလွဲတော့ အိပ်ယာက ထပြီး ခြံဝင်းအပြင်ဘက် ထွက်လာခဲ့တယ်။ နောက်မှ သတိရဟန်နဲ့ အစောင့်ခေါင်းဆောင်ကို လှမ်းခေါ်လိုက်တယ်။

“ဆရာကျိုး တံခါးပိတ်ကျင့်ကြံတာ ပြီးသွားပြီ။ ဒီတစ်ခေါက် ကြီးကြီးမားမား တိုးတက်ခဲ့လို့ အခြေခံခိုင်မာအောင် လုပ်နေတယ်။ ဆရာ အနှောင့်အယှက် မဖြစ်အောင် ဂရုစိုက်ရမယ်၊ ဘယ်သူ့မှ ပေးမဝင်နဲ့”

“စိတ်ချပါ ဆရာစုန့်၊ ဒါနဲ့ ဆရာကရော ဘယ်သွားမလို့လဲ”

“ဆရာ ဝယ်ခိုင်းတဲ့ဆေးပင်တွေ သွားဝယ်မလို့။ အော် .. မေ့တော့မလို့၊ ဆရာက ဒီနေ့ည ၉ နာရီ ယာယီခေါင်းဆောင်ထန်လျန့်ကို သူ့ဆီလာဖို့ ပြောတယ်။ ကျင့်စဥ်တချို့ သင်ပေးမယ်လို့လည်း မှာလိုက်တယ်။ သေချာ သတင်းပို့လိုက်ဦး”

“ဟုတ်ကဲ့ .. သတင်းပို့လိုက်ပါ့မယ်”

……..

ထျန်းရှဂိုဏ်းက ထွက်လာပြီးတာနဲ့ စုန့်ဝမ် မြို့ထဲက လမ်းတွေပေါ်မှာ ဟိိုဟိုဒီဒီ လမ်းလျှောက်ရင်း အချိန်ဖြုန်းလိုက်တယ်။ ထက်မြက်လာတဲ့ အာရုံတွေက နောက်ယောင်ခံလိုက်သူ ရှိတာ အလွယ်တကူ သတိထားမိတယ်။

ညနေစောင်းတော့ ဆေးဆိုင်တစ်ဆိုင် ဝင်ပြီး ဂျင်ဆင်းနဲ့ ဆတ်ချိုနုတွေ ဝယ်တယ်။ ပြီးတာနဲ့ စားသောက်ဆိုင်ဝင် စားသောက်တယ်။ စားပြီးတော့ ဆိုင်နောက်ဖေးတံခါးက ပြန်ထွက်ပြီး ခြေရာဖျောက်လိုက်တယ်။

……..

ထျန်းရှဂိုဏ်း၊ ပင်မခန်းမဆောင်။

ငယ်သားတစ်ယောက် သတင်းပို့တာကို ဂိုဏ်းချုပ်ထန်ယီ နားထောင်နေတယ်။

“ဂိုဏ်းချုပ်ခင်ဗျာ၊ အကြီးအကဲကျိုး တံခါးပိတ် ကျင့်ကြံရာက ထွက်လာပြီလို့ သိရပါတယ်။ ဒါပေမယ့် အခြေခိုင်အောင် လုပ်နေလို့ အပြင်လူတွေ ဝင်ခွင့်မပေးသေးဘူး။ အကြီးအကဲကျိုးက ဂိုဏ်းသခင်လေးထန်ကို ကျင့်စဥ်တချို့ သင်ပေးချင်လို့ ဒီည ၉ နာရီ သူ့ဆီလာဖို့ မှာထားပါတယ်”

ဂိုဏ်းချုပ်ထန်ယီ မျက်မှောင်ကြုတ်သွားပြီး အနားမှာ ထိုင်နေတဲ့ ထန်လျန့်ကို တစ်ချက်ကြည့်လိုက်တယ်။

ထန်လျန့်ကလည်း အူကြောင်ကြောင်နဲ့ ပြန်ကြည့်နေတယ်။

“အကြီးအကဲကျိုး ဘာစိတ်ကူးပေါက်သွားလဲ မသိဘူး။ အရင်က ကျနော် ခဏခဏ တောင်းဆိုပေမယ့် အမြဲငြင်းခဲ့တယ်။ ခုတော့ သူကတောင် စကမ်းလှမ်းလာပြီ”

ထန်ယီလည်း ခေါင်းညိမ့်လိုက်တယ်။

“ဟုတ်တယ်၊ ဒီကိစ္စက သံသယဖြစ်စရာပဲ။ နေစမ်းပါဦး၊ အဲဒီစကားကို အကြီးအကဲကျိုးက ကိုယ်တိုင်ပြောတာလား”

“မဟုတ်ပါဘူး၊ အကြီးအကဲကျိုးရဲ့တပည့်စုန့်ဝမ်ကတဆင့် မှာတာပါ။ အကြီးအကဲကျိုး လွန်ခဲ့တဲ့နှစ်ရက် ဆေးလိုဏ်ဂူထဲက ပြန်ထွက်ပြီး သူ့အိမ်ထဲ ဝင်သွားပါတယ်။ အဲဒီတည်းက ဘယ်သူမှ သူ့ကို မတွေ့ရသေးဘူး။ ဒေါ်လေးချန် အစားအသောက် သွားပို့တော့လည်း အောက်ထပ်ထိပဲ သွားပြီး စုန့်ဝမ်ဆီမှာပဲ ထားခဲ့ရတယ်”

ထန်ယီ ငြိမ်ပြီး စဥ်းစားနေတယ်။ ထန်လျန့်လည်း အသာငြိမ်ပြီး စောင့်ကြည့်နေရတယ်။ စုန့်ဝမ်ကို တိုက်ခိုက်တာ မအောင်မြင်တည်းက ဘယ်နေ့ သူ့ကို ဒုက္ခပေးမလဲ စိတ်ပူနေရတာ။ ခုထိ အခြေအနေ တည်ငြိမ်နေလို့ နည်းနည်းတော့ စိတ်သက်သာရာနေတယ်။ အဲဒီကိစ္စ သူ့အဖေထန်ယီကိုလည်း မပြောရဲဘူး။ ကျိုးယင်ရဲ့တပည့်ကို တိုက်ခိုက်ခဲ့တာ သိသွားရင် သည်းခံမှာ မဟုတ်ဘူး။ လက်ရှိနေရာတောင် ပျောက်သွားနိုင်တယ်။ ထန်ယီက သားသမီးများတယ်လေ။

အတန်ကြာ စဥ်းစားပြီးတဲ့အထိ အဖြေရှာမရလို့ ထန်ယီ ခေါင်းခြောက်လာတယ်။

“ကျိုးယင်က ဘာလုပ်ချင်နေတာလဲ။ ဒါနဲ့ သူ့တပည့်စုန့်ဝမ်ရော ဒီရက်ပိုင်း ဘာလုပ်နေလဲ”

“အကြီးအကဲကျိုး ဆေးလိုဏ်ဂူက ထွက်လာပြီးတော့ စုန့်ဝမ်နဲ့အတူ အပေါ်ထပ် တက်သွားတယ်။ တစ်နာရီလောက်နေတော့ စုန့်ဝမ် ပြန်ဆင်းလာတယ်။ အတော်ကြာတော့ နောက်တစ်ခေါက် တက်သွားပြီး ပြန်ဆင်းလာတယ်။ အဲဒီအချိန်တည်းက သူကိုယ်တိုင် စောင့်ကြပ်ပြီး အပြင်လူ ပေးမဝင်ပါဘူး။ မနေ့က စပြီးတော့ စုန့်ဝမ် မန္တန်တွေ လေ့ကျင့်နေပါတယ်။ သူက လက်သီးဆုပ်အရွယ်မီးလုံးတွေ ထုတ်လွှတ်နိုင်တာ တွေ့ရတယ်လို့ အစောင့်တွေ သတင်းပို့ထားပါတယ်”

ထန်ယီ အံအားသင့်သွားတယ်။ ဒီတိုးတက်နှုန်းက လန့်စရာပဲ။ ကျင့်ကြံသူတွေ အသုံးချတဲ့မန္တန်တွေက ကြောက်စရာကောင်းတယ်။ မူလနယ်ပယ်အဆင့်သိုင်းသမားရဲ့ စွမ်းအင်ထက်တောင် ကျော်လွန်တယ်။ နောက်ပြီး အဲဒါက အဝေးကနေတိုက်ခိုက်နိုင်တယ်။

သိုင်းပညာရှင်တစ်ယောက် မူလနယ်ပယ်ရောက်ဖို့ နှစ် ၃၀ လောက် လေ့ကျင့်ရတယ်။ မရေမတွက်နိုင်တဲ့ရင်းမြစ်တွေ သုံးစွဲရတယ်။ ဒါပေမယ့် ကျင့်ကြံသူတစ်ယောက်က သိုင်းပညာရှင်အများစု အိပ်မက်တောင် မမက်နိုင်တဲ့အမြင့်ကို လပိုင်းလေးနဲ့ ရောက်နိုင်တယ်။ ဒါက အားကျစရာ ကောင်းသလို၊ မနာလိုစရာလည်း ကောင်းတယ်။

တစ်ခုတော့ ရှိတယ်။ အင်အားတူနိုင်ပေမယ့် ကျင့်ကြံသူက မူလနယ်ပယ် သိုင်းပညာရှင်ကို လွှမ်းမိုးနိုင်မယ်လို့တော့ ပြောမရဘူး။ ကျင့်ကြံသူက တိုက်ခိုက်ရေးနည်းလမ်း သိပ်မစုံသလို၊ အတွေ့အကြုံလည်း နည်းတယ်။ ငယ်ရွယ်တဲ့ကျင့်ကြံသူဆို ပိုဆိုးတာပေါ့။ မူလနယ်ပယ်သိုင်းပညာရှင်က သေရေးရှင်ရေးတိုက်ပွဲပေါင်းများစွာ ဖြတ်ကျော်မှ အဆင့်တက်ရတာဖြစ်လို့ အတွေ့အကြုံ အရမ်းများတယ်။ တိုက်ပွဲရလဒ်က တိုက်ပွဲနေရာ၊ အချိန်နဲ့ ကြိုတင်ပြင်ဆင်မှုအပြင် စိတ်ပိုင်းဆိုင်ရာပေါ်ပါ မူတည်နေတယ်။

ထန်ယီ အတွေးများနေချိန် ငယ်သားဖြစ်သူက ဆက်တင်ပြနေတယ်။

“ဒီနေ့နေ့လည် စုန့်ဝမ် မြို့ထဲထွက်သွားတယ်။ ကျနော်တို့လူတွေ နောက်ယောင်ခံလိုက်တာ သူသတိထားမိပုံ ရတယ်။ ခြေရာဖျောက်သွားလို့ ခုထိ ရှာမတွေ့သေးပါဘူး”

ထန်ယီ ဒေါသထွက်သွားတယ်။

“အသုံးမကျတဲ့ကောင်တွေ။ ကောင်လေးတစ်ယောက်တောင် မထိန်းနိုင်ဘူးလား”

ငယ်သားဖြစ်သူလည်း ထိတ်လန့်ပြီး ဒူးထောက်ချလိုက်တယ်။

“ကျနော် တာဝန်ပျက်ကွက်ခဲ့ပါတယ်။ ဂိုဏ်းချုပ် အပြစ်ပေးပါ”

“မင်းကို အပြစ်ပေးတော့ရော ဘာလုပ်ရမှာလဲ။ သူ့ကို ရအောင်ရှာ။ အဲဒီဆရာတပည့် ဘာလုပ်နေလဲဆိုတာ ငါသိချင်တယ်”

“အမိန့်အတိုင်းပါ”

ငယ်သားဖြစ်သူလည်း အမြန်ပြေးထွက်သွားတယ်။

လူရှင်းသွားမှ ထန်လျန့်လည်း သူ့အဖေ အရိပ်အကဲ ကြည့်ပြီး မေးလိုက်တယ်။

“အဖေ .. ကျနော် ဒီည အကြီးအကဲကျိုးဆီ သွားရမလား”

“သွားရမယ်၊ အကြီးအကဲကျိုးကို ငါတို့လေးစားရမယ်။ လုံခြုံရေးအတွက် ငါကိုယ်တိုင် လိုက်ခဲ့မယ်။ မသွားခင် ပြင်ဆင်စရာရှိတာ ပြင်ဆင်ရဦးမယ်”

………….

All Chapters