← Chapters

ထောင်ချောက်

Vol. 2 Ch. 25

ထောင်ချောက်

Vol. 2 Ch. 25

ည ၉ နာရီထိုးခါနီးမှာ ထန်ယီတို့သားအဖ ခြံဝင်းထဲ ဝင်လာကြတယ်။ လရောင်ပျပျ ရှိပေမယ့် အမှောင်ထုက ပိုပိုလွှမ်းမိုးလာနေတယ်။

ထန်ယီတို့သားအဖ ကျိုးယင်ရဲ့နှစ်ထပ်အိမ်နားအရောက် စုန့်ဝမ် ဝိညာဥ်ဆေးပင်စိုက်ခင်းထဲက ထွက်လာတာ တွေ့လိုက်ရတယ်။

ထန်ယီက စုန့်ဝမ်ကို ခပ်လှမ်းလှမ်းက ကြည့်ရှုအကဲခတ်ဖူးလို့ ချက်ချင်း မှတ်မိသွားတယ်။

“အကြီးအကဲကျိုးက အရည်အချင်းရှိတဲ့တပည့်တစ်ယောက် လက်ခံထားတယ်လို့ ကြားဖူးတယ်။ အခုမှပဲ သေချာတွေ့ရတော့တယ်။ ကြားထားတဲ့အတိုင်း တကယ်ကြီးကျယ်တဲ့ဟန်ပန် ရှိသားပဲ”

ထန်ယီက ဖော်ဖော်ရွေရွေ နှုတ်ဆက်လိုက်ပေမယ့် ထန်လျန့်ကတော့ အေးစက်စက် ကြည့်နေတယ်။ နဂိုတည်းက ရန်ငြိုးရှိပါတယ်ဆိုမှ အခု စုန့်ဝမ်က မှော်မန္တန်တွေ တတ်မြောက်နေပြီဆိုတော့ မနာလိုစိတ် ပိုပြင်းထန်လာတယ်။ သူတစ်သက်လုံး မက်ခဲ့ရတဲ့အိပ်မက်ကို ဘယ်ကလာမှန်း မသိရတဲ့ သူတောင်းစားလေးက ၃ လအတွင်း ပိုင်ဆိုင်သွားတာလေ။

စုန့်ဝမ်က ထန်လျန့်ကို စောင့်မျှော်နေပေမယ့် သူစိမ်းတစ်ယောက် အတူပါလာပြီး သူ့ကို စနှုတ်ဆက်လိုက်လို့ ကြောင်သွားတယ်။

“ခင်ဗျားက ဘယ်သူလဲ မသိဘူး”

ထန်ယီ ရယ်လိုက်မိတယ်။

“ဟား ဟား .. ထျန်းရှဂိုဏ်းသားဖြစ်ပြီး ဂိုဏ်းချုပ်ကိုတောင် မသိဘူးလား”

စုန့်ဝမ် အံအားသင့်သလို စိုးရိမ်စိတ်လည်း ဝင်သွားတယ်။ ဒါက မျှော်လင့်မထားတဲ့ကိစ္စပဲ။ ကြားဖူးသလောက်ဆို ထန်ယီက သိုင်းလောကမှာ ထိပ်ဆုံးတန်း ရောက်နေပြီတဲ့။

ထန်ယီပါလာလို့ အစီအစဥ်အတိုင်း ချောချောမောမော ဖြစ်ပါ့မလား စိုးရိမ်သွားပေမယ့် သေချာပြင်ထားတာနဲ့ နောက်ဆုတ်မရတော့တာ တွေးမိလို့ စိုးရိမ်စိတ်ကို ဖျောက်ပြီး အရိုအသေပြုလိုက်တယ်။

“တပည့်စုန့်ဝမ် ဂိုဏ်းချုပ်ကို မမြင်ဖူးလို့ပါ။ ရိုင်းပြသလိုဖြစ်သွားရင် ခွင့်လွှတ်ပါ”

“ကိစ္စမရှိဘူး ရပါတယ်၊ ငါက မင်းအရိုအသေပြုတာ မခံထိုက်ပါဘူး”

“ဆရာ အထဲမှာ စောင့်နေပါတယ်။ ကြွကြပါ”

“အေး အေး .. ဒါနဲ့ တူလေးစုန့် မင်းအားရင် ငါ့ဆီ လာလည်ပါဦး”

ထန်ယီက စုန့်ဝမ်ကို ရင်းရင်းနှီးနှီး ပြောပြီး အိမ်ဘက်ကို ဆက်လျှောက်သွားတယ်။

စုန့်ဝမ်နဲ့ ခပ်လှမ်းလှမ်းရောက်တော့မှ ထန်ယီက သူ့သားကို ခပ်တိုးတိုး မေးလာတယ်။

“မင်း သူနဲ့ ရန်ငြိုးရှိနေတာလား”

ထန်လျန့် သက်ပြင်းချလိုက်မိတယ်။

“ဟုတ်ကဲ့ .. အဆင်မပြေတာလေးတချို့ ရှိခဲ့ဖူးတယ်”

“အင်း .. မင်းတို့ချင်း ပြန်သင့်မြတ်ရင် အကောင်းဆုံးပဲ။ ငါအကဲခတ်ရသလောက်ဆို ဒီကောင်လေးက ထူးခြားတယ်။ အခု အင်မော်တယ်ကျင့်စဥ်တွေ သင်ယူနေပြီဆိုတော့ သာမန်လူ မဟုတ်တော့ဘူး။ ငါပြောချင်တာ နားလည်လား”

ထန်လျန့် ခေါင်းပဲညိမ့်ပြလိုက်တယ်။ သူတို့ကြားက ရန်ငြိုးကို ထုတ်ပြောလို့ မဖြစ်သေးဘူးလေ။

အိမ်ဘက်သွားနေတဲ့ ထန်ယီတို့သားအဖကို ကြည့်ရင်း စုန့်ဝမ်မျက်နှာမှာ ရက်စက်ကြမ်းကြုတ်တဲ့အပြုံးတစ်ခု ပေါ်လာတယ်။ ထန်လျန့်ကို သတ်ဖြတ်ဖို့ ပြန်လာတည်းက သေချာစီစဥ်ထားပြီးပြီ။ ထန်ယီ ပါလာလို့ နည်းနည်းအခက်ကြုံနိုင်ပေမယ့် ရင်ဆိုင်နိုင်မယ်လို့ ယုံကြည်ထားတယ်။

နောက်ဆုံးလုပ်စရာရှိတဲ့ သွေးနီနွယ်ပင်ကို နှုတ်ယူပြီး ကျောက်စိမ်းသေတ္တာထဲ ထည့်ပြီးပြီဆိုတော့ တခြားလုပ်စရာ မကျန်တော့ဘူး။ တိုက်ခိုက်ဖို့ပဲ ကျန်တော့တယ်။ ဝိညာဥ်စွမ်းအင်ကို စုစည်းရင်း မီးတောက်မန္တန်ကို အသက်သွင်းဖို့ အသင့်ပြင်လိုက်တယ်။

အပေါ်ထပ် တက်ပြီး တံခါးဝရောက်တော့ ထန်ယီ ခြေလှမ်းရပ်ပြီး အသံပြုလိုက်တယ်။

“စီနီယာကျိုး .. ငါထန်ယီပါ။ မင်းပြောတဲ့အတိုင်း ငါ့သားကို ခေါ်လာခဲ့တယ်။ ဝင်ခွင့်ပြုပါဦး”

ခဏလောက် စောင့်ပေမယ့် အထဲက တုန့်ပြန်သံ ထွက်မလာလို့ ထန်ယီ စိတ်ရှုပ်သွားတယ်။

“ဘာဖြစ်တာလဲ”

သေချာကြည့်တော့ တံခါးက ပိတ်မထားဘဲ နည်းနည်းဟနေလို့ တွန်းဖွင့်ပြီး ဖြေးဖြေးချင်း ဝင်လာခဲ့တယ်။

“စီနီယာ .. ငါဝင်လာပြီနော်”

အထဲရောက်တော့ အခန်းအလယ်မှာ ထိုင်နေတဲ့ပုံရိပ်တစ်ခုကို မြင်ရပေမယ့် အသက်ရှူသံ မကြားရလို့ ထန်ယီ စိုးရိမ်လွန်ပြီး အပြေးချဥ်းကပ်သွားမိတယ်။

“စီနီယာ .. ဘာဖြစ်တာလဲ”

ထန်လျန့်လည်း ယောင်တောင်တောင်နဲ့ အခန်းထဲ ပြေးဝင်သွားတယ်။

မသိမသာ အိမ်နားကပ်လာတဲ့ စုန့်ဝမ်လည်း သူစောင့်နေတဲ့အချိန် ရောက်လာပြီဖြစ်လို့ မီးတောက်မန္တန်ကို အသက်သွင်းရင်း လက်သီးဆုပ်အရွယ်မီးလုံးတစ်ခုကို အောက်ထပ်ကအခန်းထဲ ပစ်သွင်းလိုက်ပါတော့တယ်။

မီးလုံးက တံခါးကို ချိုးဖျက်ပြီး အခန်းထဲက မြေအိုးကြီးတစ်လုံးကို ထိမှန်သွားတယ်။ မြေအိုးကွဲသွားတာနဲ့ အထဲက လောင်စာဆီတွေ ထွက်ကျလာပြီး မီးတောက်နဲ့အတွေ့မှာ မီးစွဲလောင်ပြီး ပေါက်ကွဲပါတော့တယ်။ ချက်ချင်းဆိုသလို အနီးနားမှာ တန်းစီထားတဲ့ မြေအိုးဆယ်လုံးပါ ပေါက်ကွဲကုန်ပါတော့တယ်။

“ဂျိမ်း”

ဆက်တိုက်ပေါက်ကွဲသံတွေနဲ့အတူ ကောင်းကင်တစ်ခွင် လင်းထိန်သွားပြီး မြေပြင်ပါ ငလျင်လှုပ်ခတ်သလို တုတ်ခါသွားတယ်။ ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် ထျန်းရှဂိုဏ်းတစ်ခုလုံး တုန်လှုပ်သွားတယ်။

ပေါက်ကွဲမှုအရှိန်ကြောင့် နှစ်ထပ်အိမ်တစ်ခုလုံး တစစီ ဖြစ်သွားတယ်။ မြေအိုးထဲ သံမဏိအပ်တွေပါ ထည့်ထားလို့ ပြင်းထန်တဲ့ပေါက်ကွဲအားနဲ့အတူ အရပ်လေးမျက်နှာကို မြားတွေလို အရှိန်နဲ့ ပြန့်ကျဲသွားတယ်။

စုန့်ဝမ်က မီးလုံးကို ပစ်လွှတ်ပြီးတာနဲ့ ဘေးလွတ်ရာ ခုန်ဆုတ်ပြီး စောင့်ကြည့်နေခဲ့တယ်။ ညနေက လောင်စာဆီအပြင် သံမဏိအပ်တွေပါ ဝယ်ယူပြီး သေချာထည့်သွင်း နေရာချခဲ့တာ။ ခြောက်ကပ်နေတဲ့ ကျိုးယင်အလောင်းကို အခန်းအလယ်မှာ ချထားပြီး ဝင်လာသူတွေ စိတ်လောပြီး သတိလက်လွတ်ဖြစ်အောင်ပါ စီစဥ်ထားသေးတယ်။

ပေါက်ကွဲမှုအရှိန်နဲ့ သံမဏိအပ်တွေကြောင့် ဘယ်လူသားမှ မလွတ်နိုင်ဘူး ထင်ခဲ့ပေမယ့် သူသေချာမသိတဲ့ မူလနယ်ပယ်သိုင်းပညာရှင် ပိုင်ဆိုင်ထားတဲ့ခွန်အားက ဟာကွက်ဖြစ်သွားတယ်။ မူလနယ်ပယ်အဆင့် သိုင်းပညာရှင်က စစ်မှန်တဲ့ချီကို အပြင်ထုတ်လွှတ်နိုင်ပြီး ခန္ဓာကိုယ် ပတ်ပတ်လည်မှာ တံတိုင်းလို အကာအကွယ်တစ်ခု ဖန်တီးနိုင်တယ်။

ထန်ယီက ပေါက်ကွဲသံ ကြားကြားချင်း ချီကို ထုတ်လွှတ်ပြီး ကာကွယ်လိုက်လို့ မီးတောက်မီးလျှံတွေနဲ့ သံမဏိအပ်တွေက သူ့ကို ဒုက္ခမပေးနိုင်ခဲ့ဘူး။ ဒါပေမယ့် ထန်လျန့်ကတော့ ကံမကောင်းခဲ့ဘူး။ ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာတွေ ရသွားပြီး၊ သံမဏိအပ် အတော်များများ စိုက်ဝင်သွားတယ်။ ထန်ယီလည်း ထန်လျန့်ကို ဆွဲခေါ်ပြီး ပေါက်ကွဲမှုဧရိယာအပြင်ကို ခုန်ထွက်လိုက်တယ်။

အပြင်မှာ စောင့်နေတဲ့စုန့်ဝမ်က ထန်ယီ ခုန်ထွက်လာတာနဲ့ အသင့်ကိုင်ထားတဲ့ မီးဘောလုံးအဆောင်နဲ့ ပစ်ခတ်လိုက်တယ်။ ချက်ချင်းဆိုသလို လူဦးခေါင်းအရွယ်မီးလုံးကြီးတစ်ခု ထန်ယွီယုဆီ ပြေးဝင်သွားတယ်။

ထန်ယီလည်း ခုန်ထွက်ရင်း လေထဲရောက်နေချိန်ဖြစ်လို့ အခက်ကြုံသွားတယ်။ မီးလုံးကြီးဆီက ပြင်းထန်တဲ့အပူချိန်နဲ့ စွမ်းအင်ကို ခံစားမိလို့ အထိခံလို့ မဖြစ်တာကို ချက်ချင်း ရိပ်မိတယ်။ ကြံရာမရတဲ့အဆုံး ဆွဲထုတ်လာတဲ့ ထန်လျန့်ကို မီးလုံးဆီ တည့်တည့်ကို ပစ်ပေါက်လိုက်ပါတော့တယ်။

“မလုပ် ..”

“ဝုန်း”

သတိရှိနေသေးတဲ့ ထန်လျန့်အော်သံတောင် မဆုံးလိုက်ဘူး။ မီးလုံးနဲ့ ဝင်တိုက်မိသွားပြီး မီးတောက်က တစ်ကိုယ်လုံးကို ဝါးမျိုသွားတယ်။ ထန်လျန့်ခန္ဓာကိုယ်က မြေပြင်ပေါ် ပြန်မကျတော့ဘဲ အရိုးပါမကျန် လောင်ကျွမ်းပျက်စီးသွားတယ်။

“စုန့်ဝမ် .. လူယုတ်မာ၊ မင်းကို ငါသတ်မယ်”

မြေပြင်ပေါ် ခြေချမိသွားတဲ့ ထန်ယီလည်း သူ့သားအဖြစ်ကို တွေ့မြင်ပြီး ဒေါသက ငယ်ထိပ်ရောက်သွားတယ်။ ချက်ချင်းပဲ ရှိသမျှစွမ်းအား အကုန်စုစည်းပြီး စုန့်ဝမ်ဆီ ပြေးဝင်ရင်း လက်သီးနဲ့ ထိုးချလိုက်တယ်။

မူလနယ်ပယ်သိုင်းပညာရှင်ရဲ့ခွန်အားက တောင်ကို မဖြိုနိုင်ပေမယ့် လူတစ်ရပ်အရွယ်ကျောက်တုံးကို ဖြိုခွဲနိုင်အောင် အားပြင်းတယ်။ ဒါပေမယ့် သူ့လက်သီးက စုန့်ဝမ်ခန္ဓာကိုယ်နဲ့ တစ်ပေအကွာမှာတင် ရပ်သွားလို့ ထန်ယီ ကြောင်သွားတယ်။

စုန့်ဝမ်က ပင်ကိုယ်အားနဲ့ မခံနိုင်မှန်းသိလို့ ဒိုင်းကာမန္တန်ကို အသက်သွင်းလိုက်တာ။ လက်သီးက ရပ်သွားပေမယ့် အကာအကွယ်နဲ့ လက်သီးကချီစွမ်းအား ထိတွေ့တဲ့အရှိန်ကြောင့် လေထဲကို နောက်ပြန်ကြီး မြှောက်တက်သွားတယ်။ စုန့်ဝမ် ထိတ်လန့်သွားပေမယ့် လေထဲလွင့်သွားချိန်မှာပဲ နောက်ထပ် မီးဘောလုံးအဆောင်ကို ထပ်ပစ်လိုက်တယ်။

ဒီတစ်ခါတော့ အနီးကပ်ပစ်ခံရတာဖြစ်ပြီး ကြောင်အမ်းအမ်းကြည့်နေတဲ့ ထန်ယီ မရှောင်နိုင်တော့ဘူး၊ ရင်ဘတ်တည့်တည့် ထိသွားတယ်။

“ဝုန်း”

“အား”

နာနာကျင်ကျင် အော်ဟစ်သံနဲ့အတူ ထန်ယီ အတော်ဝေးဝေးထိ လွင့်ထွက်သွားတယ်။ ချီစွမ်းအင်အကာအကွယ်ကြောင့် ပြာကျတဲ့အထိ မီးလောင်မခံရပေမယ့် မီးကျွမ်းဒဏ်ကြောင့် အဝတ်တွေ လောင်ကျွမ်းပြီး၊ ခန္ဓာကိုယ်မှာလည်း မီးလောင်ဒဏ်ရာတွေ ရသွားတယ်။ အရိုးတွေလည်း ကျိုးပဲ့ကုန်တယ်။

ဒဏ်ရာက ပြင်းထန်လွန်းလို့ လဲကျနေရာက မနည်းကုန်းရုန်းထရတယ်။ အခြေအနေကို သူသဘောပေါက်သွားပြီ။ မူလနယ်ပယ်စွမ်းအား အကုန်သုံးထားတဲ့ သူ့တိုက်ခိုက်မှုက စုန့်ဝမ်ကို မထိခိုက်စေပေမယ့် စုန့်ဝမ်ရဲ့ တိုက််ခိုက်မှုတွေက သူ့ကို ကြီးကြီးမားမား အန္တရာယ် ပေးနိုင်တယ်။

…………

All Chapters