သိုင်းသမားနဲ့ ကျင့်ကြံသူ
Vol. 2 Ch. 26
စုန့်ဝမ်လည်း အခွင့်ကောင်းယူပြီး ထန်ယီကို အပြတ်ရှင်းဖို့ ကြံလိုက်တယ်။ မီးတောက်မန္တန်ကို အသက်သွင်းဖို့ လုပ်နေချိန် သူ့နောက်ဘက်က စူးရှတဲ့လေခွင်းသံတွေ ကြားလိုက်ရလို့ ကမန်းကတန်း လှည့်ကြည့်လိုက်မိတယ်။
မြားတွေ …. များပြားလှတဲ့မြားတွေ သူ့ဆီ တရှိန်ထိုး ဝင်လာနေပြီ။ ထင်မထားတဲ့အဖြစ်ကြောင့် စုန့်ဝမ် လန့်သွားတယ်။ ရှောင်ချိန်တောင် မရှိတော့ဘူး။
ဒါက ထန်ယီရဲ့ အရန်အစီအစဥ်၊ နေ့လည်တည်းက စိတ်ထဲမှာ တစ်ခုခု မှားနေသလို ခံစားနေရတာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တာ။ သူဝင်လာတာနဲ့ လက်ရွေးစင်မြားသမားတွေအပါအဝင် အဆင့်မြင့် သိုင်းသမားတစ်ဖွဲ့ကို ခြံဝင်းထဲ တိတ်တဆိတ် ဝင်ရောက်ပြီး နေရာယူစေခဲ့တာ။
တစ်ခုခု အန္တရာယ်ကြုံတာနဲ့ အထဲဝင်ကူဖို့ မှာခဲ့ပြီးသား။ နှစ်ထပ်အိမ် မီးလောင်ပေါက်ကွဲတာနဲ့ ဝင်လာရမှာကို ပေါက်ကွဲမှုအရှိန် ပြင်းထန်လွန်းတော့ ရုတ်တရက် ကြောင်သွားလို့ နည်းနည်းလေး နောက်ကျခဲ့တာ။
ဒီအချိန်ပိုင်းလေးမှာတင် ထန်ယီ ဒဏ်ရာပြင်းပြင်းထန်ရစေဖို့ လုံလောက်ခဲ့တယ်။ မြားမိုးရွာတာမြင်တော့ ထန်ယီ ဝမ်းသာသွားတယ်။ မြားသမားတွေက အဆင့်မြင့်သိုင်းစစ်သည်တွေ။ လေးလံမာကျောတဲ့ လေးတွေကို အသုံးပြုပြီး တော်ရုံသံချပ်ကာတွေကိုတောင် ဖောက်ဝင်အောင် ပစ်နိုင်ကြတယ်။ စုန့်ဝမ်တတ်တဲ့ မှော်မန္တန်အတတ်က သိပ်အဆင့်မမြင့်သေးလို့ တားနိုင်မှာ မဟုတ်သလို၊ လှုပ်ရှားမှုပညာလည်း တတ်မြောက်ပုံ မရတာကြောင့် ဇကာပေါက်ဖြစ်သွားမယ်လို့ အပိုင်တွက်ပြီး ဝမ်းသာသွားတယ်။
အမှန်တကယ်တော့ ထန်ယီ တွေးထင်တဲ့ကံကြမ္မာကို ရှောင်လွှဲဖို့ စုန့်ဝမ်မှာ အစွမ်းမရှိပါဘူး။ ဒါပေမယ့် ဝှက်ဖဲတစ်ခုတော့ ရှိတယ်။ မြားတွေ မြင်လိုက်တာနဲ့ မရှောင်နိုင်မှန်းသိလို့ မုန်တိုင်းအဆောင်ကို ထုတ်ယူပြီး အသက်သွင်းလိုက်တယ်။
ချက်ချင်းဆိုသလို လေငြိမ်နေရာကနေ စုန့်ဝမ်ရှေ့မှာ ပေ ၅၀ အချင်းရှိတဲ့ လေမုန်တိုင်းတစ်ခု ပေါ်လာတယ်။ လေပြင်းလွန်းလို့ ကျောက်တုံးကြီးတွေတောင် လွင့်ပျံကုန်တယ်။ သာမန်လူသာဆို လေဒဏ်နဲ့တင် အသက်ပါသွားနိုင်တယ်။ သိုင်းသမားတစ်ယောက်တောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားနိုင်တယ်။ မြားတွေက ပိုဆိုးတာပေါ့။ လေအရှိန်ကြောင့် အများစုက လွင့်စင်ကုန်တယ်။ မြား ၃ စင်းလောက် ဖောက်ဝင်လာပေမယ့် စုန့်ဝမ် အသက်သွင်းထားတဲ့ ဒိုင်းကာမန္တန်ရဲ့ အကာအကွယ်ကို မထိုးဖောက်နိုင်ခဲ့ဘူး။
ဖြစ်ချင်တော့ လေအရှိန်ကြောင့် လောင်ကျွမ်းနေတဲ့မီးက ပိုအရှိန်ကောင်းသွားပြီး ခြံဝင်းတစ်ခုလုံး ပြန့်နှံ့ကုန်ပါတော့တယ်။ ဝိညာဥ်ဆေးစိုက်ခင်းလည်း ပြာကျသွားတယ်။ ခြံဝင်းထဲက အပင်တွေ၊ အိမ်တန်းလျားတွေပါ လောင်ကျွမ်းကုန်တယ်။
ဒါကို အခွင့်ကောင်းယူပြီး ထန်ယီက သူ့လူတွေဆီ အရောက်ပြေးနိုင်ခဲ့တယ်။ သူ့လူတွေဆီ ပြန်ရောက်တော့ ထန်ယီ အားတက်လာပြန်တယ်။
“စုန့်ဝမ် .. မင်း ဒီနေ့ ငါ့လက်က မလွတ်စေရဘူး။ အင်မော်တယ်ဖြစ်လည်း ငါ့လက်မှာ သေရမယ်။ ဟေ့ .. လေးတင်ရထားတွေ ပစ်တော့”
လေးတင်ရထားဆိုလို့ စုန့်ဝမ် ကြောင်သွားတယ်။ အဲဒါ မြို့သိမ်းတိုက်ပွဲသုံး လက်နက်ကြီးတွေ မဟုတ်ဘူးလား။ ထန်ယီက ဒါတွေတောင် ပြင်ဆင်ထားပုံထောက်ရင် ကျိုးယင်နဲ့ ရင်ဆိုင်ရမယ့် အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားတာပဲ။
စုန့်ဝမ်အတွေးတောင် မဆုံးလိုက်ဘူး။ ထျန်းရှဂိုဏ်းသားတွေ တွန်းလာတဲ့ လေးတင်လှည်းတွေ ပေါ်လာတယ်။ တစ်ခါတည်း မောင်းတင်ထားလို့ စုန့်ဝမ်ကို ချိန်ရွယ်ပြီး ပစ်လွှတ်လိုက်တယ်။ မြားတွေက လက်ကောက်ဝတ်လောက်ထူပြီး ဆယ်ပေနီးပါး ရှည်တယ်။ မြားထိပ်ဖူးက ရှစ်မြောင့်သဏ္ဍာန်ရှိပြီး ချွန်ထက်တောက်ပနေတယ်။ လေတိုးသံကတင် ကြောက်စရာကောင်းနေပြီ။
“ရွှီး …”
ဒီလိုလက်နက်ကြီးနဲ့ အပစ်ခံရတော့ စုန့်ဝမ် မပေါ့ဆရဲတော့ဘူး။ မုန်တိုင်းအဆောင်နဲ့ ဒိုင်းကာမန္တန်ကို အားကိုးနေရင် တုတ်ထိုးအကင် ဖြစ်သွားလိမ့်မယ်။ ပျံသန်းခြင်းအဆောင်ကိုပဲ အသက်သွင်းလိုက်တယ်။
ချက်ချင်းဆိုသလို စုန့်ဝမ် ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး လေပေါ်ကို တဟုန်တိုး ထိုးတက်သွားတယ်။ မြားတွေက သူ့ခြေထောက်အောက်က ဖြတ်ပျံသွားတယ်။ ဒီအဆောင်က စုန့်ဝမ်ရဲ့ နောက်ဆုံးအားကိုးရာ၊ ထင်မှတ်မထားဘဲ ထန်ယီ ပါလာပေမယ့် တိုက်ခိုက်ရဲတာလည်း ဒီအဆောင်ကြောင့်ပဲ။ မနိုင်ရင်တောင် ပျံသန်းပြီး ကိုယ်လွတ်ရုန်းပြေးလို့ရတယ်လေ။
ခုတော့ တိုက်ပွဲကြောင့် သွေးဆူနေလို့ ထွက်ပြေးဖို့ မစဥ်းစားတော့ဘူး။
“မင်းတို့အလှည့်ပဲ၊ မှော်အဆောင်အစွမ်းကို ခံစားကြည့်ပေတော့”
စုန့်ဝမ်က ပျံသန်းရင်း မုန်တိုင်းအဆောင်နဲ့ မီးတောက်အဆောင်ကို အသက်သွင်းပြီး လူအုပ်ထဲ ချိန်ရွယ်ပစ်လွှတ်လိုက်တယ်။
သူ့အောက်မှာ ထန်ယီနဲ့ သူ့လူတွေ ပျံသန်းနေတဲ့စုန့်ဝမ်ကို ငေးကြောင်ကြည့်နေကြတယ်။ ဒါက သူတို့မျှော်လင့်ထားတာထက် အများကြီး ကျော်လွန်သွားပြီ။ ကောင်းကင်မှာ ပျံသန်းနေတဲ့စုန့်ဝမ်က အနိုင်ယူမရတဲ့ နတ်ဘုရားအလား၊ ထန်ယီလည်း အခုမှ သေမျိုးနဲ့ အင်မော်တယ်လမ်းစ်လျှောက်သူတွေ ကွာခြားချင်ကို ပီပီပြင်ပြင် ခံစားမိသွားတယ်။
ထန်ယီတို့လူစု ငေးကြောင်နေချိန် တောက်ပတဲ့မီးလုံးနှစ်လုံးက လေးတင်လှည်းတွေကို ထိမှန်ပေါက်ကွဲသွားတယ်။
“ဝုန်း .. ဝုန်း”
ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ လေးတင်လှည်းနှစ်စီး တစ်စစီ ဖြစ်သွားတယ်။ အနားကလူတွေပါ မီးစွဲလောင်ကုန်တယ်။
ချက်ချင်းဆိုသလို မုန်တိုင်းအဆောင်ကြောင့် တိုက်ခတ်လာတဲ့လေပြင်းက ထန်ယီတို့အုပ်စုကို အလဲလဲ အပြိုပြို ဖြစ်စေခဲ့ပြန်တယ်။ လေးတင်ပြီး ပစ်ဖို့နေနေသာသာ မတ်တပ်ရပ်နိုင်အောင် မနည်းရုန်းကန်နေရတယ်။ အဆင့်မြင့်သိုင်းသမားတွေဖြစ်လို့ မသေပေမယ့် ဒဏ်ရာကိုယ်စီ ရကုန်တယ်။
အလူးအလဲ ခံနေရပြီး ဘာမှပြန်မလုပ်နိုင်တာကြောင့် ထန်ယီ ဒေါသထွက်လာတယ်။
“စုန့်ဝမ် .. လူယုတ်မာ။ အင်မော်တယ်ဖြစ်ပြီး ငါနဲ့ ရင်မဆိုင်ရဲလို့ မှော်အတတ်တွေ သုံးနေတာလား။ မင်းမှာ အဆောင်တွေ ဘယ်လောက်များများ ရှိလို့လဲ။ ကုန်တာနဲ့ မင်းကို အပိုင်းပိုင်းဖြတ်ပြီး ဝက်စာကျွေးပစ်မယ်”
စုန့်ဝမ်ကတော့ လှည့်ပတ်ပျံသန်းရင်း ပျော်နေတယ်။ ပျံသန်းရတဲ့ အရသာက အရမ်းမိုက်တယ်။ အဆောင်ရဲ့စွမ်းရည်က ၁၅ မိနစ်စာ ရှိတယ်ဆိုတော့ ထန်ယီတို့အုပ်စုကို ကိုင်တွယ်ဖို့ လိုတာထက် ပိုတယ်။ ဘာလို့များ လောနေရမှာလဲ။
“ထိပ်တိုက်ရင်ဆိုင်ရအောင် ငါက အရူးမှ မဟုတ်တာ။ ကဲ .. မီးလုံးအရသာလေး ခံစားလိုက်ပါဦး .. ဟား ဟား”
ဒီတစ်ခါတော့ အရေအတွက် အကန့်အသတ်ရှိတဲ့ မှော်အဆောင်တွေ မသုံးတော့ဘူး။ သိုလှောင်အိတ်ထဲမှာ သိမ်းဆည်းထားတဲ့ လောင်စာဆီထည့်အိုးငယ်တွေပဲ သုံးလိုက်တယ်။ ပျံဝဲနိုင်တဲ့စုန့်ဝမ်က ကောင်းကင်ယံကို စိုးမိုးထားတော့ ဗုံးကြဲချသလို လောင်စာဆီအိုးတွေ ဆက်တိုက်ပစ်ချနေပါတော့တယ်။
စုန့်ဝမ်က လူအုပ်နဲ့ လေးတင်လှည်းတွေကို အဓိကထား တိုက်ခိုက်တာ။ လေအရှိန်ကြောင့် မီးတောက်တွေက နေရာအနှံ့ ပြန့်နေလို့ ဘယ်နေရာပဲ ကျကျ၊ မီးလောင်ပေါက်ကွဲကုန်တယ်။ ခဏနေတော့ ခြံဝင်းတစ်ခုလုံး မီးတောက်တွေ ဖုံးလွှမ်းလာတယ်။
ထျန်းရှဂိုဏ်းသားတွေ ဆူညံ့ပွတ်လောရိုက်အောင် ပြေးလွှားနေကြပြီး၊ အော်ဟစ်ညည်းညူသံတွေလည်း ဘဝဂ်ညံနေတယ်။ လွတ်နေသေးသူ လက်တစ်ဆုပ်စာကလွဲရင် အားလုံး မီးပင်လယ်ထဲ နစ်မြုပ်နေပြီ။ ထန်ယီလည်း ထွက်ပြေးဖို့ ကြိုးစားပေမယ့် ဒဏ်ရာပြင်းထန်လွန်းလို့ မလွတ်နိုင်ဖြစ်နေတယ်။ သစ္စာရှိ သိုင်းပညာရှင်တချို့ ကာကွယ်ပေးနေလို့ အသက်နဲ့ကိုယ် အိုးစားမကွဲသေးတာ။ တဖြည်းဖြည်းနဲ့ ထန်ယီကို ကာကွယ်နေသူတွေ ထိခိုက်သေဆုံးကုန်ပြီး လူနည်းနည်းလာတယ်။
စုန့်ဝမ်က လှည့်ပတ်ပျံသန်းရင်း ထန်ယီကို သေချာစောင့်ကြည့်နေတယ်။ အခွင့်အရေးတစ်ချက် ပေါ်တာနဲ့ မီးတောက်မန္တန် အသက်သွင်းပြီး ပစ်လွှတ်တိုက်ခိုက်လိုက်တယ်။ အရူးမီးဝိုင်းဖြစ်နေတဲ့ ထန်ယီ မမြင်ဘူး။ ဒါပေမယ့် ထိခါနီးမှာ ဘယ်သူပစ်လက်မှန်း မသိတဲ့ မြားတံရှည်ကြီးက ကြားကဖြတ်ဝင်ကာလိုက်တယ်။
“ဖောင်းး”
ကျယ်လောင်တဲ့အသံနဲ့အတူ မီးလုံးပေါက်ကွဲပြီး မီးပွားတွေ နေရာအနှံ့ လွင့်စင်သွားတယ်။ မြားတံလည်း ပေါက်ကွဲပြီး သံမဏိအပိုင်းအစတွေ ဦးတည်ရာမဲ့ လွင့်စင်ကုန်တယ်။ ဆက်တိုက်ဆိုသလို ကျလာတဲ့ လောင်စာဆီအိုးလည်း သံမဏိအစတွေမှန်ပြီး ကွဲထွက်သွားလို့ ပတ်ဝန်းကျင်တစ်ခုလုံး လောင်စာဆီတွေ ဖြန်းပတ်သလို ဖြစ်သွားတယ်။
ပေါက်ကွဲမှုဒဏ်ကို အနီးဆုံးလူဖြစ်တဲ့ ထန်ယီ အလူးအလဲ ခံလိုက်ရတယ်။ တစ်ကိုယ်လုံး သံတိုသံစတွေ စိုက်ဝင်ကုန်သလို မီးစွဲလောင်ပြီး လူသားမီးရှူးတိုင်အသွင် ပြောင်းသွားတယ်။
“အား .. အား”
ထန်ယီ အသက်ရှင်စရာ အကြောင်းမရှိတော့သလို၊ ဆယ်မိနစ်ကျော် ပျံသန်းနေခဲ့ရလို့ အဆောင်စွမ်းအင်သက်ရောက်မှု သိပ်မကျန်တာကြောင့် စုန့်ဝမ်လည်း ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တယ်။ မထွက်ခွာခင် သိုလှောင်အိတ်ထဲက လောင်စာဆီအိုး အကုန်ထုတ်ပြီး ထန်ယီတို့အပေါ် ပစ်ချခဲ့လိုက်တယ်။
ပြီးတာနဲ့ အနောက်ဖက်တောင်ကုန်းဆီ ဦးတည်လိုက်တယ်။ ဒီတောင်တွေ ကျော်လွန်သွားရင် ထျန်းရှဂိုဏ်းနယ်မြေက လွတ်သလောက် ရှိပြီလေ။
………….