← Chapters

အလောင်းနတ်ဆိုးဂိုဏ်း

Vol. 2 Ch. 28

အလောင်းနတ်ဆိုးဂိုဏ်း

Vol. 2 Ch. 28

မိုင်ထောင်သောင်းချီခရီးကို ရက်ပေါင်းများစွာ ခရီးနှင်ပြီးတဲ့နောက် သင်္ဘောပျံ ဖြည်းဖြည်းချင်း အရှိန်လျှော့လာတယ်။ ခရီးဆုံး ရောက်ခါနီးပြီ။ ခရီးစဥ်က အတော်ကြာညောင်းခဲ့တယ်။

တော်သေးတယ်၊ စုန့်ဝမ်က ထျန်းရှဂိုဏ်းက ထွက်ပြေးဖို့ စီစဥ်ထားတော့ သိုလှောင်အိတ်ထဲမှာ ရိက္ခာခြောက်နဲ့ရေ အပြည့်ထည့်ထားမိလို့ မငတ်တာ။ ကောင်လေး ၄ ယောက်ဆို ၃/၄ ရက်လောက် ဘာမှ မစားခဲ့ရဘူး၊ ရေတောင် ချွေသောက်နေရတယ်။ ရှီရှို့ အရေးလည်းမလုပ်၊ အစားအစာလည်း မပေးဘူး။ ကောင်လေးတွေခမျာ အားနည်းပြီး မူးလဲမလို ဖြစ်နေပြီ။

ကျင့်ကြံသူဖြစ်ဟန်ရှိတဲ့ တစ်ယောက်က ဆေးလုံးတစ်လုံး သောက်တာ တွေ့ရတယ်။ ဘာမှ မစားပေမယ့် အားနည်းဟန်မရှိ တက်ကြွနေတယ်။ အဟာရဆေးလုံးဖြစ်မလားလို့ စုန့်ဝမ် တွေးလိုက်မိတယ်။ သူ့အနေနဲ့ ကောင်လေး ၄ ယောက်ကို စားစရာတစ်ခုခု ပေးချင်ပေမယ့် ရှီရှို့သဘောထား မသိရသေးလို့ မပေးရဲခဲ့ဘူး။

စုန့်ဝမ်လည်း သင်္ဘောပျံ အရှိန်လျှော့လာလို့ အောက်ကို ငုံ့ကြည့်မိတယ်။ အောက်မှာက တောင်တန်းကြီးတစ်ခု ရှိပြီး မျက်စိတဆုံး ရှည်လျားတယ်။ မရေမတွက်နိုင်တဲ့တောင်ထိပ်တွေ ပြည့်နေပြီး၊ တချို့ဆို ပေသောင်းနဲ့ချီ မြင့်မားတယ်။ ခဏနေတော့ အဆောက်အဦးတွေ ပြည့်နေတဲ့ တောင်တစ်ခုဆီ ရောက်လာတယ်။

ရှီရှို့ပြောပြလို့ ဒါက ရှစ်မိုဂိုဏ်းရဲ့ အဓိကတောင်ဖြစ်တဲ့ အလောင်းနတ်ဆိုးတောင်ဆိုတာ သိလိုက်ရတယ်။ ဂိုဏ်းတပည့်အများစုက ဒီတောင်မှာ နေထိုင်ကျင့်ကြံကြတယ်တဲ့။

စုန့်ဝမ်ကြည့်နေရင်း ဓားပျံစီးနင်းပျံသန်းသူတွေ၊ နတ်ဆိုးသားရဲ စီးနင်းပျံသန်းသူတွေကို ခဏခဏ တွေ့နေရတယ်။ အဆောက်အဦးတွေက ခမ်းနားလှပတယ်။ အလှဆင်ထားတဲ့ လူခေါင်းခွံတွေနဲ့ ပြင်းထန်တဲ့လူသေအနံ့သာ မရှိရင် နတ်ဘုံလို့တောင် ထင်ခဲ့မိမှာ။

“ကျိယင်”

ရှီရှို့ခေါ်သံကြောင့် စုန့်ဝမ် လှည့်ကြည့်လိုက်မိတယ်။ နာမည်တုဆိုပေမယ့် စုန့်ဝမ်က သတိထားနေတော့ ကြောင်မသွားဘူး။

“မင်သိုလှောင်အိတ်ထဲမှာ စားစရာ ရှိသေးရင် ဟိုကောင်တွေကို နည်းနည်းပေးလိုက်”

စုန့်ဝမ် ခေါင်းညိမ့်ရင်း ကောင်လေး ၄ ယောက်ကို စားစရာ ဝေငှပေးလိုက်တယ်။ ကောင်လေးတွေလည်း အငမ်းမရစားလိုက်တာ ချက်ချင်းပြောင်သွားတယ်။

သူတို့စားပြီးတော့မှ ရှီရှို့က ဆက်ပြောလာတယ်။

“ဒီနေ့ကစပြီး မင်းတို့ ၆ ယောက် အလောင်းနတ်ဆိုးဂိုဏ်းတပည့် ဖြစ်လာပြီ။ ငါတို့ဂိုဏ်းက နတ်ဆိုးကျင့်ကြံမှုနယ်ပယ်မှာ နာမည်ကြီးတဲ့ထိပ်တန်းဂိုဏ်း။ မင်းတို့တွေ စည်းကမ်းလိုက်နာပြီး ကြိုးစားကျင့်ကြံရမယ်။ ဒီအခွင့်အရေးကို မဖြုန်းတီးကြနဲ့။ ဂိုဏ်းရဲ့ဂုဏ်သတင်းကို မညစ်နွမ်းစေနဲ့”

စုန့်ဝမ် မျက်မှောင်ကြုတ်ရင်း လူသေလိုငြိမ်နေတဲ့တစ်ယောက်ကို လှမ်းကြည့်လိုက်မိတယ်။ ၆ ယောက်ဆိုတော့ အဲဒီလူက လူမဟုတ်ဘူးပေါ့။ ဒါဆို ဘာလဲ၊ ဖုတ်ကောင်လား၊ အလောင်းရုပ်သေးလား။

ခဏနေတော့ ရှီရှို့က သင်္ဘောပျံကို တောင်ခြေမှာရှိတဲ့ကွင်းပြင်ကျယ်မှာ ဆင်းသက်ရပ်နားလိုက်တယ်။

သင်္ဘောပျံ ရပ်လိုက်တာနဲ့ လူရွယ်တစ်ယောက် အပြေးတက်လာတယ်။

“အကြီးအကဲရှီ .. တပည့်သစ်တွေ ပါလာပြီလား။ အားလုံး အဆင်ပြေခဲ့တယ်မလား”

“တုချိုးပါလား၊ အေး .. အဆင်ပြေတယ်။ အခု အလယ်အလတ်ဝိညာဥ်မြစ်ရှိတဲ့ တပည့်သစ် ၆ ယောက် ခေါ်ခဲ့တယ်”

ရှီရှို့က ပြောနေရင်း ဟိတ်ဟန်အပြည့်နဲ့လူငယ်ကို လက်ညိုးထိုးပြတယ်။

“သူက ဝူရှို့တဲ့။ ချီစုးည်းခြင်း တတိယအဆင့် ရောက်နေပြီ။ ငါတို့ဂိုဏ်းရဲ့ ပြင်ပဂိုဏ်းပညာဖြစ်တဲ့ အလောင်းရုပ်သေးပညာကို ကျင့်ကြံနေတယ်။ ကျင့်ကြံမှု သိပ်မမြင့်ပေမယ့် ဂိုဏ်းအတွက် အကျိုးပြုဖူးတယ်။ ငါတို့ကို နှလုံးသားမရှိဘူး၊ ကျင့်ဝတ်မသိဘူးလို့ ပြောစရာ မဖြစ်အောင် သူ့ကို နည်းနည်းဂရုစိုက်ပေးလိုက်”

“ဟုတ်ကဲ့ .. အကြီးအကဲ။ စိတ်ချပါ .. ဂိုဏ်းတူညီဝူရှို့ကို ကျနော် ဂရုစိုက်လိုက်ပါ့မယ်”

တုချိုးက လေးစားသမှုနဲ့ ပြန်ဖြေလိုက်ပေမယ့် စိတ်ထဲမှတော့ ဒီလောက် ဂရုစိုက်ပုံထောက်ရင် ဒီဘဲကြီး အကျိုးအမြတ် အတော်ရခဲ့မှာပဲလို့ တွေးနေမိတယ်။

ရှီရှို့က စုန့်ဝမ်ကို မေးငေါ့ပြရင်း တုချိုးကို နှစ်ကိုယ်ကြား ပြောတယ်။ တုချိုးက စုန့်ဝမ်ကို တစ်ချက်လှမ်းကြည့်ပြီး ခေါင်းညိမ့်တယ်။

ရှီရှို့က ကျန်တဲ့လေးယောက်ကိုတော့ အရေးတယူ မလုပ်ဘူး။

“ကဲ .. ဒီတပည့်သစ်တွေ မင်းဆီအပ်ခဲ့မယ်။ ငါသွားပြီ”

စကားဆုံးတာနဲ့ ဓားပျံစီးနင်းရင်း ထွက်သွားတယ်။

တုချိုးက ၆ ယောက်လုံးကို စေ့စေ့စပ်စပ် ကြည့်တယ်။

“မင်းတို့က ဘယ်ဆိုးလို့လဲ။ အားလုံး အလယ်အလတ်ဝိညာဥ်အမြစ်တွေ ပိုင်ဆိုင်ထားတာပဲ။ ဒီနေ့ကစပြီး မင်းတို့တွေ အပြင်စည်းတပည့် ဖြစ်ပြီ။ ၆ နှစ်အတွင်း ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် တက်ရောက်နိုင်ရင် ငါ့လို အတွင်းတပည့် ဖြစ်လာမယ်။ တပည့်ရင်း ဖြစ်ဖို့ကတော့ မင်းတို့ရဲ့ ကံကြမ္မာပေါ် မူတည်လိမ့်မယ်”

ပြောပြီးလို့ တုချိုး လက်ဝေ့ယမ်းလိုက်တာနဲ့ စုန့်ဝမ်တို့ရှေ့မှာ သိုလှောင်အိတ်တစ်လုံးစီ ပေါ်လာတယ်။ စုန့်ဝမ်တို့တွေလည်း အမြန်ဖမ်းယူလိုက်ကြရတယ်။

“ဒီသိုလှောင်အိတ်ထဲမှာ နေရမယ့်လိုဏ်ဂူနံပါတ် ပါတယ်။ ကျင့်စဥ်တွေ၊ ဂိုဏ်းဝတ်စုံတွေ၊ ဝိညာဥ်ကျောက်တုံးတွေ၊ အနာကျက်ဆေးတွေနဲ့ ဂိုဏ်းစည်းကမ်းလက်စွဲစာအုပ် ပါတယ်။ မတော်တဆ စည်းကမ်းဖောက်တာမျိုး မဖြစ်အောင် စည်းကမ်းတွေကို သေချာမှတ်သားဖို့ အကြံပေးချင်တယ်။ ကဲ .. ငါ့နောက် လိုက်ခဲ့ကြ။ မင်းတို့နေရမယ့်နေရာ လိုက်ပြမယ်”

……

တုချိုးနောက်က လိုက်လာရင်း သိပ်မကြာခင် တောင်ခြေက လိုဏ်ဂူငယ်လေးတွေ တန်းစီရှိတဲ့နေရာဆီ ရောက်လာတယ်။

“ကဲ .. ဒါ မင်းတို့နေရမယ့်နေရာပဲ။ အိတ်ထဲမှာ နံပါတ်ပြားတွေ ပါတယ်။ ထပ်မိတ်ဆက်ရဦးမယ်၊ ငါ့နာမည်တုချိုးဆိုတာတော့ သိပြီးပြီမလား။ ငါက လာမယ့်တစ်လအတွင်း မင်းတို့ကျင့်ကြံတာကို ကြီးကြပ်ပေးမယ်။ ငါက တောင်အလယ်ပိုင်းက လိုဏ်ဂူနံပါတ် ၃၆ မှာ နေတယ်။ ကျင့်ကြံမှုနဲ့ ပတ်သတ်လို့ မရှင်းတာ ရှိရင် အချိန်မရွေး လာမေးနိုင်တယ်”

တုချိုးက တောင်ခြေနဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ သစ်သားအိမ်တွေကို လက်ညိုးထိုးပြတယ်။

“အဲဒါ လုပ်သားတပည့်တွေနေတဲ့နေရာ။ အဲဒီမှာ ထမင်းစားဆောင် ရှိတယ်။ မင်းတို့ စားသောက်မယ့်အချိန် သွားစားလို့ ရတယ်။ ငါတို့ဂိုဏ်းက ပျင်းရိတာ မကြိုက်ဘူး။ တစ်လပြည့်ရင် မင်းတို့ကို ခန်းမတွေမှာ ခွဲဝေတာဝန်ချပေးမယ်။ ဒီတစ်လတာအတွင်း ပေးထားတဲ့ကျင့်စဥ်တွေကို ကျွမ်းကျင်အောင် လေ့ကျင့်ထားကြ။ မဟုတ်ရင် အလောင်းရုပ်သေးအဖြစ် အဆုံးသတ်သွားနိုင်တယ်”

ပြောပြီးတာနဲ့ တုချိုးက ပျံသန်းမှုနည်းစနစ်ကို အသုံးပြုပြီး ပျံတက်သွားတယ်။ ပေ ၅၀ ကျော်ရောက်တော့ သူ့နဖူးသူရိုက်ပြီး ပြန်ဆင်းလာတယ်။

“မေ့တော့မလို့၊ မင်းတို့လေးယောက်က ကျင့်ကြံမှု မစရသေးတော့ သိုလှောင်အိတ် ဘယ်ဖွင့်တတ်ပါ့မလဲ”

ပြောပြောဆိုဆို လက်ဝေ့ယမ်းလိုက်တာနဲ့ အလင်းတန်း ၄ ခု ပေါ်လာပြီး လူသစ် ၄ ယောက် ကိုင်ထားတဲ့ သိုလှောင်အိတ်တွေပေါ် ကျသွားတယ်။ ချက်ချင်းဆိုသလို သိုလှောင်အိတ်တွေ ပွင့်သွားပြီး၊ ပစ္စည်းတွေ ပေါ်လာတယ်။

စုန့်ဝမ် လှမ်းကြည့်လိုက်တော့ စာအုပ်နှစ်အုပ်ပါပြီး တစ်အုပ်က မျက်နှာဖုံးမှာ အလောင်းရုပ်သေးနည်းစနစ်လို့ ရေးထားတယ်။ သူတို့ရတာ ဝူရှို့ကျင့်ကြံတဲ့ အလောင်းရုပ်သေးနည်းစနစ်ပဲပေါ့။ ဝူရှို့က တတ်ပြီးသားဆိုတော့ တခြားနည်းစနစ်တစ်ခုများ ရသွားတာလားပဲ။

တုချိုးက လုပ်စရာတွေ လက်စသတ်ပြီးတာနဲ့ တောင်အလယ်ပိုင်းကို ပျံတက်သွားတယ်။ စုန့်ဝမ် သေချာလိုက်ကြည့်တော့ သူအသုံးပြုခဲ့တဲ့ ပျံသန်းခြင်းအဆောင်နဲ့ တူပေမယ့် ပိုအစွမ်းထက်တာ သတိထားမိတယ်။ ဒါက မန္တန်သုံးပြီး ပျံသန်းတာ ဖြစ်မယ်။ အကြီးအကဲရှီရှို့ရဲ့ ဓားပျံစီးနင်းပျံသန်းတာထက်တော့ အများကြီး အဆင့်နိမ့်သေးတယ်။

တုချိုး ပျံတက်သွားတဲ့နေရာကို ကြည့်ပြီး စုန့်ဝမ် ခေါင်းခါလိုက်တယ်။ တောင်ခါးလယ်မှာ ရှိတဲ့လိုဏ်ဂူတွေက ပေငါးထောင်မကအမြင့်မှာ ရှိတာ။ ပျံသန်းမှုနည်းစနစ်သာ မတတ်ရင် ဘယ်လိုလုပ် တက်ရမှာလဲ။ ဒီနေရာက ကျင့်ကြံမှုလောကဆိုတော့ လမ်းဖောက်ထားတာလည်း မရှိဘူး။ ကိုယ်သွားချင်ရင် သွားနိုင်တဲ့အစွမ်းရှိမှ ရောက်နိုင်မယ်။ ခြေလျင်တက်ရင် အဆင်း၊ အတက် ၂ ရက်လောက် ကြာမယ်။ ပြုတ်မကျရင်ပေါ့။ တူချိုးက လာမေးလို့ ပြောပေမယ့် ဘယ်သူမှ မတက်နိုင်တော့ လောကဝတ်အရ လူကြားကောင်းအောင် ပြောတဲ့သဘောပါပဲ။

စုန့်ဝမ် ခေါင်းခါယမ်းရင်း ဝိညာဥ်စွမ်းအင် ထည့်သွင်းပြီး သိုလှောင်အိတ်ထဲက လိုက်ဂူနံပါတ်ပြားကို ထုတ်ယူလိုက်တယ်။ လိုဏ်ဂူနံပါတ် ၁၂ တဲ့။ လှမ်းကြည့်လိုက်တော့အလယ်တည့်တည့်မှာ ရှိနေတယ်။ ဝိညာဥ်စွမ်းအင် သိပ်သည်းဆလည်း အတော်ကာင်းတယ်။

စုန့်ဝမ် လိုဏ်ဂူထဲ ဝင်ရောက်ဖို့ ပြင်လိုက်ချိန် နောက်က ခေါ်တဲ့အသံ ထွက်ပေါ်လာတယ်။

“ဟေ့ .. ကျိယင်၊ ငါတို့နေရာချင်းလဲရအောင်”

…………..

All Chapters