← Chapters

အပြင်စည်းတပည့်

Vol. 2 Ch. 29

အပြင်စည်းတပည့်

Vol. 2 Ch. 29

အသံရှင်က ဝူရှို့၊ မထီမဲ့မြင်အကြည့်နဲ့ ကြည့်ရင်း ပြောလိုက်တာ။ လေသံက တောင်းဆိုတာထက် အမိန့်ပေးသံ ပေါက်နေတယ်။ သူက စုန့်ဝမ်ရဲ့ နောက်ခံအခြေအနေကို ရိပ်စားမိသွားလို့ အနိုင်ကျင့်လာတာ။

ဝူရှို့က ချီစုစည်းခြင်း တတိယအဆင့် ရောက်နေသလို၊ မိသားစုနောက်ခံ တောင့်တင်းပြီး အလောင်းနတ်ဆိုးဂိုဏ်းနဲ့လည်း အရင်တည်းက အဆက်အဆံ ရှိကြတယ်။ လာဘ်ယူထားတဲ့ အကြီးအကဲရှီရှို့ကလည်း သူ့အပေါ် မျက်နှာသာပေးထားတယ်။ ဂိုဏ်းကလည်း တရားမျှတမှုကို နည်းနည်းမှ အလေးမထားတဲ့ နတ်ဆိုးဂိုဏ်း။ စုန့်ဝမ်လို နောက်ခံမရှိတဲ့ ချီစုစည်းခြင်း ဒုတိယအဆင့် လေလွင့်ကျင့်ကြံသူကို အနိုင်ကျင့်ဖို့ မခက်ဘူး။

ဒါ့အပြင် သူ့မှာ အကြီးမားဆုံး အားသာချက်အဖြစ် နောက်မှာရပ်နေတဲ့ အလောင်းရုပ်သေး ရှိနေတယ်။ ဒီအလောင်းရုပ်သေးက သူ့အဖေရဲ့အမွေ၊ အလယ်အလတ်အဆင့် ချီစုစည်းခြင်းစွမ်းအင် ထုတ်လွှတ်နိုင်တယ်။ ခန္ဓာကိုယ်ကလည်း သံလို မာကျောပြီး၊ အဆိပ်ပြင်းတဲ့ အလောင်းအဆိပ်ငွေ့တွေ ဖုံးလွှမ်းနေတယ်။ ချီအလယ်အလတ်အဆင့် ကျင့်ကြံသူတောင် ယှဥ်နိုင်တဲ့အရာ မဟုတ်ဘူး။

ဝူလျှို့လုပ်ရပ်ကြောင့် စုန့်ဝမ် စိတ်အနှောင့်အယှက် ဖြစ်သွားသလို၊ စိတ်လည်း ပျက်သွားတယ်။ ဂိုဏ်းထဲရောက်တာနဲ့ အနိုင်ကျင့်ဗိုလ်ကျတာ လာကြုံရတယ်လို့။ လောကကြီးထဲက ကျင့်ကြံသူတိုင်း ဒီလိုချည်းပဲလား။ ကိုယ်က အားသာရင် အနိုင်ကျင့်မယ်၊ ဘာမဟုတ်တာလေးနဲ့ ရန်သူမွေးမယ် .. စိတ်တွေက ပုံမှန်ရော ဟုတ်သေးရဲ့လား မသိဘူး။

ဝူလျှို့နောက်က အလောင်းရုပ်သေးဆီက ဖိအားကြောင့် စုန့်ဝမ် စိတ်လျှော့လိုက်ရတယ်။ တကယ်တော့ အားလုံးက လူငယ်တွေပဲလေ။ ဝူလျှို့လည်း ရှိလှ ၁၇၊ ၁၈ ပေါ့။ လူငယ်အုပ်စုထဲ အားအကောင်းဆုံးလူပီပီ အကောင်းဆုံးနေရာကို ယူချင်တာ မဆန်းပါဘူး။ နားလည်ပေးလို့ ရပါတယ်။ ကြုံလာသမျှ စိတ်ထဲထား ရန်ငြိုးဖွဲ့နေရင် စိတ်ပင်ပန်းရုံ ရှိမယ်။

စုန့်ဝမ် ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး လိုဏ်ဂူနံပါတ်ပြားကို ဝူလျှို့ဆီ လှမ်းပေးလိုက်တယ်။

“ဂိုဏ်းတူအကိုက လဲချင်တယ်ဆိုလည်း လဲကြတာပေါ့။ ဒီနေရာက အကိုဝူနဲ့ ပိုသင့်တော်ပါတယ်”

ဝူလျှို့လည်း ကျေနပ်သွားပြီး ပြုံးပြုးရွှင်ရွှင်နဲ့ စုန့်ဝမ်ဆီကကတ်ကို လှမ်းယူပြီး၊ သူ့ကတ်ကို ပြန်ပေးလိုက်တယ်။

“ဂိုဏ်းတူညီငယ်က နားလည်မှု ရှိသားပဲ။ ဒီနေ့ကစပြီး ငါ့နောက်လိုက်ခဲ့။ ငါက ဂိုဏ်းထဲမှာ အဆက်အသွယ်တချို့ ရှိတယ်”

“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအကို”

ဝူလျှို့က မာန်ပါပါ ခေါင်းညိမ့်ပြပြီး လိုဏ်ဂူနံပါတ် ၁၂ ဆီ ထွက်သွားတယ်။

ဆောင့်ကြွားကြွား သွားနေတဲ့ဝူလျှို့နောက်ကျောကို ကြည့်ရင်း စုန့်ဝမ် ဒီနေ့အဖြစ်အပျက်ကို သေချာမှတ်ထားလိုက်တယ်။ လုံလောက်တဲ့ခွန်အား ရှိလာတဲ့တစ်နေ့ ဂုဏ်သိက္ခာ ပြန်ဆယ်ပြီး စိတ်အထုံးအဖွဲ့တစ်ခုကို ရှင်းပစ်ရမယ် မဟုတ်ပါလား။ ဘယ်သူ့ကိုမှ ကိုယ်ကစပြီး အနိုင်မကျင့်ဘူး ဆုံးဖြတ်ထားပေမယ့်၊ ကိုယ့်အပေါ် ကျူးလွန်လာသူကိုတော့ တန်ရာတန်ကြေး ပြန်ပေးဆပ်ခိုင်းရမှာပဲ။

သူ့လက်ထဲက နံပါတ်ကို ကြည့်လိုက်တော့ ၉၇ တဲ့။ လိုက်ရှာတော့ တောင်စောင်းအစွန်မှာ သွားတွေ့တယ်။ ဝူလျှို့ လဲချင်တာလည်း မဆန်းဘူး။ ဒီလိုဏ်ဂူက အစွန်ဆုံး ဖြစ်နေသလို၊ ဝိညာဥ်စွမ်းအင် သိပ်သည်းဆလည်း နည်းပါးတယ်။ ဒီမှာ ကျင့်ကြံရင် တိုးတက်မှု နှေးကွေးမှာ ကျိန်းသေပဲ။

စုန့်ဝမ်လည်း စိတ်ထိန်းပြီး လိုဏ်ဂူအိမ်ထဲ ဝင်ခဲ့လိုက်တယ်။ မကျင့်ကြံရသေးတဲ့ လူသစ်တွေကိုလည်း အနိုင်မကျင့်ချင်ဘူးလေ။ ရန်ငြိုးတိုးလာလို့ ဘာအကျိုးရှိမှာလဲ။

လိုဏ်ဂူက ဆယ်မီတာပတ်လည်လောက် ကျယ်တယ်။ နေ့စဥ်သုံးပစ္စည်းတွေလည်း အစုံအလင် ရှိတယ်။ အလယ်တည့်တည့်မှာ အဆုံးမရှိဘူးထင်ရတဲ့ တွင်းတစ်တွင်း ရှိနေတယ်။ အဲဒီ တွင်းထဲကနေ အနံ့ပြင်းထန်တဲ့ အလောင်းချီတွေ ထွက်ပေါ်နေတယ်။

ဒါက အလောင်းနတ်ဆိုးဂိုဏ်းရဲ့ ကျင့်ကြံမှုရင်းမြစ်စွမ်းအား။ ကြီးမားတဲ့ အလောင်းသန့်စင်အစီအရင် တည်ဆောက်ပြီး ကျင့်ကြံသူနဲ့ နတ်ဆိုးသားရဲ့ အလောင်းတွေကို လောင်စာအဖြစ်သုံးပြီး အလောင်းချီကို ထုတ်ယူတယ်။ ပြီးတာနဲ့ ဆက်သွယ်ရေးမြောင်းတွေကတဆင့် တပည့်တွေ နေထိုင်ကျင့်ကြံရာ လိုဏ်ဂူအိမ်တွေထဲ ပို့ပေးတယ်။

စုန့်ဝမ် သက်ပြင်းချလိုက်မိတယ်။ ကြုံလာမှတော့ အသားကျအောင် လုပ်ရုံပဲ ရှိတော့တယ်။ စုန့်ဝမ် ဂိုဏ်းကပေးတဲ့ သိုလှောင်အိတ်ကို ဖွင့်ပြီး ပါဝင်ပစ္စည်းတွေကို စစစ်တယ်။ အပြင်စည်းတပည့်ဝတ်စုံ ၃ စုံ၊ အဆင့်နိမ့်ဝိညာဥ်ကျောက် ၅ လုံး၊ ဆေးပုလင်း ၂ ပုလင်း။ တစ်ပုလင်းက အဟာရဆေးလုံး ၃ လုံးပါတယ်။ တစ်လုံးသောက်ရင် ဆယ်ရက်ကြာ အစာမစားဘဲ နေနိုင်တယ်လို့ ရေးထားတယ်။ နောက်တစ်ပုလင်းက အလောင်းသွေးချီဆေးလုံး၊ ၃ လုံးပါတယ်။ ကျင့်ကြံသူတွေ အလောင်းချီကို သန့်စင်ရာမှာ ထောက်ကူပြုတယ်လို့ ရေးထားတယ်။

သူ့သိုလှောင်အိတ်ထဲ တခြားသူတွေလို ကျင့်စဥ်စာအုပ် မပါလာလို့ မျက်မှောင်ကြုတ်လိုက်မိတယ်။ ထူးထူးခြားခြား ကျောက်စိမ်းပြားတစ်ခု ပါလာတယ်။ မှတ်သားမိသလောက်ဆို ကျင့်ကြံမှုလောကမှာ ကျောက်စိမ်းပြားနဲ့ မှတ်တမ်းတင်တာက စာအုပ်တွေထက် ပိုအဆင့်မြင့်တယ်တဲ့။ နဖူးမှာ ကပ်လိုက်ရုံနဲ့ ဝိညာဥ်စွမ်းအားချင်း ချိတ်ဆက်မှတ်သားပြီး သင်ယူနိုင်တယ်လို့ ဆိုတယ်။

“နေစမ်းပါဦး .. ငါ့ကျမှ ဘာလို့တမူထူးနေရတာလဲ”

ကျိုးယင်နဲ့ ကြုံတွေ့ပြီးတည်းက ဘယ်အရာမဆို သံသယနဲ့ကြည့်တာ အကျင့်ဖြစ်နေလို့ သေချာစဥ်းစားနေမိတယ်။

တုချိုးက ဝူလျှို့ကို ပေးရမယ့်အိတ်နဲ့ မှားပေးတာလား။ တမင်စီစဥ်ပေးတာလား။ ရှီရှို့ ထွက်မသွားခင် တုချိုးကို တီးတိုးပြောပြီး ပေးခိုင်းခဲ့တာလား။ ဘာကြောင့်လဲ .. အလားအလာကောင်း ရှိလို့လား။

စဥ်းစားမရတဲ့အဆုံး အတွေးရပ်ပြီး ကျောက်စိမ်းပြားကို နဖူးမှာတေ့ရင်း ဝိညာဥ်စွမ်းအင်နဲ့ စစ်ဆေးလိုက်တယ်။ ချက်ချင်းဆိုသလို စုန့်ဝမ်စိတ်ထဲ အချက်အလက်တွေ တပြုံတမကြီး ဝင်လာပါတော့တယ်။

အလောင်းဘုရင်သွေးသန့်စင်နည်းပညာတဲ့။ ကျင့်ကြံမှုလောကမှာ ရှားပါးတဲ့ ခန္ဓာကိုယ်သန့်စင်နည်းစနစ်လို့ ဆိုတယ်။ အဆင့် ၉ ဆင့် ပါတယ်။ ကျင့်ကြံဖို့ မရှိမဖြစ် လိုအပ်ချက်က ဒြပ်စင်ငါးမျိုးလုံးရဲ့ဂုဏ်သတ္တိပါတဲ့ ဝိညာဥ်အမြစ်တဲ့။

အခုမှ စုန့်ဝမ် သဘောပေါက်သွားတယ်။ သူ့ကို ရှီရှို့ စစ်ဆေးချိန်က ပြည့်စုံတဲ့အလယ်အလတ်အဆင့်ဝိညာဥ်အမြစ်လို့ ပြောဖူးတယ်။ ပြည့်စုံတယ်ဆိုတာ ဒြပ်စင်ငါးမျိုးလုံးရဲ့ဂုဏ်သတ္တိပါတာကို ပြောတာပဲ။ နိဂုံးချုပ်က စိတ်ဝင်စားစရာ ကောင်းတယ်။ အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်ရင် ဖျက်ဆီးမရတဲ့ ဖုတ်ကောင်ဘုရင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး အထွတ်အထိပ်နယ်ပယ် ၃ ရပ်ဖြစ်တဲ့ နတ်ဘုရားအဆင့်၊ ပျက်စီးခြင်းမဲ့အဆင့်နဲ့ ထာဝရအင်မော်တယ်အဆင့်ထိ တက်လှမ်းနိုင်မယ်တဲ့။

အဲဒါကြီးက မြင့်လွန်းသွားပြီ။ စုန့်ဝမ်ရဲ့ လက်ရှိအသိပညာနဲ့ လက်လှမ်းမမီတော့ဘူး။ မှန်၊ မမှန် စစ်ဆေးနိုင်စွမ်းလည်း မရှိဘူးလေ။ ဘာပဲဖြစ်ဖြစ် တစ်ခုတည်းသောကျင့်စဥ်ဖြစ်မှတော့ ကျင့်ကြံရုံပဲပေါ့။ သက်ရှည်ကျင့်စဥ်ကလည်း ဒီပတ်ဝန်းကျင်မှာ ကျင့်ကြံလို့မှ မရတာ။ ဒီမှာက အလောင်းချီနဲ့ ပြည့်နေတယ်။ ဝိညာဥ်ချီ စုပ်ယူဖို့ မလွယ်ဘူး။ သိသွားရင်လည်း လမ်းမှန်ဂိုဏ်းသူလျှိုဆိုပြီး အထင်လွဲခံရနိုင်တယ်။

နတ်ဆိုးကျင့်ကြံသူတွေက လမ်းမှန်ကျင့်ကြံသူရဲ့ဝိညာဥ်ကို လက်နက်ပစ္စည်းသန့်စင်တာ၊ ခန္ဓာကိုယ်ကို အလောင်းရုပ်သေး လုပ်တာ၊ သွေးကို လျှို့ဝှက်နည်းစနစ်အတွက် အသုံးချရတာကို နှစ်သက်တယ်။ နတ်ဆိုးကျင့်ကြံသူမျက်စိထဲမှာ လမ်းမှန်ကျင့်ကြံသူတစ်ကိုယ်လုံးက စွမ်းအင်မြှင့်တင်ဖို့ လောင်စာတုံးကြီးပဲ။

စုန့်ဝမ်ရဲ့ သက်ရှည်ကျင့်စဥ်က အဆင့်နိမ့်ပြီး ကျင့်ကြံချိန် မကြာသေးလို့ မပေါ်လွင်သေးဘူး။ တတိယအဆင့် ရောက်လို့ကတော့ အာရုံခံမိပြီး အမဲဖျက်ခံရလိမ့်မယ်။

ကျင့်စဥ်ကိစ္စ ပြီးတာနဲ့ ဂိုဏ်းစည်းကမ်းလက်စွဲကို စဖတ်တယ်။ ဘယ်မှာနေနေ စည်းမျဥ်းစည်းကမ်းတွေ ကျွမ်းကျင်ပိုင်နိုင်တာ ရှင်သန်ဖို့ အဓိကသော့ချက်ပဲ။

နာရီဝက်လောက် ဖတ်ပြီးတော့ တစ်အုပ်လုံး အလွတ်ရသွားပြီ။ စာအုပ်က စည်းမျဥ်းစည်းကမ်းတင်မက အထွေထွေအကြောင်းအရာတွေပါ ဖော်ပြထားလို့ ဂိုဏ်းအကြောင်း အတော်လေးနားလည်သွားတယ်။

အလောင်းနတ်ဆိုးဂိုဏ်းက နတ်ဆိုးဂိုဏ်းပေမယ့် ဂိုဏ်းသားချင်း ရန်ဖြစ်တိုက်ခိုက်တာကို တားမြစ်ထားလို့ စုန့်ဝမ် စိတ်သက်သာရာ ရသွားတယ်။ ဒီစည်းကမ်းကြောင့် လုံခြုံရေးအာမခံချက်တချို့ ရှိလာတယ်။

ဟုတ်ပါတယ်၊ တချို့ပါပဲ။ ချွင်းချက်တွေကြောင့် အပြည့်အဝတော့ မရှိဘူး။ အကြောင်းက တားမြစ်ထားပေမယ့် လုံးဝမလုပ်ရလို့ တားမြစ်ထားတာ မဟုတ်လို့ပါပဲ။ စည်းကမ်းက ဒဏ်ကြေးနဲ့ ထိန်းထားတာ။

တပည့်ချင်း ကိုယ်ထိလက်ရောက် ရန်ဖြစ်ရင် ပြစ်ဒဏ်က အဆင့်နိမ့်ဝိညာဥ်ကျော် ၂၀၀။ လုပ်သားတပည့်ကို သတ်ရင် ၅၀၀။ ပြင်ပတပည့်ကို သတ်ရင် ၃,၀၀၀။ အတွင်းတပည့်ကို သတ်ရင် ၁၀,၀၀၀။ တပည့်ရင်းကို သတ်ရင် ၁၀၀,၀၀၀ တဲ့လေ။ ဒဏ်ငွေဆောင်နိုင်သရွေ့ စည်းကမ်းဖောက်လို့ ဘာပြစ်ဒဏ်မှ ကျခံစရာ မလိုဘူး။ များများသတ်ရင် ဂိုဏ်းဘဏ္ဍာရေးကို ထောက်ကူပြုတယ်ဆိုပြီးတောင် ချီးကျူးမလား မပြောတတ်ဘူး။

အဲ .. ဒဏ်ငွေ မဆောင်နိုင်လို့ကတော့ မတွေးဝံ့လောက်တဲ့ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရပြီသာ မှတ်ပေတော့။ လူကို သတ်ပြီး သွေးကို စုပ်ထုတ်မယ်၊ ဝိညာဥ်ကို သန့်စင်ချုပ်နှောင်ပြီး အငြိုးကြီးတစ္ဆေအဖြစ် ဖန်တီးမယ်၊ ပြီးရင် မူလအလောင်းကို ဖုတ်ကောင်အဖြစ် ဆေးစီရင်ပြီး အငြိုးကြီးတစ္ဆေဖြစ်နေတဲ့ဝိညာဥ်ကို ထည့်သွင်းချိတ်ပိတ်မယ်။ အဆုံးမှာ အလောင်းရုပ်သေးဘဝရောက်ပြီး လူဝင်စားသံသရာထဲ ဝင်မရတော့ဘဲ ထာဝရသရဲကျွန် ဖြစ်သွားလိမ့်မယ်။

တွေးရင်း တွေးရင်း စုန့်ဝမ် ကျောရိုးထဲထိ စိမ့်သွားတယ်။ သောက်ကျိုးနည်း .. တကယ့်နတ်ဆိုးဂိုဏ်းစစ်စစ်ပဲဟ ….

……………

All Chapters