အလောင်းဘုရင်သွေးသန့်စင်နည်းစနစ်
Vol. 2 Ch. 30
ဂိုဏ်းစည်းကမ်းလက်စွဲစာအုပ် ဖတ်ရင်း အလောင်းနတ်ဆိုးဂိုဏ်းရဲ့ စည်းကမ်းတွေအပြင် တပည့်တွေရဲ့ တာဝန်ဝတ္တရားနဲ့ အကျိုးခံစားခွင့်တွေပါ စုန့်ဝမ် သိရှိခဲ့တယ်။
အပြင်စည်းတပည့်တစ်ယောက်အနေနဲ့ တစ်လကို အဆင့်နိမ့်ဝိညာဥ်ကျောက် ၅ လုံး ရရှိမယ်။ ဒီပမာဏက ချီစုစည်းခြင်း အစောပိုင်းအဆင့်အတွက်တောင် မလုံလောက်ဘူး။ အရင်းအမြစ်များများ သုံးစွဲပြီး ကျင့်ကြံမှုအဆင့် တိုးမြှင့်နိုင်ဖို့အတွက် ဂိုဏ်းက ချမှတ်ပေးတဲ့တာဝန်ကို ထမ်းဆောင်ဖို့ လိုတယ်။ တုချိုးစကားနဲ့ဆို ငပျင်းတွေအတွက် နေရာမရှိဘူး ဆိုပါတော့။ အဲ .. ကံဆိုးရင် အလောင်းရုပ်သေးဖြစ်ခွင့် ရနိုင်တယ်ဆိုလားပဲ။
လူသစ်တွေအနေနဲ့ တစ်လတာ တံခါးပိတ်ကျင့်ကြံခွင့်ရမယ်။ တစ်လပြည့်တာနဲ့ ဂိုဏ်းတာဝန်တွေ ထမ်းဆောင်ရမယ်။ အန္တရာယ်ရှိတဲ့အလုပ်တွေတော့ မဟုတ်ပါဘူး။ အများအားဖြင့် ထောက်ပံ့ရေးတာဝန်မျိုးတွေပါ။
ဂိုဏ်းစည်းကမ်းတွေ သေချာနားလည်ပြီးတာနဲ့ ကျင့်စဥ်စာအုပ်ပါ အလောင်းဘုရင်သွေးသန့်စင်နည်းစနစ်ကို စတင်လေ့ကျင့်ပါတော့တယ်။
ကျင့်ကြံမှုဆိုတာ လမ်းမှန်ကျင့်စဥ်ဖြစ်ဖြစ်၊ နတ်ဆိုးလမ်းစဥ်ဖြစ်ဖြစ် ကောင်းကင်နဲ့မြေကြီးက ဝိညာဥ်စွမ်းအင်ကို စုပ်ယူပြီး၊ ကိုယ့်အင်အားကို တဖြည်းဖြည်း မြှင့်တင်တာပါပဲ။ နောက်ဆုံးမှာ လူသားဖြစ်တည်မှုရဲ့ ကန့်သတ်ချက်ကို ကျော်လွန်နိုင်ဖို့ပဲပေါ့။
လမ်းမှန်ကျင့်စဥ်နဲ့ နတ်ဆိုးကျင့်စဥ် အယူအဆပိုင်း ကွာခြားမှုကို အခြေတည်တာ။ လမ်းမှန်ကျင့်စဥ် သန့်စင်တဲ့ဝိညာဥ်ချီကို စုပ်ယူပြီး၊ ပုံမှန်တိုးတက်မှုကို အလေးပေးတယ်။ နတ်ဆိုးကျင့်စဥ်က အစွမ်းထက်ဖို့ကို အားသန်လို့ မသန့်စင်တဲ့ဝိညာဥ်ချီပါ စုပ်ယူစုဆောင်းဖို့ ဝန်မလေးဘူး။ ဒီအချက်ကြောင့်ပဲ အရာရာ ကွာခြားခဲ့တာ။
နတ်ဆိုးကျင့်ကြံသူတွေက အစောပိုင်းအဆင့်တွေမှာ တိုးတက်မှု မြန်တယ်။ အဆင့်မြင့်လာရင် တိုးတက်ဖို့ ပိုခက်ခဲလာတယ်။ မသန့်စင်တဲ့ဝိညာဥ်ချီတွေ စုပ်ယူရာက အတွင်းစိတ်နတ်ဆိုးနဲ့ ရင်ဆိုင်ရတာ၊ စိတ်မတည်ငြိမ်တာ၊ ထိန်းချုပ်မှုလွတ်သွားတာတွေ ကြုံရတတ်တယ်။
အလောင်းနတ်ဆိုးဂိုဏ်းရဲ့ အခြေခံက မသန့်စင်တဲ့ဝိညာဥ်ချီတစ်မျိုးဖြစ်တဲ့ သေဆုံးပြီးရုပ်အလောင်းက ဝိညာဥ်ချီကို စုပ်ယူကျင့်ကြံတာ။ ဒီနည်းက ဝိညာဥ်ချီ ပေါပေါများများ စုပ်ယူနိုင်လို့ အစောပိုင်းအဆင့် ကျင့်ကြံမှုကို အရှိန်အဟုန်နဲ့ တိုးတက်စေတယ်။ ဒါတင်မက ခန္ဓာကိုယ်စွမ်းအင်ပါ တိုးတက်စေလို့ ရုပ်ပိုင်းဆိုင်ရာ သန်မာပြီး တိုက်ခိုက်ရေးနဲ့ ကာကွယ်နိုင်စွမ်းကိုပါ သိသိသာသာ တိုးမြှင့်ပေးနိုင်တယ်။
စုန့်ဝမ် ရရှိထားတဲ့ အလောင်းဘုရင်သွေးသန့်စင်နည်းစနစ်ကို လေ့ကျင့်ဖို့က အလောင်းချီကို မဖြစ်မနေ လိုအပ်တယ်။ ဒီနည်းနစ်က အလွှာ ၃ ခု ပိုင်းခြားထားတယ်။ ချီစုစည်းခြင်းနယ်ပယ် အလွှာ ၃ ဆင့်နဲ့လည်း ကိုက်ညီတယ်။ ချီစုစည်းခြင်း ဒုတိယအဆင့် ရောက်ရှိနေတဲ့ စုန့်ဝမ်အတွက် ပထမအလွှာနည်းစနစ်တွေကို ကျင့်ကြံရတာ အခက်အခဲ မရှိဘူး၊ ခဏလေးအတွင်း ကျွမ်းကျင်ပိုင်နိုင်ခဲ့တယ်။
ပထမအလွှာက ရိုးရိုးရှင်းရှင်းလေးပါ။ အလောင်းချီကို စုပ်ယူသန့်စင်ပြီး၊ မူလအသားအရေ မပျက်စီးစေဘဲ ဖုတ်ကောင်ရဲ့သန်မာမှုကို တည်ဆောက်ရတာ။ နတ်ဆိုးကျင့်စဥ်ပီပီ တိုးတက်မှုနှုန်း အတော်မြန်တယ်။ လိုဏ်ဂူထဲမှာရှိတဲ့ အလောင်းချီစွမ်းအင်တွင်းကနေ ပထမဆုံး ဝိညာဥ်ချီအမျှင်ကို စုပ်ယူသန့်စင်ဖို့ ၃ နာရီပဲ အချိန်ပေးလိုက်ရတယ်။ သက်ရှည်နည်းစနစ် ကျင့်ကြံချိန်က ရက်အတန်ကြာခဲ့တာနဲ့ နှိုင်းယှဥ်ရင် အများကြီး အချိန်ကုန်သက်သာတယ်။
ကျင့်ကြံနေရင်း ထမင်းစားချိန်ရောက်တော့ ဗိုက်ဆာလာတယ်။ တုချိုးက ထမင်းစားဆောင် ရှိကြောင်း ပြောခဲ့ပေမယ့် သွားမစားဖို့ ဆုံးဖြတ်လိုက်တယ်။ လူသစ်တွေ ကျင့်ကြံရာမှာ အာရုံမထွေပြားစေဖို့၊ အချိန်မကုန်စေဖို့ ရည်ရွယ်ပြီး ဂိုဏ်းက အဟာရဆေးလုံး ၃ လုံးစီ ပေးထားတယ် မဟုတ်လား။ တစ်လုံးက ဆယ်ရက်ခံတယ်ဆိုတော့ တစ်လစာပေါ့။
စုန့်ဝမ် အဟာရဆေးလုံး သောက်လိုက်တယ်။ ဆာလောင်တဲ့ခံစားချက် ပျောက်သွားပြီး၊ ဗိုက်ပြည့်သလို ခံစားနေရတယ်။ ဒါပေမယ့် အာသာမပြေသလို၊ ဝိညာဥ်စွမ်းအင်လည်း တိုးမလာဘူး။ အရေးပေါ်အတွက်ပဲ ကောင်းတယ်။ ပုံမှန်အချိန်ဆို အစားစားတာက ပိုကောင်းတယ်။
ဆာလောင်တဲ့ဝေဒနာ ပျောက်သွားတာနဲ့ စုန့်ဝမ် ကျင့်ကြံမှုကို ပြန်စတယ်။ ဘယ်လက်က ဝိညာဥ်ကျောက်ကို ကိုင်ထားပြီး၊ ရုပ်အလောင်းသွေးချီဆေးကို သောက်ချလိုက်တယ်။ ဝိညာဥ်ကျောက်နဲ့ ဆေးလုံးတွေကို နှမျောမနေဘူး။ ဒါက လူသစ်တွေအတွက် ဂိုဏ်းက အခမဲ့ ပေးတာလေ။ ကျင့်ကြံသူလောကမှာ ကိုယ့်အင်အားကို အမြန်ဆုံးနှုန်းနဲ့ မြင့်နိုင်သမျှ မြင့်တက်စေဖို့ ကြိုးစားခြင်းကသာ ရှင်သန်ဖို့ အာမခံချက် ပိုအားကောင်းစေမယ် မဟုတ်ပါလား။ ချွေတာစုဆောင်းနေရင် တိုးတက်မှုနှုန်း နှေးကွေးရုံတင် ဘယ်ကမလဲ၊ ဆူဖြိုးတဲ့ဝက်လို တခြားသူတွေကို ဆွဲဆောင်ရာရောက်သွားနိုင်တယ်။
တစ်လတာ ကျင့်ကြံချိန်အတွင်း အဆင့်နိမ့်ဝိညာဥ်ကျောက် ၅ လုံး၊ အဟာရဆေးလုံး ၃ လုံး၊ ရုပ်အလောင်းသွေးချီဆေး ၃ လုံး၊ အကုန်သုံးပစ်လိုက်တယ်။ တစ်လပြည့်ခါနီးမှာ အလောင်းဘုရင်သွေးသန့်စင်နည်းစနစ် ပထမအလွှာ နှောင်းပိုင်းအဆင့်ထိ ရောက်ရှိသွားတယ်။
အခု ကျင့်ကြံတော့မှ သွေးချီဆေးလုံးတွေရဲ့တန်ဖိုးကို စုန့်ဝမ် သေသျေချာချာ သဘောပေါက်သွားတယ်။ ဒီဆေးတွေက သွေးအဆီအနှစ်ကို အများအပြား ဝါးမျိုပေမယ့်၊ ခန္ဓာကိုယ်ရဲ့ တိုးတက်မှုအလားအလာ (သက်တမ်း၊ ခွန်အား)ကို လှုံ့ဆော်တိုးမြှင့်ပေးပြီး၊ ဝိညာဥ်ချီ စုဆောင်းနှုန်းကို လျင်လျင်မြန်မြန် တိုးတက်စေတယ်။ ကျိုးယင်ဆီက သွေးချီဆေးလုံး ၂ လုံးသာ မသောက်ခဲ့ရရင် ချီစုစည်းခြင်း ဒုတိယအဆင့်ရောက်ဖို့ အနည်းဆုံး ၂ နှစ်လောက် အချိန်ယူ ကြိုးစားရနိုင်တယ်။
ကျင့်ကြံမှုလောကမှာ တည်ရှိတဲ့ အလောင်းနတ်ဆိုးဂိုဏ်းနေရာက ဝိညာဥ်ချီ သိပ်သည်းဆကလည်း သေမျိုးကမ္ဘာက ထျန်းရှဂိုဏ်းတည်နေရာထက် ဆယ်ဆလောက် ပိုအားကောင်းတယ်။ ဒီအချက်တွေနဲ့ နတ်ဆိုးကျင့်စဥ်တွေရဲ့ အစောပိုင်းအဆင့်တွေမှာ လျင်လျင်မြန်မြန် တိုးတက်စေတဲ့သဘာဝ ပေါင်းစပ်လိုက်တော့ တစ်လအတွင်း ပထမအလွှာ နှောင်းပိုင်းအဆင့် ရောက်ရှိခဲ့တာ။
၇ ရက်မြောက်နေ့မှာ လိုဏ်ဂူအစီအရင်က တစ်ယောက်ယောက် လာရှာနေကြောင်း အချက်ပြလို့ ထွက်ကြည့်တော့ လူငယ် ၄ ယောက်ထဲ ကျန်းရှောက်ဖန် ဖြစ်နေတယ်။ သူက နွမ်းပါးတဲ့နောက်ခံက လာပြီး ရင့်ကျတ်သူဖြစ်လို့ လေးယောက်အုပ်စုမှာ ခေါင်းဆောင်ဖြစ်နေတယ်။ သူတို့က ပထမဆုံးအကြိမ် ကျင့်ကြံတာဖြစ်လို့ ပေးထားတဲ့ အလောင်းချီနည်းစနစ်ကို သိပ်နားမလည် ဖြစ်နေကြတယ်။ ဒါကြောင့် တုချိုးကို သွားမေးမလို့ စုန့်ဝမ်ပါ လိုက်မလားဆိုပြီး လာမေးတာ။ စုန့်ဝမ်က မလိုအပ်သလို၊ တုချိုးကလည်း လာမေးစေချင်ပုံ မရတာကြောင့် ငြင်းလိုက်တယ်။
တစ်လနီးပါး လေ့ကျင့်ရင်း အလောင်းဘုရင်သွေးသန့်စင်နည်းစနစ်က သွေးအဆီအနှစ် ကုန်ခမ်းစေကြောင်း တွေ့လာရတယ်။ အလောင်းသွေးချီဆေးက သန်မာလာစေသလို သွေးအဆီအနှစ်ကိုပါ ပြန်ဖြည့်ဆည်းပေးတယ်။ ဒါပေမယ့် တစ်လအတွက် ၃ လုံးဆိုတာက မလုံလောက်ဘူး။ ဒါကြောင့် စုန့်ဝမ်ရဲ့ တိုးတက်နှုန်း အကန့်အသတ် ရှိလာတယ်။
တစ်လပြည့်မြောက်ပြီးတဲ့နေ့မှာ သူ့ကိုယ်သူ ပြန်ကြည့်ရင်း စုန့်ဝမ် စိတ်ပျက်နေတယ်။ သွေးအဆီအနှစ် လျော့ပါးပြီး၊ အလောင်းစွမ်းအင် လွှမ်းမိုးလာတာကြောင့် အသားအရေက မီးခိုးရောင် ပြောင်းနေပြီ။ ခန္ဓာကိုယ်ကလည်း ပုပ်အဲ့အဲ့အနံ့ ထွက်နေတယ်။ ပုံစံက ဖုတ်ကောင်တစ်ပိုင်း၊ လူတစ်ပိုင်းဖြစ်နေပြီ။ ဒါကြီးက အဆင်မပြေဘူး။
ဖြေရှင်းဖို့ အဖြေရှာရင်း ရုပ်အလောင်းဘုရင်သွေးသန့်စင်နည်းစနစ် လည်ပတ်နေတာကို ရပ်ပြီး စမ်းသပ်ကြည့်တယ်။ ရပ်လိုက်တာနဲ့ ချက်ချင်းဆိုသလို အရိုးထဲက သွေးအဆီအနှစ်တချို့ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားတယ်။ အရင်က အလောင်းဘုရင်သွေးသန့်စင်နည်းစနစ်ဖိအားကြောင့် ထွက်ပေါ်မလာတာ ဖြစ်မယ်။ အခု ရပ်လိုက်တော့ ထွက်ပေါ်လာပြီး လိုအပ်နေတဲ့ သွေးနဲ့ချီကို ဖြည့်ဆည်းပေးလိုက်တယ်။ မကြာခင် သွေးလည်ပတ်မှု ပြန်ကောင်းလာပြီး၊ အသားအရေပါ ပြည့်ပြီးစိုပြေလာတယ်။ မီးခိုးရောင်အသားအရောင်ကနေ မူအလအသားအရေအရောင် ပြန်ဖြစ်သွားတယ်။ ရုပ်အလောင်းစွမ်းအင်ပါ ပျောက်ကွယ်သွားပြီး အလောင်းဘုရင်သွေးသန့်စင်နည်းစနစ်ကို လုံးဝမကျင့်ဘူးတဲ့အလား ဖြစ်သွားတယ်။ သက်ရှည်နည်းစနစ်ရဲ့ သန့်စင်တဲ့အော်ရာ ပြန်လွှမ်းမိုးလာတယ်။
အပြောင်းအလဲကို ကြည့်နေရင်း စုန့်ဝမ် အရမ်းဝမ်းသာသွားတယ်။ ဒါက ဘာလဲ၊ ကျင့်ကြံနည်းစနစ်ရဲ့ အစစ်အမှန် တည်ရှိမှုကို လိုသလို ထိန်းချုပ်နိုင်တာလား။ ကျင့်ကြံနေတဲ့နည်းစနစ်နဲ့ ရောက်ရှိတဲ့အဆင့်ကို ဆန္ဒရှိသလို ဖော်ထုတ်ပြလို့၊ ဖုံးကွယ်လို့ ရတာလား။
စုန့်ဝမ်လည်း စမ်းသပ်တဲ့အနေနဲ့ အလောင်းဘုရင်သွေးသန့်စင်နည်းစနစ်ကို အဆင့်တစ်ခုထိ ထိန်းချုပ်လည်ပတ်ကြည့်တယ်။ ချက်ချင်းဆိုသလို အလောင်းစွမ်းအင် ပြန်ပေါ်လာပြီး အသားအရေကလည်း မီးခိုးရောင် ပြောင်းသွားတယ်။ ကျင့်ကြံမှုအော်ရာကလည်း သူဆန္ဒရှိသလို ပထမအလွှာ အလယ်အလတ်အဆင့်မှာ ရပ်တန့်သွားတယ်။
"ဟား ဟား .. အောင်မြင်ပြီကွ"
ဒါက လုံးဝအဆင်ပြေသွားပြီ။ နောက်ဆို ကိုယ့်ကျင့်ကြံမှုအဆင့်ကို ထုတ်ပြချင်သလောက်ပဲ ပြသလို့ ရပြီ။ ကျင့်ကြံမှုအစစ်အမှန်ကို ထိန်ချန်ထားပြီး ဝှက်ဖဲကိုင်ထားလို့ ရပြီ။
စုန့်ဝမ် ဝမ်းသာနေချိန် အစီအရင်က အပြင်မှာ လူတစ်ယောက် ရောက်နေကြောင်း အချက်ပြလာတယ်။ တချိန်တည်းမှာ တုချိုးအသံက ဟိန်းထွက်လာတယ်။
"ကျိယင် .. ထွက်လာခဲ့တော့။ တစ်လပြည့်ပြီ"
............