← Chapters

လက်စားချေပြီ

Vol. 2 Ch. 19

လက်စားချေပြီ

Vol. 2 Ch. 19

အမျိုးသမီးကြီးကို နှုတ်ဆက်ပြီးတာနဲ့ စုန့်ဝမ် အိမ်အပြင်ထွက်ခဲ့တယ်။ အိမ်က လူမနေတာ ရက်နည်းနည်းကြာတဲ့ပုံနဲ့ ရှုပ်ပွနေတယ်။ ကုံးဟန် ပြောင်းရွေ့သွား ရက် ၂၀ ကျော်လောက်ကဆိုတော့ ထန်လျန့်လူတွေ ချောင်းမြောင်းတိုက်ခိုက်ခဲ့တဲ့ ရက်ပိုင်းကပဲ။ သူ့ကို လာရှာမှာ ကြိုတွေးပြီး ချက်ချင်း ရွေ့သွားတယ်ဆိုတော့ သတိကြီးတယ်လို့ ဆိုရမယ်။

လမ်းမကြီးပေါ်အရောက် အဝတ်အထည်ဆိုင်တစ်ဆိုင်ရှေ့ ဖြတ်သွားရင်း စုန့်ဝမ် အကြံရသွားပြီး ဆိုင်ထဲ ဝင်သွားတယ်။ ခဏနေတော့ အဝတ်အစားသစ်နဲ့ ပြန်ထွက်လာတယ်။ အကြမ်းခံဝတ်စုံ ဝတ်ဆင်ပြီး၊ ပိုးပုဝါပါးပါတဲ့ဦးထုပ်ကြောင့် လေလွင့်သိုင်းသမားအသွင် ပြောင်းသွားပြီ။

သေချာပြင်ဆင်ပြီးတာနဲ့ ထျန်းရှဂိုဏ်း ဂိတ်တံခါးကို လှမ်းမြင်နေရတဲ့ စားသောက်ဆိုင်ထဲ ဝင်သွားပြီး ဒုတိယထပ် ပြတင်းပေါက်က စားပွဲမှာ နေရာယူလိုက်တယ်။ အဲဒီနေရာက ထျန်းရှဂိုဏ်းထဲ အဝင်အထွက်ကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ စုန့်ဝမ်လည်း စားသောက်ရင်း ကုံးဟန်ကို ထိုင်စောင့်နေခဲ့တယ်။

အချိန်တရွေ့ရွေ့ကုန်သွားပြီး နေ့လည်ရောက်တော့ ကုံးဟန်နဲ့ သူ့လူနှစ်ယောက် ထျန်းရှဂိုဏ်းထဲက ထွက်လာတယ်။ စု့န်ဝမ်လည်း ကျသင့်ငွေ အမြန်ရှင်းပြီး ခပ်လှမ်းလှမ်းကနေ နောက်ယောင်ခံလိုက်ခဲ့တယ်။

ကုံးဟန်တို့က ညနေရောက်တဲ့အထိ အိမ်မပြန်ဘဲ မြို့ထဲ လည့်ပတ်သွားလာနေတယ်။ လမ်းတလျှောက် လမ်းဘေးစျးသည်တွေကို ခြိမ်းခြောက်ငွေညစ်လိုက်၊ မိန်းကလေးတွေကို နှောင့်ယှက်လိုက်၊ သူတောင်းစားတွေကို အနိုင်ကျင့်လိုက်နဲ့ သောင်းကျန်းနေကြတယ်။

နောက်ယောင်ခံလိုက်နေတဲ့ စုန့်ဝမ်တောင် နေ့တစ်ပိုင်းမှာတင် ကုံးဟန်တို့ ဒီလောက် လှည့်ပတ်မွှေနိုင်တာ အံသြမိသွားတယ်။ ကိုယ်တိုင်သာ မမြင်ရင် ကြားရုံနဲ့ ယုံမိမှာ မဟုတ်ဘူး။ ကြည့်ရတာ ထျန်းရှဂိုဏ်းက အခြေခံလူတန်းစားတွေကို အကြောက်တရားသွင်း ဖိနှိပ်ဖို့ ဒီလိုလူတွေကို လက်သပ်မွေးထားတာ ဖြစ်မယ်။

နောက်ဆုံး ပတ်မွှေနေတဲ့ကုံးဟန်တို့လူစု အပေါစားပြည့်တန်ဆာအိမ်မှာ ဂိတ်ဆုံးသွားတယ်။ စုန့်ဝမ်လည်း အချိန်အကြာကြီး စောင့်ရတော့မှာမို့ စိတ်လေသွားတယ်။ ဒါပေမယ့် ၁၅ မိနစ်တောင် မကြာဘဲ ကုံးဟန်တို့ ပြန်ထွက်လာလို့ စုန့်ဝမ်တောင် အံအားသင့်သွားတယ်။

“ဘာလဲဟ .. မြန်လိုက်တာ”

မှောင်စပျိုးလာပြီဖြစ်လို့ အမှောင်ကို အကာအကွယ်ယူပြီး ကုံးဟန်တို့နောက် ကပ်လိုက်လာခဲ့တယ်။ သိပ်မကြာခင် အိမ်တစ်လုံးဆီ ရောက်လာကြတယ်။ အိမ်က သိပ်မကြီးဘူး၊ အိပ်ခန်း ၃ ခန်းပဲ ပါတယ်။ အလယ်အိပ်ခန်းမှာပဲ အဝင်အထွက်တံခါး ရှိပြီး၊ တခြားအခန်းတွေမှာ ပြတင်းပေါက်ပဲ ရှိတယ်။ မီးဖိုမပါ၊ ဧည့်ခန်းမပါနဲ့ဆိုတော့ အိမ်ဆိုတာထက် ယာယီခိုလှုံရာတစ်ခုနဲ့ ပိုတူတယ်။

စုန့်ဝမ် အလျင်မလိုဘဲ ညနက်တဲ့အထိ စောင့်နေခဲ့တယ်။ သန်းခေါင်ချိန်ရောက်မှ စလှုပ်ရှားဖို့ ပြင်တယ်။ လက်ထဲမှာ ထုံးနဲ့ အယ်ကာလီ ရောစပ်ထားတဲ့အမှုန့်ထုပ်ကို အသင့်ကိုင်ပြီး တံခါးခေါက်လိုက်တယ်။

“ဒေါက် . . ဒေါက်”

“ညကြီးအချိန်မတော် .. ဘယ်သူလဲ”

အိပ်ချင်မူးတူးအသံနဲ့အတူ လူတစ်ယောက် တံခါးလာဖွင့်တယ်။ စုန့်ဝမ်ကို မြင်တော့မှ အံအားသင့်သွားပြီး ….

“မင်း .. စုန့် ..”

သူ့စကားမဆုံးခင် စုန့်ဝမ်က ရင်ဝကို စောင့်ကန်လိုက်တယ်။

“ဝုန်း”

“အား …”

ကျယ်လောင်တဲ့အော်သံနဲ့အတူ တံခါးလာဖွင့်သူ လွင့်ထွက်သွားပြီး စားပွဲတစ်လုံးပေါ် ပြုတ်ကျသွားတယ်။ စားပွဲလည်း အပိုင်းပိုင်း ကျိုးသွားတယ်။

ဆူညံ့တဲ့အသံတွေကြောင့် ကုံးဟန်နဲ့ နောက်တစ်ယောက် အခန်းထဲက အပြေးထွက်လာကြတယ်။ စုန့်ဝမ်ကို မြင်တော့ ကုံးဟန် လန့်သွားပြီ။

“စုန့် .. စုန့်ဝမ်၊ ဒီနေရာကို မင်းဘယ်လို သိတာလဲ”

စုန့်ဝမ်က တုံ့ဆိုင်းမနေဘဲ လက်ဝေ့ယမ်းပြီး ထုံးနဲ့အယ်ကာလီ ရောစပ်ထားတဲ့အမှုန့်တွေနဲ့ ကုံးဟန်တို့ကို ပတ်လိုက်တယ်။ အဖြူရောင်အမှုန့်တွေက အခန်းတစ်ခုလုံး ဖုံးလွှမ်းသွားတယ်။ အငိုက်မိသွားတဲ့ ကုံးဟန်တို့တွေ မျက်စိထဲဝင်ကုန်ပြီး အလူးအလဲ ခံလိုက်ရတယ်။ တစ်ယောက်ဆို မျက်စိထဲက သွေးတွေ ထွက်ကျလာတယ်။

“အား .. ငါ့မျက်လုံး .. စုန့်ဝမ် မင်းဘာလုပ်တာလဲ”

ကုံးဟန်လည်း ပူစပ်နေတဲ့မျက်လုံးတွေကို လက်နဲ့အတင်းပွတ်သပ်ရင်း နောက်ကို ဆုတ်သွားတယ်။ မျက်စိနာတဲ့ဒဏ်ကြောင့် စုန့်ဝမ်ကို မခုခံဘဲ ကိုယ်လွတ်ရုန်းထွက်ပြေးဖို့ပဲ ကြံရွယ်နေတာ။

စုန့်ဝမ်လည်း ကိုယ့်လက်နက်နဲ့ ကိုယ်ပြန်မထိအောင် တံခါးအပြင်ဘက် နည်းနည်းဆုတ်ရပ်ရင်း အခြေအနေကို အကဲခတ်နေတယ်။ ကုံးဟန်တို့ အချိန်အတော်ကြာတဲ့အထိ မျက်စိပြန်မြင်ရမှာ မဟုတ်လို့ အလောတကြီး လုပ်စရာ မလိုဘူးလေ။

“ဘာလို့လဲ .. ဟုတ်လား။ လူကြီးမင်းကုံးရဲ့ မျက်နှာသာပေးတဲ့ကျေးဇူးကို ပြန်ဆပ်တာလေ။ ပြီးတော့ မင်းနဲ့ ထန်လျန့်ပေါင်းပြီး ငါ့ကို တိုက်ခိုက်တဲ့ကိစ္စ စာရင်းရှင်းဖို့ရော ဆိုပါတော့”

“ထျန်လျန့်လုပ်တာ ငါနဲ့ ဘာဆိုင်လို့လဲ။ သတ္တိရှိရင် သူ့ကို သွားရှာ”

“စိတ်မပူပါနဲ့၊ မကြာခင် မင်းနဲ့တွေ့ဖို့ သူ့ကိုလည်း ငရဲပြည် လွှတ်လိုက်မယ်”

“စုန့်ဝမ် .. မင်းလို ကျင့်ကြံသူက ခုလို အောက်တန်းကျကျ လုပ်ကြံတာ မရှက်ဘူးလား”

အချိန်ဆွဲ စကားပြောနေရင်း ကုံးဟန် နံရံကို လက်နဲ့စမ်းရင်း ဘေးအခန်းထဲ ဝင်သွားတယ်။ အဲဒီ အခန်းမှာ ပြတင်းပေါက်တွေ ရှိတယ်။ ပြတင်းပေါက်က ခုန်ထွက်ပြီး လမ်းပေါ်ပြေးနိုင်ရင် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသေးတယ်။

အဲဒီအချိန်မှာ သူစောင့်နေတဲ့ အဖြူရောင်အမှုန့်တွေ ကင်းစင်ချိန် ရောက်လာလို့ စုန့်ဝမ်က စတိုက်ခိုက်လိုက်တယ်။

“အဓိပ္ပါယ်မရှိ စကားများမနေနဲ့။ မင်းယုတ်မာတုံးက ယုတ်မာပြီးပြီ။ အခု ငရဲကို သွားတော့”

စကားဆုံးတာနဲ့ စုန့်ဝမ်က ဓားမြှောင်ကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး အနီးဆုံးလူကို ခုန်ဝင်တိုက်ခိုက်လိုက်တယ်။

“စွပ်”

“အား”

ဓားက ခေါင်းထဲဖောက်ဝင်သွားသံတာနဲ့အတူ တိုက်ခိုက်ခံရသူ လဲကျသွားတယ်။

စုန့်ဝမ်က အဲဒီလူ သေလာ၊ ရှင်လား စစ်မနေဘဲ မျက်စိမမြင်ရလို့ လက်တယမ်းယမ်းနဲ့ ကာကွယ်နေတဲ့လူဆီ ခုန်ဝင်ပြီး ရင်ဘတ်ကို ဓားနဲ့ ထိုးချလိုက်တယ်။ ပြီးတာနဲ့ ပြတင်းပေါက်ဖွင့်ဖို့ ကြိုးစားနေတဲ့ ကုံးဟန်ရှိရာအခန်းထဲ ပြေးဝင်သွားတယ်။

အပိုင်တွက်ပြီး ဓားနဲ့ ဝင်ထိုးချိန် ကုံးဟန်ပြန်လှည့်လာပြီး ညာလက်မြှောက်ရင်း ချိန်ရွယ်လိုက်တာ မြင်လိုက်ရလို့ စုန့်ဝမ် လန့်သွားတယ်။ ကုံးဟန်လက်ကာက်ဝတ်မှာ လက်နက်ပုန်းဖြစ်တဲ့ မြားပစ်ဗူးလေးကအသင့်။ မြားနှစ်ချောင်းက စုန့်ဝမ်ဆီ တရှိန်ထိုး တိုးဝင်သွားတယ်။

စုန့်ဝမ် အမြန်ငုံ့ရှောင်လိုက်လို့ မြားနှစ်စင်းက ခေါင်းပေါ်က ဖြတ်ကျော်သွားတယ်။ ဒါတောင် ဦးရေပြားကို ရှပ်ထိသွားလို့ ကျိန်းစပ်စပ် ခံစားလိုက်ရတယ်။ အဆိပ်မပါလို့သာ တော်ရော့တယ်။ ကုံးဟန်အမြင်အာရုံ ဝါးနေသေးလို့ သေချာမချိန်နိုင်တာကြောင့် ကံကောင်းခဲ့တာ။

မြားရန်က လွတ်တာနဲ့ နောက်တစ်ကြိမ် ပစ်ခွင့် ထပ်မပေးဘဲ ကုံးဟန်ရင်ဘတ်ကို ဓားမြှောင်နဲ့ ထိုးသွင်းလိုက်ပါတော့တယ်။ အမြင်အာရုံ ဝေဝါးနေသေးတဲ့ကုံးဟန် မရှောင်နိုင်တော့ဘူး။ စုန့်ဝမ်ကို မျက်လုံးပြူးပြီး ကြည့်နေရင်း အသက်ထွက်ပြီး လဲပြိုကျသွားပါတော့တယ်။

အားလုံး လက်စသတ်ပြီးမှ စုန့်ဝမ် သက်ပြင်းချနိုင်တော့တယ်။ ကြိုတင်ပြင်ဆင်ထားလို့ တော်သေးတယ်၊ မဟုတ်ရင် ကုံးဟန်တို့လို သိုင်းသမား ၃ ယောက်ကို အနိုင်ယူဖို့ မလွယ်ဘူး။ ချီစုစည်းခြင်း အစောပိုင်းအဆင့်က သာမန်လူတွေထက် အများကြီးသန်မာပေမယ့် တိုက်ခိုက်ရေးနည်းစနစ် မပိုင်ဆိုင်ထားရင် သိုင်းသမားတွေကို လွယ်လင့်တကူ အနိုင်ရဖို့ ခက်တယ်။

၃ ယောက်လုံး အသက် မရှိတော့တာ သေချာမှ စုန့်ဝမ်လည်း သူတို့ရဲ့ ချီနဲ့ သွေးအဆီအနှစ်ကို စုပ်ယူဖို့ ပြင်ဆင်တယ်။ ဒီတစ်ခါတော့ စွမ်းရည်ကို သေချာစမ်းသပ်ဖို့ ရည်ရွယ်ထားတယ်။ စုပ်ယူဖို့က သွေးထွက်နေတဲ့ဒဏ်ရာနဲ့ ထိကပ်နေမှ စုပ်ယူနိုင်တယ်။ နည်းနည်းခွာတာနဲ့ သိသိသာသာ နှေးသွားတယ်၊ ဒါပေမယ့် လေထဲပြန့်နှံ့နေတဲ့ သွေးအဆီအနှစ်ကို စုပ်ယူနိုင်သေးတယ်။ ပိုနားလည်လာတာနဲ့အမျှ စုပ်ယူတဲ့လုပ်ငန်းစဥ်ကို ထိန်းချုပ်လာနိုင်တယ်။ ဆန္ဒရှိသလို စုပ်ယူနိုင်တယ်၊ ရပ်တန့်နိုင်လာတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအားက အရင်က ထင်သလို ထိန်းချုပ်မရတဲ့အရာ မဟုတ်ဘဲ၊ စိတ်ဆန္ဒနဲ့ စနစ်တကျ ထိန်းချုပ်လို့ရတဲ့အရာ ဖြစ်သွားပြီ။ ဘာရယ်လို့ တိတိပပ အမျိုးအမည် မခွဲခြားနိုင်သေးတာကလွဲလို့ပေါ့။ အဆုံးမှာတော့ ကုံးဟန်တို့ ခန္ဓာကိုယ်တွေလည်း မံမီရုပ်လို ခြောက်ကပ်သွားတယ်။

သန်မာတဲ့သိုင်းသမားတွေဆီက သွေးအဆီအနှစ်ကို စုပ်ယူလိုက်ရလို့ စုန့်ဝမ်ခန္ဓာကိုယ်မှာ အားအင်တွေ တရှိန်ထိုး တိုးလာပြီး ဆဲလ်တစ်ခုချင်းစီ တုန်ခါသလို ခံစားနေရတယ်။ ဒါပေမယ့် ခန္ဓာကိုယ်က အတွေ့အကြုံ ရှိသွားလို့လားတော့ မသိဘူး၊ မူးဝေတာ၊ နာကျင်တာတွေ မခံစားရတော့ဘူး။ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဥ်က တိုးလာတဲ့ခွန်အား နိုင်နိုင်နင်းနင်း ထိန်းချပြီး လိုက်လျောညီထွေ ပေါင်းစပ်နေတယ်။ နည်းနည်းတော့ မအီမသာ ဖြစ်တာပေါ့။ ပေါင်းစပ်ပြီးချိန်မှာ စုန့်ဝမ် ပိုအားကောင်းလာသလို ခံစားရပြီး လန်းဆန်းသွားတယ်။

ပြီးတာနဲ့ အလောင်းဖျောက်ဖို့ လုပ်ရတယ်။ ဒီတစ်ကြိမ်က ကြိုတင်ပြင်ဆင် တိုက်ခိုက်တာဖြစ်လို့ အားလုံး အစီအစဥ် ဆွဲပြီးသား။ အလောင်းတွေကို အိပ်ယာတစ်ခုပေါ် စုတင်ပြီး၊ အဝတ်တွေ၊ အိပ်ယာခင်းလို မီးလောင်လွယ်တဲ့အရာတွေပါ အကုန်စုပုံလိုက်တယ်။ အသင့်ဖြစ်တာနဲ့ သားရေအိတ်နဲ့ ထည့်လာတဲ့လောင်စာဆီတွေ ပတ်ဖြန်း မီးရှို့ပြီး၊ အမြန်ဆုံး ထွက်လာခဲ့လိုက်တယ်။

ချက်ချင်းဆိုသလို အခန်းတစ်ခုလုံး မီးတောက်တွေ ဖုံးလွှမ်းသွားတယ်။ သစ်သားအိမ်ဆိုတော့ မီးလောင်တာ အရမ်းမြန်တယ်။ အိမ်နီးချင်းတွေ နှိုးလာချိန် မီးတောက်က တစ်အိမ်လုံးကို ဝါးမျိုနေပြီ။ ငြိမ်းသတ်ဖို့ မမီတော့လို့ ရပ်ကြည့်နေလိုက်ကြရတယ်။ အိမ်တွေက တစ်အိမ်နဲ့တစ်အိမ် အတော်ဝေးလို့ မီးကူးမှာလည်း မစိုးရိမ်ရဘူးလေ။

....................

All Chapters