အခန်း (၇၄)
Vol. 9 Ch. 74
"နန်ယု!"
မစ္စစ်တု ဦးလေးကျိုး လက်အား အင်အားသုံး၍ တွန်းဖယ်လိုက်သည်။
"ရှင် တကယ် သေချာပြီလား? ညှိနှိုင်းစရာ နေရာလေးတောင် လုံးဝပေးစရာ မရှိတော့ဘူးလား?"
သူမ စကားလုံးများတွင် သိမ်မွေ့သော ခြိမ်းခြောက်မှု အရိပ်အ ယောင်များစိမ့်ဝင်နေပြီဖြစ်သည်။
မည်သို့ပင်ဆိုစေ၊ ဤလုပ်ငန်းနယ်ပယ်အတွင်း၌ နောက်ကွယ်မှ ရန်ဖြစ်မှုများ၊ ကြံစည်မှုများ မည်မျှပင်ရှိပါစေ၊ လူတိုင်းမှာ အပြင်ပန်းတွင် အမြဲသဟဇာတ ဖြစ်ဟန်ဆောင်ကြသည်။ နန်ယုကဲ့သို့ မျက်နှာသာမပေးဘဲ ငြင်းဆန်ရဲသူမျိုးမှာတော့ အလွန်ရှားပါးပြီး ရှိချင်မှတောင် ရှိပေမည်။
မစ္စစ်တု ဂုဏ်သရေရှိမိသားစုမှ ဆင်းသက်လာကာ ခိုင်မာသော စမှတ်ကောင်းအား ရရှိခဲ့ပြီး နောက်ပိုင်းတွင် မစ္စတာတုနှင့် လက်ထပ်ခဲ့သည်။ ကလေးမွေးဖွားရာတွင် အခက်အခဲရှိခဲ့သော်လည်း အခြားကိစ္စများတွင် ဆယ်စုနှစ်များစွာ ချောချော မွေ့မွေ့ ဖြတ်သန်းခဲ့ရသူ ဖြစ်သည်။
ယခုမူ၊ အသက်နှစ်ဆယ်အရွယ် မိန်းကလေးတစ်ဦး၏လက် ညှိုးထိုး အော်ငေါက်ခြင်းအား ခံရသည်။
နန်မိသားစု မည်သို့ပင်ဖြစ်ပါစေ မစ္စစ်တု ဂရုမစိုက်ပေ။ သူတို့ အင်အားကြီးမားပြီး ထိပ်တန်းမိသားစု
ဖြစ်လာရန် အသင့်ရှိနေသော်လည်း ဤမျှ သေးငယ်သော ကိစ္စလေးတစ်ခုအတွက် တုမိသားစုနှင့် အသက်ချင်းလဲ တိုက်ခိုက်ကြမည်လား?
"ကျွန်မ သဘောမတူရင် ရှင်တို့ ဘာများတတ်နိုင်သေးလို့လဲ?"
မစ္စစ်တု၏ သွားကြိတ်သံများထွက်ပေါ်နေသော၊ ကြမ်းတမ်းသည့် အမူအရာတို့နှင့် လုံးဝ ဆန့်ကျင်ဘက်မှာ နန်ယု မျက်နှာအမူအရာမှာ အလွန်တည်ငြိမ်အေးချမ်းလျက်ရှိသည်။
ထိုအခြေအနေမှာ သူမ စကားများမှာ ခေတ္တခဏစိတ်လိုက် မာန်ပါ ပြောလိုက်ခြင်း မဟုတ်ဘဲ၊ စိတ်ရင်းအမှန်အားထုတ် ဖော်ခြင်းဖြစ်သည်ကို သက်သေပြနေသည်။
ဥက္ကဋ္ဌတု မူလက မစ္စစ်တု၏လုပ်ရပ်မှာ နည်းနည်းလေး လွန်ကဲသည်ဟုထင်ခဲ့သော်လည်း၊ ယခုအခါ နန်ယု၏မာန်မာနထောင် လွှားမှုအား မျက်ဝါးထင်ထင်မြင်လိုက်ရသောအခါ၊ သူ့ဒေါသမှာ လုံးဝမထိန်းချုပ်နိုင်တော့ပေ။ သူ လှောင်ပြောင်သော အသံဖြင့် ထပ်မံပြောဆိုလိုက်သည်။
"နန်မိသားစု!"
"နန်ယု၊ မင်းတို့ နန်မိသားစုက အခု အရှိန်အဝါကြီးနေပြီဆိုတာ မှန်ပါတယ် ဒါပေမဲ့ သတိထား၊ တောင်ထိပ်ကိုမြင့်မြင့်တက်လေ၊ ပြုတ်ကျတဲ့အခါ ပိုပြီးတော့ နာကျင်ခံစားရလေပဲ!"
"နောင်တစ်ချိန်မှာလည်း နင်တို့ နန်မိသားစု ဒီလိုပဲဆက်ပြီး အရှိန်အဝါကြီးမားနေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်!"
ဥက္ကဋ္ဌတု ထိုသို့ ခြိမ်းခြောက်ပြောဆိုပြီးနောက် တုကျောင်းကျောင်းအား ဒေါသတကြီးကြည့်လိုက်ကာ မစ္စစ်တုအား ခေါ်ဆောင်ထွက်ခွာရန် ပြင်လိုက်သည်။
ဒီမစွံတဲ့ တူမကိုခေါ်လာတာ လုံးဝအသုံးမဝင်ကြောင်း သူ သိလိုက်သည်။ နန်ယုနှင့် ရင်းနှီးသောဆက်ဆံရေးရှိကြောင်း ယခင်ကကြွားဝါခဲ့သော်လည်း ယခုမူ နန်ယု သူမအားလှည့်ပင် မကြည့်တော့ပေ။
တုကျောင်းကျောင်း စိတ်မကောင်းဖြစ်ကာ စိတ်ထိခိုက်နေရသော်လည်း ပြန်လည်ကြည့်ရှုရန် မတတ်နိုင်သဖြင့် ဖြစ်ရပ်အားလုံးအတွက် နန်ယုကိုသာအပြစ်ပုံချရတော့သည်။
စောင့်ကြည့်နေလိုက်ပါ! နန်ယု ထိုကဲ့သို့ စိတ်နေစိတ်ထားနှင့်ဆိုလျှင် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ပြင်းပြင်းထန်ထန် ကျဆုံးရမှာသေချာသည်! ထိုမျှမက နန်မိသားစုကိုပါ ဒုက္ခပေးနိုင်သည်ပင်။
ထိုအချိန်မှသာ သူမ ယခင်က နန်မိသားစုသမီးအား အရှက်ရအောင်လုပ်မည်။
"ခဏလေး"
နန်ယု ရုတ်တရက် လှမ်းခေါ်လိုက်သည်။
မစ္စစ်တု ထိုမိန်းကလေး စိတ်အေးသွားပြီးနောက်ဆုတ်သွားပြီဟု ယူဆလိုက်သည်။ ထို့ကြောင့် သူ အလျှော့ပေးရန် သဘော တူလိုက်ပြီဟု ထင်မှတ်လိုက်သည်။
သူမ နှုတ်ခမ်းထက်အောင်နိုင်သူ၏ ကျေနပ်သော အပြုံးတစ်ခုပေါ်လာစဉ်မှာပင် နန်ယု နောက်ဆက်တွဲ စကားလုံးများထွက်ပေါ်လာရသည်။
"ကျေးဇူးပြုပြီး၊ ရှင်တို့ ယူလာခဲ့တဲ့ ပစ္စည်းအားလုံးကို ပြန်ယူသွားပါ"
မစ္စတာတုနှင့် အဖော်များမှာ လက်ဗလာဖြင့် လာရောက်ခဲ့ခြင်း မဟုတ်ပေ။ သူတို့သည် အာဟာရဖြည့်စွက်စာများနှင့် အခြားတန်ဖိုးရှိ ပစ္စည်းအချို့ကိုပါ ယူဆောင်လာခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်စလုံး အချေအတင် စကားများပြောဆိုပြီး ဖြစ်သည့်အတွက် နန်ယု ဤအသေးအဖွဲလက်ဆောင်ပစ္စည်းများအား လိုအပ်သေးမည်လော။
"နောက်ပြီး၊ ကျွန်မရဲ့ နန်မိသားစုက ပိုင်မာတိစီမံကိန်းမှာ ပါဝင်ပတ်သက်ဖို့ ကံမကောင်းဘူးလို့ပဲ ပြောရပါလိမ့်မယ်.. မစ္စတာတုအနေနဲ့ လုပ်ငန်းကိုအောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေလို့ ကျွန်မ ဆုတောင်းပါတယ်"
ဒေါသထွက်နေသော လူသုံးဦးထွက်ခွာသွားသည်အား ကြည့်ပြီးနောက် နန်ယု ဆိုဖာပေါ်တွင် မှီချထိုင်လိုက်ကာ ဦးလေးကျိုး ၏စိုးရိမ်သော အမူအရာအား ရင်ဆိုင်လိုက်သည်။
တုမိသားစုမှာ ကျိုးကြောင်းဆင်ခြင်တတ်သော မိသားစုမျိုးနှင့် မတူဟုထင်ရသည်။ မဟုတ်လျှင် ထိုသို့သော ထူးဆန်းသည့် တောင်းဆိုချက်မျိုးအား ပြုလုပ်မည်မဟုတ်ပေ။ သခင် မလေးငြင်းဆန်လိုက်သည်မှာ မှန်သော်လည်း ဦးလေးကျိုး ဤကဲ့သို့သော လူမျိုးမှာ သူမ နောက်ကွယ်မှ သွေးဆောင်ရန်ကြိုး စားမည်အား စိုးရိမ်သည်။ မည်သည့် မကောင်းဆိုးဝါးနည်းလမ်းများကိုမဆို အသုံးပြုနိုင်သည် မဟုတ်ပါလား?
"ဦးလေးကျိုး ဘာမှမဖြစ်ပါဘူး၊ စိတ်မပူပါနဲ့"
နန်ယု ညင်သာစွာပြုံးလိုက်သည်။ တုမိသားစု သူမအား ဒုက္ခပေးဖို့ စိတ်ဝင်စားမှု လျင်မြန်စွာပျောက်ကွယ်သွားမည်ဟု ဆိုရုံမျှမက၊ နန်ယု၏ မှတ်ဉာဏ်ထဲတွင် ပိုင်မာတိစီမံကိန်းမှာ ဘေးအန္တရာယ်ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုကြီးတစ်ခုဖြစ်ခဲ့သည်။ ၎င်းမှာ တုမိသားစုအား ဒေဝါလီခံလုနီးပါး ဖြစ်စေခဲ့ပြီး နောက်ပိုင်းတွင် စက်မှုလုပ်ငန်း၌ အဆိုးမြင် စံနမူနာတစ်ခု ဖြစ်လာခဲ့သည်။
ထို့အပြင်၊ စီမံကိန်း ကောင်းမွန်နေလျှင်ပင် နန်ယု ထိုမျှလောက် ဆိုးရွားသော တောင်းဆိုချက်အားသဘောတူမည် မဟုတ်သည်မှာ သေချာသည်။
ငွေကြေးမှာ တစ်ခါတစ်ရံ အရာအားလုံးအား ဖြေရှင်းနိုင်သော် လည်း၊ အချို့သော အချိန်များတွင်မူ လုံးဝမဖြစ်နိုင်ပေ။
ကန့်သတ်ချက်များ အမြဲရှိသည်။
သူမ ယခင်ဘဝတွင် တုကျားဟောင်၏အမှားများမှာ သူ့အသက်ကိုပင် ဆုံးရှုံးစေခဲ့ပြီး ယခုမူ သုံးနှစ်သာထောင်ဒဏ် ကျခံရသည်။ နန်ယုသည်ပင် သက်သာသည်ဟု ခံစားရသည်။
နန်ယု သူ့ဖုန်းအားထုတ်ယူပြီး တုမိသားစု၏မကြာသေးမီက လာရောက်လည်ပတ်မှုအကြောင်းကို နန်ကျီအား ပြောပြလိုက်သည်။ သို့မှသာ သူ လက်ရှိအခြေအနေအား နားလည်နိုင်မည်။
ဖုန်းတစ်ဖက်မှ နန်ကျီ တုမိသားစု၏အရှက်ရွံ့မှုကင်းမဲ့ခြင်းအတွက် ပြင်းထန်စွာဒေါသထွက်နေသည်။
"ညီမလေး! စိတ်မပူပါနဲ့! တုကျားဟောင် လွတ်မြောက်သွားမှာ မဟုတ်ဘူး!"
"ဒီတုမိသားစုက အသုံးမကျဘူး! မိဘတွေက မကောင်းတော့ သားသမီးလည်း မကောင်းနိုင်ဘူး!"
တုအဖိုးကြီးသာ ဤအကြောင်းကို သိရှိခဲ့ပါလျှင်ပင် ဒေါသအ မျက်ခြောင်းခြောင်းထွက်လိမ့်မည်မှာ သေချာသည်။ ထိုအ ချက်ကြောင့်ပင် နန်ကျီ အစ်ကိုကောင်းပီသသူ ဖြစ်သည်။ သူ အသက်ရှည်ခွင့်နှင့် ထိုက်တန်သည်!
တစ်ချိန်တည်းမှာပင် မစ္စစ်တု အိမ်သို့ပြန်လည် ရောက်ရှိလာပြီးနောက် ဒေါသမှာတဖြည်းဖြည်း ပိုမိုပြင်းထန်လာသည်။ ထိုသို့ ဒေါသထွက်လာလေလေ၊ သူ့ စိတ်သည်လည်း အဖတ် ဆယ်မရအောင် ပိုမိုခံစားမှုမဲ့လာသည်။
(T/N: "ခံစားမှုမဲ့လာသည်" ဆိုတာက ဒေါသ ပြင်းထန်လွန်းသောကြောင့် မိမိကိုယ် မိမိ မထိန်းချုပ်နိုင်တော့ဘဲ စိတ်ထဲတွင် လစ်ဟာမှုနှင့် ပေါက်ကွဲချင်စိတ်သာ ပြည့်နှက်လာခြင်းကို ပြောချင်တာပါ)
သူ့ဖုန်းအားထုတ်ယူကာ ပရိသတ်တစ်သန်းကျော်ရှိသော သူ့ ဆိုရှယ်မီဒီယာအကောင့်တွင် ခံစားချက်တစ်ခုအား တင်လိုက်သည်။
[ဒီခေတ် လူငယ်တွေက၊ ကိုယ့်မိသားစုရဲ့ နောက်ခံ ခိုင်မာမှုကို အကြောင်းပြုပြီး၊ သက်ကြီးရွယ်အိုတွေကို မလေးမစားလုပ်ကြတာပဲ၊ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုကို အခွင့်ကောင်းယူပြီး စော်ကားကြတယ်၊ အဟင်း]
ယခင် ရုပ်ရှင်ဘုရင်မတစ်ဦး ဖြစ်သည့်အားလျော်စွာ မစ္စစ်တုသည် ဂန္ထဝင်ဇာတ်ရုပ်ကောင်းများစွာအား ချန်ရစ်ခဲ့သည်မှာ သဘာဝပင်။ ယခုတိုင်အောင် လူအများအပြား သူမ အကောင့်အား လာရောက်ကြည့်ရှုပြီး သူမ အနုပညာနယ်ပယ်သို့ ပြန်လည်ဝင်ရောက်ရန် တောင်းဆိုကြသည်။
မစ္စစ်တု ဆယ်စုနှစ်များစွာကြာအောင် သူမ ပုံရိပ်အားဂရုတ စိုက် ထိန်းသိမ်းခဲ့သည်။ တိတ်ဆိတ်စွာနေထိုင်ခြင်းနှင့် ရံဖန်ရံခါ ပရဟိတလုပ်ငန်းများ ပြုလုပ်ခြင်းတို့မှာ သူမအား လူထုနှင့် ပရိသတ်နှစ်ရပ်လုံး၏ ချစ်ခင်မှုအားရစေခဲ့သည်။
ထိုကဲ့သို့သော နတ်ဘုရားမတစ်ဦး ဒေါသထွက်နေသည်အား ရုတ်တရက် မြင်လိုက်ရသည့်အခါ ပရိသတ်များမှာ မစ္စစ်တုအား ချက်ချင်းနှစ်သိမ့်အားပေးကြပြီး သူမအား ဘယ်သူက အနိုင်ကျင့်နေသလဲဆိုတာ ခန့်မှန်းကြတော့သည်။
ချမ်းသာသော မိသားစုနောက်ခံရှိသူ၊ အမျိုးသမီးလေး သို့မဟုတ် အမျိုးသမီး။
မစ္စစ်တု၏စကားလုံးများအရ၊ ဤအခြေအနေ သုံးခုအား ခန့်မှန်းနိုင်ဖွယ်ရှိသည်။
မစ္စစ်တု၏ကြွယ်ဝချမ်းသာသော အဆင့်အတန်းအား ထည့် သွင်းစဉ်းစားသောအခါ လုပ်ငန်းနယ်ပယ်တွင် ကောင်းမွန် သော မိသားစုနောက်ခံရှိသည်ဟု ဆိုနိုင်သော အမျိုးသမီးငယ်မှာ အနည်းငယ်သာ ရှိသည်ဟုထင်ရသည်။ ထို့ကြောင့် မကြာမီပင် တစ်စုံတစ်ယောက်က နန်ယုအား ခန့်မှန်းမိသွားသည်။
[နန်ယုလား? သူ မာနထောင်လွှားနေတာကို ငါ လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက စိတ်ကုန်နေတာ၊ သူက စိတ်တိုလွယ်ပြီး သက်ကြီးရွယ်အိုတွေကိုမလေးစားဘူး၊ ကလေးတွေကို ဂရုမစိုက်ဘူးဆိုတာ ရှင်းနေတယ်]
မိနစ်အနည်းငယ်ကြာပြီးနောက် မစ္စစ်တု ထိုပို့စ်အား ပြန်လည်ဖြေကြားခဲ့သည်။
[ဒီကလေးမလေးက စိတ်မြန်လက်မြန် ဖြစ်လွန်းတယ်]
ဒါ တကယ့် အဖြစ်အပျက်မဟုတ်လား?
မစ္စစ်တု ပို့စ်အား လျင်မြန်စွာဖျက်လိုက်သော်လည်း အရင်းအ မြစ်ရှာဖွေတတ်သော အင်တာနက်အသုံးပြုသူများမှာ ဓာတ်ပုံများ ရိုက်ယူထားပြီးဖြစ်သည်။
သစ္စာရှိပရိသတ်များစွာမှာ နန်ယု အကောင့်သို့ အုံလိုက်ကျင်းလိုက်ရောက်လာကြပြီး တရုတ်ရိုးရာ ယဉ်ကျေးမှုအား စိတ်အားထက်သန်စွာမျှဝေကြသည်။
နန်ယု၏လူကြိုက်များမှုမှာ လျင်မြန်စွာ မြင့်တက်လာခဲ့သော် လည်း သူမသည် နာမည်ကြီးများကဲ့သို့ သူမ အကောင့်အား စီမံခန့်ခွဲခြင်းမရှိဘဲ ပရိသတ်များနှင့် ထိတွေ့ဆက်ဆံခြင်းမရှိပေ။ သူမတွင် ပရိသတ်အများအပြား ရှိနိုင်သော်လည်း သစ္စာရှိ ပရိသတ်များစွာမရှိခဲ့ချေ။
သူမ နောက်ဆုံးပို့စ်မှာ လွန်ခဲ့သည့် တစ်လနီးပါးက ပရိသတ်များအား နန်တံဆိပ်အသားအရေထိန်းပစ္စည်းများအား မဲဖောက်ပေးသည့် ဆုရရှိသူများအကြောင်းဖြစ်သည်။
သရုပ်ဆောင်တု၏ဝေဖန်မှုလှိုင်းအောက်တွင် နန်ယု လုံးဝရှုံးနိမ့်ခဲ့သည်။ ချက်ချင်းဝေဖန်ခံရကာ အင်တာနက်တွင် ခေတ်စားသွားခဲ့သည်
မစ္စစ်တု အခြေအနေ ပိုမိုဆိုးရွားလာသည်ကိုမြင်သောအခါ ပထမတွင် သက်သာရာရသော်လည်း၊ မကြာမီပင် နောင်တရသွားသည်။
"စကားကြီးစကားကျယ်ပြောရတာ တစ်ခဏတာ ပျော်ရွှင်စရာပါ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဘေးဥပဒ်ပဲ"
ထိုဝါကျမှာ မစ္စစ်တုအား ယခုအချိန်တွင် အပြည့်အဝဖော်ပြနေသည်။
သူမ သားဖြစ်သူ တုကျားဟောင် လုပ်ခဲ့သည့်အရာသည် အမှန်တကယ်ဖြစ်ပြီး မျက်လုံးဒါဇင်ပေါင်းများစွာနှင့် လုံခြုံရေးကင်မရာများမှာ စောင့်ကြည့်နေသည်။ နန်ယု အမှန်တကယ်အဖြစ်အပျက်အား ဖော်ထုတ်ပြောပြလိုက်လျှင် ဘယ်လိုလုပ်မလဲ ?
အခြားမည်သူမဆို တုံ့ဆိုင်းနေနိုင်သော်လည်း နန်ယုသာဆိုလျှင် သူမ တကယ်လုပ်ဆောင်ပေလိမ့်မည်။
၎င်းမှာ ကျားဟောင်အား ထိခိုက်စေခဲ့လျှင်...
မစ္စစ်တု ပိုပြီးစိတ်မငြိမ်မသက် ဖြစ်လာသည်။ သူမ ပို့စ်တင်လိုက်သည့်အရာအား ပြန်ဖျက်၍ မရတော့သဖြင့် နောက်ဆုံးတွင် သူမ ခင်ပွန်းနှင့်အတူ ဘာလုပ်ရမည်အား ဆွေးနွေးတိုင် ပင်ရန် ထရပ်လိုက်သည်။
သတင်းကြားသိရသော နန်ကျီမှာ ပိုလို့ပင်ဒေါသထွက်လာသည်။
ထိုအဘွားကြီးမှာ ကောက်ကျစ်တဲ့ နည်းဗျူဟာတွေမှာ ဆရာ ကြီးဖြစ်သည်။ နောက်နေ့ကျလျှင် သူမ ဒေါသထွက်နေရုံမျှသာဖြစ်ပြီး နန်ယုနှင့် ဘာမှမဆိုင်ပါဘူး၊ လူတိုင်းကို အထင်မမှားဖို့ တောင်းဆိုပါတယ်လို့ ပြန်ပေါ်လာဦးမှာသေချာသည်။
နန်ကျီ ဤနည်းဗျူဟာများထဲမှ အနည်းဆုံး ရှစ်ဆယ်ခန့်အား မြင်ဖူးသည်။
သူ နန်ယုအား ရှေ့နေအကြောင်းကြားစာပေးပို့ခိုင်းရန် ပြင်ဆင် နေစဉ်တွင် သူမအကောင့်တွင် ပို့စ်တင်ထားသည်အား သတိပြုမိလိုက်သည်။
နန်ကျီ ချက်ချင်း နှိပ်ကြည့်လိုက်သည်။
[@မြို့တော် ပြည်သူ့လုံခြုံရေး၊ ကျွန်မ ရဲကို ဆက်သွယ်ချင်ပါတယ်... တစ်စုံတစ်ယောက်က ကျွန်မကိုအပြစ်ခံယူခိုင်းဖို့ကြိုး စားခဲ့ပြီး ကျွန်မ ငြင်းဆိုလိုက်တဲ့အခါ သူတို့က ဒေါသထွက်ပြီး ခြိမ်းခြောက်ခဲ့ပါတယ်... ကျွန်မမှာ CCTV မှတ်တမ်းအားလုံးရှိပါတယ်]
နန်ယု ဗီလာရှိ လုံခြုံရေးဗီဒီယိုမှာ ကြည်လင်ပြတ်သားသည်။ မစ္စစ်တု မျက်နှာပေါ်ရှိအရေးအကြောင်းတိုင်းကိုပင် ကြည်လင်ပြတ်သားစွာ ဖမ်းယူထားသည်။
နန်ယု ၎င်းအား တိုက်ရိုက်မတင်ရခြင်းအကြောင်းမှာ တုလင် မယားကို ကြောက်လို့ မဟုတ်ဘဲ၊ ရိုးရိုးရှင်းရှင်းပင်... တရားမဝင်လို့ဖြစ်သည်။ ၎င်းမှာ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်အားချိုးဖောက်ခြင်းဖြစ်သည်။
ဥပဒေ လိုက်နာသော နိုင်ငံသားတစ်ဦးအနေဖြင့် နန်ယု ထိုသို့သော အရာမျိုးအား လုံးဝလုပ်မည်မဟုတ်ပေ။
[ဘုရားရေ! သတင်းကြီးတစ်ခုကြားရတော့မယ်!]
[ဟားဟားဟား၊ သခင်မလေးက အရေးယူလိမ့်မယ်ဆိုတာ ငါသိတယ်၊ ပါးရိုက်ခံရတာကို ဘယ်တော့မှ ပြန်မတုံ့ပြန်ဘဲ မနေတဲ့သူ]
[@မြို့တော် ပြည်သူ့လုံခြုံရေး၊ ဒါ တကယ်လား? ရှင်းပြပါဦး]
ထို့နောက် အထွတ်အထိပ်သို့ရောက်ရှိလာသည်။ ငါးမိနစ်အကြာတွင် တရားဝင်မြို့တော် ပြည်သူ့လုံခြုံရေးအကောင့်မှ နန်ယုပို့စ်အား တကယ်ပင် မှတ်ချက်ပေးခဲ့သည်။
၎င်းမှာ စကားလုံး သုံးလုံးသာဖြစ်သည်။
[လက်ခံလိုက်ပါပြီ]
ထိုအတည်ပြုချက်မှာ နန်ယု လိမ်မပြောကြောင်း အတိအကျ ဖော်ပြနေခြင်း မဟုတ်ပါလား ?
ဘုရင်မတုကပင် တစ်စုံတစ်ယောက်အား အပြစ်မှလွတ် မြောက်အောင် ကြိုးစားခဲ့တာလား? အမလေး! သူမ ဘယ်လို ရာဇဝတ်မှုမျိုးကို ကျူးလွန်ခဲ့တာလဲ?
ပါပါရာဇီများနှင့် မီဒီယာများမှာ အရာအားလုံးကို လျင်မြန်စွာ ဖော်ထုတ်ခဲ့ကြသည်။ နောက်ဆုံး အဖြစ်အပျက်အစအဆုံး ရှင်းလင်းစွာ ပေါ်ပေါက်လာခဲ့သည်။
ပတ်ဝန်းကျင်တွင် လူနည်းသော်လည်း သက်သေခံများစွာ ရှိနေဆဲဖြစ်သည်။ အစွမ်းထက်သော အရင်းအမြစ်များရှိသူနှင့်အတူ သူတို့ ယာဉ်မောင်းအား ရှာတွေ့ခဲ့ကြပြီး ဇာတ်လမ်းဇာတ်ကွက်တစ်ခုလုံး ချက်ချင်းဆိုသလို ရှင်းလင်းသွားခဲ့သည်။
မစ္စတာတုနှင့် မစ္စစ်တုတို့ ကိစ္စအားဖုံးဖိရန် ကြိုးစားခဲ့ကြသည်။ သတင်းများ ပျောက်ကွယ်သွားစေရန်အတွက် ဈေးနှုန်းမြင့်မားစွာပေးဆောင်ရန်ပင် ကြိုးစားခဲ့ကြသော်လည်း နန်မိသားစုသည်လည်း လွယ်လွယ်ကူကူ အလျှော့ပေးမည့်သူများ မဟုတ်ပေ။
မကြာမီတွင် အင်တာဗျူး ဗီဒီယိုတစ်ခု ထွက်ပေါ်လာသည်။
ယာဉ်မောင်းနှင့် ဘေးကင်းသူ၏မျက်နှာများ မှုန်ဝါးနေသော် လည်း အဓိကအချက်မှာ ၎င်းမဟုတ်ဘဲ ၎င်းတို့၏ထွက်ဆိုချက်များဖြစ်သည်။
"တကယ်လား? မစ္စနန်ကို ကျေးဇူးအထူးတင်ပါတယ် မဟုတ်ရင်ကားထဲက ကလေးတွေနဲ့ ကျွန်တော် ဘာလုပ်ရမှန်းတောင် မသိခဲ့ပါဘူး
"လုံးဝ အရက်မူးပြီးမောင်းတာပဲ! ကျွန်တော် သူ့ကို ဆွဲထုတ် ပြီးကယ်တင်ဖို့ကြိုးစားတုန်းကဆို အရက်နံ့တွေရနေတာ"
"ဒါ တကယ်ပါ၊ ကျွန်တော် အနီးအနားမှာ လေ့ကျင့်ခန်းလုပ်နေတာ၊ ကားက လေလွင့်သလို အရှိန်ပြင်းပြင်းမောင်းလာတာ"
...
ကလေးမိဘတစ်ဦးဟု ဆိုသူတစ်ဦးမှ မှတ်ချက်ပေးခဲ့သည်။
[ကျွန်တော် ရဲဆီကဖုန်းလက်ခံရရှိချိန်မှာ တကယ်သွေးပျက်မတတ်ကြောက်လန့်သွားခဲ့တာ! ကျွန်တော့်ကလေးတွေကို အသက်ကယ်ပေးခဲ့တဲ့ မစ္စနန်ကို ကျေးဇူးအထူးတင်ပါတယ်!]
မကြာမီတွင် တရားဝင် ကြေညာချက်ထွက်ပေါ်လာခဲ့သည်။ အမှန်ဆိုရလျှင် အမှုမှာ နဂိုကတည်းက ရှုပ်ထွေးခြင်းမရှိဘဲ သက်သေနှင့် အထောက်အထားများပြည့်စုံသော်လည်း ပြစ် ဒဏ်ချမှတ်ရန်မှာ ဆွေးနွေးတိုင်ပင်ရန် ကိစ္စရပ်ဖြစ်နေဆဲပင်။ သို့သော်လည်း စီရင်ချက်အား ဤမျှ လျင်မြန်စွာထုတ်ပြန်ရန် လုံးဝမလိုအပ်ပေ။
အဖြစ်အပျက် လုံခြုံရေး ဗီဒီယိုဖိုင်ကိုလည်းထုတ်ပြန်ခဲ့ပြီး ၎င်းမှာ ရုပ်ရှင်တစ်ခုလိုပင် စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။
ဤ ဗီဒီယိုမှတ်တမ်း နှစ်ခုထွက်ပေါ်လာခြင်းမှာ ယာဉ်မောင်း ၏ထွက်ဆိုချက်များအား ပိုမိုခိုင်မာစွာအတည်ပြုပေးခဲ့သည်။
"မစ္စနန်က သူ့အသက်ကိုစွန့်လွှတ်ပြီး သူတစ်ပါးကိုကယ်တင်ခဲ့တာကို၊ သူ့ကို အပြစ်ခံယူခိုင်းချင်တာလား ?"
"ဒါ ဘယ်လို လူမျိုးတွေလဲ!"
လူထုအမြင်မှာ ရုတ်တရက်ပြောင်းသွားသည်။ နန်ယုအပေါ် အစောပိုင်း ဝေဖန်မှုများပြင်းထန်ခဲ့သကဲ့သို့ ချီးကျူးထောမနာပြုမှုများလည်း ယခုအခါ ရိုးသားဖြောင့်မတ်လှသည်။
လူအများအပြား တုကျားဟောင်အားပြင်းပြင်းထန်ထန် အပြစ် ပေးရန်တောင်းဆိုခဲ့ကြသည်။ သူ့အပြုအမူမှာ ဆိုးရွားပြီးမည် သူမျှ ပြင်းထန်စွာ ဒဏ်ရာမရခဲ့ပါက သို့မဟုတ် မသေခဲ့ပါကပင် ပြစ်ဒဏ်ချမှတ်ခြင်းမှ လွတ်မြောက်သင့်သည် မဟုတ်ပေ။
အရက်မူးပြီးမောင်းနှင်မှုမှာ လူများစွာ၏နှလုံးသားအား ထိမိခဲ့သည်။ အရက်သေစာသောက်စားပြီး မောင်းနှင်သူများအတွက် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များတောင်းဆိုသည့် လျှောက်လွှာများကိုပင် စတင်ခဲ့ကြသည်။
တရားဝင် မီဒီယာဌာနအချို့ပင်လျှင် ထိုခံစားချက် ပဲ့တင်ထပ်ခဲ့ပြီးအောင်မြင်ရန် အခွင့်အရေးများစွာရှိကြောင်း အကြံပြုခဲ့သည်။
မစ္စစ်တုအတွက်မူ ၎င်းမှာ ကိုယ့် ခြေထောက်ပေါ်ပစ်ချမိခြင်းဟူသော စကားပုံဖြစ်ပေလိမ့်မည်။ သူမသာ ထိုသို့လုပ်ဆောင်ခြင်း မရှိခဲ့ပါက နန်ယု ကိစ္စအား အွန်လိုင်းတွင် လူသိရှင်ကြား ပြုလုပ်ရန်ပင် စိတ်ပူရလိမ့်မည်မဟုတ်ပေ။
နောက်ဆုံးတွင် "သူတော်ကောင်း" ဟူသော နာမည်အား ယူရခြင်းမှာ မလွယ်ကူပေ။ ယခုအခါတွင် လူများစွာမှာ နန်ယုအား အကူအညီတောင်းခံရန် ကိုယ်ရေးကိုယ်တာစာများ ပေးပို့နေကြသည်။
အချို့မှာ ငွေကြေးတောင်းခံကြသည်၊ အချို့မှာ အလုပ်အကိုင် ရှာကြသည်၊ အချို့မှာ ကျောက်ကပ်အစားထိုးကုသရန် လိုအပ်သည့် မိသားစုဝင်များရှိကြသည်— လူမျိုးစုံပင်။
နန်ယု တုံ့ပြန်မှု မရှိသည်ကိုမြင်သောအခါ သူတို့ ကျိန်ဆဲမှုများဖြင့် ရန်တွေ့ကြပြီးအခြားသူများလည်း မရေမတွက်နိုင်အောင် ကျိန်ဆဲနေကြသည်။
စစ်မှန်သော "သူတော်ကောင်း" တစ်ဦးမှာ စိတ်ဆိုးမည် ဖြစ်သော်လည်း နန်ယု လုံးဝဂရုမစိုက်ပေ။
သူ့ ဖုန်းအား ပိတ်ထားလိုက်ပြီး၊ အားကစားရုံသို့ လေ့ကျင့်ခန်း လုပ်ရန်သွားတော့မည် ဖြစ်ရာ သူ့ စိတ်မှာ လစ်ဟာသွားပြီး နေရာတွင်ပင် ရပ်တန့်သွားခဲ့သည်။
(T/N: သူမ အားကစား လုပ်ရန် စိတ်ကူးလိုက်သည်နှင့် အားလုံးကိုမေ့ပျောက်ကာ တည်ငြိမ်သွားတယ်လို့ပြောချင်တာပါ)
ဒီခံစားချက်က ဘာလဲ?
၎င်းမှာ မသေမျိုးဝတ္ထုများတွင် ဖော်ပြထားသည့် ရုတ်တရက် အသိဉာဏ်ပွင့်ခြင်းနှင့် ဆင်တူနေသည်။ နန်ယု သူမ စိတ် ဤမျှလောက် ကြည်လင်လန်းဆန်းနေသည်ကို တစ်ခါမျှ မခံစားခဲ့ဖူးပေ။ ပူပြင်းသော နွေရာသီနေ့တွင် ရေခဲမုန့်ချောင်း စားလိုက်ရခြင်းထက် ပိုလန်းဆန်းသည်။ တစ်စုံတစ်ယောက် သူမ ဦးနှောက်ထဲမှ အညစ်အကြေးများအားလုံးအား ဖုန်စုပ်စက်ဖြင့် စုပ်ယူလိုက်သလိုမျိုးခံစားရသည်။
ပြီးတော့ ဘာကြောင့် ဘယ်လိုမှဖွင့်ဆိုလို့ မရနိုင်တဲ့ ပျော်ရွှင်မှုကိုခံစားနေရတာပါလိမ့်။ ငါးသန်းဆု ထီပေါက်သလိုမျိုးများလား ?
မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါးသန်းဆု ပေါက်ရင်တောင် ဒီလိုမျိုး ကြီးမားလွန်းတဲ့ ကျေနပ်မှုမျိုးပေးနိုင်မှာ မဟုတ်ဘူး။
သို့သော် ထို ခံစားချက်မှာ အလွန်လျင်မြန်စွာ မှေးမှိန်သွားခဲ့ပြီး ထင်ယောင်ထင်မှားတစ်ခုမျှသာ ဖြစ်နေသကဲ့သို့ပင်။
ဝေဝါးသောသံသယတစ်ခု နန်ယု စိတ်ထဲတွင် ပေါက်ဖွားလာခဲ့သည်။ သူမ ဖေးယီကျန့်ထံသို့ မက်ဆေ့ချ်တစ်စောင်အား လျင် မြန်စွာပေးပို့လိုက်သည်။
"ရှင် အခု အားလား ? ကျွန်မ ရှင့်ဆီ လာခဲ့မယ်!"