← Chapters

အခန်း (၇၅)

Vol. 9 Ch. 75

အခန်း (၇၅)

Vol. 9 Ch. 75

ည (၁၀) နာရီတိတိတွင် နန်ယု ဖေးယီကျန့်၏တိုက်ခန်းအသစ် ၌တွေ့ဆုံခဲ့ကြသည်။ ဖေးယီကျန့် လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဖေမိသားစုအိမ်မှပြောင်းရွှေ့လာခြင်းဖြစ်သည်။ ထိုတိုက် ခန်းသည် နန်ယု ဗီလာအနီးတွင်တည်ရှိပြီး ကားမောင်းလျှင် နာရီဝက်ခန့်သာဝေးသော တိုက်ခန်းကျယ်တစ်ခုဖြစ်သည်။ ၎င်းမှာ သူတို့နှစ်ဦး အတူတကွအပြင်ထွက်ခြင်းနှင့် ကိစ္စများ ဆွေးနွေးခြင်းအတွက် လွယ်ကူစေရန်ရည်ရွယ်ခြင်းဖြစ်သည်။

အကယ်၍ ဖေးယီကျန့်သာ နန်ယုထံ မကြာခဏလာရောက်လည်ပတ်ပါက ဦးလေးကျိုးနှင့် အခြားသူများ သံသယဝင် လာဖွယ်ရှိသောကြောင့်ပင်။

နန်ယု မည်သည့် ကိစ္စအတွက် အသည်းအသန် ရောက်လာရပါလိမ့်ဟု ဖေးယီကျန့် တွေးတောနေခဲ့သည်။ သူ အွန်လိုင်းတွင် လွန်ခဲ့သော နာရီအနည်းငယ်မှ ဖြစ်ပျက်ခဲ့သည့် ကိစ္စအား မြင်ခဲ့ရသည်။

မစ္စစ်တုမှာ တိုက်ခိုက်ရန် အားနည်းလွန်းပြီး နန်ယု၏ ရန်သူ မဟုတ်ပေ။ သူမ လုံးဝ ထိခိုက်လွယ်ခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီးတော့ မဖြစ်နိုင်ပေ။ ဒါမှမဟုတ် နန်ယု သူမ "မတော်တဆမှု" ဖြစ်နိုင်သည့် နေရာကို သိနေတာလား?

သို့သော်လည်း နန်ယုအားမြင်လိုက်ရသည့် တခဏအတွင်း ဖေးယီကျန့် သူမ အဘယ်ကြောင့် လာရောက်ရသည်ကို သဘောပေါက်နားလည်သွားခဲ့သည်။

"စာလုံးတွေ လုံးဝပျောက်သွားပြီ"

ဖေးယီကျန့် နန်ယုခေါင်းထိပ်အား စူးစိုက်ကြည့်နေစဉ်၊ သူ့အမူအရာမှာ ထူးဆန်းသည့် အံ့အားသင့်မှုဖြင့်ပြည့်နှက်နေ သည်။

ထိုအမူအရာမှာ နှစ်ပေါင်းတစ်ထောင်တွင် တစ်ကြိမ်သာတွေ့ရခဲသည့် ရှားပါးသော ပုံစံမျိုးဖြစ်ရာ နန်ယု ၎င်းအားဓာတ်ပုံရိုက်၍ နောက်ပိုင်းတွင် ဖေးယီကျန့်အားလှောင်ပြောင်ချင်လုနီးပါးဖြစ်ခဲ့ရသည်။

သို့သော် ထိုအံ့အားသင့်မှုမှာ ခဏတာမျှသာဖြစ်ပြီး ဖေးယီကျန့် မိမိကိုယ်ကို လျင်မြန်စွာပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

သူ ယခင်က နန်ယုခေါင်းပေါ်ရှိ စာလုံးများမှာ တခြားသူထက် ပိုမှိန်ဖျော့နေပြီး ပျောက်ကွယ်လုနီးပါးအခြေအနေရောက်နေ သည်ဟု ပြောခဲ့ဖူးသည်မှာမှန်သည်။ သို့သော်လည်း ၎င်းတို့မှာ အမြဲတမ်း ဆက်လက်တည်ရှိနေခဲ့သည်။

သို့ပေမဲ့ ယခုအခါတွင်မူ စာလုံးများလုံးဝပျောက်ကွယ်သွားခဲ့ပြီ။

လုံးဝသန့်ရှင်းနေပြီး၊ အရိပ်အယောင်စိုးစင်းမျှပင် မကျန်ခဲ့ပေ။

၎င်းတို့သည် တစ်ခါမျှ ရှိမနေခဲ့သည့်အလားပင်။

"တကယ်!"

နန်ယု ခေါင်းညိတ်လိုက်သည်။

"ကျွန်မ ခံစားချက်တစ်ခုရှိခဲ့တယ်"

"ဘာတွေ ဖြစ်နေတာလဲ ?"

ဖေးယီကျန့် မျက်လုံးများ သိသိသာသာ အရောင်တောက်လာသည်။ ထိုတစ်ခဏတွင် နန်ယု ဖေယွင်ကျင်းအားမြင်လိုက်ရသလိုထင်မိသည်။

ဖခင်နှင့် သားနှစ်ဦးလုံးမှာ ရုပ်ချင်းဆင်တူနေသော်လည်း သူတို့ မျက်လုံးများမှာ ယခင်က သိသိသာသာကွဲပြားခဲ့သည်— တစ်ဦးမှာ ကလေးဆန်သည်၊ နောက်တစ်ဦးမှာ ရှုပ်ထွေးသော အရွယ်ရောက်သူပင်။ သို့သော် ဤတစ်ခဏတွင် သူတို့ အမူအ ရာများမှာ မရှင်းပြနိုင်လောက်အောင်ထပ်တူကျနေခဲ့သည်။

"ကျွန်မတို့ အထဲဝင်ပြီး စကားပြောကြမလား?"

ဤနေရာသည် တစ်ထပ်တွင် တိုက်ခန်းတစ်ခန်းသာရှိသည့်အပြင် အနီးအနားတွင် အိမ်နီးချင်းမရှိသော်လည်း နန်ယု တံခါးဝတွင် ရပ်၍စကားပြောဆိုခြင်းအား သင့်လျော်သည်ဟု မယူဆပေ။

ဖေးယီကျန့် - ...

သူ ရယ်မောလိုက်သည်။

"တောင်းပန်ပါတယ်၊ ကျွန်တော် စိတ်မထိန်းနိုင် ဖြစ်သွားခဲ့တယ်"

နန်ယု သူမ လက်အားပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။

"နားလည်ပါတယ်"

ဖေးယီကျန့် အိမ်အသစ်မှာ ခေတ်မီသော ဒီဇိုင်းပုံစံဖြင့် အလှဆင်ထားသည်။ ၎င်းသည် ဖေမိသားစု အိမ်ဟောင်းပုံစံနှင့် လုံးဝကိုကွဲပြားခြားနားနေသည်။

သူတို့ ယခုမှ ပြောင်းရွှေ့လာခြင်းကြောင့်ဖြစ်နိုင်သည်။ သို့ သော် အိမ်တစ်အိမ်လုံးသည် အေးစက်တောင့်တင်းမှုဖြင့်ပြည့်နှက်နေပြီး လူနေအိမ်နှင့်လုံးဝမတူသည်ကို တွေ့ရသည်။

သို့သော် ဤအရာများမှာ အဓိကကျသော အချက်များမဟုတ်ပါချေ။ ဖေးယီကျန့် ထိုသို့သောအမူအရာဖြင့် စူးစိုက်ကြည့်နေသည်အားမြင်သောအခါ နန်ယု အကျယ်ချဲ့ပြောဆိုခြင်းမပြုတော့ဘဲ သူမ ခံစားချက်များအား ချက်ချင်းဖွင့်ဟလိုက်သည်။

ဖေးယီကျန့် တစ်စုံတစ်ရာအား လေးလေးနက်နက်စဉ်းစားငေးမောနေသည်ကိုမြင်သောအခါ၊ သူမ ထပ်မေးလိုက်သည်။

"ဒါနဲ့ ရှင် အရင်က ပြောခဲ့တဲ့ ရှင့်ရဲ့ကံကြမ္မာက ဘာလဲဟင်"

နန်ယု သူ ဆာလောင်မှုနှင့် အအေးဒဏ်ဖြင့်သေဆုံးခဲ့ရသည်ကိုသာမှတ်မိပြီး အသေးစိတ်အချက်အလက်များကိုမူ မမှတ်မိနိုင်ခဲ့ပေ။

သူ၏ နက်ရှိုင်းသော အတွေးများထဲမှ ဆွဲထုတ်ခံလိုက်ရသော ဖေးယီကျန့် အားမလိုအားမရဖြစ်သွားရသည်။ နန်ယုအား ပေါ့ဆသည်ဟုပြောသင့်ပါလား? သူမ ထိုမျှအရေးကြီးသော ကိစ္စကိုပင် သေချာမမှတ်မိချေ။

သို့သော်လည်း နန်ယု ဤမျှလျစ်လျူရှုကာ ပေါ့ပေါ့တန်တန် နေထိုင်မှုကြောင့်ပင် သူမသည် ကံကြမ္မာမှလွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့သော ပထမဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

နန်ယု ခေါင်းပေါ်တွင် ရှိခဲ့သည့် ကံကြမ္မာစာသားများအား ဖေးယီကျန့် မှတ်ဉာဏ် အထူးကောင်းမွန်သူပီပီ (အထူးသဖြင့် နန်ယုနှင့် ပတ်သက်လျှင်) မချွင်းမချန် တစ်လုံးချင်းစီရွတ်ဆိုလိုက်သည်။

[နန်ယု- ဖေယွင်ကျင်း၏မိထွေး၊ သူမ ချစ်ခြင်းမေတ္တာကိုမရရှိသောကြောင့် ဖေယွင်ကျင်းအား ရူးသွပ်စွာနှိပ်စက်ခဲ့ပြီး နောက် ဆုံး အငတ်ဘေးနှင့် အအေးဒဏ်ကြောင့်သေဆုံးခဲ့သည်]

နန်ယု စတင် ဆန်းစစ်ခွဲခြမ်းစိတ်ဖြာတော့သည်။

"ကြည့်လေ၊ ကျွန်မ ကံကြမ္မာက တကယ်တမ်းမှာ အချက်အ လက်အများကြီးပါနေတယ်"

"ဖေယွင်ကျင်းရဲ့မိထွေး၊ ဒါတော့ ပြောင်းလဲသွားပြီ"

မိထွေးဆိုသည်မှာ ဖခင်အရင်း၏ပြန်လည်လက်ထပ်ထားသော ဇနီးအားရည်ညွှန်းသည်။

နန်ယုနှင့် ဖေးယီကျန့်တို့ ကွာရှင်းပြတ်စဲပြီးဖြစ်သည်။

နန်ယုနှင့် ဖေယွင်ကျင်းတို့၏ဆက်ဆံရေးမှာ ယခုအခါ မွေးစားမိခင်သဘောသာ။

"ပြီးတော့ 'ချစ်ခြင်းမေတ္တာ မရရှိခြင်း' နဲ့ 'ဖေးယွင်ကျင်းကို ရက်စက်စွာနှိပ်စက်ခြင်း' ကိစ္စ— ဒီအချက်နှစ်ခုစလုံးကလည်း လုံးဝမဖြစ်နိုင်တော့ဘူး"

နန်ယု ကံကြမ္မာမှ သူမအား တိုက်ရိုက်ထိန်းချုပ်နေခြင်း မဟုတ်ဟု ခံစားရသည်။

ကံကြမ္မာသာ လူများအား တိုက်ရိုက်ထိန်းချုပ်နိုင်လောက်အောင်အင်အားကြီးမားပါက သူတို့ ရုန်းကန်ရန် အခွင့်အရေး ရရှိမည် မဟုတ်ပေ။

ဖေးယီကျန့် နန်ယုဆိုလိုရင်းအား ချက်ချင်းနားလည်သည်။

"ဒါဆို ကျန်ခဲ့တဲ့တစ်ခုတည်းသော ရွေးချယ်စရာက 'အငတ် ဘေးနဲ့ အအေးဒဏ်ကြောင့် သေဆုံးခြင်း' ပဲ"

အငတ်ဘေးနှင့်အအေးဒဏ်ကြောင့် သေဆုံးခြင်းလား?

ရိုးရိုးသားသား ပြောရလျှင်၊ ဒီခေတ်မှာ ဒီလို သေဆုံးမှုကိုရရှိဖို့ မလွယ်ကူပါချေ။

မူရင်း နန်ယုသာဆိုလျှင် နန်မိသားစုဒေဝါလီခံပြီးနောက် သူမ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးအလုပ်ရှာရန် ကြိုးစားလျှင်ပင် ဖေယွင်ကျင်း သူမအား ပစ်မှတ်ထားလိမ့်မည်။ နောက်ဆုံးတွင် ညှီနံ့ထွက်သော မြောင်းတစ်ခုရှိ မှောင်မိုက်သောလမ်းကြား၌ သေဆုံးသွားပေလိမ့်မည်။

ဒါပေမဲ့ လက်ရှိ နန်ယုရော ? လက်ရှိ နန်ယုကရော သူ အငတ် ဘေးနှင့် အအေးဒဏ်ကြောင့် သေဆုံးချင်ပါ့မလား?

နန်ယု၏အရှိန်အဟုန်မပြတ် တိုးပွားနေသည့် ကြွယ်ဝမှုအား အသာဖယ်ဦး။ နန်မိသားစုသာ တစ်နေ့နေ့တွင် ဒေဝါလီခံရသည့်တိုင် သူမ လုပ်နိုင်သည့် နည်းလမ်းပေါင်းများစွာရှိနေ သည်။

သူမ ရုပ်ရည်အလှပမှာ သူမအား အငတ်ဘေးနှင့်မတွေ့စေနိုင် ပေ။

ထို့အပြင် နန်ယုတွင် ယခုအခါ ပရိသတ်အခြေခံအင်အားကြီး မားစွာ ရှိနေသည်— ၎င်းမှာ လူထုဆက်ဆံရေး၏စွမ်းအား ဖြစ်သည်။

"ရှင် ထင်တာက ကျွန်မ အခု အရမ်းနာမည်ကြီးသွားပြီမို့ အဲဒီလိုသေဖို့လမ်းစမရှိတော့ဘူး ဒါကြောင့် ကံကြမ္မာက ကျွန်မကို လက်လျှော့လိုက်တာလို့ ထင်တာလား?"

ဒီအကြောင်းပြချက် ယုတ္တိရှိရဲ့လား?

ဖေးယီကျန့် လေယာဉ်ပျက်ကျမှုကဲ့သို့ ကံကြမ္မာမှာ ထိုရလဒ်ကိုဖြစ်စေရန် မတော်တဆမှုများစွာအား အသုံးပြုနေဆဲဖြစ်နိုင်သည်။

တစ်နည်းအားဖြင့် ဆိုရသော်၊ သေဆုံးမည့် ရလဒ်မှာဆက်ရှိနေနိုင်သေးသည်။

သို့သော် နန်ယု အငတ်ဘေးနှင့် အအေးဒဏ်ဖြင့် သေဆုံးရန် အခွင့်အရေးမှာ လက်တွေ့ကျကျ သုညနီးပါးသာရှိသည်။ သူမ မိုပိုင်တွင် ရင်းနှီးမြှုပ်နှံထားမှုအား ထည့်သွင်းပြောဆိုရန်မလိုသေးပေ။

လီယွမ်မို အဆိုအရ မိုပိုင်မှာ လာမည့်နှစ်အစောပိုင်းတွင်အများ ပိုင်စျေးကွက်သို့ ဝင်ရောက်မည်ဖြစ်ပြီး ထိုအခါ နန်ယုစည်းစိမ် ဥစ္စာမှာ အဆပေါင်းများစွာတိုးပွားလာမည်။

သူမ စီးပွားရေးလုပ်ငန်း စတင်ရန်ပင် မလိုအပ်ပေ။ သူမ ရင်း နှီးမြှုပ်နှံမှု နှစ်ခုသာပြုလုပ်ခဲ့သည်— တစ်ခုမှာ အစ်ကိုအ တွက်၊ တစ်ခုမှာ မိုပိုင်အကျိုးအမြတ်ရရှိမည်ကို သိသော ကြောင့်ပင်။ အထူးအခြေအနေများ မရှိပါက နန်ယု ထပ်မံ ရင်းနှီးမြှုပ်နှံမည် မဟုတ်ပေ။

ပိုက်ဆံများအားလုံးကုန်အောင် မသုံးနိုင်လျှင် ၎င်းမှာ စက္ကူစုတ်များသာဖြစ်သည်။

သို့သော်လည်း နန်ယု ဘာမျှမလုပ်ဘဲ နေသည့်တိုင် သူမ ပိုင် ဆိုင်မှုများမှာ နေ့စဉ်ရက်ဆက်တိုးပွားနေသည်။

ပမာဏပြောင်းလဲခြင်းမှာ အရည်အသွေးပြောင်းလဲခြင်းအား ဖြစ်စေသကဲ့သို့ပင် အဆက်မပြတ် တိုးပွားလာသော ကြွယ်ဝမှုနှင့် ကျော်ကြားမှု၏ ရလဒ်ကြောင့်၊ ဤအခြေအနေသို့ ရောက်နေပြီးမှ ထိုကဲ့သို့ သေဆုံးရမည်ဆိုလျှင် ၎င်းမှာကမ္ဘာပျက်ကပ်ကြီး ကျမှသာဖြစ်နိုင်ပေမည်။

မဟုတ်သေးပါ၊ ကမ္ဘာပျက်သည့်တိုင် နန်ယု အသက်ရှင်လွတ် မြောက်လိမ့်မည်ဟု ယုံကြည်မှုအပြည့်ရှိသည်။

"ဂုဏ်ယူပါတယ်"

နန်ယု ခွဲခြမ်းစိတ်ဖြာချက်အား ကြားပြီးနောက် ဖေးယီကျန့် ရိုးသားပွင့်လင်းစွာ ပြောဆိုလိုက်သည်။

နန်ယု ယခုအခါ ၎င်းအား သတိမထားမိသေးသော်လည်း ဖေးယီကျန့် တစ်ဦးတည်းသာ သူ့ရင်ထဲဖြစ်ပေါ်နေသော မုန်တိုင်းအားသိရှိသည်။

သဲကန္တာရတွင် ခရီးနှင်နေသူတစ်ဦး စိမ်းလန်းစိုပြေသော ကန္တာရအား ရုတ်တရက် မြင်လိုက်ရသကဲ့သို့၊ သို့မဟုတ် သေဒဏ်ကျခံရသူအား နောက်ဆုံးအချိန်တွင် အသက်ချမ်း သာပေးလိုက်ခြင်းကဲ့သို့ပင် ဖေးယီကျန့်၏ စိတ်ခံစားချက်များအား မည်သူမျှ နားလည်နိုင်မည် မဟုတ်ပါချေ။

နှစ်ပေါင်း ထောင်နှင့်ချီ စောင့်ဆိုင်းခဲ့ရသောနတ်ဆိုးမှာ နောက် ဆုံး၌ လွတ်မြောက်ခွင့်ရသွားခဲ့သည်။ ပုလင်းထဲသို့ ပြန်လည် ထည့်သွင်းခံရခြင်းအတွက် သူ နောင်တရနေရမည်မှာ မလွဲဧကန်ပင်။ သူ ဂရုမစိုက်ဟုပြောသော်ငြားလည်း လွတ်လပ်ခြင်းအား မည်သူကမမြတ်နိုးဘဲ နေမည်နည်း။

ဖေးယီကျန့်ကဲ့သို့ပင် သူ့ကံကြမ္မာမှာ နောက်ဆုံးတွင် ပျက်စီးရမည် ဖြစ်သော်လည်း အနည်းဆုံး ဤတစ်ခဏ၌တော့ စစ်မှန် သော ပျော်ရွှင်မှုအား သူ ခံစားခဲ့ရသည်။ သူ ဝမ်းမြောက်စွာဖြင့် သေခြင်းတရားကိုပင်ကြိုဆိုခဲ့သည်။

သူ မည်သည့် နောင်တမှမရှိဘဲ အရာအားလုံးအား ရင်ဆိုင်ခဲ့သည်။

"ကျေးဇူးတင်ပါတယ်"

"နန်ယု"

နန်ယု မျက်လုံးများအပြုံးကြောင့် လခြမ်းကွေးပုံသဏ္ဌာန် ဖြစ်သွားသည်။ သူမ ထိုကျေးဇူးတင်စကားအား မဆိုင်းမတွလက် ခံလိုက်သည်။

"ဖေးယီကျန့်၊ သူတို့ရဲ့ ကံကြမ္မာကနေ လွတ်မြောက်မယ့်သူတွေ အများကြီးရှိလာဦးမှာပါ၊ ရှင်လည်း အပါအဝင်ပေါ့"

ဖေးယီကျန့် ထိုခံစားချက်ကြောင့် ကူးစက်ခံလိုက်ရဟန်တူ သည်။ လေညှင်းလို၊ တောက်ပသော လရောင်လိုနူးညံ့ပြီး၊ ချွတ်ယွင်းချက်မရှိသော ကျောက်စိမ်းကဲ့သို့ ချောမွေ့သည့် အပြုံးတစ်ပွင့်အား သူ ပြုံးလိုက်သည်။

နန်ယု သူ ဘာကြောင့် ဖေးယီကျန့်အား ပထမဆုံးအမြင်ဖြင့် စွဲလမ်းချစ်ခင်မိခဲ့သည်ကို နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း နားလည်သွားပုံရသည်။ သူရဲကောင်းမှာ အခက်အခဲကြုံတွေ့နေသော အမျိုးသမီးအားကယ်တင်ခြင်းသည် အနည်းငယ်သာ အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၎င်းထက် သူ၏ရုပ်ပိုင်းဆိုင်ရာ အလှတရားကြောင့် ပိုဖြစ်နိုင်သည်။

ဤကဲ့သို့သော အမျိုးသား၊ သူ့အပြုံးသည်ပင် ထိန်းချုပ်မှု တစ်ခုအား ဖြစ်ပေါ်စေသောသူမှာ အမှန်တကယ်ပင် ဆွဲဆောင်အား ကောင်းလှသည်။ သို့သော် ဖေးယီကျန့်၏ ယခင်အပြု အမူများမှာ အလွန်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသဖြင့် နန်ယု သူ့မျက်နှာကိုသာ ငေးမကြည့်နေနိုင်ခဲ့ပေ။

ယခုမူ...

"နောက်တစ်ခါဆိုရင် မကြာခဏ ပြုံးဖို့မမေ့နဲ့နော်"

နန်ယု ဖေးယီကျန့်အားလက်မထောင်၍ ချီးကျူးလိုက်သည်။

"ကျွန်မ တကယ် သဘောကျတယ်"

ဖေးယီကျန့်: ...

အကြောင်းအရာတစ်ခုကြောင့် သူ အတင်းအကျပ်ပြုံးနေသည်ဟု ထင်ယောင်ထင်မှား ခံစားလိုက်ရသည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူ ထပ်မံပြုံးလိုက်သည်။

ယခင်ကထက်ပင် ပိုမိုတောက်ပသောအပြုံးဖြစ်သည်။

"ကောင်းပြီ"

နန်ယု နှစ်သစ်ကူးနေ့အတွက် စူးချန်သို့ သွားမည့်အစီအစဉ်ကို ဖေးယီကျန့်အား ပြောပြခဲ့ပြီး သူလည်း သဘောတူညီခဲ့သည်။ ထို့ကြောင့် သူမ အချိန်မပိုတော့ပေ။ ယခုပင်လျှင် ဆယ်နာရီခွဲကျော်နေပြီဖြစ်ရာ သူတို့ ဆယ့်တစ်နာရီလောက်တွင်သာ အိမ်ပြန်ရောက်နိုင်ဖွယ်ရှိသည်။ ဦးလေးကျိုး စိတ်ပူနေလိမ့်မည်။

ဖေးယီကျန့် သူမအား လိုက်ပို့ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ နန်ယု ချက်ချင်းတားလိုက်သည်။

"ကျွန်မ မဖြေရှင်းနိုင်တဲ့ ကိစ္စမျိုးရှိရင်တောင် ရှင် ဘေးမှာရှိနေတာက အသုံးဝင်မှာမဟုတ်ဘူး"

မိနစ်သုံးဆယ်အတွင်း သူ စကားလုံးမဲ့ဖြစ်ခဲ့ရသည့် အကြိမ်အရေအတွက်အား ဖေးယီကျန့် ရေတွက်လို့ပင် မရတော့ချေ။ သို့သော် နန်ယု၏တိုက်ခိုက်ရေးစွမ်းရည်အား သတိပြုမိလိုက်သည်။

"အိမ်ရောက်ရင် ကျွန်တော့်ကိုပြောဦး"

၎င်းမှာ ယောက်ျားတစ်ယောက် နောက်ဆုံးအကြိမ်ရုန်းကန်နေခြင်းပင် ဖြစ်နိုင်သည်။

နန်ယု ဤတစ်ကြိမ်တွင် သူမ ကိုယ်တိုင် ကားမောင်းလာခဲ့ခြင်း ဖြစ်သည်။ ဖေးယီကျန့် လူနေအိမ်ဝင်းမှ မောင်းထွက်လာပြီး မကြာမီ သူမ လူစည်ကားသော ညဈေးပွဲလမ်းအားမြင်လိုက်ရသည်။

၎င်းဘေးတွင် မြေအောက်ရထား ဝင်ပေါက်တစ်ခု ရှိနေပြီး ၎င်းအား အချိန်ပို အလုပ်လုပ်ရသူများအတွက် အထူးရည် ရွယ်၍ ဒီဇိုင်းထုတ်ထားသည်မှာ ထင်ရှားသည်။

ဒီဇင်ဘာလ၏ မြို့တော်မှာ အေးစက်တောင့်တင်းနေပြီ။ ကင်ထားသော ကန်စွန်းဥ၊ မွှေးပျံ့သည့် ဇီယာစေ့ဖြင့် နံ့သာဖြူးထားသော အကင်များ နှင့် သကြားဖြင့် ကင်ထားသည့် သစ်အယ်သီး တို့၏ ရနံ့မှာ နန်ယု မျက်နှာအား တိုးဝင် ရိုက် ခတ်လာသည်။

တစ်ခါတစ်လေ ညစာကို အစားအသောက်နည်းနည်း ပိုစားလိုက်တာက ဘာမှမဖြစ်ပါဘူး၊ ဟုတ်တယ်မလား?

သူ လေ့ကျင့်ခန်း အများကြီးလုပ်ထားတာ၊ အဆီတက်စရာ အကြောင်းမရှိဘူး

ရှောင်ကျင်းလည်း အိပ်ပျော်နေလောက်ပြီဆိုတော့ ကလေး စားလို့ရ၊ မရကို စိုးရိမ်စရာမလိုတော့ဘူး

သုံးစက္ကန့်မျှအတွင်း နန်ယု သူ့ကိုယ် သူ အတွက် ဆင်ခြေသုံးခုအား အလျင်အမြန်ရှာဖွေတွေ့ရှိလိုက်သည်။

ထို့ကြောင့် သူမ နှလုံးသားနောက် လိုက်နာရန်ဆုံးဖြတ်လိုက်သော နန်ယုကားကို လမ်းဘေးတွင် ဘေးကင်းစွာ ရပ်လိုက်သည်။ ကားထဲမှ တွေ့ရှိရသော mask ကိုလည်း ဂရုတစိုက် ဝတ်ဆင်ရန် မမေ့ခဲ့ပေ။

ယနေ့ အင်တာနက်ပေါ်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စမှာ အတော်လေးကို ကြီးမားလှသဖြင့် နန်ယု လူသိရှင်ကြားဖြစ်ခြင်းအား ရှောင်ရှားချင်သည်။

"ကောင်မလေး ဘာ စားချင်လဲ?"

"ကင်ထားတဲ့ ခရမ်းသီးနဲ့ ကမာကောင်ရယ်၊ နည်းနည်းပဲ စပ်မယ်နော်"

"အန်တီ၊ ကျွန်မ ကန်စွန်းဥ ယူမယ်"

"ကောင်းပါပြီ၊ သမီးလေး၊ ကင်ထားတဲ့ ပြောင်းဖူးလေးလည်း စားကြည့်ပါလား ? အနံ့လေးက မွှေးနေတာ"

...

နန်ယု ကားဆီသို့ပြန်ရောက်သောအခါ သူ့လက်များမှာစားစရာ များဖြင့် ပြည့်လျှံနေခဲ့ပြီ။

သူ ဒီဟာကိုလည်းမြည်းစမ်းချင်သည်၊ ဟိုဟာကိုလည်းမလွတ်တမ်း မြည်းစမ်းချင်သည်။

ကောလိပ်တက်စဉ်က နန်ယုတွင် ငွေကြေးအများအပြား မရှိခဲ့။ ထို့ကြောင့် သူမ အခန်းဖော်များနှင့်အတူ တစ်ခါတစ်ရံသာ စားသုံးနိုင်ခဲ့ပြီး များသောအားဖြင့် ပစ္စည်းတစ်ခုဝယ်ကာ ခွဲဝေစားခဲ့ကြသည်။

ဤရင်းနှီးသော လမ်းဘေးအစားအစာများမြင်တွေ့ရသော အခါ နန်ယု သူ့ကိုယ် သူ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

ကိစ္စမရှိပါဘူး။ ဒီဗီလာထဲမှာ ညနက်ပိုင်း နိုးနေကြသူတွေ များစွာ ရှိနိုင်တယ်။ ဒါကြောင့် သူတို့ အတူတူ ဝိုင်းဖွဲ့စားလိုက်ကြရုံနဲ့ အလေအလွင့် ဖြစ်မည် မဟုတ်ပေ။

နန်ယု ကားအားအရှိန်မြှင့်ပြီး မောင်းထွက်သွားသည်။ သူမ ဆံပင်မှာ မျက်နှာအား ဖုံးလုနီးပါးဖြစ်နေသည်ကိုပင် သူမ သတိမထားမိလိုက်ပေ။

"စောနက ခပ်ချောချောကောင်မလေးက မစ္စနန်နဲ့ ဆင်တယ်လို့ ထင်လား ? မျက်လုံးတွေ တူတယ်! ငါတော့ သူလို့ထင်တယ်!"

"မင်းကလည်း နန်ယုက လမ်းဘေးဆိုင်မှာဝယ်စားပါ့မလား?"

"ပြောမရဘူး၊ ဖြစ်နိုင်တယ်၊ အဲ့ဒီမိန်းကလေး မောင်းသွားတဲ့ ကားကိုကြည့်၊ အဲ့ကားက ဒီလောက်ပဲ"

သူငယ်ချင်းမှာ သူ့လက်ပေါ်ရှိလက်ချောင်းဖြင့် ဈေးနှုန်းအား ခန့်မှန်းပြသည်။

"တစ်သန်းလား ?"

"အဓိပ္ပာယ်မရှိတာ! အဲဒါဆယ်သန်းတန်တဲ့ ကားကွ!"

---

"သခင်မလေး..."

ဦးလေးကျိုး နန်ယုလက်ထဲမှ အစားအစာအိတ်များအား မြင်လိုက်ရသည်။ သူ ဟင်းခတ်အမွှေးအကြိုင်နံ့များပင် ရလိုက်သည်။

နန်ယု ညဉ့်နက်ကြီး ဒီလိုအစားအစာတွေဝယ်ဖို့ အပြင်ထွက်သွားခဲ့တာလား?

ဦးလေးကျိုး တွေးလိုက်မိသည်။

"ဦးလေးကျိုး၊ ဘယ်သူတွေ နိုးနေသေးလဲ စစ်ကြည့်ပေးပါဦး? ကျွန်မ စားစရာတွေ အများကြီးဝယ်လာတယ်၊ ကျွန်မတို့ အတူတူဝိုင်းစားကြရအောင်"

နန်ယု သူမ လက်ထဲရှိအိတ်အား တစ်ချက်လှုပ်လိုက်ပြီး ဧည့်ခန်းထဲသို့တန်းသွားလိုက်သည်။

"အိုး၊ ကျွန်တော် ခွဲပြီးယူသွားလိုက်ရမလား ? သူတို့က သခင်မလေးနဲ့အတူတူစားရတာ အဆင်ပြေမှာမဟုတ်ဘူးလို့ထင်တယ်"

ဦးလေးကျိုး အစားအစာ၏သုံးပုံနှစ်ပုံခန့်အား ယူဆောင်ကာ အလျင်အမြန်ထွက်ခွာသွားသည်။

နန်ယု ကျန်ရှိသော စားစရာများကို ဧည့်ခန်းရှိ ကော်ဖီစားပွဲပေါ်တွင် ပျော်ရွှင်စွာခင်းကျင်းလိုက်သည်။

ပထမဦးဆုံးအဖြစ်၊ တိုဖူးကြော်အား တစ်ကိုက်ကိုက်လိုက်သည်။

အင်း၊ ရင်းနှီးတဲ့ အရသာပဲ!

တိုဖူးအပြင်သား ကြွပ်ရွပြီး အတွင်းသားနူးညံ့နေစေရန် အရသာ အပြည့်အဝဝင်အောင် ကြော်ထားသည်။

သစ်အယ်သီးတစ်လုံးကိုခွာလိုက်သောအခါ ငံပြာရည်အရသာမှာ ချိုမြိန်မှုနှင့် ပြည့်စုံသော်လည်း လုံးဝအဆီမပါပေ။

နန်ယု အစားအစာများကို အားပါးတရ စားသုံးပျော်ရွှင်နေစဉ်တွင် သူမ နောက်ကျောဘက်ရှိ လှေကားပေါ်မှ ရင်းနှီးသောအသံတစ်သံထွက်ပေါ်လာသည်။

"အန်တီလား ?"

"အဟွတ်၊ အဟွတ်၊ အဟွတ်!"

နန်ယု ရုတ်တရက် သီးကာ အကြိမ်များစွာချောင်းဆိုးလိုက်ရသည်။ ရေအား အလျင်အမြန်အနည်းငယ် သောက်လိုက်ပြီးမှ ဖေယွင်ကျင်းအား လှည့်ကြည့်လိုက်သည်။

"ရှောင်ကျင်း၊ ဘာလို့ မအိပ်သေးတာလဲ ?"

ဖေယွင်ကျင်း လှေကားမှ အောက်သို့ပြေးဆင်းလာသည်။

"အန်တီ အပြင်သွားလို့၊ ကျွန်တော် အန်တီပြန်လာတာကို စောင့်ချင်လို့ပါ"

အမှန်စင်စစ်၊ ဖေယွင်ကျင်း လေ့ကျင့်ခန်းလုပ်ပြီးနောက် နန်ယုအား ရှာလိုခဲ့သော်လည်း နန်ယု အပြင်သို့ထွက်သွားပြီဖြစ် ကြောင်း အသိပေးခံခဲ့ရသည်။ ထို့ကြောင့် ကလေးငယ်မှာ နန်ယု ဤမျှ ညဉ့်နက်မှအပြင်ထွက်ခြင်းအား အနည်းငယ် စိုးရိမ်ပူပန်နေခဲ့ပြီး သူမ ပြန်လာရန် ဆက်လက်စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

အိမ်ထိန်း၏စည်းရုံးနှစ်သိမ့်မှုများမှာ အသုံးမဝင်ခဲ့ပေ။ ယခုနက ဆူညံသံအားကြားလိုက်ရချိန်မှသာလျှင် သူ အလျင်အမြန် ဆင်းလာပြီး စစ်ဆေးလိုက်ခြင်းဖြစ်သည်။ အန်တီ ပြန်ရောက် လာခဲ့ပြီ၊ သို့သော်...

"အန်တီ၊ အန်တီ ဘာစားနေတာလဲ ? အရမ်းမွှေးတာပဲ"

ဖေယွင်ကျင်း ခေါင်းလေးမှာ ရှေ့သို့ရောက်လာသည်။ သူ့မျက် လုံးထဲတွင် မမြင်ရသော စာလုံးတစ်ကြောင်းရေးထားသည်။

'ကျွန်တော်လည်း စားချင်တယ်'

နန်ယု သူ့လက်ထဲတွင် ကိုင်ထားပြီး အခုမှ တစ်ကိုက်ကိုက်လိုက်သောကင်ထားသည့် ဝက်ခြေထောက်အားကြည့်လိုက်သည်။

ခိုးကြောင်ခိုးဝှက်စားသူတိုင်းသည် အမြဲတမ်း ဖမ်းမိကြရစမြဲ ဖြစ်သည်မှာ ထုံးစံအတိုင်းပင်! ဤသည်ကား ဝတ္ထုဇာတ်လမ်းတို့၏မလွဲမသွေ လိုက်နာရသော နိယာမတရားပင်လော။

All Chapters